← Chapters

ဇာတ်လိုက်ကျော်ကြီး သေဆုံးခြင်း

Vol. 15 Ch. 217

ဇာတ်လိုက်ကျော်ကြီး သေဆုံးခြင်း

Vol. 15 Ch. 217

သူတို့ထဲက တစ်ယောက်ရဲ့ကိုယ်ပေါ်မှာ ဗုံးတွေတောင် ချည်ထားသေး။ အသေခံပြီး အတူတူသွားမယ့်ပုံစံနဲ့ တော်တော်ကို ကြမ်းတမ်းတဲ့ရုပ်နဲ့။

ယွီဟွေးဖေးက မလှုပ်မယှက်နေလိုက်တယ်။ သူကောင်းကောင်းသိတယ်လေ။ သူ့ရဲ့ အစွမ်းအစလောက်နဲ့ တစ်ဖက်ကောင်တွေရဲ့ သေနတ်ကို ယှဉ်လို့မရဘူး။ ပြေးနိုင်ရင်တောင် ကျည်ဆံကိုတော့ ပြေးမလွှားနိုင်ဘူး။

အဲ့ဒီအချိန်မှာ မုရှောင်ကျို၊ စုန့်ချင်း၊ ချူယွီတို့အားလုံးကို ဓားပြတွေက အော်ဟစ်ပြီး တစ်စုတစ်စည်းတည်း ဖြစ်အောင် မောင်းထုတ်လိုက်ပြီး ဘဏ်ထဲက လူအားလုံးကို တစ်နေရာတည်းမှာ စုလိုက်တယ်။

ဓားပြတစ်ယောက်က ဖုန်းတွေလိုက်သိမ်းနေပြီး နောက်တစ်ယောက်က သေနတ်နဲ့ လူတွေကို ခြောက်လှန့်နေ၏။ နောက်ဆုံးဓားပြကတော့ အိတ်အကြီးကြီးတစ်လုံးကို ကောင်တာပြတင်းပေါက်ထဲ ထိုးထည့်ပြီး အော်ပြောလေသည်။

"အပြည့်ဖြည့်... မဟုတ်ရင် ငါလူသတ်မှာ"

ဘဏ်ဝန်ထမ်းတွေလည်း ကြောက်လန့်နေလောက်ပြီ။ ဒါပေမဲ့ တည်ငြိမ်မှုတော့ရှိသေး၏။ တစ်ဖက်က လုပ်ငန်းအစီအစဉ်အတိုင်း ပိုက်ဆံသွားယူရင်း တစ်ဖက်က တစ်ခုခုပြောနေသည်။ ရလဒ်ကတော့ ဓားပြက ဒေါသပေါက်ကွဲပြီး ပြတင်းပေါက်ကို သေနတ်နဲ့တစ်ချက် ပစ်ထည့်လိုက်လေ၏။

တော်သေးတာက ကျည်ကာမှန်မို့လို့ မှန်မကွဲသွားပေမဲ့ အဲ့ဒီမှာရှိတဲ့လူတိုင်းရဲ့ နှလုံးသားတွေကတော့ တစ်ချက်ခုန်တက်သွားသည်။ မိန်းကလေးတချို့က ကြောက်လန့်ပြီး တန်းအော်တော့၏။

မုရှောင်ကျိုဆို ပိုဆိုး၊ တစ်ကိုယ်လုံးတုန်တက်သွားပြီး မသိစိတ်နဲ့ ဘေးကိုတိုးကပ်သွားကာ စုန့်ချင်းရဲ့ရင်ခွင်ထဲ ရောက်သွားကာ ပြောင်းဖူးကလည်း မြေပေါ်လွတ်ကျသွားသည်။

စုန့်ချင်းကလည်း မုရှောင်ကျိုကို ပွေ့ဖက်ထားပြီး "ဘာမှမဖြစ်ဘူး၊ ဘာမှမဖြစ်ဘူး၊ မကြောက်နဲ့" လို့ တိုးတိုးလေးပြောနေ၏။

ယွီဟွေးဖေးကတော့ သူ့လက်ထဲက ပြောင်းဖူးတစ်ပိုင်းကို သူမဆီထိုးပေးပြီး "စားလိုက်၊ စားလိုက်ရင် မကြောက်တော့ဘူး"

မုရှောင်ကျိုတစ်သက်မှာ ဒီလိုနှစ်သိမ့်ပေးတာမျိုး တစ်ခါမှမကြုံဖူးလောက်ဘူး။ ဘာပဲဖြစ်ဖြစ် သူ့အတွက်တော့ တော်တော်လေး ထိခိုက်မှုပြင်းထန်သွားပြီး ကြောင်တောင်တောင်လေး ဖြစ်သွားတယ်... ကောင်းတဲ့အချက်ကတော့ တကယ်ပဲ သိပ်မကြောက်တော့ဘူး။

