← Chapters

ပြန်ရောက်ပါပြီ

Vol. 15 Ch. 218

ပြန်ရောက်ပါပြီ

Vol. 15 Ch. 218

"ညီအစ်ကိုတို့၊ မေးခွန်းတစ်ခုမေးချင်လို့၊ ဒီနေရာက ငရဲပြည်ဟုတ်တယ်မလား"

"အမလေး၊ စကားတောင်ပြောနိုင်သေးတယ်" အဲ့သရဲငယ်လေးနှစ်ယောက်က အလွန်အမင်း အံ့ဩတကြီးနဲ့ အော်လိုက်ကြ၏။

အရင်က ယွီဟွေးဖေး စိုးရိမ်နေခဲ့တာက စုန့်ချင်းနဲ့ မုရှောင်ကျိုတို့ရဲ့ လုံခြုံရေးပဲ။ အခုတော့ နှစ်ယောက်လုံး သေသွားပြီဆိုတော့ ယွီဟွေးဖေးမှာ ဘာစိုးရိမ်စရာမှ မရှိတော့ဘူး။ စိတ်အခြေအနေကတောင် တည်ငြိမ်သွားပြီး သရဲငယ်လေးနှစ်ယောက်ကို ကြည့်ကာ ဆက်ပြောလိုက်တော့တယ်။

"ဘာလုပ်နေကြတာလဲ... ဘာလို့ စကားမပြောကြတာလဲ"

သူတို့ထဲက သရဲငယ်လေးတစ်ယောက်က "ဒါ..."

"မင်းဘာကြည့်နေတာလဲ... သေပြီးတာတောင် မငြိမ်မသက်နဲ့၊ လာတန်းမစီသေးဘူးလား" ဦးချိုနှစ်ချောင်းနဲ့ သရဲငယ်လေးက သတိပြန်ဝင်လာပြီး ဆူပူလိုက်၏။

ယွီဟွေးဖေးက အော်လို့တစ်ခွန်းပြောပြီး ထရပ်ကာ တန်းကိုကြည့်ပြီး "ကျွန်တော်ဘယ်မှာရပ်ရမှာလဲ" လို့ မေးလိုက်သည်။

"မင်းကြိုက်တဲ့နေရာမှာရပ်၊ မင်းက ငါတို့ကို ဘာလို့လာမေးနေတာလဲ။ မြန်မြန်တန်းစီ"

ယွီဟွေးဖေးက ခေါင်းညိတ်ပြီး သူများနယ်မြေရောက်ရင် သူများစည်းကမ်းကို လိုက်နာရမယ်ဆိုတဲ့ မူကိုကိုင်စွဲကာ လူကောင်ထွားထွား ဝိညာဉ်တစ်ကောင်ကို တင်ပါးနဲ့တွန်းဖယ်ပြီး စုန့်ချင်းရဲ့နောက်မှာ ပျော်ပျော်ကြီးဝင်ရပ်လိုက်သည်။ စုန့်ချင်းရဲ့ရှေ့မှာတော့ မုရှောင်ကျိုရှိနေ၏။

စုန့်ချင်းက သေသွားပြီမို့ မျက်လုံးတွေက ကြောင်တောင်တောင်ဖြစ်နေပေမဲ့ ရုပ်ရည်ကတော့ တကယ်ကို ချောမောလှပပြီး ဒီဝိညာဉ်တွေအားလုံးထဲမှာ အလှဆုံးတစ်ယောက်ပင်။ မုရှောင်ကျိုရဲ့ မျက်လုံးအကြီးကြီးတွေမှာတော့ လှုပ်ရှားသက်ဝင်မှုနဲ့ ချစ်စရာကောင်းမှုတွေ နည်းပါးသွားတာကို ကြည့်ပြီး သူ တော်တော်လေး သနားသွား၏။

ယွီဟွေးဖေးက စုန့်ချင်းနောက်ကနေ လိုက်ရပ်နေတုန်း သရဲငယ်လေးနှစ်ယောက်က သူ့ကို မကြာမကြာ လှည့်ကြည့်နေကြသည်။

ဦးချိုတစ်ချောင်းနဲ့ သရဲငယ်လေးက "ဟေး... လိုက်မကြည့်ထားတော့ဘူးလား"

ဦးချိုနှစ်ချောင်းနဲ့ သရဲငယ်လေးက ခေါင်းခါပြီး "မင်းက ဘာမှမသိဘူး၊ အဲ့ကောင်ရဲ့ ဝတ်ရုံပေါ်မှာ ကုသိုလ်အမှတ်အသားတွေပါတယ်လေ။ ဒါက သူက လူကောင်းတစ်ယောက်ဆိုတာကို ပြတယ်။ လူကောင်းတွေက မင်းစိုးရိမ်နေတဲ့အလုပ်မျိုးတွေ မလုပ်ဘူး။ လူကောင်းတွေအပေါ်မှာ ငါတို့က အရမ်းတင်းကြပ်စရာမလိုဘူး။ သူသာ မဆိုးမမိုက်ရင် ကြိုက်သလိုသာ လှုပ်ရှားပါစေ"

