← Chapters

ဘောလင်းဘောလုံးနှင့် အန်စာတုံး

Vol. 15 Ch. 220

ဘောလင်းဘောလုံးနှင့် အန်စာတုံး

Vol. 15 Ch. 220

"သူ့ကိုဂရုမစိုက်နဲ့၊ မူလအစီအစဉ်အတိုင်း ဆက်သွား"

"ဟုတ်ကဲ့"

နှစ်က ခေါင်းညိတ်ပြီး လီဗာကိုနင်းချလိုက်တော့ စုတ်ပြတ်နေတဲ့ကားက တဂျုန်းဂျုန်းအသံပေးပြီး မောင်းထွက်သွားသည်။

သူတို့က လမ်းမကြီးပေါ်မတက်ရဲကြချေ။ လမ်းမကြီးပေါ်မှာ CCTV တွေအများကြီးရှိတာကြောင့် လမ်းကြားလေးတွေကိုပဲ ရွေးသွားနေကြ၏။ ခဏလောက်ပတ်မောင်းပြီးတော့ လမ်းကြားတစ်ခုထဲ ဝင်သွားသည်။

စန်တာနာကားရပ်သွားပြီး နှစ်ကောင်က ချက်ချင်းကားပေါ်ကဆင်းကာ "သွားစို့၊ ကားပြောင်းမယ်"

ယွီဟွေးဖေးကတော့ မလှုပ်မယှက်နေတုန်းပဲ၊ နောက်တံခါးပွင့်ပြီး ခေါင်းဆောင်ဆင်းသွားသံကြားမှ ဒီကောင်က မျက်လုံးဖွင့်ပြီး ကားတံခါးဖွင့်လိုက်သည်။ နှစ်ကတော့ လမ်းဘေးက မီနီဗန်ကားတစ်စီးကို သွားဖွင့်နေပြီ။ ခေါင်းဆောင်ကတော့ ကားထဲကို ဆူပူနေ၏။

"မြန်မြန် ထွက်လာခဲ့ကြစမ်း"

မိန်းမတစ်ယောက်နဲ့ ရင်ဆိုင်နေရလို့ထင်၏။ အခုတော့ ခေါင်းဆောင်ကလည်း သတိကို လျှော့ချလိုက်ပြီး သေနတ်ပြောင်းဝက အောက်စိုက်နေသည်။ တစ်ချိန်တည်းမှာပဲ လက်တစ်ဖက်က စုန့်ချင်းကို လှမ်းဆွဲလိုက်၏။

အဲ့ဒီအချိန်မှာပဲ ယွီဟွေးဖေးက ရုတ်တရက်ထပြီး ခေါင်းဆောင်ကို တစ်ချက်ကန်လိုက်သည်။ တစ်ပြိုင်နက်တည်းမှာပဲ ခေါင်းဆောင်ရဲ့မျက်လုံးထဲမှာ အလင်းရောင်တစ်ချက်လက်သွားပြီး လက်ထဲကသေနတ်ကို အလိုက်သင့်မြှောက်လိုက်ကာ...

ဒိုင်း...

ယွီဟွေးဖေးရဲ့ရင်ဘတ်ကို ကျည်ဆံတစ်တောင့် တန်းဝင်သွား၏။ အဲ့တစ်ခဏမှာ သူ့ခွန်အားတွေအကုန် ဆွဲထုတ်ခံလိုက်ရသလို ခံစားလိုက်ရပြီး မြေပေါ်ကို ထိုင်ကျသွားသည်။ ခေါင်းငုံ့ကြည့်လိုက်တော့ ဒီတစ်ခါတော့ နှလုံးတည့်တည့်ကို ထိသွားပြီ။

ခေါင်းဆောင်က အေးစက်စက်ပြုံးပြီး "မင်းဘယ်သူလဲဆိုတာ ငါမသိပေမဲ့ မင်းက ငါတို့ နံပါတ်သုံးမဟုတ်တာတော့ သေချာတယ်။ မင်းကိုခေါ်လာတာ ငါမမှတ်မိဘူးလို့ ထင်နေလား။ မင်းကို မြို့ပြင်ရောက်မှ သတ်မလို့... ရလဒ်ကတော့ မင်းကိုယ်တိုင် အသက်စောစောထွက်ချင်နေတာကိုး"

ယွီဟွေးဖေးက ခေါင်းမော့ပြီး ခေါင်းဆောင်ကို ကြည့်လိုက်ချိန် ခေါင်းဆောင်က လက်လှမ်းပြီး မျက်နှာဖုံးကို ဆွဲချွတ်လိုက်တော့ အံ့ဩတကြီးနဲ့ မေးလိုက်မိသည်။

"မင်း သေသွားပြီမဟုတ်လား"

ထိုစကားကြားတော့ ယွီဟွေးဖေးက ပါးစပ်ဖြဲပြီး ပြုံးလိုက်၏။ စုန့်ချင်းက တကယ်ပဲ ယွီဟွေးဖေးဖြစ်နေတာကို မြင်တော့ အလန့်တကြားနဲ့ အော်လေတော့၏။

"ယွီဟွေးဖေး..."

