← Chapters

ထူးဆန်းအံ့ဩဖွယ်လူတစ်သိုက်

Vol. 15 Ch. 226

ထူးဆန်းအံ့ဩဖွယ်လူတစ်သိုက်

Vol. 15 Ch. 226

ယွီဟွေးဖေးတစ်ယောက် စကားမပြောနိုင်တော့ဘူး၊ သူက လူကောင်းနဲ့မတွေ့တာမဟုတ်ဘူး၊ တော်တော်လေးကို ကံဆိုးနေတာပဲ။ တော်သေးတာက ပြန်ရှင်လာတဲ့အခါ ခန္ဓာကိုယ်က အရှိန်မြှင့်ပြီး ပြန်လည်ကောင်းမွန်လာတယ်။ ဆေးအာနိသင်ရဲ့အကူအညီနဲ့ပေါင်းတော့ မနက်လင်းတဲ့အချိန်မှာ သူလုံးဝမနာတော့ဘူး။ ကိုယ်ပေါ်က အပူလောင်ဒဏ်ရာတွေက နည်းနည်းကျန်သေးပေမဲ့ လှုပ်ရှားသွားလာလို့တော့ ရနေပြီ။

တစ်ချိန်တည်းမှာပဲ ယွီဟွေးဖေးက သူ့ခန္ဓာကိုယ်က တော်တော်လေးတိုးတက်လာသလို တကယ်ခံစားလိုက်ရတယ်။ ဘယ်လောက်တိုးတက်လာလဲဆိုတာကိုတော့ သူလည်းအတိအကျမပြောတတ်ဘူး။

အလေးကိုပြန်ထမ်းပြီး သရဲဖြူရဲ့ "သွားစို့" ဆိုတဲ့အသံနဲ့အတူ ယွီဟွေးဖေးရဲ့ဒုတိယနေ့ ဝမ်းနည်းစရာဘဝက စတင်တော့သည်။ ပြီးတော့ သူအံ့ဩတကြီးနဲ့ တွေ့ရှိလိုက်ရတာက သူတစ်ခါတည်း ကီလိုမီတာနှစ်ဆယ်ပြေးတာတောင် မနေ့ကလောက်မပင်ပန်းတော့ဘူး။

တိုးတက်မှုက သိသာထင်ရှားတော့ ယွီဟွေးဖေးက စိတ်ထဲကအမှောင်တိမ်တွေကို ဖယ်ရှားပြီး အကျယ်ကြီးအော်ဟစ်ကာ ဆက်ပြီးလေ့ကျင့်တော့တယ်။ ဒီကောင်က တကယ်ပဲ ဇွဲရှိတဲ့ကောင်၊ သေခါနီးခွေးတစ်ကောင်လို ပင်ပန်းနေပြီး သေလိုက်ရှင်လိုက်ဖြစ်နေပေမဲ့ နောက်ဆုံးတော့ အရှုံးပေးစကားတစ်ခွန်းမှ မပြောခဲ့ဘူး။

ဒါတွေကို ချွေ့ကျွယ်၊ နွားခေါင်း၊ မြင်းမျက်နှာတို့ရဲ့မျက်လုံးထဲမှာ တွေ့မြင်ရတော့ သူတို့လည်း တိတ်တိတ်လေးခေါင်းညိတ်ကြတယ်။ ပြီးတော့ အားလုံးက စုပေါင်းပြီး ပိုပြီးပြင်းပြင်းထန်ထန် လေ့ကျင့်ပေးကြတော့တာပဲ။

ညဘက်ရောက်တော့ ယွီဟွေးဖေးက ဘယ်လိုပဲဖြစ်ဖြစ် ချွေ့ကျွယ်ကို သူ့ကိုရေပုံးထဲပစ်မထည့်ခိုင်းတော့ဘူး။ သူကိုယ်တိုင် အားတင်းပြီး တွားသွားကာ ရေအပူချိန်စမ်းပြီးမှ ရေထဲဆင်း၏။

တတိယနေ့မှာ ယွီဟွေးဖေးရဲ့ခန္ဓာကိုယ်က နောက်တစ်ဆင့်တိုးတက်လာပြီး ယွီဟွေးဖေးက တစ်ခါတည်း ကီလိုမီတာ ၃၀ပြေးနိုင်သွားပြီ၊ ၃၅ကီလိုမီတာမှာ ပင်ပန်းပြီးသေသွားသည်။

စတုတ္ထနေ့မှာ ယွီဟွေးဖေးရဲ့တိုးတက်မှုက အရှေ့ရက်တွေလောက်မများတော့ဘူး၊ ၃၈ကီလိုမီတာပြေးပြီးနောက် တန်းမျက်ဖြူလန်သွား၏။

ပဉ္စမနေ့မှာတော့ ယွီဟွေးဖေးက တစ်ခါတည်း ၄၂ကီလိုမီတာပြေးနိုင်သွားပြီ၊ ဒါပေမဲ့ ပင်ပန်းလွန်းလို့ သွေးအန်ပြီး ငါးဆယ်ကီလိုမီတာမှာ တန်းသေသွားသည်။