ဦးချိုတစ်ချောင်းနဲ့ သရဲငယ်လေးက ခေါင်းညိတ်ပြီး "သြော်... ဒီလိုကိုး"

"မင်းက အလုပ်စဝင်ခါစဆိုတော့ မသိတာတွေကို သေချာလေ့လာသင်ယူထားဦး" ဦးချိုနှစ်ချောင်းနဲ့ သရဲငယ်လေးက ခေါင်းမော့ပြီး ဦးချိုတစ်ချောင်းနဲ့ သရဲငယ်လေးကို ဆရာလုပ်နေ၏။

ယွီဟွေးဖေးက ဘယ်သူမှ သူ့ကို ဂရုမစိုက်တာကို မြင်တော့ ပျင်းလာသည်။ ဘေးဘယ်ညာကို ကြည့်၊ ရှေ့နောက်ကို ကြည့်၊ နောက်ဆုံးတော့ သူက စုန့်ချင်းကို အကဲခတ်နေတော့၏။

စုန့်ချင်းရဲ့ဆံပင်က မတိုဘူး၊ ခါးလောက်ထိရှည်တယ်။ ယွီဟွေးဖေးက ပျင်းရိငြီးငွေ့လာတာနဲ့ စုန့်ချင်းကို ကျစ်ဆံမြီးစကျစ်ပေးတော့တာပဲ။ ခဏနေတော့ ကျစ်ဆံမြီးအကြီးကြီး၊ ခဏနေတော့ ဆိတ်ချိုကျစ်ဆံမြီးနှစ်ဖက်၊ ခဏနေတော့ မြင်းမြီးတစ်ချောင်း။

ဒါနဲ့အားမရသေးဘဲ ရှေ့ကိုပြေးသွားပြီး မုရှောင်ကျိုကိုလည်း မြင်းမြီးအကြီးကြီးနှစ်ဖက် စည်းပေးလိုက်သေးတယ်။

မုရှောင်ကျိုက အသိစိတ်နည်းနည်းရှိသေးပုံရတယ်၊ ရံဖန်ရံခါ ခေါင်းခါပြီး ယွီဟွေးဖေးရဲ့လက်အကြီးကြီးကို ဖယ်ချဖို့ ကြိုးစားနေတယ်။ ကံဆိုးစွာနဲ့ပဲ လုံးဝရုန်းမထွက်နိုင်ခဲ့ဘူး။

ယွီဟွေးဖေးက သမ်းဝေလိုက်ပြီး တန်းထဲကနေ ထွက်လာကာ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီး မြေဝါလမ်းဘေးကနေ ဘာသစ်သားချောင်းမှန်းမသိတဲ့ တုတ်ချောင်းနှစ်ချောင်းကို ရှာလိုက်သည်။ ပြီးတော့ သူက သန်မာထွားကြိုင်းတဲ့ ဝိညာဉ်နှစ်ကောင်ကို ရှာပြီး တုတ်ချောင်းတွေကို သူတို့ပုခုံးပေါ်တင်ကာ သူ့ဝတ်ရုံကိုချွတ်ပြီး အဲ့အပေါ်မှာ ချည်နှောင်ကာ လူထမ်းစင်တစ်ခု လုပ်လိုက်၏။

နောက်ဆုံးတော့ သူက စုန့်ချင်းနဲ့ မုရှောင်ကျိုကို လူထမ်းစင်ပေါ်တင်ပြီး ရယ်ကာ "မင်းတို့က ကံကောင်းတယ်ပြောရမလား၊ ကံဆိုးတယ်ပြောရမလား မသိတော့ဘူး။ ကောင်းတယ်ပြောရအောင်လည်း မင်းတို့သေသွားတော့ ငါစောင့်ရှောက်ပေးရတယ်။ မကောင်းဘူးပြောရအောင်လည်း မင်းတို့ငါနဲ့မတွေ့ရင် အဲ့ဘဏ်ထဲဝင်မှာမဟုတ်ဘူး၊ ဓားပြနဲ့လည်းတွေ့မှာမဟုတ်ဘူး၊ သေလည်းသေမှာမဟုတ်ဘူး။ ဒါပေမဲ့ ဘယ်လိုပဲပြောပြော ငါက မင်းတို့ရဲ့ ဒုတိယအဘိုးလေးပဲ။ ဒီငရဲပြည်ကို ရောက်လာတဲ့အတွက် ငါတို့အိမ်ခြံမြေလိုပဲ၊ နောက်ဆို အဘိုးက မင်းတို့ကို စောင့်ရှောက်မယ်"

စုန့်ချင်းက ကြောင်တောင်တောင်နဲ့ ယွီဟွေးဖေးကို ကြည့်ပြီး ရုတ်တရက် အသံတစ်ခုထွက်လာ၏။