သူမ ဘာမှဆက်မလုပ်နိုင်ခင်မှာပဲ ခေါင်းဆောင်က သေနတ်ခလုတ်ကို ထပ်ဆွဲလိုက်ကာ ယွီဟွေးဖေးရဲ့ခေါင်းကို နောက်တစ်ချက်ထပ်ပစ်လိုက်သည်။

ဒိုင်း...

ယွီဟွေးဖေးရဲ့ဦးနှောက်တွေ ပွင့်ထွက်သွားပြီး မြေပေါ်မှာ မလှုပ်မယှက် လဲကျသွားတော့တယ်။

ခေါင်းဆောင်က အေးစက်စက်နဲ့ "မင်းဘယ်လိုပဲ ရှင်ရှင်၊ ငါမင်းကို ထပ်ရှင်လာနိုင်ဦးမယ်လို့ မယုံဘူး"

"ယွီဟွေးဖေး..."

"ကားပေါ်ကဆင်း"

စုန့်ချင်းက ဝမ်းနည်းစွာနဲ့ အော်လိုက်ဒါပေမဲ့ ခေါင်းဆောင်က သေနတ်ပြောင်းဝနဲ့ ချိန်ပြီး အမိန့်ပေးလိုက်ရာ သူမက ဓားပြခေါင်းဆောင်ကို ဒေါသတကြီးနဲ့ ကြည့်လိုက်၍ ကားပေါ်မှ ဆင်းလိုက်ရ၏။

"ငါက မိန်းမညှာတတ်တယ်ဆိုတာ ဘာမှန်းမသိဘူး။ ကားပေါ်ကဆင်းမလား ဒါမှမဟုတ် သူနဲ့အတူတူ သေမလား"

"ပိုက်ဆံကိုင်ပြီး ဟိုကားပေါ်တက်"

ခေါင်းဆောင်က နောက်ကနေ သေနတ်ပြောင်းဝနဲ့ စုန့်ချင်းကို အမိန့်ပေးလိုက်သည်။ ကြည့်ရတာ မိန်းမတစ်ယောက်ကို ရင်ဆိုင်နေရရင်တောင် ဒီခေါင်းဆောင်က အလွန်အမင်းသတိကြီးပုံပဲ။ ဒါက အသေးစိတ်ကို အရမ်းဂရုစိုက်တဲ့ကောင်လို့ ပြောရမယ်။

တစ်ဖက်မှာတော့ ယွီဟွေးဖေးက သူ့အလောင်းကို ကြည့်ပြီး ပါးစပ်ဖြဲကာ "သောက်ကျိုးနည်းကွာ... ရုပ်ရှင်ထဲမှာ တစ်ယောက်က သေနတ်ကိုင်ထားတဲ့ လူဆယ်ယောက်ကို အနိုင်တိုက်တာတွေက တကယ်လိမ်နေတာပဲ။ ငါက တစ်ယောက်တည်းကို ရင်ဆိုင်ရတာတောင် ဒီလောက်ခက်နေတာ..."

ဘေးမှာ နကျယ်ကောင်ပေါ်လာပြီး ရယ်ကာ "ဒါပေါ့ကွာ... နောက်ဆို သေချာကျင့်ကြံဦး။ လူ့လောကရဲ့သိုင်းပညာကို အဆင့်တစ်ခုရောက်အောင် ကျင့်ကြံနိုင်ရင် အနီးကပ်အနေအထားမှာ သေနတ်နဲ့ ရင်ဆိုင်နိုင်လောက်ပါတယ်"

ယွီဟွေးဖေးက ခေါင်းညိတ်ပြီး သူ့ခန္ဓာကိုယ်ကို ညွှန်ပြကာ "ဒါ နောက်တစ်ချက်ထိသွားပြန်ပြီ၊ ငါဝင်သွားရင် ထနိုင်ပါဦးမလား။ ဘာပဲဖြစ်ဖြစ် ဒီလိုဒဏ်ရာနဲ့ဆို ငါဝိညာဉ်ဝင်သွားရင်တောင် စည်းကမ်းအရဆို ချက်ချင်းသေရမှာမလား"