ဆဋ္ဌမနေ့မှာတော့ ယွီဟွေးဖေးက ဝန်နဲ့ ၄၂ကီလိုမီတာပြေးတာတောင် နည်းနည်းအားနည်းရုံပဲ၊ ထိုင်ပြီးခဏနားလိုက်တာနဲ့ ပြန်ကောင်းသွားသည်။

မြေပေါ်မှာထိုင်ရင်း ယွီဟွေးဖေးက ရေဘူးကိုယူပြီး တစ်ငုံသောက်ကာ "နောက်ဆုံးတော့ ပြေးနိုင်သွားပြီ၊ မလွယ်ဘူးကွာ"

ချွေ့ကျွယ်က ခေါင်းညိတ်ပြီး "အင်း... တကယ်မလွယ်ဘူး။ တစ်ကိုယ်လုံးဝန်ပေါင်တစ်ရာနဲ့ ၄၂ကီလိုမီတာပြေးနိုင်တာ တော်တော်ဟုတ်နေပြီ"

"ဟုတ်တယ်လေ... ဟေး... မဟုတ်သေးဘူး။ ကျုပ်က ဘာလို့ အလေးချိန်ပေါင်တစ်ရာနဲ့ ၄၂ကီလိုမီတာပြေးနေရတာလဲ။ ကျုပ် အလေးထမ်းပြီး ပြေးစရာမလိုဘူးလေ။ ဟေ့ ဘိုးတော်ချွေ့ ဘယ်သွားမလို့လဲ။ မသွားနဲ့လေ... ဘာလို့ပိုမြန်မြန်ပြေးသွားတာလဲ ရပ်နေဦး။ ခင်ဗျား ကျုပ်ကို လိမ်သွားတာလား" ယွီဟွေးဖေးက အုတ်ခဲတစ်လုံးဆွဲပြီး နောက်ကနေပြေးလိုက်သွား၏။

...

ညစာစားတဲ့အချိန်မှာ ချွေ့ကျွယ်က နောက်စေ့ကိုပွတ်သပ်ရင်း "မနက်ဖြန်ပြိုင်ပွဲရှိတယ်။ ဒါကြောင့် မင်းဒီနေ့ကောင်းကောင်းအနားယူရတော့"

ယွီဟွေးဖေးက ခေါင်းညိတ်ပြီး "သိပါတယ်... ဒါပေမဲ့ ဒီလိုလေ့ကျင့်တာလည်း တော်တော်ကောင်းတယ်။ နေ့တိုင်းကိုယ့်တိုးတက်မှုကို မြင်နေရတယ်။ နောက်ဆိုနေ့တိုင်းလေ့ကျင့်တော့မယ်... ဘာပဲဖြစ်ဖြစ် ခန္ဓာကိုယ်ပိုကောင်းလေ၊ ကျုပ်အတွက်ပိုကောင်းလေပဲ"

ချွေ့ကျွယ်က ခေါင်းခါရင်း "အသုံးမဝင်တော့ဘူး၊ လူတိုင်းမှာ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာရှိတဲ့ စွမ်းအင်က အဲ့လောက်ပဲရှိတယ်။ ငါသုံးတဲ့နည်းလမ်းက မင်းရဲ့ ၂၁နှစ်လုံးက စွမ်းအင်တွေကို အကုန်ညှစ်ထုတ်လိုက်တာ။ ဒါကြောင့် ဒီလောက်ကောင်းတဲ့အကျိုးသက်ရောက်မှုရတာ။ နောက်ပိုင်းဒီလိုထပ်လေ့ကျင့်ရင် မင်းကိုပြန်ရှင်လာတဲ့ဖြစ်စဉ်နဲ့ ရင်းနှီးသွားစေရုံပဲ။ တိုးတက်နှုန်းက ဒီလောက်မမြန်တော့ဘူး... မင်းနောက်ဆို ကောင်းကောင်းစား၊ ကောင်းကောင်းသောက်၊ ကောင်းကောင်းအနားယူပြီး ပုံမှန်အတိုင်းကျင့်ကြံ၊ မင်းရဲ့စွမ်းအင်ကို စုဆောင်းထား။ အချိန်တန်ရင် ပေါက်ကွဲပြီး တိုးတက်သွားမှာပဲ"

ယွီဟွေးဖေးက ခေါင်းညိတ်ပြီး သက်ပြင်းချလိုက်တယ်။ "နှမြောစရာပဲ... အကြိမ်ပေါင်းများစွာသေပြီးတာတောင် ဒုတိယအဆင့်ကို မတက်နိုင်သေးဘူး။ ခင်ဗျားပြောကြည့်... ကျုပ်စွမ်းအားတွေ ဒီလောက်တိုးတက်လာတာတောင် ဘာလို့အဆင့်မတက်နိုင်သေးတာလဲ"