"အဘိုး"

ယွီဟွေးဖေး လန့်သွားပြီး ဒီကောင်မလေး သတိပြန်ရလာပြီလားလို့ ထင်လိုက်သည်။ တကယ်လို့သာ သတိပြန်ရလာပြီး သူ့ရဲ့ စကားတွေကို ကြားသွားရင် သူ့ကို ပခုံးပေါ်ကနေ ကိုင်ပေါက်ပစ်ချလောက်၏။

"စုန့်ချင်း... နိုးပြီလား"

စုန့်ချင်းက မျက်နှာကြောင်တောင်တောင်နဲ့ တကယ်နိုးလာတာ ဟုတ်မဟုတ် မသိဘူး။ မုရှောင်ကျိုက ခေါင်းလေးစောင်းပြီး တစ်ခုခုကို အသည်းအသန် စဉ်းစားနေပုံပဲ။

ယွီဟွေးဖေးက သူ့ခေါင်းလေးကို ပုတ်ပြီး "တော်ပြီ၊ အိပ်တော့"

သူက နှစ်ယောက်သားကို နေရာချထားပေးပြီး လှည့်ပတ်သွားလာနေတော့တယ်။ လမ်းတစ်လျှောက်လုံး ဘယ်နကီလိုမီတာလောက် လျှောက်ခဲ့လဲမသိဘူး၊ ဘာပဲဖြစ်ဖြစ် သူက လျှောက်လေလေ ပင်ပန်းလေလေပဲ။ တစ်ချိန်တည်းမှာပဲ သူက တချို့ဝိညာဉ်တွေလည်း တဖြည်းဖြည်း ပျောက်ကွယ်စပြုလာပြီး တန်းနောက်ကို ကျန်ခဲ့တာကို တွေ့လိုက်ရတယ်။

ဒါပေမဲ့ ဒီဝိညာဉ်တွေက တန်းနောက်ကျန်ခဲ့တာနဲ့ နားမလည်စွာနဲ့ မြေဝါလမ်းဘေးက အနက်ရောင်ရွှံ့နွံတောထဲကို လျှောက်သွားပြီး ဖွတ်ဆိုတဲ့အသံနဲ့အတူ ပြာမှုန်ဖြစ်ပြီး ပျောက်ကွယ်သွားကြတယ်။

ယွီဟွေးဖေးက ဒါကိုမြင်တော့ မလျှောက်ရဲတော့ဘူး၊ ကိုယ်ပါ ပြာမှုန်ဖြစ်သွားမှာကို စိုးရိမ်နေရတယ်လေ။

လူထမ်းစင်ဘေးမှာ လိုက်လျှောက်ရင်း သန်မာတဲ့လူနှစ်ယောက်က မတော်တဆ မုရှောင်ကျိုနဲ့ စုန့်ချင်းကို ရွှံ့နွံတောထဲ ပစ်မချမိအောင် ကာကွယ်ပေးနေသည်။

ဘယ်လောက်ကြာကြာ လျှောက်ခဲ့လဲမသိတော့ချေ။ ရှေ့မှာ နောက်ဆုံးတော့ လှုပ်ရှားမှုတစ်ခုရှိလာသည်။ အဲ့ဒါက သရဲငယ်လေးတစ်သိုက်ပင်။ ဒီသရဲငယ်လေးတွေက လက်ထဲမှာ ကြာပွတ်တွေကိုင်ပြီး လမ်းတစ်လျှောက်မှာ တချို့ဝိညာဉ်တွေကို ရံဖန်ရံခါ ရိုက်နှက်နေကြခြင်းပေ။

အဲ့ဝိညာဉ်တွေက မူလကတည်းက အားနည်းနေတာ၊ အရိုက်ခံရပြီးနောက် ပိုပြီး အားနည်းသွားပြီး တန်းနောက်ကျန်ခဲ့တဲ့လူတွေ ပိုများလာ၏။ ယွီဟွေးဖေးဘေးကို ရောက်တော့ အဲ့သရဲငယ်လေးက ကြာပွတ်ကိုမြှောက်ပြီး ထမ်းစင်ထမ်းထားတဲ့ ဝိညာဉ်ကို ရိုက်မလို့လုပ်တော့ ယွီဟွေးဖေးက အမြန်အော်လိုက်သည်။

"ညီလေး... ဒါက ငါ့ရဲ့စီးတော်ယာဉ်၊ မရိုက်နဲ့ကွာ။ ရိုက်လို့အားနည်းသွားရင် နောက်ထပ်စီးတော်ယာဉ် ထပ်ရှာနေရဦးမယ်"

