တိုက်တိုက်ဆိုင်ဆိုင်ပါပဲကွာ
Vol. 15 Ch. 216
ဒီစကားပြောပြီးတာနဲ့ ရှောင်ထျန်းချန်က သူ့ကျောဘက်ကနေ အေးစက်စက်အငွေ့အသက်တွေ ထွက်လာတာကို ခံစားလိုက်ရသဖြင့် သူက ပါးစပ်အကျယ်ကြီးဖြဲပြီး အော်လိုက်၏။
"နားလည်မှုလွဲသွားပြီ... ငါက စိတ်ဆိုးလို့ပြောလိုက်တာ တကယ်ပြောတာမဟုတ်ဘူး။ အား..."
ရှောင်ထျန်းချန်ကို လက်အကြီးကြီးတစ်ချောင်းက ဆွဲကိုင်ပြီး မီးဖိုချောင်ထဲကို တရွတ်တိုက်ဆွဲခေါ်သွားကာ အားရပါးရ ဝိုင်းထုကြပြန်ရော။ နောက်ဆုံးတော့ ရှောင်ထျန်းချန်လည်း ဝန်ခံလိုက်ရတော့တယ်။ ဘာပဲဖြစ်ဖြစ် အရိုက်ခံပြီးသွားပြီ၊ ဝန်ခံတာ မခံတာက အရေးမကြီးတော့ဘူးလေ။
ဒီခွေးမသား ဝန်ခံသွားတာကို ကြားတော့ အားလုံးက မညှာမတာနဲ့ နောက်တစ်ချီ ထပ်ဆွဲကြပြန်ရော။ တော်သေးတာက ဒီခွေးမသားက အသားထူအရေထူမို့လို့။ သုံးခါတိတိ အရိုက်ခံပြီးတော့ ရှေ့ခြေထောက်တွေတောင် တုန်နေပြီ။ ဒါပေမဲ့ နောက်ခြေထောက်နှစ်ချောင်းနဲ့ လူလိုမတ်တပ်ရပ်ပြီး ခြံထဲမှာ လျှောက်သွားနေနိုင်တုန်းပဲ။
ဒီလို မျက်နှာပြောင်တိုက်ပြီး အောက်တန်းကျတဲ့ကောင်ကို ယွီဟွေးဖေးလည်း ခေါင်းကြီးနေပြီ။ နောက်ဆုံးတော့ ယွီဟွေးဖေးလည်း အပြင်ထွက်ပြီး လမ်းလျှောက်ကာ စိတ်ဖြေဖို့ ဆုံးဖြတ်လိုက်တယ်။
သူအခု နဝမဆောင်ကို ပြန်ရောက်တာနဲ့ သူ့ခေါင်းထဲမှာ အတွေးတစ်ခုပဲရှိတယ်၊ အဲ့ဒါကတော့ ပိုက်ဆံပဲ။ ပြီးတော့ ဒုတိယအတွေးတစ်ခု ပေါ်လာတယ်၊ ပိုက်ဆံမရှိဘူး။ နောက်ဆက်တွဲ တတိယအတွေးတစ်ခု ပေါ်လာတယ်၊ ဘယ်လို ပိုက်ဆံရှာမလဲ။
စိတ်ညစ်ညစ်နဲ့ ခြံထဲကထွက်လာတော့ ယွီဟွေးဖေးက အဘိုးကြီးကျန်းတစ်ယောက် အေးအေးဆေးဆေးနဲ့ ဖုန်းသုံးနေတာကို တွေ့လိုက်၏။ ယွီဟွေးဖေးက တစ်ခါတလေ ဒီအဘိုးကြီးကို အားကျမိသည်။ သူတစ်ယောက်တည်းရှိပေမဲ့ အနည်းဆုံးတော့ သူ့လို စိတ်ညစ်စရာတွေ မရှိဘူးလေ။
လမ်းကြားတွေကို ဖြတ်ကျော်ပြီး တစ်ပတ်လောက်ပတ်လျှောက်ပြီးတော့ ခရီးသည်တင်ကားက ထွက်တော့မယ်။ ယွီဟွေးဖေးက ဘေးမှာရပ်ပြီး အပျင်းပြေကြည့်နေတုန်း အဘိုးကြီးစွန်း ရောက်လာသည်။
"မင်းမြို့ထဲသွားမလို့လား"
ယွီဟွေးဖေးက မသိစိတ်နဲ့ "ဘာဖြစ်လို့လဲ" လို့ ပြန်မေးလိုက်၏။
အဘိုးကြီးစွန်းက "မင်းမြို့ထဲဝင်မယ်ဆိုရင်တော့ အရမ်းကောင်းတာပေါ့။ ငါ့အစား မြို့ထဲမှာ ပိုက်ဆံနည်းနည်း သွားထုတ်ပေးပါလား၊ အခုတလော ဒူးနာနေလို့ လမ်းသိပ်မလျှောက်နိုင်ဘူး"
ယွီဟွေးဖေးလည်း စဉ်းစားကြည့်တော့ ကိုယ်က ဘာအလုပ်မှမရှိတာနဲ့အတူတူ မြို့ထဲဝင်ပြီး လျှောက်လည်ရင်း စိတ်ဖြေလိုက်မယ်လို့ တွေးလိုက်၏။ ပြီးတော့ အဘိုးကြီးစွန်းကလည်း သူ့ကို အများကြီးကူညီဖူးတာဆိုတော့ သူ့ကိုပြန်ကူညီတာကလည်း လုပ်သင့်တဲ့အလုပ်ပဲလေ။