ချူယွီလည်း ကြောက်လန့်နေပေမဲ့ တည်ငြိမ်မှုတော့ရှိသေး၏။ သူ့လက်တွေက မငြိမ်မသက်နဲ့ ဖုန်းကိုထုတ်ပြီး ရဲကိုတိုင်ဖို့ ကြိုးစားနေသည်။ ရလဒ်ကတော့ ဖုန်းက လက်ထဲရောက်ခါရှိသေး ဓားပြတစ်ယောက်က ပြေးလာပြီး သူ့ကို ကန်လှဲလိုက်ခြင်းကို ခံရတော့သည်။

"ငါ့ကို လာပြီး ကလိမ်ကကျစ်လုပ်မနေနဲ့၊ မဟုတ်ရင် မင်းကို ပစ်သတ်ပစ်မယ်"

တစ်ဆက်တည်းမှာပဲ ချူယွီရဲ့ဖုန်းကို ခြေထောက်နဲ့နင်းခွဲပြီး ကန်ထုတ်ပစ်လိုက်သည်။ နောက်ဓားပြတစ်ယောက်ကလည်း ဒေါသတကြီးနဲ့ "ငါတို့က ပိုက်ဆံပဲလိုချင်တာ၊ လူသတ်ချင်တာမဟုတ်ဘူး။ ဒါပေမဲ့ မင်းတို့က ငါတို့ကို အတင်းမလုပ်ခိုင်းနဲ့၊ ဖုန်းတွေအကုန်ထုတ်၊ ကလိမ်ကကျစ်မလုပ်နဲ့"

လူတွေအားလုံး ကြောက်လန့်သွားပြီး ဖုန်းတွေကို အသီးသီး ထုတ်ပေးကြသည်။ ယွီဟွေးဖေးတို့ဘက်ကို ရောက်တော့ ဓားပြက စုန့်ချင်းကို မြင်ပြီး မျက်လုံးတွေက ချက်ချင်း တောက်ပသွား၏။

"အစ်ကိုကြီး... ဖုန်းက ဒီမှာပါခင်ဗျ"

ယွီဟွေးဖေးက ဒါကိုမြင်တော့ စိတ်ထဲမှာ မကောင်းတဲ့အငွေ့အသက်ကို ခံစားလိုက်ရပြီး ပါးစပ်ကထွက်ပြောလိုက်ပေမယ့် ဓားပြက "ကိုယ့်ဘာသာကိုယ် အိတ်ထဲထည့်" ဟုဆိုကာ ယွီဟွေးဖေးကို တစ်ချက်တောင်မကြည့်ဘဲ စုန့်ချင်းကိုပဲ စိုက်ကြည့်နေသည်။

အရင်ကတည်းက ပြောဖူးတယ်လေ၊ စုန့်ချင်းက ရေခဲတောင်လို အလှပဂေးတစ်ယောက်ပဲဆိုတာကိုပေါ့။ သူ့မျက်နှာလေးက တကယ်ကို ချောမောလှပပြီး ကိုယ်လုံးကိုယ်ပေါက်ကလည်း ကောင်း၊ အသားအရေကလည်း ဖြူဖွေး။ သူ့ရဲ့ အပြုံးတစ်ချက်၊ အကြည့်တစ်ချက်က ယောက်ျားတွေကို အောင်နိုင်လိုစိတ်တွေ တဖွားဖွားပေါ်ပေါက်စေတယ်။

အဲ့ဓားပြက တံတွေးတစ်ချက်မျိုချပြီး လက်ကိုဆန့်တန်းကာ တစ်ခုခုလုပ်ဖို့ ကြိုးစားလိုက်တာကို ချူယွီကမြင်တော့ တစ်ခုခုလုပ်မလို့ ကြံလိုက်ပေမဲ့ သူ့ကိုအရင်ထိုးခဲ့တဲ့ဓားပြက ဟမ့်ခနဲတစ်ချက်လုပ်လိုက်တော့ သူတစ်ချက်တုန်သွားပြီး မလှုပ်ရဲတော့ချေ။

ဓားပြရဲ့လက်အကြီးကြီးက စုန့်ချင်းရဲ့ မျက်နှာလေးဆီကို ရောက်တော့မယ်ဆိုတော့ သူမျက်လုံးတွေပြူးကျယ်ပြီး ဒေါသထွက်နေပေမဲ့ ဘာမှမတတ်နိုင်ခဲ့ဘူး။ အဲ့ဒီအချိန်မှာပဲ စိမ်းစိမ်းစိုစို၊ အဖူးအပွင့်နဲ့ သခွားသီးတစ်လုံးက ဓားပြရဲ့လက်အကြီးကြီးပေါ်ကို ရောက်လာပြီး အသံတစ်ခုထွက်လာတယ်။

"အစ်ကိုကြီး... သခွားသီးကော ယူသေးလား"

"သခွားသီးလား"

ဓားပြက အဲ့အချိန်မှာ ကြောင်တောင်တောင်ဖြစ်သွားပြီး သူ့လက်ထဲက သခွားသီးကိုကြည့်၊ ယွီဟွေးဖေးကိုကြည့်ပြီး ဒေါသတကြီးနဲ့ "မင်း ရူးနေလား"

