တစ်ဆူတည်းသော စစ်မှန်သည့်နတ်ဘုရား
Vol. 15 Ch. 215
ဖုန်းချပြီးတော့ ယွီဟွေးဖေးက ချိုးယွဲ့ဆီကိုလည်း ဖုန်းဆက်လိုက်၏။
"ဘာကိစ္စရှိလို့လဲ မောင်လေးယွီ" ချိုးယွဲ့က ရှိုက်ငိုနေတုန်းပင်။
"ဘာမှမဟုတ်ပါဘူး၊ ကျွန်တော့်ဘက်မှာ အရေးပေါ်ကိစ္စလေးပေါ်လာလို့ အရင်ထွက်လာခဲ့တာပါ။ ဘာအကူအညီလိုလို ကျွန်တော့်ကိုပြောနော်။ နောက်ပြီး အိမ်မှာဆက်နေလို့ အဆင်မပြေတော့ဘူးဆိုရင် ကျွန်တော်တို့ရွာကို လာနေလို့ရတယ်၊ ကျွန်တော်တို့ရွာက တိတ်ဆိတ်တယ်၊ ဘယ်သူမှ စိတ်အနှောင့်အယှက်မပေးဘူး"
"ကျေးဇူးတင်ပါတယ်..."
နှစ်ယောက်သား စကားနည်းနည်းပြောပြီးတော့ ယွီဟွေးဖေးလည်း အိမ်ပြန်လာခဲ့၏။ အိမ်ပြန်ရောက်တော့ ည ၈ နာရီကျော်နေပြီ။
အချိန်ကိုကြည့်ပြီး ယွီဟွေးဖေးလည်း ချွေးအေးတစ်ချက်ပြန်သွားသည်။ ဒါ သူအပြင်ထွက်လာတဲ့ စတုတ္ထမြောက်နေ့ပဲ။ နောက်တစ်ရက်သာ ထပ်ထွက်နေခဲ့ရင် အလုပ်ကြမ်းစခန်းရဲ့ ညွှန်မှူးရာထူးကို ကိုယ့်ဘာသာကိုယ် စွန့်လွှတ်လိုက်တာနဲ့ အတူတူပဲ။ အဲ့အချိန်ကျရင် မိုးကြိုးက သူ့ကို ငိုသွားအောင် ပစ်လိမ့်မယ်။
မြောင်းဖေကို မြေမြှုပ်တဲ့အထိ လိုက်မပို့နိုင်ခဲ့ပေမဲ့ ယွီဟွေးဖေးက ရှက်ရကောင်းမှန်းမသိဘူး။ သူပြောခဲ့တဲ့အတိုင်းပဲ၊ သူက တခြားလူတွေထက် အများကြီးပိုဝေးတဲ့ သရဲတံခါးဝအထိကို လိုက်ပို့ခဲ့တာပဲလေ။
မြောင်းဖေအပေါ်မှာတော့ တာဝန်ကျေခဲ့ပြီ။ တာဝန်မကျေခဲ့တာက ချိုးယွဲ့အပေါ်မှာပဲ။ ဟိုမှာ သူ့ကို မကူညီနိုင်ခဲ့ဘူး။ ဒါပေမဲ့ သေချာစဉ်းစားကြည့်တော့လည်း ချိုးယွဲ့ဘေးမှာ ဆွေမျိုးတွေတစ်ပုံကြီးပဲ။ သူသာ ဟိုမှာကျန်ခဲ့ရင်လည်း သူ့အတွက် လုပ်စရာကိစ္စရှိမှာမဟုတ်ဘူး။
အဲ့ဒီအချိန်မှာပဲ ယွီဟွေးဖေးရဲ့ဖုန်းက မြည်လာ၏။
"မင်းကောင် တော်တော်မိုက်တာပဲ၊ ဒီတစ်ပွဲတော့ မင်းနိုင်တယ်လို့ သတ်မှတ်လိုက်မယ်" ရှန်းကုန်းပေါင်က ရယ်ပြီးပြောလိုက်၏။
"ဘာလဲ... ရှုံးတာတောင် စိတ်မဆိုးဘူးလား"
"ငါက ဘာကို စိတ်ဆိုးနေရမှာလဲ... ငါလောကီဘုံကို လာတာ ပျော်စရာရှာဖို့လာတာ။ နိုင်တာရှုံးတာ အရေးမကြီးဘူး၊ အဓိကက စိတ်ဝင်စားဖို့ကောင်းဖို့ပဲ၊ ဒီတစ်ခေါက်ကိစ္စက တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။ ဒါပေမဲ့ မင်းလည်း သိပ်ဝင့်မသွားနဲ့ဦး၊ နောက်တစ်ခါကျရင်တော့ ဒီလောက်လွယ်လွယ်နဲ့ ပြီးသွားမှာမဟုတ်ဘူး။ ငါက ပိုပြီးဒုက္ခများတဲ့ကောင်တစ်ယောက်ကို ရှာပြီး မင်းဆီပို့ပေးလိုက်မယ် အဟဟဟ..."