ဒါနဲ့ ယွီဟွေးဖေးက ဘဏ်စာအုပ်ကိုယူ၊ အဘိုးကြီးစွန်းရဲ့ စကားဝှက်ကို မှတ်ပြီး ကားပေါ်တက်သွားတော့သည်။ ဂူလင်ကိုရောက်တော့ ယွီဟွေးဖေးက ပထမဆုံး ဂူလင်စိုက်ပျိုးရေးဘဏ်ကို ပိုက်ဆံသွားထုတ်ဖို့ အရင်သွားလိုက်၏။
ရလဒ်ကတော့ ဂူလင်စိုက်ပျိုးရေးဘဏ်က မဖွင့်သေး။ ဘဏ်ရှေ့မှာ ငွေတင်ကားတစ်စီးရပ်ထားပြီး သေနတ်ကိုင်လုံခြုံရေးတချို့က အသင့်အနေအထားနဲ့ စောင့်နေကြသည်။
ယွီဟွေးဖေးလည်း အနားမကပ်ရဲ၊ တစ်ဖက်က သူ့ကို မျက်စိစပါးမွှေးစူးပြီး နားလည်မှုလွဲကာ သေနတ်နဲ့တစ်ချက်လောက် ပစ်ထည့်လိုက်မှာကို စိုးရိမ်နေ၏။ ဒီလို ဖြစ်နိုင်ခြေရှိတဲ့အန္တရာယ်မျိုးကို ယွီဟွေးဖေးက ရှောင်ရမှာပဲ။
အဲ့ဒီအချိန်မှာပဲ တက္ကစီတစ်စီးက ယွီဟွေးဖေးဘေးမှာ လာရပ်ပြီး သူ့နောက်ကနေ စကားပြောသံတွေ ထွက်လာသည်။ ယွီဟွေးဖေး လှည့်ကြည့်လိုက်တော့မှ သူကိုယ်တိုင်လည်း မသိလိုက်ဘဲ ကြယ်ငါးပွင့်ဟိုတယ်တစ်ခုရဲ့ ရှေ့ကို ရောက်နေမှန်း သိလိုက်ရ၏။
ယွီဟွေးဖေးကို ပိုပြီးအံ့ဩသွားစေတာကတော့ စကားပြောနေတဲ့လူနှစ်ယောက်ကို သူက သိနေတာပဲ။
"စုန့်ချင်း"
"ယွီဟွေးဖေး"
ယွီဟွေးဖေး ကြောင်သွားသလို စုန့်ချင်းလည်း ကြောင်သွား၏။ စုန့်ချင်းဘေးမှာ ရပ်နေတာက ရုပ်ရည်ချောမောတဲ့ အမျိုးသားတစ်ယောက်။ သူပြုံးလိုက်ရင် နေရောင်ခြည်လို လင်းလက်တောက်ပပြီး ကိုယ်နေဟန်ထားကလည်း တောင့်တောင့်မတ်မတ်နဲ့ ကြည့်လို့ကောင်းသည်။
ဒီလူကိုလည်း ယွီဟွေးဖေးသိသည်။ အရင်တစ်ခါ သူ့ကို နှာရည်ယိုအောင် အေးခဲစေခဲ့တဲ့ ချူယွီပဲ။ သူတို့နှစ်ယောက်နောက်မှာတော့ နောက်လိုက်လေးတစ်ယောက် ပါသေးသည်။ ဒါပေမဲ့ ဒီကောင်မလေးက ဒီတစ်ခါတော့ ဂျင်းဘောင်းဘီနဲ့ ငန်းဝါရောင်အနွေးထည်ကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်မှာ အမွေးပွပွဦးထုပ်တစ်လုံး ဆောင်းထား၏။ ကြည့်လိုက်ရင် ပေါက်စီလုံးလေးကျနေတာပဲ၊ မုရှောင်ကျိုပေါ့။
သူမက ရုတ်တရက် ဒီလိုဝတ်စားထားတော့ ယွီဟွေးဖေးတောင် မမှတ်မိတော့ဘူးတောင် ဖြစ်သွား၏။ ဒီကောင်မလေးက ယွီဟွေးဖေးကို မြင်တာနဲ့ မသိစိတ်နဲ့ "အဘိုး..." လို့ အော်လိုက်ပြီးတော့ စုန့်ချင်းက သူ့ကို မျက်စောင်းအပြင်းစားကြီးထိုးလိုက်တော့ ဒီကောင်မလေးက ဉာဏ်များစွာနဲ့ စကားလမ်းကြောင်းလွှဲလိုက်သည်။
"ယေး... ယွီဟွေးဖေးလည်း ဒီမှာရှိနေတာလား"
ယွီဟွေးဖေးက ပြုံးပြီး "တိုက်ဆိုင်လိုက်တာကွာ"
"ဒီတစ်ယောက်က"
"ငါနဲ့ ရှောင်ကျိုရဲ့ သူငယ်ချင်းတစ်ယောက်ပါ၊ သူ့နာမည်က ယွီဟွေးဖေး"