ယွီဟွေးဖေးက ခေါင်းကုတ်ပြီး "ခင်ဗျားတို့က ဘာမဆိုယူတယ်ထင်လို့ပါ"

"မင်းအဘကို ပေးလိုက်"

အဲ့ဓားပြက အကြံပျက်သွားလို့ စိတ်ထဲတင်းသွားပြီး ယွီဟွေးဖေးကို တစ်ချက်ကန်ထည့်လိုက်၏။ ယွီဟွေးဖေးက အလိုက်သင့် လဲကျသွားပေမဲ့ ဒီကောင်က တော်တော်အထှာနပ်သည်။ တခြားလူတွေက သူအကန်ခံရပြီး လဲကျသွားတာကို မြင်ပေမဲ့ တကယ်တော့ အဲ့ခြေထောက်က သေချာမထိခဲ့ရာ သူနည်းနည်းလေးတောင်မနာပေ။ ဒါပေမဲ့ ဒီကောင့်ရဲ့ မျက်နှာက ရှုံ့မဲ့ပြီး တော်တော်နာကျင်နေတဲ့ပုံစံနဲ့ ဟန်ဆောင်နေ၏။

စုန့်ချင်းက ဒါကိုမြင်တော့ ဒေါသတကြီးနဲ့ "ဖုန်းပေးပြီးပြီလေ၊ ဘာထပ်ဖြစ်ချင်သေးလဲ"

"ဘာထပ်ဖြစ်ချင်သေးလဲ"

အဲ့ဓားပြက ရယ်ပြီး လက်ကြီးကို ဆန့်တန်းကာ "ငါက..."

"သခွားသီးစားမလား... ဒီသခွားသီးရဲ့အရသာကို ခင်ဗျားကြိုက်သွားမယ်လို့ ကျွန်တော်အာမခံတယ်"

အဖူးအပွင့်နဲ့၊ စိမ်းစိမ်းစိုစို သခွားသီးတစ်လုံးက သူ့လက်ပေါ်ကို ကျလာပြန်ရော...။ အဲ့တစ်ခဏမှာ ဓားပြက ဒေါသထွက်လွန်းလို့ မျက်နှာတောင်မဲသွားပြီး ယွီဟွေးဖေးကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။

ဒီကောင်က ပါးစပ်ဖြဲပြီး တောက်ပပြီး ရိုးသားတဲ့အပြုံးနဲ့ "အစ်ကိုကြီး... ကျွန်တော်က ခင်ဗျားတို့လိုလူမျိုးကို တကယ်လေးစားတာ၊ လုပ်ချင်တာကိုလုပ်တယ်၊ ထက်ထက်မြက်မြက်နဲ့၊ တော်တော်မိုက်တယ်။ ကျွန်တော်တို့အိမ်က ဒီသခွားသီး ခင်ဗျားတစ်လုံးစားပြီးရင် နောက်တစ်လုံးထပ်စားချင်သွားမှာ..."

"မင်းအဘကို မိုက်"

ဓားပြက ဆဲဆိုပြီး သူ့လက်ထဲကအိတ်ကို ကမ်းပေးလိုက်၏။

"သခွားသီး ဘယ်လောက်ကျန်သေးလဲ၊ အကုန်ထည့်ပြီးတော့ ဘေးကို ရှောင်နေ၊ ငါ့ကို မနှောင့်ယှက်နဲ့"

ယွီဟွေးဖေးက အိတ်ထဲကိုကြည့်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ "မရှိတော့ဘူး"

"မရှိတော့ရင် ဘေးကိုရှောင်၊ ငါ့အလုပ်ကို လာမနှောင့်ယှက်နဲ့"

အဲ့ဒီအချိန်မှာပဲ အသံတစ်ခုထွက်လာ၏။ "နံပါတ်သုံး... မင်းဘာတွေ အချိန်ဖြုန်းနေတာလဲ။ မြန်မြန်ဖုန်းတွေသိမ်း၊ အချိန်မဖြုန်းနဲ့"

အဲ့ဓားပြက လန့်သွားပြီး လှည့်ကြည့်လိုက်တော့ ပိုက်ဆံသိမ်းနေတဲ့ဓားပြက သူ့ကို စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။ နံပါတ်သုံးက အဲ့လူကို တော်တော်ကြောက်ပုံရ၏။ ခေါင်းညိတ်ပြီး "ခေါင်းဆောင်၊ ကျွန်တော်သိပါပြီ..."