အဲ့သရဲငယ်လေး ကြောင်သွားပြီး ယွီဟွေးဖေးကို ကြည့်ကာ "ဟေး... မင်းပြောတဲ့စကားကို ကြည့်ဦး၊ တခြားဝိညာဉ်သာဆိုရင် ငါသေအောင်ရိုက်ပစ်မှာ။ ဒါပေမဲ့ မင်းကိုယ်ပေါ်မှာ ကုသိုလ်တွေအပြည့်နဲ့ဆိုတော့ ငါမင်းကို မရိုက်တော့ပါဘူး။ ဒါနဲ့ ငါနားမလည်တာက မင်းလိုလူမျိုးဆိုရင် ကားနဲ့လာကြိုရမှာလေ။ မင်းက ဘယ်လိုဖြစ်ပြီး ကိုယ့်ဘာသာကိုယ် လျှောက်လာရတာလဲ"

ယွီဟွေးဖေးက လက်ဖြန့်ပြီး "မသိဘူးလေ... ငါလည်း အဲ့ဒါကို နားမလည်ဖြစ်နေတာ"

"မင်းက နားမလည်စရာလား... မင်းက ဘာသိလို့ လိုက်ပြောနေတာလဲ။ မင်းကိုယ်ပေါ်က ကုသိုလ်တွေကို ထောက်ထားပြီး ငါသူ့ကို မရိုက်တော့ဘူး။ မြန်မြန်သွားတော့..." သရဲငယ်လေးက ပြောပြီး ရှေ့ဆက်သွားတော့သည်။

"ခင်ဗျားတို့ ဒီလိုရိုက်နေတော့ ဝိညာဉ်ကြွေလွင့်မသွားရင်တောင် ဝိညာဉ်ကြွေလွင့်သွားတော့မှာပဲ၊ ဘာဖြစ်လို့လဲ" ယွီဟွေးဖေးက စပ်စုပြီး မေးလိုက်၏။

သရဲငယ်လေးက ပေါ့ပေါ့ပါးပါးနဲ့ "လောကနိယာမအရပဲ၊ တချို့လူတွေက မကောင်းမှုတွေများလွန်းတော့ သူတို့ကိုယ်ပေါ်မှာ မကောင်းတဲ့အငွေ့အသက်တွေ ပြည့်နေတယ်။ သူတို့ကို ကြာပွတ်နဲ့ နည်းနည်းလောက်ရိုက်လိုက်တာက သူတို့နဲ့ထိုက်တန်တယ်။ တကယ်လို့ မခံနိုင်ရင် ဝိညာဉ်ကြွေလွင့်သွားတာကလည်း သူတို့ရဲ့အပြစ်နဲ့သူတို့ပဲ"

ယွီဟွေးဖေး ပါးစပ်အဟောင်းသားဖြစ်သွား၏။

ငရဲပြည်စဝင်ခါရှိသေးတယ် အပြစ်ဒဏ်ခံနေရတဲ့လူတွေ ရှိနေပြီပဲ။ နောက်ထပ် ခဏလျှောက်ပြီးတော့ ယွီဟွေးဖေး နောက်ဆုံးတော့ မြေဝါလမ်းနဲ့ အနက်ရောင်ရွှံ့နွံတောကလွဲရင် တခြားအရာတွေကို မြင်လိုက်ရတယ်။ အဲ့ဒါက မြို့ကြီးတစ်မြို့ပဲ။

မြို့ကြီးက ကောင်းကင်နဲ့မြေကြီးကြားမှာ ကန့်လန့်ဖြတ်တည်ရှိနေပြီး အဆုံးကိုတောင် မမြင်ရဘူး၊ ဘယ်လောက်တောင် ကြီးမားတဲ့မြို့ကြီးလဲမသိဘူး။

အဲ့ကြီးမားတဲ့ မြို့တံခါးက ပွင့်နေပြီး ဝိညာဉ်တွေက တန်းစီပြီး မြို့တံခါးထဲကို ဝင်ရောက်နေကြတယ်။ မြို့တံခါးဝမှာ သရဲစစ်သည်တွေက ကင်းစောင့်နေပြီး ဘေးမှာ စားပွဲတစ်လုံးရှိတယ်။ စားပွဲဘေးမှာ လူတစ်ယောက်ထိုင်ပြီး တစ်ခုခုသောက်နေသလိုပဲ။

ယွီဟွေးဖေးက သေချာကြည့်လိုက်တော့ ပျော်သွားပြီး အော်လိုက်တယ်။

"နကျယ်ကောင်... နကျယ်ကောင်..."