ပြီးတော့ စုန့်ချင်းက ယွီဟွေးဖေးကို "ဒါက ငါ့သူငယ်ချင်းတစ်ယောက်၊ ချူယွီတဲ့"
ယွီဟွေးဖေးနဲ့ ချူယွီတို့နှစ်ယောက်လုံး ကြောင်သွား၏။ သူမက ဒီလောက်ရိုးရှင်းစွာနဲ့ မိတ်ဆက်ပေးလိမ့်မယ်လို့ ဘယ်သူမှထင်မထားလောက်ဘူး။ ပြီးတော့ စကားအသုံးအနှုန်းကလည်း အတူတူလောက်ပဲ၊ ကြည့်ရတာ သူတို့နှစ်ယောက်လုံးရဲ့ အဆင့်အတန်းက သိပ်မမြင့်ဘူးထင်တယ်။
ချက်ချင်းပဲ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး စိတ်ထဲမှာ ဘဝတူအဖြစ် သနားသွားကြ၏။
ချူယွီက လက်ကမ်းပေးပြီး "ကျွန်တော့်နာမည် ချူယွီပါ၊ အခု တက္ကသိုလ်ဆရာတစ်ယောက်ပါ၊ ရူပဗေဒသင်ပါတယ်"
"ယွီဟွေးဖေးပါ... တည်းခိုခန်းလေးဖွင့်ထားပါတယ်။ ခင်ဗျားတို့က လာလည်ကြတာလား"
ချူယွီက ခေါင်းခါပြီး "မဟုတ်ပါဘူး... ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကို ဒီမှာကျင်းပလို့ပါ။ ကျွန်တော်တို့ အားလပ်ချိန်လေးရတုန်း အနီးအနားမှာ လျှောက်လည်မလို့။ သူဌေးယွီက ဒီကလူဆိုတော့ လည်ပတ်လို့ကောင်းတဲ့နေရာလေးတွေ ညွှန်ပြပေးပါဦး"
စုန့်ချင်းက ခေါင်းညိတ်ရင်း "ဟုတ်တယ်... လည်ပတ်စရာနေရာလေးတွေ ညွှန်းပေးပါဦး"
မုရှောင်ကျိုကလည်း "ငါးဖမ်းတာ သွားကြည့်ချင်တယ်၊ ရေခဲပြင်မှာ အပေါက်ဖောက်ပြီး အထဲကနေ ငါးဖမ်းတဲ့ဟာမျိုးလေ"
ယွီဟွေးဖေးက ပြုံးပြီး "နောက်ကျသွားပြီ၊ အဲ့ဒါက အစောကြီးကတည်းက ဖမ်းပြီးသွားပြီ။ အခု ဂူလင်မှာ ကစားစရာဆိုလို့ စကိတ်စီးတာ၊ နှင်းပွင့်ကြည့်တာလောက်ပဲ ရှိတော့တယ်။ အနီးအနားမှာ စကိတ်ကွင်းရှိတယ်။ ကားငှားပြီး သွားလိုက်ရုံပဲ၊ လက်မှတ်ကို အွန်လိုင်းကနေဝယ်၊ စျေးသက်သာတယ်"
ဒီအထိပြောပြီးတော့ ယွီဟွေးဖေးက ထပ်ဖြည့်စွက်လိုက်၏။ "ဘယ်သူဆွယ်ဆွယ် မယုံနဲ့နော်၊ ဘယ်သူ့ဆီကမှ မဝယ်နဲ့။ သူတို့ပြောတာတွေက အကုန်လျှောက်ပြောနေတာ။ တရားဝင်ဝယ်တာ အသက်သာဆုံး၊ စျေးလည်းတန်တယ်"
မုရှောင်ကျိုက မျက်လုံးပြူးကြီးကြီးနဲ့ စိုက်ကြည့်နေ၏။ ဒီကောင်မလေးက အားနာတတ်တယ်ဆိုတာ ဘာမှန်းသိပုံမရချေ။ ပါးစပ်က တန်းပြီး "နင်ငါတို့နဲ့ အတူတူမလိုက်ဘူးလား။ ဒါက နင့်နယ်မြေလေ၊ နင်... ငါတို့ကို တစ်ပတ်လောက်လိုက်မပို့၊ အကောင်းအကောင်းတွေ မကျွေးဘူးလား"
စုန့်ချင်းက အေးစက်စက်နိုင်ပေမဲ့ သူ့မျက်လုံးထဲမှာတော့ မျှော်လင့်ချက်အရိပ်အယောင်လေးတွေ ရှိနေသည်။ အနည်းဆုံးတော့ သူအစကထွက်လာတုန်းကလို စိတ်မရှည်တဲ့ပုံစံထက်တော့ အများကြီးသာ၏။
ယွီဟွေးဖေးကတော့ ဒါကို သိပ်ဂရုမစိုက်ဘူး။ သူက မုရှောင်ကျိုရဲ့စကားကိုကြားတော့ ပထမဆုံးအတွေးက ‘ပိုက်ဆံမရှိဘူး’။ ပြီးတော့ ယွီဟွေးဖေးက ပြတ်ပြတ်သားသားပဲ...