ပြောပြီးတာနဲ့ ရှန်းကုန်းပေါင်က ဖုန်းချသွားတော့ ယွီဟွေးဖေးတစ်ယောက် ခေါင်းကိုက်သွား၏။ ဒီတစ်ခေါက် မြောင်းဖေရဲ့ကိစ္စက တော်တော်ကို ဒုက္ခများနေပြီ။ တကယ်တော့ ဒီတစ်ခေါက် ယွီဟွေးဖေး အောင်မြင်ခဲ့တာက တိုက်ဆိုင်မှုတွေကြောင့်သာဖြစ်သည်။ သူကိုယ်တိုင်က သိပ်ပြီး အရာမရောက်ခဲ့...
"မှားတယ်... မြောင်းဖေ ငြိမ်းချမ်းစွာနဲ့ ထွက်ခွာသွားနိုင်တာ မင်းကြောင့်ချည်းပဲ" ချွေ့ကျွယ်က မုန်ညှင်းချဉ်ဖတ်နဲ့ကြာစွယ်ဟင်းကို အားရပါးရစား၊ အရက်လေးမော့ရင်း ယွီဟွေးဖေးကို ပြန်ချေပလိုက်သည်။
ယွီဟွေးဖေးလည်း အရက်တစ်ငုံမော့လိုက်ပြီး "ဒါက... ဘယ်လိုပြောရမလဲ"
"မင်းသာ သူ့ကို အပြင်မခေါ်ထုတ်သွားရင် ချန်ယိုတောက်နဲ့ သိမှာမဟုတ်ဘူး။ ချန်ယိုတောက်မရှိရင် အရှိန်လွန်မောင်းလို့ ယာဉ်ထိန်းရဲတားတာလည်း ရှိမှာမဟုတ်ဘူး၊ နောက်ဆက်တွဲ ထိတ်လန့်စရာမြင်ကွင်းလည်း ရှိလာမှာမဟုတ်ဘူး။ အဲ့ဒီမြင်ကွင်းက သူ့စိတ်ထဲက ယုံကြည်ချက်ကို ခိုင်မာသွားစေခဲ့တယ်၊ သူနွေးထွေးစေခဲ့တာက လူတစ်ယောက်တည်းမဟုတ်ဘဲ လူ့အဖွဲ့အစည်းတစ်ခုလုံးဆိုတာကို သူနားလည်သွားစေခဲ့တယ်။ ဒီလူ့အဖွဲ့အစည်းက သူ့ကို မမေ့ခဲ့ဘူး"
"ဒါကြောင့် သူက နောက်ပိုင်းက စွပ်စွဲမှုတွေ၊ ဆဲဆိုမှုတွေကို တည်ငြိမ်စွာနဲ့ ရင်ဆိုင်နိုင်ခဲ့တာပေါ့။ အရာရာတိုင်းမှာ အကြောင်းအကျိုးဆက်ရှိတယ်။ မင်းရဲ့ကြိုးစားမှုက မီးရှူးတိုင်တစ်ခုလိုပဲ လူအများရဲ့စွမ်းအားကို လမ်းမှန်ပေါ်ရောက်အောင် လမ်းညွှန်ပေးခဲ့တာ။ မဟုတ်ရင် လမ်းညွှန်ပေးမယ့်သူမရှိဘဲ လူတွေရဲ့စွမ်းအားက ကြီးမားပေမဲ့ တခြားလမ်းကြောင်းတွေပေါ်ကို လမ်းညွှန်ခံလိုက်ရနိုင်တယ်။ ဆည်ကိုဖျက်ဆီးပြီး ဆည်နောက်ကလူတွေကို သတ်ပစ်တဲ့ ဖျက်ဆီးအားပြင်းတဲ့ ကပ်ဘေးတစ်ခုတောင် ဖြစ်သွားနိုင်တယ်။ မြောင်းဖေလိုပေါ့၊ အရင်က လူထုရဲ့ဖိအားကြောင့် သေမလိုတောင် ဖြစ်ခဲ့သေးတာ"
တိကျန့်က ရုတ်တရက်မော့ကြည့်ပြီး "ကောင်းကင်ဘုံက နတ်ဗြဟ္မာတွေရဲ့ အရောင်အဝါက ဒီလောကီဘုံပေါ်ကို မကျရောက်နိုင်ဘူး။ မင်းက ဒီလောကီဘုံရဲ့ တစ်ဆူတည်းသော စစ်မှန်တဲ့နတ်ဘုရားပဲ"
ယွီဟွေးဖေး ဒီစကားကိုကြားတော့ ကြောင်သွား၏။ တစ်ဆူတည်းသော စစ်မှန်တဲ့နတ်ဘုရားတဲ့လား။
နွားခေါင်းက ယွီဟွေးဖေးရဲ့ ပခုံးကိုပုတ်ပြီး "ဒါကြောင့် ခေါင်းထက်သုံးပေမှာ နတ်ရှိတယ်တဲ့။ အခု နတ်တွေက မပေါ်ထွက်နိုင်တော့ မင်းက ထွက်ရပ်ရတော့မှာပေါ့"