နကျယ်ကောင်က ခေါင်းခါပြီး "ဒါကိုတော့ မင်းမသိလောက်ဘူး။ မင်းက သာမန်လူမဟုတ်ဘူးလေ နတ်ဘုရားပဲ။ ဒါပေမဲ့ ခန္ဓာကိုယ်က သာမန်လူဆိုတော့ မင်းရဲ့အခြေအနေက တော်တော်ကို ကသိကအောက်နိုင်တယ်။ တစ်ဖက်မှာ လောကရဲ့စည်းမျဉ်းတွေကို မလိုက်နာပေမဲ့ တစ်ဖက်မှာတော့ လောကရဲ့စည်းမျဉ်းတွေရဲ့ ချုပ်နှောင်မှုကို ခံနေရတယ်။ ဥပမာ သေဆုံးခြင်းလိုပဲ၊ မင်းနဲ့သာမန်လူတွေရဲ့ သတ်မှတ်ချက်က မတူဘူး။ တခြားလူသာဆိုရင် ဒီခန္ဓာကိုယ်က သုံးလို့မရတော့ဘူး၊ ဝိညာဉ်ပြန်ဝင်ရင်လည်း သေမှာပဲ။ ဒါပေမဲ့ မင်းက မတူဘူး၊ မင်းရဲ့ဝိညာဉ်ပြန်ဝင်သွားရင် ကမ္ဘာ့စည်းမျဉ်းက ဒီခန္ဓာကိုယ်ကို နတ်ဘုရားမို့ မသေနိုင်ဘူးလို့ သတ်မှတ်တယ်။ ဒါကြောင့် မင်းရဲ့ခန္ဓာကိုယ်ပေါ်မှာ အပေါက်တွေရှိနေပေမဲ့ သာမန်လူလိုပဲ သတ်မှတ်ထားတော့ လှုပ်ရှားသွားလာနိုင်တုန်းပဲ။ ဒါပေမဲ့ နောက်တစ်ချက်ထိရင်တော့ သေမှာ။ ဘာပဲဖြစ်ဖြစ် အပေါက်တစ်ပေါက်ထပ်တိုးသွားရုံပဲလေ ဝိညာဉ်ပြန်ထည့်လိုက်ရင် မင်းထပ်ရှင်လာနိုင်တယ်... နားလည်ပြီလား"

ယွီဟွေးဖေးက ကြားပြီး ကြောင်တောင်တောင်ဖြစ်နေ၏။ နောက်ဆုံးတော့ သူကိုယ်တိုင် ဥပမာတစ်ခုပေးလိုက်သည်။

"ဒါဆို ငါက ဒီကမ္ဘာရဲ့ဂိမ်းကစားသမားလိုပဲလား။ သေတဲ့ပုံစံက NPC နဲ့တူတူပဲ ဒါပေမဲ့ ဝိညာဉ်ဆိုတဲ့ ပြန်ရှင်ခွင့် coin ကို ထည့်လိုက်တာနဲ့ ခန္ဓာကိုယ်ဘယ်လောက်ပဲ စုတ်ပြတ်နေပါစေ သွေးအပြည့်နဲ့ ပြန်ရှင်လာတယ်၊ ဒဏ်ရာက ရှိနေပေမဲ့ သတ်မှတ်ချက်က အခြေအနေအပြည့်နဲ့ လျစ်လျူရှုထားလို့ရတယ်။ ဒါပေမဲ့ သေစေနိုင်တဲ့ဒဏ်ရာ ထပ်ရရင်တော့ သေဦးမှာပဲ"

နကျယ်ကောင်က လက်ဖျောက်တီးလိုက်ရင်း "မှန်တယ်... အဲ့သဘောပဲ။ ဒါပေမဲ့ မင်းရဲ့ဒဏ်ရာက သာမန်လူထက် ဆယ်ဆ၊ အဆနှစ်ဆယ် ပိုမြန်မြန်ကျက်မှာဆိုတော့ မင်းလည်း နောက်ဆို ဒဏ်ရာတွေနဲ့ လျှောက်သွားနေရမှာကို စိတ်ပူစရာမလိုဘူး"

ယွီဟွေးဖေး ချက်ချင်းနားလည်သွားတော့ နကျယ်ကောင်က ရယ်ပြီး "ဘယ်လိုလဲ... အောက်ဆင်းပြီး နည်းနည်းသောက်လိုက်ဦးမလား။ ခဏနေမှ ပြန်တက်လာပြီး အလုပ်ဆက်လုပ်ပေါ့"

"တော်ပါပြီ... မသောက်တော့ဘူး။ ဆက်လုပ်ကြစို့"

နကျယ်ကောင်က ခေါင်းညိတ်ပြီး ယွီဟွေးဖေးကို ဖမ်းကာ သူ့ခန္ဓာကိုယ်ထဲကို တစ်ခါတည်း ထိုးထည့်လိုက်တော့သည်။

ယွီဟွေးဖေး ဝိညာဉ်ခန္ဓာကိုယ်ထဲဝင်သွားတဲ့ တစ်ခဏမှာ မျက်တောင်တစ်ချက်ခတ်လိုက်၏။ အဲ့ဒီအချိန်မှာ နံပါတ်နှစ်က ခေါင်းပြူထွက်လာပြီး "ခေါင်းဆောင်... မြန်မြန်ကြည့်... ငါ... ငါ့လခွီး..."