"ငါဆင်းရဲလွန်းလို့ မကျွေးနိုင်ဘူး"
ဒီစကားထွက်လာတာနဲ့ စုန့်ချင်းရော မုရှောင်ကျိုရော၊ ချူယွီတောင်မှ ကြောင်သွားကြသည်။ သူတို့တစ်သက်မှာ ဒီလောက် တည့်တိုးပြောတဲ့ ယောက်ျားမျိုးကို မကြုံဖူးလောက်ဘူး။
ချူယွီက အစပိုင်းမှာ ယွီဟွေးဖေးကို ပြိုင်ဘက်လို့ ထင်နေသေး၏။ ဒါပေမဲ့ ယွီဟွေးဖေးရဲ့ ဒီစကားထွက်လာတော့ သူဒီလူကို အထင်ကြီးလွန်းသွားပြီထင်ပါ့။ ဘယ်သူကများ သူတို့ကြိုက်နေတဲ့ မိန်းကလေးတစ်ယောက်ရှေ့မှာ ဒီလိုနေပါ့မလဲ။ အဓိကက ဒီလိုပုံစံနဲ့ပေါ့...။
စုန့်ချင်းကတော့ နားထင်ကို နှိပ်နယ်ပြီး "နင်မကျွေးချင်ရင် တန်းပြောလေ၊ နင့်ရဲ့အကြောင်းပြချက်က..."
မုရှောင်ကျိုလည်း နှုတ်ခမ်းစူပြီး "ဘယ်သူက ယုံမှာလဲ"
ယွီဟွေးဖေးက ခါးသီးစွာပြုံးပြီး "ငါလည်း မယုံချင်ပါဘူး၊ ဒါပေမဲ့... ဒါက အမှန်တရားပဲလေ။ အရင်တစ်ခေါက် ပေကျင်းသွားတုန်းက သူငယ်ချင်းက လမ်းစရိတ်ထုတ်ပေးလို့ သွားခဲ့တာ၊ မဟုတ်ရင် သတ်တောင်မသွားဘူး။ ငါဒီတစ်ခေါက် ဂူလင်လာတာက ရွာကအဘိုးကြီးတစ်ယောက်ကို ပိုက်ဆံလာထုတ်ပေးတာ။ မဟုတ်ရင် ငါလည်းမလာဘူး၊ အသွားအပြန် ယွမ်နှစ်ဆယ်တောင်ကုန်တာ၊ အသားကောင်းကောင်း တစ်ပေါင်နီးပါး ဝယ်လို့ရတယ်"
ဒီစကားကိုကြားတော့ မုရှောင်ကျို၊ စုန့်ချင်း၊ ချူယွီတို့ ထပ်ပြီး ကြောင်သွားကြပြန်ရော။ ကပ်စေးနည်းတဲ့လူ၊ ဆင်းရဲတဲ့လူတွေ တွေ့ဖူးပေမဲ့ ဒီလိုမျိုးတော့ တကယ်မတွေ့ဖူးဘူး။
မုရှောင်ကျိုက နှုတ်ခမ်းလေးစူပြီး "အစ်ကိုကြီး၊ ငါတို့... ငါတို့ ဒီလိုကြီး ဆင်းရဲချင်ယောင်ဆောင်လို့ မကောင်းဘူးမလား။ နင်က နင့်နယ်မြေမှာတောင် ငါတို့ကို ပြန်ကျွေးခိုင်းမလို့လား"
ယွီဟွေးဖေးက လက်ခုပ်တီးလိုက်ပြီး "ဒီအကြံက မဆိုးဘူး"
ဖွီး...