ယွီဟွေးဖေးက မျက်လုံးကို တစ်ပတ်လှန်ပြီး ခါးသီးစွာပြုံးကာ "ခင်ဗျားတို့ ပါးစပ်တွေပိတ်ထားကြပါတော့၊ ခင်ဗျားတို့ပြောလိုက်မှ ကျွန်တော်နည်းနည်း မြောက်သွားသလိုပဲ"
"လာ... မြောက်နေတဲ့ ညွှန်မှူးကို တစ်ခွက်လောက် တိုက်ကြရအောင်" နွားခေါင်းက ခွက်မြှောက်လိုက်၏။ တခြားလူတွေအားလုံးလည်း ပါးစပ်ဖြဲပြီး ရယ်ကာ ခွက်မြှောက်ပြီး အောင်ပွဲခံကြသည်။
ဒီတစ်ညတော့ နဝမဆောင်ထဲမှာ တော်တော်လေး ဆူညံနေလေ၏။
"မိုင်ရှစ်ရာ အမြန်ချော"
"မင်းပြောမှာလား မပြောဘူးလား၊ ပြောမှာလား မပြောဘူးလား"
သစ်ပင်ပေါ်မှာ ဘုန်းကြီးငယ်လေးတစ်ပါးက သစ်ကိုင်းကိုဖက်၊ သံခမောက်ဆောင်းပြီး တုန်တုန်ယင်ယင်နဲ့... သစ်ပင်အောက်မှာတော့ လူထွားကြီးတစ်ယောက်က သူ့ကို လက်ညှိုးထိုးပြီး အော်ဆဲနေ၏။
"မင်းက ဟိုမိန်းမရဲ့ လက်အောက်ငယ်သား၊ သတ္တိရှိရင် ဆင်းလာပြီး တစ်ယောက်ချင်းချမယ်"
...
နောက်တစ်နေ့ မနက် အိပ်ရာကနိုးလာတော့ ယွီဟွေးဖေးက နာကျင်နေတဲ့ မျက်ခွံကို စမ်းကြည့်လိုက်၏။ သူမှန်ကြည့်စရာမလိုဘဲ မနေ့ညက ဘာဖြစ်ခဲ့လဲဆိုတာကို သိလိုက်ရသဖြင့် မဆဲဘဲမနေနိုင်တော့ချေ။
"ဒီခွေးမသားတွေ"
အောက်ထပ်ဆင်း၊ မျက်နှာသစ်ပြီးတော့ ရှေ့ခြံထဲမှာ ဆန်ပြုတ်တစ်အိုးတည်လိုက်၏။ ကောင်တစ်သိုက်က ထိုင်ပြီး ဆန်ပြုတ်သောက်နေတဲ့အချိန်မှာ တစ်ယောက်စီတိုင်း မျက်နှာတွေက ဖူးယောင်နေကြတာပဲ။
ရှောင်ထျန်းချန်တောင် လမ်းလျှောက်တာ ထော့နဲ့ထော့နဲ့ဖြစ်နေပြီး နွားခေါင်းနဲ့မြင်းမျက်နှာကို ကြည့်တဲ့အကြည့်က ဒေါသတွေနဲ့ တောက်လောင်နေသည်။ တိကျန့်က ထောင့်တစ်နေရာမှာထိုင်ပြီး အားလုံးရဲ့ ဒီအသွင်အပြင်ကိုကြည့်ကာ ဟီးဟီးနဲ့ ရယ်နေလေ၏။
ထိုအခါအားလုံးက တစ်ပြိုင်နက်တည်း တိကျန့်ဘက်ကို လှည့်ပြီး တစ်သံတည်းထွက်ကာ "မင်း ဘာကြည့်တာလဲ"
"ကျွန်တော် ဘာမှမကြည့်ပါဘူး" တိကျန့်က တစ်ချက်တုန်သွားပြီး အမြန်ပြန်ပြောလိုက်သည်။
"ဒီလောက်များတဲ့လူတွေက မင်းကြည့်တာကို တွေ့တယ်၊ မင်းက မကြည့်ဘူးလို့ပြောတယ်။ မင်းက ငါတို့ကို မျက်စိကန်းတယ်လို့ ပြောနေတာလား" ယွီဟွေးဖေးက လက်ဆစ်ချိုးရင်း မေးလိုက်ရာ တိကျန့်က အမြန်အော်လိုက်၏။
"ကြည့်ပါတယ်၊ ကြည့်ပါတယ်၊ ကျွန်တော်ကြည့်ပါတယ်"
နွားခေါင်းက ဟီးဟီးနဲ့ "ဒါဆို... မင်းက ဘာကို ကြည့်တာလဲ"
တိကျန့်က မျက်လုံးကို ကလယ်ကလယ်လုပ်ပြီး သတိထားတဲ့လေသံနဲ့ "ကျွန်တော်... ကျွန်တော်က ရုပ်ချောတဲ့အစ်ကိုကြီးတွေကို ကြည့်နေတာပါ"