နှစ်ကောင်ရဲ့အသံက ရုတ်တရက်ရပ်တန့်သွားပြီး မျက်နှာက ကြောင်တောင်တောင်နဲ့ ရူးတော့မလိုဖြစ်ကာ မယုံနိုင်စွာနဲ့ ခေါင်းဆောင်ရဲ့နောက်ကို ကြည့်နေသည်။ ခေါင်းဆောင်ကလည်း မျက်မှောင်ကြုတ်ပြီး ရုတ်တရက်နောက်လှည့်ကြည့်လိုက်ရာ ခုနက မြေပေါ်လဲကျသွားတဲ့ကောင်က ပြန်ထထိုင်နေပြီ။

ဒီတစ်ခဏမှာ နှစ်တင်မကဘူး သတ္တိကောင်းပြီး လူသတ်ရဲတဲ့ ခေါင်းဆောင်တောင်မှ ကြောက်လန့်သွားပြီး မသိစိတ်နဲ့ "မင်းက ဘာကောင်ကြီးတုန်း" လို့ မေးလိုက်မိသည့်အထိပင်။

ယွီဟွေးဖေးက ခေါင်းကုတ်ပြီး ခေါင်းဆောင်ကို ပြုံးပြကာ "အမ်..."

ဒိုင်း...

ဦးနှောက်တွေ ပွင့်ထွက်သွားပြီး ယွီဟွေးဖေး ထပ်လဲကျသွားပြန်၏။

"မင်းဘာကောင်ပဲဖြစ်ဖြစ် ထပ်ရှင်လာနိုင်ဦးမယ်လို့ ငါမယုံဘူးကွ"

ဒေါသတကြီးအော်ဟစ်ရင်း ခေါင်းဆောင်က ယွီဟွေးဖေးရဲ့ခန္ဓာကိုယ်ကို သေနတ်နဲ့ အဆက်မပြတ်ပစ်တော့တာ ကျည်ဆံတွေအကုန်ကုန်သွားတဲ့အထိပင်။

ယွီဟွေးဖေးရဲ့ခေါင်းက ဘောလင်းဘောလုံးကျနေတာပဲ၊ အပေါက် အပေါက်နဲ့။ ဒီမြင်ကွင်းကိုတွေ့တော့ ခေါင်းဆောင်တင်မကဘူး ယွီဟွေးဖေးရဲ့ဝိညာဉ်တောင်မှ ဘေးမှာငုံ့ကြည့်ရင်း ဒီလိုခန္ဓာကိုယ်နဲ့ ပြန်ရှင်လာနိုင်ပါဦးမလားလို့ သံသယဝင်သွားတယ်။

စုန့်ချင်းကတော့ ကြောက်လွန်းလို့ မျက်နှာမှာ သွေးမရှိတော့ဘူး။ သူ့စိတ်ကမာပေမဲ့ သူက သာမန်လူတစ်ယောက်ပဲလေ၊ ဒီလောက်သွေးထွက်သံယိုလူသတ်တဲ့ပုံစံကို ဘယ်အချိန်က မြင်ဖူးမှာလဲ။ ဒီလို သေလိုက်ရှင်လိုက်၊ ရှင်လိုက်သေလိုက် ထူးဆန်းတဲ့မြင်ကွင်းကို ပိုပြီးတော့တောင် မမြင်ဖူးဘူး။

ဟိုဘက်က နှစ်ကောင်ကတော့ အန်တော့မလိုဖြစ်နေပြီ။ ခေါင်းဆောင်ရဲ့မျက်နှာမှာ ဒေါသတွေပဲရှိနေ၏။ ကျည်ဆံတွေအကုန်ပစ်ပြီးတော့ ယွီဟွေးဖေး မလှုပ်မယှက်ဖြစ်သွားတာကို သေချာမှ နောက်လှည့်ပြီး စုန့်ချင်းကို ဆွဲကာ ကားဘက်ကို လျှောက်သွားရင်း အမိန့်ပေးလိုက်သည်။

"နံပါတ်နှစ် ကားမောင်းတော့"

နှစ်ကောင်က အန်နေတုန်းပင်။ ဒီစကားကြားတော့ ချက်ချင်းထပြီး ကားမောင်းဖို့သွားသည်။ ရလဒ်ကတော့ ခေါင်းမော့လိုက်တာနဲ့ သူ့မျက်လုံးတွေ ပြူးထွက်တော့မလိုဖြစ်သွား၏။ ထိုမြင်ကြောင့် ခေါင်းဆောင်ကလည်း မကောင်းတဲ့အငွေ့အသက်ကို ခံစားလိုက်ရသည်။