ပြီးတော့ သုံးက ထရပ်ပြီး တခြားလူတွေဆီကို လျှောက်သွားသည်။ နှစ်ခါဆက်တိုက် ကြိုးစားပေမဲ့ အလှပဂေးရဲ့မျက်နှာလေးကို မထိတွေ့နိုင်ခဲ့တော့ သူ့စိတ်ထဲမှာ ဒေါသတွေထွက်နေ၏။ ဒါကြောင့် နောက်လူတွေ ကံဆိုးသွားကြသည်။ သူ့ဆဲဆိုအော်ဟစ်၊ ရိုက်နှက်ကန်ကျောက်တာတွေနဲ့ လူတိုင်းရဲ့ဖုန်းကို လုယူသွားတော့သည်။

ဒီမြင်ကွင်းကိုတွေ့တော့ ယွီဟွေးဖေးက ပါးစပ်တပြင်ပြင်နဲ့ တစ်ခုခုပြောချင်စိတ်ပေါက်လာသည်။ ရလဒ်ကတော့ ဘေးက စုန့်ချင်းက တိုးတိုးလေး "ကျေးဇူးတင်ပါတယ်..."

ယွီဟွေးဖေး ကြောင်သွားပြီး စုန့်ချင်းကို တစ်ချက်ကြည့်ကာ "အဘိုးတစ်ယောက်အနေနဲ့ လုပ်သင့်တာကို လုပ်တာပါ"

စုန့်ချင်းက သူ့ကို မျက်ဖြူတစ်ချက်လှန်ပြပြီး ချူယွီကို "ကျေးဇူးတင်ပါတယ်..." ဟူ၍ဆိုလိုက်ရာ ချူယွီက ချက်ချင်းပဲ ဆေးထိုးခံထားရသလို စိတ်လှုပ်ရှားသွား၏။ ယွီဟွေးဖေးခန့်မှန်းတာကတော့ အခုသူ့ကို သခွားသီးတစ်လုံးပေးလိုက်ရင် ဓားပြတွေနဲ့ အသေခံပြီး တိုက်ခိုက်ရဲလောက်သည်။

ဘာလို့လဲဆိုတော့ ဒီကောင့်ရဲ့ ပထမဆုံးစကားက "ညီလေး... သခွားသီး ရှိသေးလား"

"မရှိတော့ဘူး၊ မတောင့်တနဲ့တော့"

"ပါးစပ်ပိတ်ထားစမ်း"

သေနတ်ကိုင်ထားတဲ့ နှစ်ကောင်က အော်လိုက်တော့ ယွီဟွေးဖေးတို့အားလုံး ပါးစပ်ပိတ်လိုက်ကြသည်။

တစ်ချိန်တည်းမှာပဲ ယွီဟွေးဖေးက အားလုံးကို မျက်ရိပ်ပြပြီး မလှုပ်ရှားကြဖို့၊ သူတို့ကို မြန်မြန်ဘဏ်လုပြီး ထွက်သွားခိုင်းဖို့ အချက်ပြလိုက်သည်။ မဟုတ်ရင် ကြာလေလေ အားလုံးအတွက် အန္တရာယ်များလေလေပင်။

သူတို့ဘဏ်လုပြီးနောက် ဘယ်လောက်ဝေးဝေးပြေးနိုင်မလဲဆိုတာကတော့ သူတို့နဲ့မဆိုင်တော့ဘူး။ ဘာပဲဖြစ်ဖြစ် သူတို့က အတွင်းခံဘောင်းဘီ အပြင်ထုတ်ဝတ်ထားတဲ့ စူပါမန်းတွေမှမဟုတ်တာ၊ ကျည်ဆံကို မယှဉ်နိုင်ဘူးလေ။ ယွီဟွေးဖေးအမြင်မှာတော့ ပိုက်ဆံက အရေးကြီးပေမဲ့ လူ့အသက်က ပိုအရေးကြီးတယ်။ ပိုက်ဆံအတွက်နဲ့ အသက်ကို ပုံအပ်စရာမလိုဘူး...။ ဓားပြဖမ်းတဲ့အလုပ်မျိုးက ကျွမ်းကျင်တဲ့အဖွဲ့ကိုပဲ ထားခဲ့တာကောင်းတယ်။

ဒါကြောင့် ယွီဟွေးဖေးက တကယ်ကို စိတ်အေးလက်အေးနဲ့ ငုံ့ထိုင်နေပြီး ဓားပြတွေ မြန်မြန်လုပြီး မြန်မြန်ထွက်သွားဖို့ပဲ ဆုတောင်းနေ၏။ အဲ့ဒီအချိန်မှာပဲ နားစိမ့်မတတ် အချက်ပေးသံကြီး မြည်လာသည်။

ဓားပြခေါင်းဆောင်က ဒေါသတကြီးနဲ့ "ခွေးမသားတွေ၊ ဘယ်ကောင် အချက်ပေးခလုတ်နှိပ်တာလဲ။ ငါလူအကုန်သတ်ပစ်မယ်ဆိုတာ ယုံလား"

ဒီကောင်က တကယ်ကို ရူးသွပ်နေပြီ၊ လှည့်ကြည့်မနေဘဲ လူအုပ်ထဲကို သေနတ်နဲ့တစ်ချက် ပစ်ထည့်လိုက်၏။