ရေသောက်မလို့လုပ်နေတဲ့ ချူယွီတစ်ယောက် ရေတွေအကုန် ပန်းထွက်သွားပြီး ချောင်းအပြင်းအထန်ဆိုးရင်း ယွီဟွေးဖေးကို ကြည့်တဲ့အကြည့်က လေးစားတဲ့အရိပ်အယောင်တွေနဲ့ ပြည့်နေ၏။
သူ့တစ်သက်မှာ လူတွေအများကြီးနဲ့ တွေ့ဆုံဖူးပေမဲ့ အားလုံးက မျက်နှာကို ထောက်ထားကြသည်။ ဒီလောက် မျက်နှာမထောက်တဲ့လူမျိုးတော့ သူတကယ်မတွေ့ဖူးဘူး။ ဒါပေမဲ့ ချူယွီယုံကြည်ထားတာက မျက်နှာကို ချထားနိုင်တဲ့လူက နှစ်မျိုးပဲရှိတယ်၊ တစ်မျိုးက တကယ့်လူယုတ်မာ၊ နောက်တစ်မျိုးက တကယ့်လူတော်။
ဒါပေမဲ့ ဘယ်အမျိုးအစားပဲဖြစ်ဖြစ် ဒီလိုနေနိုင်ဖို့က တကယ်မလွယ်ကူဘူး၊ ပြီးတော့ အောင်မြင်ဖို့လည်း လွယ်တယ်။ ဒါပေမယ့် အနာဂတ်လမ်းက ရှည်တာတိုတာပဲ ကွာသွားတာ...။
တစ်ချိန်တည်းမှာပဲ ချူယွီက အခြေခံအားဖြင့် ဆုံးဖြတ်လိုက်ပြီ၊ ဒီလူက လုံးဝပြိုင်ဘက်မဟုတ်ဘူး။ စုန့်ချင်းကလည်း ဒီလိုလူမျိုးကို ကြိုက်မှာမဟုတ်ဘူး...။
ဒါနဲ့ ချူယွီက "သူဌေးယွီ လက်ထဲမှာ ပိုက်ဆံမရှိရင် ကျွန်တော်ပဲ ကျွေးပါ့မယ်"
ဒီစကားထွက်လာတာနဲ့ သူ့ကို ပိုပြီးအံ့ဩသွားစေတာက ယွီဟွေးဖေး ပါးစပ်မဟရသေးခင်မှာ စုန့်ချင်းက အရင်စကားပြောလိုက်တာပဲ။ ချူယွီက စုန့်ချင်းငြင်းလိမ့်မယ်လို့ ထင်ထားတာ၊ ဒီလောက် မျက်နှာပြောင်တိုက်တဲ့လူမျိုးကို သူ့ရဲ့မာနနဲ့ဆိုရင် ဘာမှဆက်ဆံချင်မှာမဟုတ်ဘူးလေ။
သို့သော်...
"ဒီလိုဆိုရင် သူဌေးယွီကော အတူတူသွားကြမလား"
"အမ်..."
ချူယွီ ကြောင်သွား၏။ သူသိတဲ့ စုန့်ချင်းက တန်းငြင်းပြီး လှည့်ထွက်သွားရမှာမဟုတ်လား။ ဒီဇာတ်လမ်းက နည်းနည်းမှားနေပြီ။ ဘာလို့ စုန့်ချင်းကလည်း ယွီဟွေးဖေးကို သူတို့နဲ့အတူတူ အပြင်ထွက်လည်စေချင်နေသလို ဖြစ်နေရတာလဲ။
မုရှောင်ကျိုကတော့ ဘာကိုမှဂရုမစိုက်ဘူး၊ မျက်လုံးတွေတောက်လောင်ပြီး "ဒီအပိုင်းကို ငါတို့ကျွေးမယ်၊ နင်က ငါ့ကို အဆာပြေလေးကျွေးရင်တော့ ရတာပဲမလား။ ငါထင်သလောက်ကတော့ ဟိုလမ်းဘေးက ခေါက်ဆွဲကြော်နဲ့ ပြောင်းဖူးဖုတ်ကလည်း မဆိုးဘူး"
ယွီဟွေးဖေးက ဒီကောင်မလေးကို ကြည့်၊ ပြီးတော့ သူ့အိတ်ကပ်ကို စမ်းကြည့်ပြီး နောက်ဆုံးမှာတော့ တရားမျှတတဲ့လေသံနဲ့ "မစားနဲ့တော့ အပူများတယ်"
"နင်က အရမ်းကပ်စေးနည်းတာပဲ"
မုရှောင်ကျိုက နှုတ်ခမ်းစူပြီး အော်ငိုတော့သည်။ ဒီကောင်မလေးရဲ့ ပါးစပ်မြန်တာကို ယွီဟွေးဖေးက စိတ်မဆိုးတဲ့အပြင် ဒီကောင်မလေးက ချစ်စရာကောင်းတယ်လို့တောင် ထင်မိပြီး သူ့ရဲ့ဖောင်းအိနေတဲ့ပါးလေးကို ဆွဲညှစ်လိုက်သေး၏။