အဲ့ဒီအချိန်မှာ သူတို့နှစ်ယောက်တင်မကဘူး စုန့်ချင်းတောင်မှ ဦးရေပြားထုံကျင်သွားသည်။ လူတစ်ယောက်က အဆက်မပြတ်သေနတ်နဲ့ပစ်ခံရပြီး ခေါင်းတောင် ဆန်ခါပေါက်ဖြစ်နေတာကို ပြန်ထလာတာမြင်ရင် ဘယ်သူက တည်ငြိမ်နိုင်မှာလဲ။

ဒီတစ်ခဏမှာ ခေါင်းဆောင်က သူ့လည်ပင်းတောင့်တင်းပြီး တစ်ကိုယ်လုံးအေးစက်လာတာကို ခံစားလိုက်ရသည်။ ဖြည်းဖြည်းချင်းနောက်လှည့်ကြည့်ရင်း ပါးစပ်က "မဖြစ်နိုင်ဘူး..."

ပြီးတော့ အုတ်ခဲတစ်လုံး သူ့မျက်နှာတည့်တည့်ကို ပျံဝင်လာတာကို တွေ့လိုက်ရသည်။ ခွပ်ဆိုတဲ့အသံနဲ့ ခေါင်းဆောင်က အော်ဟစ်ပြီး မျက်နှာကိုအုပ်ကာ မြေပေါ်လဲကျသွား၏။ ထိုအခါ ခေါင်းပေါ်ကအပေါက်တွေနဲ့ ယွီဟွေးဖေးက ခေါင်းဆောင်ရဲ့ကိုယ်ပေါ်ခွထိုင်ပြီး အုတ်ခဲနဲ့ သူ့ခေါင်းကို အားရပါးရ ထုရင်းနဲ့ ဆဲလေတော့သည်။

"ခွေးမသား... မင်းငါ့ရဲ့ချောမောတဲ့ရုပ်ရည်ကို ဘောလင်းဘောလုံးဖြစ်အောင် လုပ်တယ်လား။ ဒီနေ့ငါမင်းကို အန်စာတုံးဖြစ်အောင် မထုရရင် မရပ်ဘူး"

ခေါင်းဆောင်က နာကျင်စွာနဲ့ နှစ်ချက်လောက်အော်ပြီးတော့ ငြိမ်ကျသွား၏။ သူ့ခေါင်းကတော့ အန်စာတုံးလောက် အပေါက်မများပေမဲ့ တကယ်ပဲ ထောင့်တွေပိုပေါ်လာပြီး အန်စာတုံးနဲ့ တူသွားသည်။ ထိုအခါ ယွီဟွေးဖေးက အုတ်ခဲကိုကိုင်ပြီး ထရပ်ကာ နှစ်ဆီကို လျှောက်သွားသည်။

"အစ်ကိုကြီး... အရှင်နတ်ဘုရား... ကျွန်တော်မှားမှန်းသိပါပြီ၊ ကျွန်တော့်ကို လွှတ်ပေးပါ"

နှစ်ကတော့ ကြောက်လွန်းလို့ နေရာမှာတင် ငိုတော့တာပဲ။ ဘောင်းဘီထဲမှာလည်း ရွှဲနစ်သွားပြီး ဒူးထောက်ကျကာ ဦးခေါင်းနဲ့မြေကြီးဆောင့်မတတ် အော်ဟစ်တောင်းပန်နေတော့သည်။ နှစ်ရဲ့စိတ်ဓာတ်က လုံးဝပြိုကွဲသွားပြီ။

ယွီဟွေးဖေးက သွေးတွေနဲ့မို့လို့ အမြင်အာရုံကို ကွယ်နေတာကြောင့် မျက်နှာကို သုတ်လိုက်ရင်း လျှောက်သွားပြီး နှစ်ရဲ့မျက်နှာကို ပုတ်လိုက်ကာ မေးလိုက်၏။

"မင်းက ငါ့မြေးမကို အခွင့်အရေးယူချင်တဲ့ကောင်လား"

ပြောရင်းဆိုရင်း လက်ထဲကအုတ်ခဲနဲ့ ရိုက်ချလိုက်တော့ နံပါတ်နှစ်က တန်းသတိလစ်သွား၏။ နှစ်ကို ရှင်းပြီးတော့ ယွီဟွေးဖေးက သေနတ်ကို ဘေးကိုကန်ထုတ်လိုက်ပြီး နောက်လှည့်ကာ မျက်နှာဖြူဖျော့နေတဲ့ စုန့်ချင်းကို ကြည့်ပြီး ပါးစပ်ဖြဲပြလိုက်သည်။

"ရဲခေါ်လိုက်တော့..."

စုန့်ချင်းက အဲ့ဒီအချိန်မှ သတိပြန်ဝင်လာပြီး မျက်လုံးအကြီးကြီးနဲ့ ယွီဟွေးဖေးကို စိုက်ကြည့်ကာ "နင်... နင်..."