အဲ့တစ်ခဏမှာ ယွီဟွေးဖေးက ဓားပြခေါင်းဆောင်ရဲ့ သေနတ်ပြောင်းဝက မုရှောင်ကျိုဆီကို တည့်တည့်ချိန်ထားတာကို တွေ့လိုက်ရသည်။ သေနတ်ပြောင်းဝ လှည့်လာတဲ့အချိန်မှာ ချူယွီက မသိစိတ်နဲ့ ခေါင်းကိုပိုက်ပြီး ကြုံ့ဝင်သွား၏။

ယွီဟွေးဖေးရဲ့ဦးနှောက်ကတော့ အဲ့တစ်ခဏမှာ တော်တော်လေး ကြည်လင်နေသည်။ အရင်တစ်ခါက သူကျောက်တုံးကြီးအောက်ကနေ စွတ်ဖားနဲ့ မောင်းထွက်သွားတုန်းကလိုပင် ယွီဟွေးဖေးရဲ့ကိုယ်က ချက်ချင်းလှုပ်ရှားသွားပြီး မုရှောင်ကျိုရှေ့ကို ပြေးကွယ်လိုက်၏။

ယွီဟွေးဖေးက ဒီကောင်မလေးကို စနောက်ရတာ ကြိုက်ပေမဲ့ အဲ့ဒါက မုရှောင်ကျိုက တကယ်ချစ်စရာကောင်းပြီး သူ့ညီမလေးလိုဖြစ်နေလို့ပဲ။ သူ့ကို စနောက်ပြီး သူငိုတာကို ကြည့်ရတာလည်း ပျော်စရာကောင်းတယ်လေ။ ဒါပေမဲ့ သူစနောက်လို့ရတယ်၊ တခြားလူက သူ့ကို ထိခိုက်နစ်နာအောင်လုပ်လို့တော့ မရဘူးပေါ့။

တစ်ချိန်တည်းမှာပဲ စုန့်ချင်းလည်း လှုပ်ရှားလိုက်တယ်၊ အရေးကြီးတဲ့အချိန်မှာ သူက လက်နှစ်ဖက်ကိုဆန့်တန်းပြီး မုရှောင်ကျိုရှေ့မှာ ကွယ်ထားလိုက်တယ်။ သူ့မျက်လုံးတွေက မှိတ်တော့မလိုဖြစ်နေပြီ၊ သူလည်းကြောက်နေပုံပဲ။

ဒါပေမဲ့ သူက ယွီဟွေးဖေး သူ့ရှေ့မှာ ကန့်လန့်ကာထားတာကို မြင်တော့ ကြောင်သွားပြီး မသိစိတ်နဲ့ "မ... " လို့ အော်လိုက်ချိန်...

ဒိုင်း...

သေနတ်သံတစ်ချက်နှင့်အတူ ယွီဟွေးဖေးက ညည်းသံတစ်ချက်ပြုပြီး မြေပေါ်လဲကျသွား၏။ ယွီဟွေးဖေးက သူ့ရင်ဘတ်ကသွေးကို စမ်းကြည့်ပြီး "ငါ့လခွီး၊ ကျည်မကာဘူးပဲ"

သူပြေးထွက်လာတာက မျှော်လင့်ချက်တစ်ခုလည်း ရှိနေသေးတယ်၊ အဲ့ဒါကတော့ သူ့ဝတ်ရုံပေါ်မှာပဲ။ အရင်တစ်ခါ ဝံပုလွေကိုက်တုန်းက အဝတ်ကို မပေါက်ခဲ့တော့ သူ့အဝတ်က ကျည်ကာနိုင်တယ်လို့ ထင်နေခဲ့တာ။ ရလဒ်ကတော့... သူ့ကို စိတ်ပျက်စေခဲ့တယ်။

"မဖြစ်ရဘူး"

စုန့်ချင်းက အလန့်တကြားအော်လိုက်သလို မုရှောင်ကျိုလည်း ငိုပြီး ပြေးလာကာ ယွီဟွေးဖေးကို ပွေ့ဖက်ပြီး "အစ်ကိုယွီ... မသေရဘူးနော်..."

စုန့်ချင်းက နည်းနည်းပိုတည်ငြိမ်ပေမဲ့ သူ့မျက်နှာကတော့ တော်တော်ပျက်နေပြီ။ တခြားလူတွေကတော့ ကြောက်လန့်ပြီး နောက်ကိုဆုတ်ပြေးသွားကြတယ်၊ ဘယ်သူမှ ရှေ့မတိုးရဲဘူး။ သုံးက ဒါကိုမြင်တော့ ထွီခနဲတစ်ချက်လုပ်ရင်း "သောက်ကျိုးနည်း အချစ်သူရဲကောင်းလုပ်နေတာလားဟ"

ခေါင်းဆောင်က သူ့ကို မျက်စောင်းထိုးလိုက်တော့ သူချက်ချင်း ပါးစပ်ပိတ်သွား၏။ ခေါင်းဆောင်က သေနတ်ပြောင်းဝကို လူအုပ်ဘက်ချိန်ပြီး ကြောက်လန့်တကြားဖြစ်နေတဲ့ ဘဏ်ဝန်ထမ်းတွေကို ကြည့်ကာ အော်လိုက်လေသည်။