"နင်ပြောတာမှန်သား။ ငါက တော်တော်ကပ်စေးနည်းတာပဲ"
မုရှောင်ကျိုက သူနဲ့စုန့်ချင်းပဲ ကြားနိုင်တဲ့အသံနဲ့ ဟမ့်ခနဲ "ငါက နင့်ကို အဘိုးလို့တောင် ခေါ်သေးတယ်... အဘိုးဖြစ်ပြီးတော့ မြေးမလေးကို မုန့်လေးနည်းနည်းတောင် မဝယ်ကျွေးဘူး၊ ကပ်စေးနဲ"
စုန့်ချင်းက ယွီဟွေးဖေးကို ရယ်စရာကောင်းသလို ကြည့်ပြီး ယွီဟွေးဖေး အလျှော့ပေးမလားလို့ စောင့်ကြည့်နေ၏။ ရလဒ်ကတော့ ဒီကောင်က ခေါင်းမော့ပြီး ကောင်းကင်ကို ကြည့်ကာ ကျယ်လောင်စွာနဲ့ အော်ဟစ်သံသာပြန်ရလေသည်။
"'အာ... ဒီနေ့ရာသီဥတုက တော်တော်ကောင်းတာပဲ။ လေကနည်းနည်းတိုက်တော့ တခြားလူတွေပြောတာ မကြားရဘူး"
စုန့်ချင်း ထပ်ပြီး စကားမပြောနိုင်တော့ဘူး၊ ဒါပေမဲ့ သူ့နှုတ်ခမ်းထောင့်ကတော့ နည်းနည်းလေး ကွေးတက်သွားတယ်။ သူမရှေ့က ဒီလူယုတ်မာက လူယုတ်မာဆန်ပေမဲ့... သူက အမြဲတမ်း လူတွေမထင်မှတ်ထားတဲ့အရာတွေကို လုပ်တတ်ပြီး စိတ်ဝင်စားဖို့လည်း ကောင်းတယ်။ အနည်းဆုံးတော့ သူလုပ်တဲ့အရာတွေက သူမကို စိတ်အနှောင့်အယှက်မဖြစ်စေဘူး။
ချူယွီကတော့ နည်းနည်းကြောင်နေတယ်၊ သူ့ဦးနှောက်က နည်းနည်းလိုက်မမီတော့ဘူး။ မျက်မှောင်ကြုတ်ရင်း စိတ်ထဲမှာ ‘မဟုတ်မှလွဲရော... စုန့်ချင်းက လူမိုက်ဆန်ဆန်ပုံစံကို ကြိုက်တာလား။ ဒါဆို ငါလည်း နည်းနည်းမိုက်ပြရမလား။ ဒါပေမဲ့ တစ်ခါမှ မမိုက်ဖူးဘူးလေ... ဒါလည်း ပညာတစ်ခုပဲ...’
ဒီကောင်က စိတ်ထဲမှာ တွေးတောနေတုန်း၊ တစ်ဖက်မှာတော့ ယွီဟွေးဖေးက "ကစားတာ အရေးမကြီးသေးဘူး။ နင်တို့ငါ့ကို ခဏစောင့်ဦးနော်။ ငါအရင် အဘိုးကြီးအတွက် ပိုက်ဆံသွားထုတ်လိုက်ဦးမယ်"
ပြောပြီးတာနဲ့ ယွီဟွေးဖေးက ဘဏ်ဘက်ကို ပြေးသွားတော့သည်။
"ဘယ်လောက်ကြာကြာ စောင့်ရမှာလဲ"
"မသိဘူး"
ယွီဟွေးဖေးက လက်ဝှေ့ယမ်းပြပြီး လူ၃ယောက်ကို သတ်ပစ်ချင်စိတ်ပေါက်သွားစေတဲ့ စကားတစ်ခွန်း ပြန်ပြောလိုက်၏။
"ဒီလောက်အေးတဲ့ရာသီဥတုမှာ အပြင်မှာစောင့်နေတာလည်း အဆင်မပြေဘူး။ ဒါမှမဟုတ် ငါတို့အခန်းပြန်ပြီး စောင့်ကြမလား..."
ချူယွီ မေးလိုက်ရာ စုန့်ချင်းက ခဏစဉ်းစားပြီး "ထားတော့... အတက်အဆင်းလုပ်ရတာ ရှုပ်တယ်။ ငါတို့ဘဏ်ထဲမှာပဲ သွားစောင့်ကြရအောင်"
မုရှောင်ကျိုက လက်မြှောက်ပြီး "ငါသဘောတူတယ်... ဘဏ်ရှေ့က ပြောင်းဖူးဖုတ်က တော်တော်စားလို့ကောင်းမှာပဲ... ရှလွှတ်..."