နကျယ်ကောင်က ရေသောက်နေတုန်း ရုတ်တရက် သူ့နာမည်ခေါ်သံကြားတော့ ဖွီးဆိုတဲ့အသံနဲ့ ရေတွေအကုန် ပန်းထွက်သွားပြီး ဒေါသတကြီးနဲ့ "ဘယ်ခွေးမသားက ငါ့နာမည်ကို တည့်ခေါ်တာလဲ"

နောက်လှည့်ကြည့်လိုက်တော့ ကောင်လေးတစ်ယောက်က အပေါ်ပိုင်းဗလာနဲ့ ပြေးလာနေတာကို တွေ့လိုက်ရတော့ နကျယ်ကောင်က အော်လိုက်သည်။

"ရပ်စမ်း... မင်းက ဘာကောင်လဲ"

သရဲစစ်သည် တချို့က ချက်ချင်းပြေးတက်လာပြီး ယွီဟွေးဖေးကို တားဆီးလိုက်ပေမယ့် ယွီဟွေးဖေးက မရုန်းကန်ဘဲ ရယ်ကာ "နကျယ်ကောင်... ငါလေကွာ၊ ယွီဟွေးဖေးလေ"

နကျယ်ကောင်က သေချာကြည့်ပြီး အံ့ဩတကြီးနဲ့ "ငါ့လခွီး.. ညီလေးယွီလား။ မင်းဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ။ အားလုံးဖယ်ပေးပြီး သူ့ကို ဝင်လာခိုင်းလိုက်"

သရဲစစ်သည်တွေ အမြန်ဖယ်ပေးလိုက်ကြချိန် ယွီဟွေးဖေးက "အစ်ကိုတို့ ကျွန်တော့်အဝတ်ကို ယူခဲ့ပေးပါ။ အဲ့လူထမ်းစင်ပေါ်မှာ အဝတ်စလိုသုံးထားတဲ့ အနီရောင်အင်္ကျီလေ။ အပေါ်က သရဲမနှစ်ယောက်က ကျွန်တော့်မြေးမတွေနော်၊ သူတို့ကို မထိခိုက်စေနဲ့"

သရဲစစ်သည်တွေက ကြောင်တောင်တောင်ဖြစ်သွားပြီး မျက်နှာချင်းဆိုင်ကြည့်နေကြတာမို့ နကျယ်ကောင်က ဆူပူလိုက်၏။ "ဘာကြည့်နေတာလဲ... ငါ့ညီလေးမှာတာ မကြားဘူးလား။ မြန်မြန်လုပ်ကြ"

အဲ့တော့မှ သရဲငယ်လေးတွေက အမြန်ပြေးသွားပြီး စုန့်ချင်းနဲ့ မုရှောင်ကျိုကို ဂရုတစိုက်ခေါ်ယူလာကာ အဝတ်ကို သပ်သပ်ရပ်ရပ်ခေါက်ပြီး ယွီဟွေးဖေးဆီကို ပို့ပေးလိုက်သည်။

နကျယ်ကောင်က "ဒီသရဲမနှစ်ယောက်ကိုယ်ပေါ်မှာ မကောင်းတဲ့အငွေ့အသက်မရှိဘူး၊ ကုသိုလ်ကလည်း သိပ်မများပေမဲ့ လူကောင်းတွေပဲ။ ညီလေးရဲ့မြေးမနှစ်ယောက်ကို ဘယ်လိုလုပ်ပေးရမလဲ"

ယွီဟွေးဖေးက ခေါင်းကုတ်ပြီး "ငါလည်းမသိဘူး၊ သူတို့ကို ဒီမှာ ခဏထားလိုက်ရင်ရော"

"ငါ့အတွက်တော့ ဘာမှမဖြစ်ဘူး၊ ဒါနဲ့ မင်းက ဘာအလုပ်မှမရှိဘဲ ဒီကို ဘာလာလုပ်တာလဲ။ မင်းက သူတို့ကို အစောင့်အရှောက်အနေနဲ့ လိုက်ပို့ပေးတာလား" နကျယ်ကောင်က ရယ်ရင်းမေးလိုက်သည်။

ယွီဟွေးဖေးက ခေါင်းခါပြီး "ငါက ဘာအစောင့်အရှောက်မှမဟုတ်ဘူး၊ ငါက အသတ်ခံရလို့ ကိုယ့်ဘာသာကိုယ် ဆင်းလာတာ။ သူတို့နှစ်ယောက်လည်း... ဟူး..."

"မင်းသေပြီလား" နကျယ်ကောင်က အံ့ဩတကြီးနဲ့ မေးလိုက်တယ်။

ယွီဟွေးဖေးက ခေါင်းညိတ်ပြီး "အင်း... သေပြီ။ ဘာဖြစ်လို့လဲ"

ပြောရင်းဆိုရင်း ဒီကောင်က ဧည့်သည်ပုံစံမဖမ်းဘဲ စားပွဲပေါ်က ရေနွေးအိုးကိုယူပြီး ကိုယ့်အတွက် ရေတစ်ခွက်ငှဲ့ကာ သောက်လိုက်၏။ ဒီရေက အေးစက်နေပြီး ကိုယ်ထဲရောက်တော့ ယွီဟွေးဖေးတစ်ကိုယ်လုံး တုန်တက်သွားအောင် အေးစက်သွားပေမဲ့ ဝိညာဉ်ကတော့ ပိုပြီးခိုင်မာလာပြီး မျက်လုံးတွေကတောင် အလင်းရောင်တွေ ထွက်လာသည်။ ပတ်ဝန်းကျင်က အမှောင်ထုကတောင် နည်းနည်းလျော့ပါးသွားသလိုပဲ...။