"ပိုက်ဆံ... မြန်မြန် ငါ့ကို ပိုက်ဆံပေး။ မဟုတ်ရင် သူတို့ကို အကုန်သတ်ပစ်မယ်"

"မလုပ်ပါနဲ့၊ မလုပ်ပါနဲ့... ကျွန်တော်တို့ ထည့်နေပါတယ်၊ ထည့်နေပါတယ်၊ စိတ်မကွက်ကြပါနဲ့"

ဘဏ်မန်နေဂျာက ဓားပြကို အတတ်နိုင်ဆုံး နှစ်သိမ့်ရင်း "မြန်မြန်ထည့်" လို့ အော်ပြောလိုက်၏။

သူတို့ရှေ့ကအခြေအနေက သူတို့အရင်တုန်းလေ့ကျင့်ထားတာနဲ့ လုံးဝမတူဘူး။ လေ့ကျင့်တုန်းက ဓားပြတွေက အလွယ်တကူလူမသတ်ဘူး၊ သူတို့ကို ပိုက်ဆံမြန်မြန်ယူဖို့ပဲ တိုက်တွန်းတယ်။ သူတို့က အစီအစဉ်အတိုင်း အချက်ပေးခလုတ်နှိပ်၊ ပြီးတော့ ပိုက်ဆံကို ဖြည်းဖြည်းချင်းထည့်ပြီး ရဲလာတဲ့အထိ အချိန်ဆွဲရုံပဲ။ ဒါပေမဲ့ အခုဒီလူက ပိုပြီးကြမ်းတမ်းတယ်၊ လူသတ်မယ်ဆိုရင် တုံ့ဆိုင်းမနေဘူး။

ဘဏ်မန်နေဂျာလည်း လူ့အသက်ကို အဓိကထားပြီး လူတွေကို ပိုက်ဆံမြန်မြန်ထည့်ခိုင်းကာ ဓားပြတွေကို မြန်မြန်လွှတ်ပေးဖို့ ကြိုးစားနေ၏။ ဓားပြခေါင်းဆောင်ရဲ့မျက်လုံးတွေက နီရဲနေပြီး ရူးသွပ်နေတဲ့ကျွဲရိုင်းတစ်ကောင်လိုပဲမို့ ကြည့်နေတဲ့လူတွေ တစ်ကိုယ်လုံး တုန်တက်သွားသည်။

အဲ့ဒီအချိန်မှာတော့ ယွီဟွေးဖေးက စုန့်ချင်းရဲ့ရင်ခွင်ထဲ ရောက်နေပြီ။ မုရှောင်ကျိုက လက်နှစ်ဖက်နဲ့ ယွီဟွေးဖေးရဲ့ရင်ဘတ်ကို အတင်းဖိထားပြီး သွေးတိတ်အောင် ကြိုးစားရင်း "အစ်ကိုယွီ... နင်မသေရဘူးနော်" လို့ ငိုယိုပြီး ပြောနေ၏။

စုန့်ချင်းကတော့ အတွင်းက ရှပ်အင်္ကျီအဖြူကို စုတ်ဖြဲပြီး ယွီဟွေးဖေးအတွက် အနာကို ပတ်တီးစည်းပေးမယ့်ပုံနဲ့ "နင် ဒီလိုမဖြစ်ရဘူးလေ။ နင့်လိုလူမျိုးက ဒီလောက်ယုတ်မာ၊ ဒီလောက်လူမိုက်ဆန်တာ၊ အနည်းဆုံးတော့ နာမည်ဆိုးနဲ့ ကျော်ကြားရမှာ။ ဒီလိုနဲ့တော့ သေသွားလို့မဖြစ်ဘူး..."

ယွီဟွေးဖေးက ဒါကိုမြင်တော့ ပါးစပ်ဖြဲပြီး ရယ်ကာ "အင်္ကျီစုတ်ချင်ရင် အပေါ်နည်းနည်းတက်စုတ်လေ၊ အောက်မှာ ဘာမှမြင်ရမှာမဟုတ်ဘူး"

စုန့်ချင်း ကြောင်သွားပြီး ဆူပူမလို့လုပ်နေတုန်း ယွီဟွေးဖေးက ခေါင်းစောင်းပြီး တန်းအသက်ပျောက်သွားတော့တာပဲ။

"ယွီဟွေးဖေး... ယွီဟွေးဖေး... ငါ့အတွက် နိုးလာပါဦး၊ ငတုံးကောင် နိုးလာပါဦး။ ငါ့ကို မခြောက်ပါနဲ့၊ နင့်လိုလူယုတ်မာက ငါ့ကို ခြောက်နေတာပဲ မဟုတ်လား"

"အစ်ကိုယွီ... အစ်ကိုယွီ... အဘိုးယွီ... နင့်ကို အဘိုးလို့ခေါ်ပါ့မယ်၊ နိုးလာပါဦး..." မုရှောင်ကျိုလည်း အော်နေ၏။

စုန့်ချင်းကလည်း "ငါလည်း နင့်ကို အဘိုးလို့ခေါ်မယ်၊ ဒုတိယအဘိုးလေး... ဟုတ်ပြီလား နိုးလာပါဦး..."