"ငါက နွားခေါင်းတစ်လုံးနဲ့ ဘာကို ချောရမှာလဲ၊ မင်းက ငါ့ကို အရူးလို့ ပြောနေတာလား" နွားခေါင်းက စားပွဲကိုရိုက်ပြီး ထရပ်လိုက်ချိန် မြင်းမျက်နှာကလည်း "ငါထင်တာကတော့ မင်းက ငါ့ကို အရူးလို့ ပြောနေတာပဲ"
"မဟုတ်ပါဘူး၊ အစ်ကိုကြီးတို့နှစ်ယောက်က အနည်းဆုံးတော့ ကိုယ့်အမျိုးထဲမှာဆိုရင်တော့ ရုပ်ချောတဲ့အထဲမှာ ပါပါတယ်"
မြင်းမျက်နှာက ဟားတိုက်ရယ်ပြီး "ဒါဆို မင်းဆိုလိုတာက တခြားအမျိုးတွေထဲမှာတော့ ငါတို့က ရုပ်ဆိုးတဲ့ကောင်တွေပေါ့။ ကိုနွား... ဒါတော့ သည်းမခံနိုင်ဘူးနော်"
နွားခေါင်းက အင်္ကျီလက်ကို ပင့်တင်လိုက်ရင်း "ချမယ်"
တိကျန့်က ဒေါသတကြီးနဲ့ "မင်းတို့ ခွေးမသားတွေ၊ ငါ့ကို ရိုက်ချင်ရင် တန်းပြောလေ၊ အကြောင်းပြချက်တွေ အများကြီးရှာမနေနဲ့"
"ဒါက မင်းပြောတာနော်၊ ငါတို့ပြောတာမဟုတ်ဘူး။ ညီအစ်ကိုတို့... အကြောင်းပြချက်မလိုတော့ဘူး၊ ထုမယ်ဟေ့" အစောကြီးကတည်းက မနေနိုင်တော့တဲ့ သရဲနက်က အော်လိုက်၏။
ရှောင်ထျန်းချန်ကလည်း အစောကြီးကတည်းက တိတ်တိတ်လေး ချဉ်းကပ်သွားပြီး အခွင့်အရေးရတာနဲ့ ခုန်အုပ်လိုက်သည်။ ရလဒ်ကတော့ တစ်ယောက်က ပိုမြန်နေသည်။ ချွေ့ကျွယ်က အကျယ်ကြီးအော်လိုက်ရင်း... "နှစ်တစ်ထောင်ခံစားသွားစမ်း"
"အား..."
တစ်နာရီကြာပြီးနောက် တိကျန့်လည်း မျက်နှာဖူးယောင်ပြီး စားပွဲဘေးမှာထိုင်ကာ သူ့လိုပဲ မျက်နှာဖူးယောင်နေတဲ့ လူတစ်သိုက်ကိုကြည့်ပြီး စိတ်ဆိုးမာန်ဆိုးနဲ့ "မင်းတို့ ဘာကြည့်တာလဲ။ အားလုံး တူတူဖြစ်သွားပြီ၊ ကျေနပ်ပြီလား"
ယွီဟွေးဖေးက "မင်းမလှုပ်နဲ့၊ ငါထပ်ကြည့်ဦးမယ်။ ဒါက ဘယ်ညာညီအောင် မထိုးရသေးဘူးပဲ။ ငါမင်းကို နှစ်ချက်လောက် ထပ်ကူထိုးပေးရမလား"
"သွားစမ်း... သွားကြစမ်း"
တိကျန့်က မာန်သွင်းအော်လိုက်ချိန်မှာတော့ အားလုံးကတော့ ဟားတိုက်ပြီး ရယ်လိုက်ကြလေတော့သည်။
မြောင်းဖေရဲ့ကိစ္စက တစ်ပတ်လောက် ဆူညံနေပြီးမှ တဖြည်းဖြည်း ငြိမ်သက်သွား၏။ ချန်ယိုတောက်လည်း ပြန်ရောက်တာ ကြာပြီ။ ယွီဟွေးဖေး ထင်ထားတဲ့အတိုင်း ဟိုဘက်မှာ မြောင်းဖေရဲ့ ဆွေမျိုးတွေက တော်တော်များနေပြီးတော့ ချိုးယွဲ့ရဲ့ ဆွေမျိုးတွေ၊ မြို့တော်ရဲ့ အလေးထားမှုတွေ တစ်ဆင့်ပြီးတစ်ဆင့်နဲ့ ချိုးယွဲ့ကိုကူညီကာ မြောင်းဖေရဲ့ အသုဘကို စီစဉ်ပေးချင်တဲ့လူတွေက တော်တော်များနေတာမို့ ချန်ယိုတောက် ဝင်ပါဖို့ အလှည့်တောင် မရောက်တော့ချေ။