"ဒါဘာရေလဲ... တော်တော်မိုက်တာပဲ"

"ဒါက သာမန်ရေမဟုတ်ဘူး။ ဒါက ငါ့တောင်ပေါ်က ငရဲစမ်းရေပဲ။ စမ်းရေထဲမှာ ဝိညာဉ်စွမ်းအင်တွေ ပါဝင်တယ်။ သာမန်ဝိညာဉ်တွေသောက်ရင် အကျိုးကျေးဇူးနည်းနည်းရှိတယ်။ ဒါပေမဲ့ ငါ့အတွက်တော့ သိပ်အသုံးမဝင်တော့ဘူး... သာမန်ရေလိုပဲ။ ဒါပေမဲ့ မင်းနဲ့ သူတို့အတွက်တော့ နည်းနည်းအသုံးဝင်လောက်တယ်"

ယွီဟွေးဖေးရဲ့မျက်လုံးတွေ တောက်ပသွားပြီး ချက်ချင်းယူကာ စုန့်ချင်းနဲ့ မုရှောင်ကျိုကို တိုက်လိုက်သည်။ နှစ်ယောက်လုံးက အသိစိတ်မရှိပေမဲ့ ရေက ပါးစပ်ထဲရောက်တော့ မျိုချတတ်ကြ၏။ သောက်ပြီးတော့ သူတို့နှစ်ယောက်ရဲ့ဝိညာဉ်က ပိုပြီးခိုင်မာလာပြီး မျက်လုံးတွေကလည်း အလင်းရောင်တွေ ထွက်လာကာ အနည်းငယ် သက်ဝင်လှုပ်ရှားလာသည်။

သူတို့ရဲ့ဝိညာဉ်က ယွီဟွေးဖေးထက် အများကြီးအားနည်းတော့ ဒီရေက သူတို့အတွက် ပိုပြီးအစွမ်းထက်၏။ ဒါပေမဲ့ ယွီဟွေးဖေးက သိပ်ဂရုမစိုက်ဘဲ နကျယ်ကောင်ကို ကြည့်နေလိုက်သည်။

နကျယ်ကောင်က "စည်းကမ်းအရဆိုရင်တော့ မင်းက မသေသင့်ဘူး။ မင်းက ကောင်းကင်ဘုံက နတ်ဘုရားတစ်ပါးပဲ၊ တန်ခိုးမရှိပေမဲ့ အသက်ကတော့ အဆုံးမရှိဘူး..."

"ငါက အသက်ရှည်ရုံပဲရှည်တာ၊ မသေနိုင်တဲ့ခန္ဓာမဟုတ်ဘူး၊ သေတာက ပုံမှန်ပဲ"

ယွီဟွေးဖေးရဲ့စကားကြောင့် နကျယ်ကောင်က နည်းနည်းရှက်ရွံ့စွာနဲ့ "စည်းကမ်းအရဆိုရင် မင်းသေသွားရင် ရထားလုံးတွေနဲ့ ကြိုဆိုပြီး သရဲစစ်သည်တွေနဲ့ စောင့်ရှောက်ရမှာ၊ ဆယ့်ရှစ်ယောက်ထမ်းတဲ့ လူထမ်းစင်နဲ့ မကြိုရင်တောင် အဲ့လောက်နီးပါးပဲ။ ငါတို့နှစ်ယောက်ရဲ့ဆက်ဆံရေးနဲ့ဆိုရင် ငါကိုယ်တိုင်လာကြိုတာတောင် လုပ်သင့်တာ။ ဒါပေမဲ့... တောင်းပန်ပါတယ်၊ မင်းရဲ့နာမည်ကို သေမင်းစာရင်းထဲကနေ ဖယ်ရှားလိုက်ပြီ။ မင်းဘယ်တော့သေမယ်ဆိုတာ ဘယ်သူမှမသိဘူးလေ၊ ဒါကြောင့်..."

ယွီဟွေးဖေးကတော့ ဂရုမစိုက်ဘူး၊ သူဒီလမ်းတစ်လျှောက်လုံး ပျင်းစရာကောင်းပေမဲ့ အသိပညာတွေ တိုးခဲ့တယ်လေ။ "ဒီလိုမပြောပါနဲ့၊ ငါကိုယ်တိုင်လျှောက်လာရတာလည်း ပျော်စရာကောင်းပါတယ်။ တစ်ခါတည်း ငါ့မြေးမနှစ်ယောက်ကိုလည်း အဖော်ပြုပေးလိုက်ရတော့ မဆိုးပါဘူး။ ဒါနဲ့ ငါသေပြီဆိုတော့ ဘယ်လိုလုပ်ရမှာလဲ။ ကောင်းကင်ဘုံတက်ရမှာလား၊ ဒါမှမဟုတ် ငရဲဆင်းရမှာလား"