ထိုအချိန်၌ ယွီဟွေးဖေးက ခေါင်းခါလိုက်တော့ ဦးနှောက်တွေ လွင့်စင်ထွက်ကျလာ၏။ ထို့ကြောင့် သူက စိတ်ပျက်လက်ပျက်နဲ့ လေထဲကိုကြည့်ကာ ရေရွတ်လိုက်သည်။

"ဒီအပေါက်တွေကို ဘယ်လိုလုပ်ရမလဲ"

"ဒါကတော့... မင်းခဏရှောင်နေ၊ ငါမင်းကို ရှင်းပေးမယ်"

ယွီဟွေးဖေးက ခေါင်းညိတ်ပြီး နကျယ်ကောင်နဲ့အတူ မီနီဗန်ကားနောက်ကို သွားလိုက်တယ်၊ စုန့်ချင်းမမြင်နိုင်တဲ့နေရာပေါ့။ ပြီးတော့ နကျယ်ကောင်က သူ့ကိုယ်ပေါ်က အဝတ်စတွေကို ဆုတ်ဖြဲပြီး အလိပ်လေးတွေလိပ်ကာ သူ့ခေါင်းပေါ်၊ ကိုယ်ပေါ်က အပေါက်တွေထဲကို ထိုးထည့်နေတာကို တွေ့လိုက်ရသည်။ ပြီးသွားတော့ နကျယ်ကောင်က ဖုန်းတစ်လုံးယူပြီး ယွီဟွေးဖေးကို ဓာတ်ပုံရိုက်ပြလေ၏။

"လာ၊ ကြည့်... မိုက်တယ်မလား"

ယွီဟွေးဖေးက ကြည့်ပြီး ဒေါသပေါက်ကွဲသွား၏။ ဒီခေါင်းက အရင်က ဇကာပေါက်နဲ့ ဘောလင်းဘောလုံးဖြစ်နေတာ၊ အခုတော့ နကျယ်ကောင်လုပ်လိုက်လို့ ဆူးတွေစိုက်ထားတဲ့ ရှားစောင်းပင်လိုဖြစ်သွားပြီ။ ဒါတောင် မိုက်တယ်မလားလို့ ပြောလိုက်သေး... သူတကယ်ကို သူ့မျက်နှာပေါ် တံတွေးနဲ့ထွေးပစ်ချင်စိတ်ပေါက်သွားသည်။

နကျယ်ကောင်က "မတတ်နိုင်ဘူးလေ. ငါက ငရဲကနတ်ဘုရားဟ။ ငါက သရဲတံခါးနားမှာ တန်ခိုးပြနိုင်ပေမဲ့ လူ့လောကရဲ့စည်းမျဉ်းက ငါ့တန်ခိုးကို လူ့လောကပေါ် သက်ရောက်ခွင့်မပေးဘူး။ ဆိုလိုတာက ငါမင်းရဲ့ဒဏ်ရာတွေကို ကုပေးနိုင်စွမ်းရှိရင်တောင် သုံးလို့မရဘူး။ တစ်နည်းပြောရရင် သုံးလိုက်ရင်လည်း ဘာမှအသုံးမဝင်ဘူး။ မင်းရဲ့ခန္ဓာကိုယ်က သာမန်လူလို့ သတ်မှတ်ထားတာ... စည်းမျဉ်းဆိုတာက ရှင်းပြရခက်တယ်။ ဘာပဲဖြစ်ဖြစ် အဲ့လိုပဲကွာ"

"ဒါဆို ငါ့ဝိညာဉ်ကို မင်းဘယ်လိုလုပ်ပြီး..."

"ငါမင်းဝိညာဉ်ကို ဖမ်းတဲ့အချိန်က မင်းသေနေလို့လေ။ မင်းမသေရင် ငါလည်းမင်းဝိညာဉ်ကို ဖမ်းလို့မရဘူး၊ ဟုတ်တယ်မလား... ငါသာ တကယ်တန်ခိုးပြနိုင်ရင် ခုနက မင်းသေနတ်နဲ့အပစ်ခံစရာမလိုတော့ဘူးလေ"

ယွီဟွေးဖေးလည်း စဉ်းစားကြည့်တော့ ဟုတ်တာပဲ။ ပြီးတော့ နကျယ်ကောင်က ဒီလောက်ထိလုပ်ပေးတာကိုပဲ တော်တော်ကျေးဇူးတင်ရမယ်။

"တော်ပါပြီ... ဘယ်လိုပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်"

"ကိုယ့်ညီအစ်ကိုအရင်းတွေပဲ အားနာစရာမလိုပါဘူး။ တခြားကိစ္စရှိသေးလား... မရှိရင် ငါသွားပြီနော်"