ချိုးယွဲ့ကို နောက်ဆုံးမှာတော့ အစိုးရက အလုပ်တစ်ခု စီစဉ်ပေးလိုက်သဖြင့် ကိစ္စတွေ ငြိမ်သက်သွားပြီးနောက်မှာတော့ သူ့ဘဝကလည်း တည်ငြိမ်သွားခဲ့ပြီ။ ယွီဟွေးဖေးက ချိုးယွဲ့နဲ့ ဖုန်းအကြိမ်ကြိမ်ဆက်ပြီး ဟိုဘက်မှာ အရာရာအားလုံး အကောင်းဘက်ကို ဦးတည်နေပြီဆိုတာကို သေချာအောင်လုပ်ပြီးမှ စိတ်အေးလက်အေးနဲ့ အိပ်စက်နိုင်ခဲ့သည်။
နောက်ပိုင်းအချိန်တွေမှာတော့ ယွီဟွေးဖေးဘက်က အေးအေးချမ်းချမ်းပဲ။ ဘာကိစ္စအထွေအထူးမှမရှိပေမဲ့ စားဝတ်နေရေးကတော့ ကျပ်တည်းနေ၏။
ဘာလို့လဲဆိုတော့ ဧည့်သည်မလာရင် ပိုက်ဆံမရှိဘူးလေ။ အရင်တစ်ခါ မြောင်းဖေ ဒီမှာတည်းသွားတဲ့ ပိုက်ဆံတွေက နောက်ပိုင်းမှာ ယွီဟွေးဖေးက အလှူငွေအဖြစ် ပြန်ထည့်လိုက်တာနဲ့ ကုန်သွားပြီ။
ဒါကြောင့် ဒီအချိန်တွေမှာ အားလုံးက ကြယ်ကိုမျှော်၊ လကိုမျှော်နဲ့ တစ်ယောက်ယောက်များ နှစ်ရက်လောက် လာတည်းမလားလို့ မျှော်နေကြတယ်။ ကံဆိုးစွာနဲ့ပဲ ဘာလှုပ်ရှားမှုမှ မရှိခဲ့...။
"ယွီလေးရေး... ငါတို့အိမ်မှာ အသားက လုံးဝကုန်သွားပြီ၊ နည်းလမ်းရှာမှဖြစ်မယ်" အဲ့ဒီအချိန်မှာ နွားခေါင်းက ယွီဟွေးဖေးကို လာရှာ၏။
ယွီဟွေးဖေးက မီးဖိုချောင်ထဲမှာ ကျန်နေတဲ့ ဝက်ရိုးတွေ၊ ဝံပုလွေရိုးတွေကို ကြည့်ပြီး ခေါင်းကြီးသွားသည်။ ဒီအရိုးနှစ်ပုံက နှစ်သစ်မကူးခင်က သူတို့သတ်ခဲ့တဲ့ တောဝက်နဲ့ ဝံပုလွေတွေရဲ့ အရိုးတွေပဲ။ ဒီလောက်ကြီးတဲ့ တောဝက်ကြီးကတောင် သိပ်မကြာခင်မှာပဲ သူတို့စားတာနဲ့ ပြောင်သွားခဲ့သည်။
"အသားကတော့ မစဉ်းစားနဲ့တော့၊ ဧည့်သည်မလာရင် ကျုပ်တို့မှာ စားစရာမရှိဘူး" ယွီဟွေးဖေးက သက်ပြင်းချပြီး အရိုးကို ကောက်ကိုင်ကြည့်လိုက်သည်။
ရှောင်ထျန်းချန်က "မကြည့်နဲ့တော့၊ အဲ့အပေါ်မှာ အသားတစ်မျှင်တောင် မကျန်တော့ဘူး"
ယွီဟွေးဖေးက အရိုးကြီးကို အိုးထဲကို ပစ်ထည့်လိုက်ပြီး "အသားမရှိလည်း ကိစ္စမရှိဘူး၊ ဟင်းရည်ကျိုမယ်။ အရိုးကြီးနဲ့ ဟင်းရည်ကျို၊ ချဉ်ဖတ်မုန်ညှင်းထည့်ရင် ခဏလောက်တော့ ထပ်ခံဦးမှာပါ"
"ဒါက အဆင်ပြေပါ့မလား" မြင်းမျက်နှာက မျက်နှာရှည်ကြီးငေ့ါရင်း မေးလိုက်သည်။
"စိတ်ချပါ၊ အရသာက အသားထည့်တာနဲ့ သိပ်မကွာပါဘူး"
မီးအေးအေးနဲ့ ဖြည်းဖြည်းချင်းကျိုလိုက်တော့ ဒီအရိုးက ညရောက်တော့ တကယ်ပဲ မွှေးကြိုင်တဲ့အနံ့တွေ ထွက်လာချေပြီ။ မုန်ညှင်းချဉ်ဖတ်တစ်ဆုပ် ထပ်ထည့်လိုက်တော့ အရသာက ချက်ချင်းကို ထွက်ပေါ်လာတော့တာပဲ။ လူတစ်သိုက်က စိတ်လှုပ်ရှားစွာနဲ့ ထမင်းနှစ်ပန်းကန်အပြည့် စားလိုက်ကြတယ်။
စားသောက်ပြီးတော့ အားလုံးက ဘေးမှာထိုင်ပြီး စကားစမြည်ပြောနေကြချိန် သရဲဖြူက မြင်းမျက်နှာကို တစ်ချက်စွေကြည့်ပြီး "ဟေ့မြင်း... သွားကြားထိုးမနေနဲ့တော့၊ အသားစားလိုက်ရတဲ့အတိုင်းပဲ လုပ်မနေနဲ့"