နောက်ဆုံးတော့ မုရှောင်ကျိုက သူ့ဆန္ဒအတိုင်း ပြောင်းဖူးဖုတ်တစ်ချောင်း ဝယ်နိုင်ခဲ့ပြီး ပျော်ရွှင်စွာနဲ့ စုန့်ချင်း၊ ချူယွီတို့နဲ့အတူ ဘဏ်ထဲကို ဝင်သွား၏။ ယွီဟွေးဖေးကိုမြင်တော့ ဒီကောင်မလေးက မျက်လုံးတွေတောက်ပသွားပြီး မျက်လုံးအကြီးကြီးကို ကလယ်ကလယ်လုပ်ကာ ပြေးသွားပြီး ယွီဟွေးဖေးဘေးမှာ ဝင်ထိုင်လိုက်သည်။ ပျော်ရွှင်စွာနဲ့ ပြောင်းဖူးကိုကိုက်ရင်း ပါးစပ်က တိုးတိုးလေး ရေရွတ်နေလေ၏။
"အိုက်ယား... ပြောင်းဖူးက တကယ်စားလို့ကောင်းတာပဲ။ ချူယွီအစ်ကိုကမှ တော်သေးတယ်... တစ်ချို့လူတွေလိုမဟုတ်... အမ်... နင်ဘာလုပ်တာလဲ"
ယွီဟွေးဖေးက လှည့်ကြည့်၊ မုရှောင်ကျိုကို ကြည့်၊ ပြောင်းဖူးကို ကြည့်၊ ပြီးတော့ သူမစကားမဆုံးခင်မှာပဲ ပြောင်းဖူးကို လှမ်းလုလိုက်ပြီး တည်ငြိမ်စွာနဲ့ "ကလေးတွေက အပူများတဲ့အရာတွေ အများကြီးမစားရဘူး"
ပြီးတော့ ဒီကောင်က မျက်နှာပြောင်တိုက်စွာနဲ့ ပြောင်းဖူးကို နှစ်ပိုင်းချိုးလိုက်သည်။ လေးပုံသုံးပုံကို ကိုယ့်ဖို့ယူပြီး ကျန်တဲ့လက်မလောက်ရှည်တဲ့ အပိုင်းလေးကို မုရှောင်ကျိုဆီ ပြန်ထည့်ပေးလိုက်လေ၏။
"ကြည့်စမ်း... ငါနင့်အပေါ်မှာ ဘယ်လောက်ကောင်းလဲ။ ဒီလောက်အပူများတဲ့အရာတွေကိုတောင် နင့်အစား ငါခံစားပေးတဲ့သူမျိုးနော်"
မုရှောင်ကျိုက သူ့လက်ထဲက သနားစရာကောင်းလောက်အောင် သေးလွန်းတဲ့ ပြောင်းဖူးအပိုင်းလေးကို ကြည့်ပြီး နှုတ်ခမ်းစူကာ ငိုတော့မလို ဖြစ်သွားသည်။
စုန့်ချင်းက ဒါကိုမြင်တော့ နားထင်ကို နှိပ်နယ်ပြီး "ဒီကောင်... တကယ် မျက်နှာပြောင်တိုက်တာပဲ"
ချူယွီက အမြန်သွားပြီး "ရှောင်ကျို မငိုနဲ့နော်၊ နောက်မှ နင့်အတွက် အကြီးကြီးတစ်လုံး ပြန်ဝယ်ပေးမယ်"
မုရှောင်ကျိုက နှုတ်ခမ်းစူပြီး ရှိုက်ငိုကာ "အရမ်းအနိုင်ကျင့်တာပဲ..."
ယွီဟွေးဖေးက ဒီကောင်မလေး ငိုတော့မလိုပုံစံဖြစ်နေပေမဲ့ မျက်လုံးအကြီးကြီးထဲမှာ မိုးခြိမ်းသံပဲရှိပြီး မိုးမရွာတာကို ကြည့်ပြီး ဟန်ဆောင်ငိုနေမှန်း သိလိုက်၏။
"ဒါမှမဟုတ် ငါနင့်အတွက် ကျန်တာပါ စားပေးလိုက်ရမလား"
"မရဘူး"
မုရှောင်ကျိုက ချက်ချင်းငြင်းပြီး ယွီဟွေးဖေးကို ကျောခိုင်းကာ ပြောင်းဖူးကို အမြန်ကိုက်စားရင်း ပါးစပ်က တိုးတိုးလေး ပြောနေလေရဲ့။
"နင့်ကိုကိုက်သတ်မယ်၊ နင့်ကိုကိုက်သတ်မယ်၊ နင့်ကိုကိုက်သတ်မယ်"