ကံဆိုးစွာနဲ့ပဲ ယွီဟွေးဖေး ဘာမှမသိတော့ဘူး။ သူအခု မှောင်မည်းနေတဲ့နေရာတစ်ခုမှာ ရပ်နေပြီး သူ့ရှေ့မှာ မြေဝါလမ်းတစ်ခုက အဝေးကို ဆန့်တန်းနေတယ်။

နောက်လှည့်ကြည့်လိုက်တော့ မှောင်မည်းနေတဲ့ တံခါးကြီးတစ်ခုက မတ်မတ်ရပ်နေပြီး အပေါ်မှာ သရဲတံခါး ဆိုတဲ့ စာလုံးကြီးနှစ်လုံး ရေးထားလေရဲ့။

သရဲတံခါးက အနည်းငယ်ဟနေပြီး ဝိညာဉ်တွေက အဆက်မပြတ် ဝင်ရောက်လာကြတယ်။ ဒီဝိညာဉ်တွေက ဝတ်စုံတစ်မျိုးတည်းဖြစ်တဲ့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကြပြီး ရုပ်ရည်နဲ့ ကျားမပဲ ကွဲပြားကြတယ်။

ဒီလူတွေက အခြေခံအားဖြင့် မျက်နှာသေတွေနဲ့၊ မျက်လုံးတွေက ကြောင်တောင်တောင်နဲ့၊ အရုပ်တွေလိုပဲ။

ပြီးတော့မြေဝါလမ်းရဲ့အဆုံးမှာ တစ်စုံတစ်ယောက်က ပုလွေမှုတ်နေသလိုပဲ၊ အသံက တိုးတိုးလေးနဲ့၊ ကြားရတာတော့ သရဲငိုသံလိုပဲ၊ သံစဥ်ကသိပ်မကောင်းပေမဲ့ ဒီတိတ်ဆိတ်ငြိမ်သက်နေတဲ့ ငရဲပြည်မှာတော့ တော်တော်လေး တန်ဖိုးရှိနေသား။

ဒီလူတွေက သရဲတံခါးထဲဝင်၊ အလိုအလျောက်တန်းစီပြီးတော့ ခြေထောက်အောက်က မြေဝါလမ်းအတိုင်း အဲ့အသံရဲ့ခေါ်ဆောင်ရာနောက်ကို လိုက်သွားကြတယ်။ ယွီဟွေးဖေးက ဒီတန်းကို လိုက်ကြည့်လိုက်တော့ အဆုံးကိုတောင် မမြင်ရဘူး။

ယွီဟွေးဖေးသိလိုက်ပြီ၊ ဒီနေရာက ယမမင်းရဲ့ ငရဲပြည်ဖြစ်လောက်တယ်။ ဒါပေမဲ့ ဒီငရဲပြည်ထဲမှာ အချိန်မရွေး လူတွေသေဆုံးပြီး ဝိညာဉ်ဖြစ်ပြီး ဝင်ရောက်လာကြမယ်လို့ သူထင်မထားမိဘူး။ ဒီဝိညာဉ်တန်းစီတာကလည်း တော်တော်ကို ခမ်းနားတာပဲ။

ယွီဟွေးဖေးက ခါးသီးစွာပြုံးပြီး "သောက်ကျိုးနည်းပဲ... ဒီလိုနဲ့သေရောလားဟ။ ဒါက လက်တွေ့သိပ်မကျဘူးလေ။ ရုပ်ရှင်ထဲက ဇာတ်လိုက်တွေဆို ကိုယ်တွေက ဆန်ခါပေါက်ဖြစ်၊ ခေါင်းတွေက ဦးနှောက်တွေတောင် ပန်းထွက်နေတာတောင် ပြန်ထပြီး ရန်သူနဲ့ ချသေးတာ။ ငါက သေနတ်တစ်ချက်တည်းနဲ့ ပြီးတော့ နှလုံးတောင်မဟုတ်ဘဲ ဘယ်လိုဖြစ်ပြီး သေရတာတုန်း"

ပြောရင်းဆိုရင်း ယွီဟွေးဖေးက သူ့ရင်ဘတ်ကို ငုံ့ကြည့်လိုက်တယ်။ အမလေး... သူ့ရင်ဘတ်မှာ ဖောက်ထွင်းမြင်နေရတဲ့ အပေါက်တစ်ပေါက်ရှိနေသဟ။

ယွီဟွေးဖေးက သေချာကြည့်လိုက်တော့ နှလုံးကိုထိဖို့ နည်းနည်းလေးပဲ လိုတော့တယ်။ သူက သူ့သေတာရှင်တာကိုတော့ သိပ်မစိုးရိမ်ဘူး၊ စုန့်ချင်းတို့ရဲ့ လုံခြုံရေးကိုပဲ စိုးရိမ်နေတာ။ ဒါပေမဲ့ လူကသေသွားပြီ၊ သူက ဘာများတတ်နိုင်ဦးမှာလဲ။