နကျယ်ကောင်က ခေါင်းကုတ်ပြီး "မသိဘူးကွာ၊ ရှေးယခင်ကတည်းက မင်းလိုအဖြစ်မျိုးမှ မရှိခဲ့တာ။ တခြားနတ်ဘုရားတွေ အသတ်ခံရတာတွေရှိပေမဲ့ သူတို့သေတဲ့အချိန်မှာ ဝိညာဉ်ကြွေလွင့်သွားကြတော့ ငရဲပြည်မဆင်းရဘူး။ မင်းက ကောင်းကင်ဘုံက ခန့်အပ်ထားတဲ့နတ်ဘုရားဖြစ်ပေမဲ့ နတ်ဘုရားစာရင်းဝင်မဟုတ်တော့ အဲ့စာရင်းထဲမှာ ပြန်လည်မွေးဖွားလို့မရဘူး... ဟူး... ခေါင်းကိုက်တယ်။ ညီလေး ဒီမှာခဏနေဦး။ ငါသွားမေးလိုက်ဦးမယ်"

ယွီဟွေးဖေးက ခေါင်းညိတ်ပြီး "အင်း... သွားမေးလိုက်လေ"

နကျယ်ကောင်က သူ့ရင်ဘတ်ထဲကနေ ထူးဆန်းတဲ့ သစ်သီးဝလံတွေကို ထုတ်ပြီး ယွီဟွေးဖေးရှေ့ကို တွန်းပို့လိုက်သည်။ "ဘာပဲဖြစ်ဖြစ် သေလည်းသေပြီးပြီ၊ မင်းလည်း မလောပါနဲ့တော့။ မင်းဒီမှာ စားရင်းသောက်ရင်း ကိုယ့်အိမ်လို သဘောထားလိုက်။ ငါသွားမေးပြီး ခဏနေပြန်လာခဲ့မယ်"

ယွီဟွေးဖေးက ခေါင်းညိတ်ပြီး နကျယ်ကောင်ထွက်သွားတာကို ကြည့်နေလိုက်သည်။ ပြီးတော့ ယွီဟွေးဖေးက စုန့်ချင်းနဲ့ မုရှောင်ကျိုကို ပွေ့ချီပြီး ထိုင်ခုံပေါ်တင်လိုက်တော့ နှစ်ယောက်လုံး အလိုက်သင့် ထိုင်လိုက်ကြ၏။

ယွီဟွေးဖေးက သစ်သီးဝလံတွေကို ကမ်းပေးပြီး "စား... ဒါကိုလည်း ငါခွံ့ကျွေးရဦးမှာလား"

ရလဒ်ကတော့ နှစ်ယောက်လုံး ဖြည်းဖြည်းချင်း လက်မြှောက်ပြီး ကြောင်တောင်တောင်နဲ့ သစ်သီးဝလံတွေ စားနေကြ၏။ ယွီဟွေးဖေးက မြင်တော့ ပျော်သွားပြီး "ဟေး... အဲ့ရေက တကယ်အစွမ်းထက်တာပဲ၊ ဒီလောက်မြန်မြန် ကြောင်တောင်တောင်မဖြစ်တော့ဘူး။ စား... ကိုယ့်ညီအစ်ကိုအိမ်က သစ်သီးဝလံတွေ၊ ဝိညာဉ်အတွက် ကောင်းမှာပဲ။ ကြိုက်သလောက်စား... မလောက်ရင် ငါတို့ ပါဆယ်ထုပ်သွားမယ်"

နှစ်ယောက်လုံးက နားလည်သလိုနဲ့ ခေါင်းလေးညိတ်ပြကြတော့ ယွီဟွေးဖေး ကြောင်သွားပြီး "ငါ့လခွီး... တကယ်ကြီး သတိပြန်ရလာတာလား"

ကံဆိုးစွာနဲ့ပဲ နှစ်ယောက်လုံးက ဘာမှပြန်မပြောဘဲ တိတ်ဆိတ်စွာနဲ့ သစ်သီးဝလံတွေစားနေကြ၏။ သူတို့ဝိညာဉ်က တဖြည်းဖြည်းခိုင်မာလာပြီး မျက်လုံးတွေကလည်း တဖြည်းဖြည်း ပိုပြီးသက်ဝင်လှုပ်ရှားလာသည်။ ကြောင်တောင်တောင်နိုင်သေးပေမဲ့ အရင်ကထက်တော့ အများကြီးသာလာပြီ။

ယွီဟွေးဖေးက အကြိမ်အနည်းငယ်လောက် စမ်းကြည့်ပေမဲ့ နှစ်ယောက်လုံးက စကားမပြောနိုင်သေးဘူး၊ သူတို့ရဲ့ပင်ကိုယ်အသိစိတ်တွေ ပြန်နိုးထလာတာဖြစ်ပြီး ဉာဏ်ပညာပြန်လည်လာတာမဟုတ်သေးဘူး။ စိတ်ပျက်လက်ပျက်နဲ့ သူက ငရဲပြည်က သစ်သီးဝလံတွေစားရင်း ဝင်ထွက်သွားလာနေတဲ့ ဝိညာဉ်တွေကို ကြည့်ရင်း အေးအေးဆေးဆေးနေလိုက်တယ်။