မြင်းမျက်နှာက သူ့ကို မျက်ဖြူတစ်ချက်လှန်ပြပြီး "အသားမရှိရင် ဟန်ဆောင်လို့မရဘူးလား။ ငါ့ဟာက ကိုယ့်ကိုယ်ကို အသားစားတယ်လို့ စိတ်ညှို့နည်း၊ မင်းနားလည်မှာမဟုတ်ဘူး"
"အစ်ကိုကြီးတို့ ကျုပ်တို့အားလုံးနည်းလမ်းရှာသင့်ပြီ၊ ပိုက်ဆံရှာမှဖြစ်တော့မယ်"
"ပြဿနာက ပိုက်ဆံဘယ်လိုရှာမှာတုန်း"
နွားခေါင်းက မေးလိုက်တော့ ယွီဟွေးဖေးက နားထင်ကို နှိပ်နယ်လိုက်၏။ သူလည်း ခေါင်းခြောက်နေပြီ။
ချွေ့ကျွယ်က "တကယ်တော့ ပိုက်ဆံရှာတဲ့နည်းလမ်းက မရှိတာမဟုတ်ဘူး။ ဒါပေမဲ့ အရမ်းအောက်တန်းကျတယ်၊ မင်းတို့သွားလုပ်ရင် အရမ်းအဆင့်ကျတယ်၊ မိုးကြိုးပစ်ခံရလွယ်တယ်"
သရဲနက်က "ဒီမှာ ဗိုက်ဆာလို့ သေတော့မယ်၊ မင်းက ငါ့ကို အဆင့်ကျတယ်လို့ ပြောနေတယ်။ ပြောစမ်းပါဦး ဘာလုပ်ရမှာလဲ..."
ချွေ့ကျွယ်က ပြုံးပြီး "ယွီလေးရဲ့ဖုန်းထဲမှာ Liveလွှင့်တဲ့ ဆော့ဖ်ဝဲတစ်ခုရှိတယ်မလား။ အားလုံးက ကိုယ်ပိုင်အစွမ်းအစတွေရှိကြတာပဲ၊ Liveလွှင့်ရင်တော့ ပိုက်ဆံရှာနိုင်မယ်လို့ ငါထင်တယ်။ အထူးသဖြင့် တိကျန့်ပေါ့၊ သူက အခု နည်းနည်းနာမည်ကြီးနေပြီမလား။ ဒီလောက်ကြာကြာ ပျောက်ကွယ်နေပြီးတော့ ရုတ်တရက်ပေါ်လာရင် ပိုက်ဆံနည်းနည်းတော့ ရှာနိုင်မှာပါ"
အားလုံးရဲ့မျက်လုံးတွေက တောက်ပသွားပြီး တိကျန့်ကို ကြည့်လိုက်ကြချိန် တိကျန့်က မျက်လုံးအကြီးကြီးကို ဝိုင်းစက်အောင်ဖွင့်ပြီး ဒေါသတကြီးနဲ့ "ပေါက်တက်ကရတွေ... ငါ တိကျန့်ဘုရားလောင်းကွ။ မင်းက ငါ့ကို အငှားလိုက်ဖျော်ဖြေခိုင်းနေတာလား။ ဒါဆိုရင် မင်းတို့ ငါ့ကိုသတ်လိုက်တာမှ ကောင်းဦးမယ်"
မြင်းမျက်နှာက ဘာစကားမှမပြောဘဲ ဓားအကြီးကြီးကို ယူလာပြီး "လာ၊ ဘယ်သူသူ့ကို ဖိထားမလဲ၊ ငါသူ့ကို တစ်ခါတည်းနဲ့ ရှင်းပေးလိုက်မယ်"
ရှောင်ထျန်းချန်က ပထမဆုံး ခွေးခြေထောက်ကို မြှောက်လိုက်ရာ ယွီဟွေးဖေးက သူ့ကို တစ်ချက်ပုတ်ထုတ်လိုက်ပြီး "တော်ပြီ မနောက်နဲ့တော့။ ငါလည်း Liveလွှင့်တဲ့ကိစ္စကို စဉ်းစားဖူးတယ်၊ ဒါပေမဲ့ နဝမဆောင်ရဲ့ စည်းကမ်းထဲမှာ အဆင့်ကျတဲ့အလုပ်တွေ မလုပ်ရဘူးဆိုတဲ့ အချက်တစ်ချက်ပါတယ်။ Liveလွှင့်တဲ့သူတွေရဲ့ အဆင့်အတန်းက အခုခေတ် ရုပ်ရှင်မင်းသားတွေလောက်တောင်မရှိဘူး"
"ရုပ်ရှင်မင်းသားတွေက ဇာတ်သမားတွေပဲ မဟုတ်လား။ ဒါက အောက်တန်းစားကိုးမျိုးထဲမှာပါတယ်။ မင်းဟာက အောက်တန်းစားကိုးမျိုးလောက်တောင်မရှိဘူး... ဒါကတော့ တကယ်လုပ်လို့မဖြစ်လောက်ဘူး"