"ဒါဆို ငါမလိုက်ပို့တော့ဘူးနော်။"

နကျယ်ကောင်က ခေါင်းခါပြီး လှည့်ထွက်ကာ ပျောက်ကွယ်သွား၏။ ယွီဟွေးဖေးက ကားပေါ်ကမှန်ကို ကြည့်ပြီး စိတ်ပျက်စွာနဲ့ တီးတိုးရေရွတ်လိုက်မိသည်။

"တကယ်ကို ရုပ်ဆိုးတာပဲ"

အဲ့ဒီအချိန်မှာ စုန့်ချင်းရောက်လာပြီး ယွီဟွေးဖေးရဲ့ဒီပုံစံကို ကြည့်ကာ မျက်နှာအမူအရာက တော်တော်ကို ထူးဆန်းနေ၏။ ငိုရမလို၊ ရယ်ရမလိုပဲ။

ယွီဟွေးဖေးက သူ့ကို တစ်ချက်စွေကြည့်ပြီး "ငါ့ကိုမကြောက်ဘူးလား?"

စုန့်ချင်းက ခေါင်းခါလိုက်ပြီးတော့ ခေါင်းညိတ်လိုက်သည်။

"နင်က ကြောက်တာလား မကြောက်တာလား"

"ကျွန်မအဘိုးပြောဖူးတယ် တချို့အရာတွေက ခွေးနဲ့တူတယ်တဲ့။ သူစိမ်းတွေမြင်ရင် ခွေးက ကြောက်စရာကောင်းတယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ သခင်ကမြင်ရင် ခွေးက ချစ်စရာကောင်းတယ်၊ မကြောက်ဘူး"

ယွီဟွေးဖေးက ဒီစကားကြားတော့ မျက်ဖြူလှန်ပြီး "နင်အိမ်ပြန်ရောက်ရင် ဒုတိယအဘိုးက နောက်တစ်ခါ သူ့ကို သေအောင်တိုက်မယ်လို့ နင့်အဘိုးကိုပြောလိုက်"

စုန့်ချင်းက ဖွီးခနဲ ရယ်လိုက်ပေမဲ့ အဲ့အပြုံးက တော်တော်ကို ထူးဆန်းနေ၏။

"တော်ပြီ... မကြည့်နဲ့တော့"

"နင်က လူလား၊ သရဲလား၊ နတ်ဘုရားလား ဒါမှမဟုတ် စူပါပါဝါရှိတဲ့လူလား"

စုန့်ချင်းက မေးလိုက်တော့ ယွီဟွေးဖေးက သူ့ကို ပါးစပ်ဖြဲပြီး "ငါက... လူတစ်ယောက်။ နင်မြင်ခဲ့တာတွေအားလုံးက မျက်လှည့်တစ်ခုပဲ၊ ငါတကယ်အပစ်ခံရတယ်လို့ ထင်နေလား"

စုန့်ချင်းက မျက်မှောင်ကြုတ်ပြီး "မဟုတ်ဘူးလား"

ယွီဟွေးဖေးက ခေါင်းခါလိုက်ချိန်မှာ အဝေးကနေ ရဲကားဥသြသံတွေ ထွက်ပေါ်လာသည်။

"တော်ပြီ... စကားများမနေနဲ့တော့ ရဲတွေလာနေပြီ။ ငါက သူတို့နဲ့ မပတ်သက်ချင်ဘူး၊ အဲ့တော့ တစ်ယောက်ယောက်မေးရင် နင်ကြိုက်သလိုသာ လိမ်လိုက်တော့"

ပြောပြီးတော့ ယွီဟွေးဖေးက လှည့်ပြေးသွားတော့ စုန့်ချင်း အော်လိုက်၏။ "ငါလိမ်ရမယ်လား... ငါဘယ်လိုလိမ်ရမှာလဲ"

"ငါဘယ်သိမှာလဲ" ပြန်အော်ပြီးတော့ ဒီကောင်က တကယ်ပဲ အရိပ်အယောင်မမြင်ရတော့အောင် ပြေးသွား၏။

ယွီဟွေးဖေးက အခင်းဖြစ်ပွားရာနေရာကနေ ထွက်ခွာပြီးတော့ သူ့အိတ်ကပ်ကို စမ်းကြည့်လိုက်တော့ ပိုက်ဆံအိတ်တစ်လုံး ထွက်လာသည်။ ပိုက်ဆံအိတ်ထဲမှာ ယွမ်ငါးရာတောင်ပါ၏။ ဒါက နံပါတ်သုံးရဲ့ပိုက်ဆံအိတ်ပဲ။

"သောက်ကျိုးနည်း ဒီလိုနဲ့လည်း ချမ်းသာသွားတာပဲလား။ တကယ်ပဲ ကောင်းမှုလုပ်ရင် ကောင်းကျိုးရတယ် ဟားဟားဟားဟား..."