"ငါအခု ဘယ်လိုသွားရမလဲ"

ယွီဟွေးဖေးက ခေါင်းကုတ်ပြီး နည်းနည်းကြောင်နေပေမဲ့ အရင်ဆုံး မသွားသေးဖို့ ချက်ချင်းပဲ စိတ်ပိုင်းဖြတ်လိုက်တယ်။ အဲ့တော့ သူက တံခါးဝကြီးမှာ ငုံ့ထိုင်ပြီး အောက်ကနေ အဲ့လူတွေကို မော့ကြည့်နေလေရဲ့။

နားလည်မလွဲကြနဲ့၊ ယွီဟွေးဖေးက စကတ်အောက်ကနေ တစ်ခုခုကြည့်ချင်လို့မဟုတ်ဘူး။ အဓိကက တချို့လူတွေက ဆံပင်ရှည်တွေနဲ့ မျက်နှာကို ဖုံးထားတော့ ရုပ်ကို သေချာမမြင်ရဘူး။ ဒါကြောင့် အောက်ကနေကြည့်တော့ ပိုပြီးအဆင်ပြေတယ်လေ။

"အဲ့ဓားပြတွေသာ ရူးသွပ်သွားရင် စုန့်ချင်းတို့လည်း အသက်ရှင်မှာမဟုတ်ဘူး။ ငါခဏစောင့်လိုက်ရင် သူတို့ရောက်လာလောက်မှာပဲ"

ရလဒ်ကတော့ ယွီဟွေးဖေးက တကယ်ပဲ စုန့်ချင်းနဲ့ မုရှောင်ကျိုတို့ ဝင်လာတာကို တွေ့လိုက်ရတာမို့ ချက်ချင်း ကြောင်သွားပြီး "သောက်ကျိုးနည်း ပြောလို့တောင်မဆုံးသေးဘူး"

နောက်ကိုဆက်ကြည့်တော့ ရင်းနှီးတဲ့မျက်နှာတွေ မရှိတော့ဘူး။ ဆိုလိုတာက စုန့်ချင်းနဲ့ မုရှောင်ကျိုပဲ သေသွားတာ။ တခြားလူတွေက လောလောဆယ်တော့ ဘေးကင်းတယ်ပေါ့။

ယွီဟွေးဖေးရဲ့ဦးနှောက်က ချက်ချင်းပဲ ပေါက်ကွဲသွားပြီး "ဒီဓားပြတွေက လူကောဟုတ်သေးရဲ့လား။ ဒီလောက်ချောတဲ့မိန်းကလေးတွေကိုတောင် လက်ပါရက်လား"

အမြန်ပြေးတက်သွားပြီး "စုန့်ချင်း၊ ရှောင်ကျို... အဘိုးဒီမှာလေ၊ မြင်လား"

စုန့်ချင်းနဲ့ မုရှောင်ကျိုကတော့ ဘာတုံ့ပြန်မှုမှမရှိဘူး၊ သူတို့နှစ်ယောက်လုံးရဲ့မျက်လုံးတွေက တော်တော်ကို ကြောင်တောင်တောင်နဲ့ ဗလာကျင်းနေ၏။ အဲ့ဒီအချိန်မှာ သရဲငယ်လေးနှစ်ယောက် ပြေးလာပြီး ယွီဟွေးဖေးက သရဲမနှစ်ယောက်ကို စကားပြောနေတာကိုမြင်တော့ သူတို့နှစ်ယောက်လည်း ကြောင်သွားသည်။

"ငါ့လခွီး... ဒီဝိညာဉ်က တော်တော်သန်မာတာပဲ၊ ငရဲပြည်ရဲ့ခေါ်ဆောင်မှုကိုတောင် ဆန့်ကျင်ပြီး ရှေ့မသွားဘဲ ဒီမှာ သရဲမတွေကို လိုက်စနေပါလား"

ခေါင်းပေါ်မှာ ဦးချိုတစ်ချောင်းရှိတဲ့ သရဲငယ်လေးက အံ့ဩတကြီးနဲ့ အော်လိုက်တယ်။ နောက်တစ်ယောက်ကလည်း...

"ဟေ... တကယ်ပဲကွ..."

ယွီဟွေးဖေးက လူလာတာကိုမြင်တော့ ဒီနှစ်ယောက်က ထူးဆန်းတဲ့ပုံစံနဲ့ သရဲငယ်လေးတွေဖြစ်နေပေမဲ့ သူနည်းနည်းလေးမှမကြောက်ဘူး။ နေ့တိုင်း နွားခေါင်း၊ မြင်းမျက်နှာ၊ သရဲနက်တို့နဲ့ မျက်နှာချင်းဆိုင်နေရတော့ သူက ကျင့်သားရနေပြီလေ။

All Chapters