သရဲဖြူပြောလိုက်ရာ အားလုံးက ခေါင်းညိတ်ပြီး သဘောတူလိုက်ကြသည်။
ယွီဟွေးဖေးက အားလုံးကို အပြင်ထွက်ပြီး အလုပ်သွားလုပ်ခိုင်းဖို့ စဉ်းစားဖူးပေမဲ့ ဒီရှို့လင်ရွာလေးမှာ ဘာအလုပ်များ လုပ်လို့ရမှာလဲ။
အဲ့ဒီအချိန်မှာပဲ တိကျန့်က "ငါတို့ သိုင်းသင်တန်းကျောင်း ဖွင့်ကြမလား။ ချန်ယိုတောက်တောင် သိုင်းသင်တန်းကျောင်းဖွင့်ပြီး ပိုက်ဆံရှာနိုင်သေးတာပဲ။ ငါတို့က သူ့ထက်အများကြီးတော်တယ်"
ယွီဟွေးဖေးက သူ့ကို မျက်ဖြူတစ်ချက်လှန်ပြပြီး "သိုင်းသင်တန်းကျောင်းဖွင့်မယ်လား။ ဘယ်မှာဖွင့်မှာလဲ၊ ငါတို့အိမ်ခြံထဲမှာ ဖွင့်မှာလား။ အဲ့အချိန်ကျရင် နွားခေါင်းနဲ့မြင်းမျက်နှာတို့က ဘယ်လိုလုပ်မလဲ။ ပြီးတော့ ဒီရှို့လင်ရွာကို လာတဲ့လူတွေက ကုန်သည်တွေ၊ ဒါမှမဟုတ် ခရီးသွားတွေချည်းပဲ။ ဘယ်သူက မင်းနဲ့ သိုင်းလာသင်မှာလဲ၊ ဂူလင်က ဒီကနေ တစ်နာရီကျော်လောက်ဝေးတာကို ဘယ်သူက ဒီကို ပြေးလာသင်မှာလဲ"
တိကျန့်က မျက်နှာနီရဲသွားပြီး "ငါက... မင်းကို နည်းလမ်းရှာပေးနေတာလေ"
ယွီဟွေးဖေးက နားထင်ကို နှိပ်နယ်လိုက်၏။ သူတကယ်ကို ခေါင်းခြောက်နေပြီ။ ညရောက်တော့ ယွီဟွေးဖေးတစ်ယောက် ဟိုလှည့်ဒီလှည့်နဲ့ တရားမထိုင်နိုင်ဘူးဖြစ်နေအချိန်မှာပဲ သူရှေ့ခြံထဲကနေ လှုပ်ရှားသံတစ်ခုခု ကြားလိုက်ရသလိုပင်။ ဒါပေမဲ့ ယွီဟွေးဖေးလည်း သိပ်မစဉ်းစားတော့ဘဲ သူ့ကိုယ်ထဲက မတည်ငြိမ်တဲ့စိတ်တွေကို အတင်းဖိနှိပ်ပြီး တရားထိုင်ကျင့်ကြံဖို့ ကြိုးစားလိုက်တော့သည်။
နောက်တစ်နေ့မနက်...
"ယွီလေး၊ ယွီလေး... မြန်မြန်လာကြည့်စမ်း"
"ဘာဖြစ်လို့လဲ" အလန့်တကြားအော်သံတွေ ထွက်လာတော့ ယွီဟွေးဖေးက မျက်လုံးဖွင့်ပြီး အပြင်ပြေးထွက်လာကာ မေးလိုက်သည်။
မီးဖိုချောင်ရောက်တော့ အိုးဖုံးက ပွင့်နေပြီး အထဲမှာ ဟင်းရည်ကတော့ ရှိသေးပေမဲ့ အရိုးက တစ်ချောင်းမှမရှိတော့ချေ။ မြေပေါ်မှာ အရိုးအစအနတွေ အများကြီးကျနေ၏။ ဒါက တစ်စုံတစ်ယောက်က အရိုးတွေကို ကိုက်ချိုးပြီး ခြင်ဆီကို စုပ်စားသွားတဲ့ပုံစံပဲ။
"ငါ့လခွီး... ဘယ်ကောင်လုပ်တာလဲ။ အသားမစားရတာနဲ့ အရိုးတွေကိုပါ ဖျက်ဆီးပစ်ရလား။ ဒါက ဟင်းရည်ကောင်းကောင်း ခဏလောက် ထပ်ကျိုလို့ရသေးတယ်ဟ"
အားလုံးက ခေါင်းခါပြကြပြီး နွားခေါင်းက "မင်းငါ့အကြောင်း သိပါတယ်။ ငါက အသားပဲကြိုက်တာ အရိုးမကြိုက်ဘူး"