သရဲစစ်သည်တွေက ယွီဟွေးဖေးကို မထိရဲတဲ့အပြင် ဖော်လံဖားတဲ့လူတွေလည်း မနည်းဘူး။ ယွီဟွေးဖေးက ဘယ်သရဲမကိုမဆို ကြာကြာလေးကြည့်လိုက်တာနဲ့ ချက်ချင်းတစ်ယောက်ယောက်က အဲ့သရဲမကို ခေါ်လာပြီး မေးကြတယ်။

"အရှင်... မြေးမတော်ချင်လား။ မြစ်တော်မလည်း ရပါတယ်"

ယွီဟွေးဖေး စကားမပြောနိုင်တော့ဘူး၊ မျက်ဖြူလှန်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ "သွား... သွား... သွား... ငါက အဲ့လိုလူမျိုးလား"

ဒါပေမဲ့ သရဲစစ်သည်တစ်ယောက်က တည်ကြည်ပြီး ခိုင်မာတဲ့အကြည့်နဲ့ "အရှင်က အဲ့လို့လူမျိုး မဟုတ်ဘူးလား၊ မဟုတ်ရင် မြေးမနှစ်ယောက်ကို ဘာလို့ဆောင်ထားတာလဲ"

နောက်ပိုင်းမှာ ယွီဟွေးဖေး သရဲမတွေကိုတောင် စိုက်မကြည့်ရဲတော့ဘူး။ ရလဒ်ကတော့ သရဲထီးတွေကို ကြာကြာကြည့်မိတော့ အဲ့သရဲစစ်သည်တွေက ထပ်ရောက်လာတော့တာပဲ။

"အရှင်က မြေးတော်ချင်တာလား ဒါမှမဟုတ် အနာဂတ်အတွက် လက်တွဲဖော်ယောက်ျားမျိုး လိုချင်တာလား"

"သွားစမ်း"

ယွီဟွေးဖေး တကယ်ကို ဆဲဆိုချင်စိတ်ပေါက်သွားပြီ။ ယွီဟွေးဖေးက ဒေါသတကြီးနဲ့ ခုန်ပေါက်နေပေမဲ့ သူ့နောက်က စုန့်ချင်းရဲ့မျက်လုံးထဲမှာ မသိမသာအပြုံးလေးတစ်ချက် ဖြတ်ပြေးသွားတာကို မတွေ့လိုက်ဘူး။ ဒါပေမဲ့ ချက်ချင်းပဲ မှေးမှိန်သွားပြီး ဘာမှမသိသလို ကြောင်တောင်တောင်ဖြစ်သွားပြန်တယ်။

အဲ့သရဲစစ်သည်တွေကို မောင်းထုတ်ပြီးတော့ ယွီဟွေးဖေး တိတ်ဆိတ်စွာနဲ့ နေလိုက်၏။ ပြောရမယ်ဆိုရင် အဲ့သစ်သီးဝလံတွေက တကယ်ကို အရသာရှိသည်။ အဓိကက အထဲမှာ ဝိညာဉ်စွမ်းအင်တွေ ပါဝင်နေတာပင်။ ယွီဟွေးဖေးက နည်းနည်းစားပြီးတော့ သူ့ဝိညာဉ်က သိသိသာသာကို သန်မာလာ၏။

သူထင်ထားသလောက်ကတော့ သူအခုဆိုရင် အဲ့သရဲစစ်သည်တွေကိုတောင် အနိုင်တိုက်နိုင်လောက်ပြီ။ ဒါပေါ့... ဒါက ခံစားချက်သက်သက်ပဲ။ သူတကယ်တော့ သွားမစမ်းရဲဘူး။

မကြာခင်မှာပဲ နကျယ်ကောင်ပြန်ရောက်လာ၏။ သူ့နောက်မှာ မျက်နှာနီနီနဲ့ ယောက်ျားကြီးတစ်ယောက်ပါလာသည်။ မုတ်ဆိတ်မွေးအရှည်ကြီးနဲ့ ကြည့်လိုက်ရင် သုံးပြည်ထောင်ထဲက ကျန်းဖေကြီးကျနေတာပဲ။

"သြော်... ညီလေးယွီ ရောက်လာတာကိုး"

လူမရောက်ခင်မှာ ရွှင်လန်းပျော်ရွှင်နေတဲ့ရယ်သံကြီးက အရင်ရောက်လာတော့ ယွီဟွေးဖေးက ခေါင်းကုတ်ပြီး နကျယ်ကောင်ကို တစ်ချက်ကြည့်လိုက်သည်။

"ဒီတစ်ယောက်က ငါတို့ငရဲပြည်က တရားသူကြီးသုံးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ကျုံးကွေပဲ"

All Chapters