ချူယွီက ဘာမှမဖြစ်သလို ပြောင်းဖူးစား၊ ဖုန်းသုံးနေတဲ့ ယွီဟွေးဖေးကို ကြည့်၊ ပြီးတော့ စိတ်ဆိုးနေတဲ့ မုရှောင်ကျိုကို ကြည့်၊ နောက်ဆုံးမှာတော့ နှုတ်ခမ်းထောင့်မှာ အပြုံးလေးနဲ့ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ စုန့်ချင်းကို ကြည့်လိုက်သည်။ ထိုအခိုက် သူရုတ်တရက် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရပြီး ယွီဟွေးဖေးကို အတူတူကစားဖို့ ဖိတ်ခေါ်မိတာကို နည်းနည်းနောင်တရသွား၏။ သူကပ်စေးနည်းလို့မဟုတ်ဘူး၊ အချစ်နဲ့ရင်ဆိုင်ရတဲ့အခါ ဘယ်သူက ရက်ရောနိုင်မှာလဲ။ ချူယွီက စုန့်ချင်းဘေးမှာထိုင်ပြီး ဖော်ရွေစွာနဲ့ စကားစမြည်ပြောနေလိုက်တော့သည်။
ချူယွီအပေါ်မှာ ယွီဟွေးဖေးက စိတ်အနှောင့်အယှက်မဖြစ်ချေ။ ဘာလို့လဲဆိုတော့ ဒီလူက နိုင်ငံခြားက ပြန်လာပေမဲ့ တချို့နိုင်ငံခြားပြန်တွေလို မာနကြီးတာမျိုးမရှိဘဲ လူတိုင်းနဲ့ ဆက်ဆံတာ ယဉ်ကျေးတယ်။ ယွီဟွေးဖေး သိပ်မကြိုက်တာတစ်ခုကတော့ ဒီကောင်က အရမ်းပျော့ညံ့ပြီး ယောက်ျားပီသမှု နည်းနည်းနည်းနေတာပဲ။
ချူယွီက စုန့်ချင်းနဲ့ ခဏစကားပြောပြီးတော့ စုန့်ချင်းက စိတ်မဝင်စားတာကို တွေ့တော့ ယွီဟွေးဖေးဆီကို ရောက်လာ၏။ သူက ကိုယ့်ပြိုင်ဘက်ကို သိချင်လို့လား၊ ဒါမှမဟုတ် ပျင်းလို့ အချိန်ဖြုန်းချင်လို့လားတော့ မသိ။ ဘာပဲဖြစ်ဖြစ် ဒီမှာထိုင်ပြီးတော့ ယွီဟွေးဖေးနဲ့ လျှောက်ပြောနေတာ မနည်းဘူး...။ နောက်ဆုံးတော့ ယွီဟွေးဖေး နားငြီးမခံနိုင်တာကြောင့် လူတွေမမြင်ခင်မှာ သူ့ဘောင်းဘီထဲကနေ သခွားသီးတစ်လုံး ထုတ်လိုက်သည်။
ချူယွီက စကားစပြောမလို့လုပ်နေတုန်း ယွီဟွေးဖေးက "သခွားသီးစားမလား" လို့ မေးလိုက်ရာ ကြောင်သွား၏။ ယွီဟွေးဖေးက သူ့ကိုယ်မှာ အသီးနုနုသခွားသီး ဆောင်ထားလိမ့်မယ်လို့ မထင်ထားဘူးလေ။ ပြီးတော့ သူက စုန့်ချင်းကို တစ်ချက်ကြည့်လိုက်တယ်။
ယွီဟွေးဖေးက "မကြည့်နဲ့တော့၊ သူတို့ကို မကျွေးဘူး။ ဆောင်းတွင်းကြီးမှာ သခွားသီးအစိမ်း၊ မိန်းကလေးတွေစားရင် မကောင်းဘူး၊ အရမ်းအေးတယ်"
ချူယွီလည်း စဉ်းစားကြည့်တော့ ဟုတ်တာပဲ။
"ကျွန်တော်သွားဆေးလိုက်ဦးမယ်။"
သူလည်း ပျင်းနေတာနဲ့ ရေသန့်နဲ့ သခွားသီးကို ဆေးပြီး မြည်းကြည့်လိုက်တော့ အရသာက မဆိုးဘူးလို့ ခံစားလိုက်ရသည်။
ယွီဟွေးဖေးက သူသခွားသီးစားနေတာကို ကြည့်ပြီး စိတ်ထဲမှာ ‘နောက်ဆုံးတော့ ပါးစပ်ပိတ်သွားပြီ၊ မလွယ်ဘူးပဲ...’
အားလုံးက တိတ်ဆိတ်စွာနဲ့ တန်းစီစောင့်နေတုန်း...
ဒိုင်း...
သေနတ်သံအကျယ်ကြီး ထွက်ပေါ်လာပြီး နောက်ဆက်တွဲအနေနဲ့ တစ်စုံတစ်ယောက်က အကျယ်ကြီးအော်လိုက်သည်။
"အားလုံးငါ့ကို ငုံ့ချလိုက်၊ မလှုပ်နဲ့... ဓားပြတိုက်တာ၊ ဓားပြတိုက်တာ"
ယွီဟွေးဖေးက ပထမဆုံး ငုံ့ချလိုက်တယ်၊ အဲ့အရှိန်က တော်တော်ကို မြန်ပြီး ချောမွေ့တာပဲ။ တစ်ချိန်တည်းမှာပဲ ဘဏ်ထဲကို ပြေးဝင်လာတဲ့လူသုံးယောက်ကို တိတ်တိတ်လေး ကြည့်လိုက်တယ်၊ အားလုံးက မျက်နှာဖုံးစွပ်ထားပြီး လက်ထဲမှာ သေနတ်တွေနဲ့... သေနတ်တွေ ဘယ်ကရလဲဆိုတာတော့ ယွီဟွေးဖေးလည်း မသိဘူး။