မြင်းမျက်နှာကလည်း "ငါသာ လုပ်ခဲ့ရင် ဒီအရိုးတွေက မြေပေါ်မှာ အစအနတွေ ဖြစ်နေမှာမဟုတ်ဘူး၊ အနည်းဆုံးတော့ ဖြတ်ထားတဲ့နေရာက ညီနေရမှာ၊ ငါ့ဓားချက်က ဒီလောက်မညံ့ဘူး"
တိကျန့်က "ငါအသားမစားဘူးဆိုတာ မင်းအသိဆုံးပါ"
သရဲဖြူက "ငါသာ လုပ်ခဲ့ရင် မြေပေါ်က အရိုးအစအနတွေကိုတောင် မြင်ရမှာမဟုတ်ဘူး"
"ငါသာ လုပ်ခဲ့ရင် ငါဝန်ခံမှာပေါ့"
အားလုံးပြောတာ မှန်နေသဖြင့် ယွီဟွေးဖေးက ခေါင်းညိတ်လိုက်၏။ ပြီးတော့ နွားကျောင်းသား၊ ချွေ့ကျွယ်၊ ရှောင်ထျန်းချန်တို့ကို ကြည့်လိုက်သည်။
ချွေ့ကျွယ်က "မနေ့ညက ငါလေးလွှာမှာ စာကျင့်နေတာမို့ အောက်မဆင်းခဲ့ဘူး။ ငါရေးထားတဲ့စာကို သွားကြည့်လို့ရတယ်။ ဒီလောက်များတဲ့စာလုံးတွေက အလျင်စလိုလုပ်ပြီး ရေးလို့ရတာမဟုတ်ဘူး"
နွားကျောင်းသားကလည်း "မင်းငါ့အကြောင်းကို သိပါတယ်နော်။ ငါသာလုပ်ခဲ့ရင် နောက်ခြံထဲက ဝက်ဖြူကြီးကိုပဲ လုပ်မှာပေါ့"
"ငါသာဆိုရင် ဒီလောက်သိသာတဲ့ သဲလွန်စတွေ ချန်ခဲ့မှာမဟုတ်ဘူးလေ။ အရိုးအစအနတွေကိုတောင် အကုန်စားပစ်မှာ" ရှောင်ထျန်းချန်ကပါ အမြန်ဝင်ပြောလိုက်၏။
အားလုံးရဲ့စကားကို နားထောင်ပြီးတော့ ယွီဟွေးဖေးက မေးစေ့ကို ပွတ်သပ်ပြီး "ခင်ဗျားတို့ပြောတာတွေက အကြောင်းပြချက် ကောင်းကောင်းရှိပေမဲ့ ခြံထဲမှာ ကျုပ်တို့ပဲရှိတာ။ တစ်ယောက်ယောက်လုပ်တာ သေချာတယ်။ ဒါကြောင့်... ဘယ်သူလုပ်လဲဆိုတာ ရှာမတွေ့နိုင်သလို အားလုံးကလည်း ဒေါသတွေထွက်နေကြပြီ။ ကဲ... ဒီလိုဆိုတော့ မဲခွဲကြရအောင်။ အရင်ဆုံး ဒေါသဖြေစရာတစ်ယောက် ရှာလိုက်တာပေါ့"
"ငါကန့်ကွက်တယ်" ရှောင်ထျန်းချန်က ကြားတော့ ချက်ချင်းအော်လိုက်၏။
"မင်းကန့်ကွက်တာ အကျုံးမဝင်ဘူး၊ ငါတို့သဘောတူတယ်"
နွားခေါင်းက လူယုတ်မာပြုံးနဲ့ ပြုံးလိုက်ပြီး မြင်းမျက်နှာက တံခါးကို အရင်ဆုံး သွားပိတ်ထားလိုက်ပြီ။
"ငါ့လခွီး... မင်းတို့ ဒီလိုလုပ်လို့မရဘူးလေ... မင်းတို့..."
သူသိလိုက်ပြီ။ ဒီကောင်တွေက မဲခွဲဖို့ စိတ်ကူးမရှိဘူး၊ သူ့ကို ဝိုင်းလုပ်ဖို့ ကြိုတင်တိုင်ပင်ထားကြတာပဲ။
"အားလုံး မဲခွဲကြရအောင်"
အားလုံးရဲ့အကြည့်က ရှောင်ထျန်းချန်ဆီကို ရောက်သွားချိန် ရှောင်ထျန်းချန်က ခေါင်းစောင်းပြီး "မျက်နှာကိုတော့ မထိုးနဲ့နော်"
"အူ... ဝူး..."
နားစိမ့်မတတ် ခွေးအူသံကြီး ထွက်ပေါ်လာပြီး နာရီဝက်ကြာပြီးနောက် ရှောင်ထျန်းချန်က မျက်နှာဝက်ခေါင်းလို ဖူးယောင်ပြီး မီးဖိုချောင်ထဲကနေ ဆဲဆိုရင်း ထွက်လာလေ၏။
"အရိုးနည်းနည်းလောက် စားမိတာနဲ့ မင်းတို့အဘိုးကြီးကို ဒီလောက်တောင် လုပ်ရလားဟ"