ပြီးတော့ ယွီဟွေးဖေးက လူမရှိတဲ့နေရာတစ်ခုရှာပြီး အဝတ်တွေကို ချွတ်လိုက်၏။ အနီရောင်ဝတ်ရုံပေါ်လာတာနဲ့ သူ့ကိုယ်ပေါ်က သွေးစွန်းတွေအကုန် ဖုံးကွယ်သွားသည်။ ယွီဟွေးဖေးက အနက်ရောင်အိတ်တစ်လုံးရှာပြီး အပေါက်နှစ်ပေါက်ဖောက်ကာ ခေါင်းပေါ်စွပ်လိုက်ပြီးတော့ ဒီလိုပုံစံနဲ့ လမ်းပေါ်မှာ ယိမ်းထိုးယိမ်းထိုးနဲ့ လျှောက်သွားနေလိုက်သည်။

လမ်းပေါ်မှာ လူတွေမနည်းပေမဲ့ ယွီဟွေးဖေးရဲ့ဒီထူးဆန်းတဲ့ပုံစံကို ဘယ်သူမှဂရုမစိုက်ဘူး။ ဘာပဲဖြစ်ဖြစ် အခုခေတ်မှာ ဘာကောင်တွေပဲရှိရှိ မထူးဆန်းတော့ဘူးလေ။

ယွီဟွေးဖေးက တက္ကစီငှားချင်ပေမဲ့ တက္ကစီက သူ့ခေါင်းစွပ်ထားတဲ့ပုံစံနဲ့ မြို့ပြင်ထွက်ချင်တာ၊ ပြီးတော့ တော်တော်ကို ခေါင်တဲ့နေရာဖြစ်နေတော့ တန်းငြင်းလိုက်၏။ ဒါကြောင့် စိတ်ပျက်လက်ပျက်နဲ့ ရွာကို ဖုန်းဆက်ပြီး သရဲဖြူကို စွတ်ဖားနဲ့ ဂူလင်မြို့ဆင်ခြေဖုံးကို လာကြိုခိုင်းလိုက်သည်။

အိမ်ပြန်ရောက်တော့ မှောင်နေပြီ။

ခြံတံခါးဖွင့်လိုက်တော့ ယွီဟွေးဖေးက ချွေ့ကျွယ်၊ သရဲနက်၊ နွားကျောင်းသားတို့ စုပြီး ခြံထဲမှာ မုန်ညင်းချဉ်ပြုတ်နေတာကို တွေ့လိုက်၏။ ယွီဟွေးဖေးက ပိုက်ဆံငါးရာကို လွှင့်ပစ်လိုက်ပြီး "သွား၊ အသားနည်းနည်းသွားဝယ်လိုက်"

ပိုက်ဆံမြေပေါ်မကျခင်မှာပဲ နွားကျောင်းသားက ဒုံးပျံလို ပြေးလာပြီး တစ်ချက်ဖမ်းကာ ခြေကုန်သုတ်ပြီး ပြေးသွားတော့သည်။

ယွီဟွေးဖေးက နောက်လှည့်ပြီး "ယွီရှူးသစ်ပင်အရက်နှစ်ပုလင်း ယူခဲ့ဖို့ မမေ့နဲ့။ ကပ်စေးမနည်းနဲ့ အရက်ကြမ်း မသောက်တော့ဘူး"

"သိပြီ"

"ယွီလေး... မင်းခေါင်းက ဘာဖြစ်တာလဲ"

နွားခေါင်းက မေးလိုက်ချိန် ယွီဟွေးဖေးဟာ တံခါးအကြီးကြီးကို ပိတ်ပြီးတော့ အိတ်ကို ဆွဲချွတ်ပြလိုက်သည်။ အဲ့တစ်ခဏမှာ တစ်ခြံလုံး တိတ်ဆိတ်သွား၏။

ယွီဟွေးဖေး စိတ်ထဲမှာတော့ ‘ငါဒီလိုဖြစ်နေတာ၊ ဒီညီအစ်ကိုတွေ အနည်းဆုံးတော့ ဒေါသတကြီးနဲ့ ငါ့အတွက် ကလဲ့စားချေပေးလို့ အော်သင့်တယ်မလား’ ဆိုပြီးတွေးလိုက်မိပေမယ့် ရလဒ်ကတော့...

"ဟားဟားဟားဟား..."

ခြံထဲမှာ လှောင်ရယ်သံတွေနဲ့ ပြည့်သွားပြီး ယွီဟွေးဖေးရဲ့မျက်နှာက ရှောင်ထျန်းချန်လို မည်းနက်သွားလေ၏။

"သောက်ကျိုးနည်း... ကျေးဇူးမသိတတ်တဲ့ကောင်တွေ"

All Chapters