"တက်ချင်တိုင်းတက်လို့မရဘူး၊ လွယ်လွယ်လေးမဟုတ်ဘူး။ ပုစဥ်းခွံကိုးလွှာက ပြီးပြည့်စုံတဲ့ကျင့်စဉ်၊ သူက တစ်ကိုယ်လုံးပြီးပြည့်စုံတဲ့ ခုန်ပျံကျော်လွှားတိုးတက်မှုကို လိုချင်တာ။ မင်းအခု စွမ်းအင်တွေအကုန်လုံးကို ခြေထောက်ပေါ်ပုံအောလိုက်တော့ ညီမျှမှုမရှိတော့ဘူး။ ဒါကြောင့် ပြောင်းလဲလို့မရတာ။ မင်းစိတ်အေးအေးထားပြီး ကျင့်ကြံ၊ ဒီကျင့်စဥ်က မင်းခန္ဓာကိုယ်ရဲ့တခြားစွမ်းဆောင်ရည်တွေကို တဖြည်းဖြည်းတိုးတက်စေမှာလေ။ အားလုံးက မင်းခြေထောက်ရဲ့တိုးတက်နှုန်းကို လိုက်မီသွားရင် အလိုလိုအဆင့်တက်သွားမှာပဲ"

ယွီဟွေးဖေးက ခေါင်းညိတ်ပြီး "သြော်... ဒီလိုကိုး။ ကျုပ်က ဝတ္ထုထဲကဟာတွေက လိမ်နေတာလို့ထင်နေတာ။ အဲ့ထဲမှာ ဇာတ်လိုက်က သေခါနီးအချိန်ရောက်တိုင်း ကိုယ်ကမသေချင်ရင် အမျိုးမျိုးပေါက်ကွဲ၊ အမျိုးမျိုးအစွမ်းထက်၊ သေအံ့မူးမူးကနေလွတ်မြောက်၊ အမျိုးမျိုးအခြေအနေဆိုးကနေ အဆင့်တက်ပြီး ပြန်သတ်နိုင်ဆိုတော့ ကျုပ်လည်းလုပ်နိုင်မယ်ထင်နေတာ..."

ချွေ့ကျွယ်က ရယ်ရင်း "ဒါက ဝတ္ထုပဲလေ အတည်မမှတ်နဲ့။ အခြေအနေဆိုးကနေ အဆင့်တက်ချင်ရင် အခက်အခဲက မသေးဘူး။ လိုအပ်တဲ့အခြေခံအချက်အလက်တွေလည်း အရမ်းများတယ်။ ပြောရရင် ကြုံတောင့်ကြုံခဲပဲ..."

"ခင်ဗျားမပြောလည်း ကျုပ်သိပါတယ်။ ဘာပဲဖြစ်ဖြစ် အကြိမ်ပေါင်းများစွာ သေပြီးပြီလေ"

စားသောက်ပြီးတော့ ယွီဟွေးဖေးက ထရပ်ပြီး "တော်ပြီ... ဆက်မပြောတော့ဘူး။ တတိယထပ်ကိုသွားပြီး တိတ်တိတ်ဆိတ်ဆိတ်ကျင့်ကြံ၊ အခြေအနေကောင်းအောင် ညှိပြီး မနက်ဖြန် ချမ်းသာကြစို့"

"ချမ်းသာ ကြီးပွါးကြစို့" လူတစ်သိုက်က အတူတူအော်ဟစ်ကြ၏။

နောက်နေ့ နေထွက်တာနဲ့ ချန်ယိုတောက်က ကားမောင်းပြီး အိမ်ရှေ့ရောက်နေပြီ။ ယွီဟွေးဖေးတောင် နည်းနည်းရှက်သွား၏။

"မင်းဒီလောက်စောစောကြီးရောက်လာတာလား။ ငါက ငါတို့အတူတူမနက်ခင်းပြေးရင်း ထွက်သွားမယ်လို့ တွေးနေတာ"

"ထားလိုက်ပါတော့ကွာ။ အားအင်တွေကို ခဏနေမာရသွန်ပြေးဖို့ ချန်ထား။ ငါကတော့ မျှော်လင့်ချက်မရှိတော့ဘူး။ ဘာပဲဖြစ်ဖြစ် မင်းတို့နဲ့အတူ အပျော်ပြေးရမှာပဲဆိုတော့ အခြေအနေက အရေးမကြီးဘူး။ ပင်ပန်းရင် နုတ်ထွက်လိုက်မယ်။ ကဲ... မြန်မြန်ကားပေါ်တက်" ချန်ယိုတောက်က တိုက်တွန်းလိုက်သည်။

ယွီဟွေးဖေးက နွားကျောင်းသား၊ သရဲဖြူ၊ ချွေ့ကျွယ်နဲ့ တိကျန့်တို့ကိုခေါ်ပြီး ကားပေါ်တက်လိုက်၏။ ချန်ယိုတောက်က နွားကျောင်းသားကိုတော့ တော်တော်လေးစားသည်။ ဘာပဲဖြစ်ဖြစ် သူက နွားကျောင်းသားလက်ထဲမှာ ကလေးတစ်ယောက်လိုပဲ လုံးဝပြန်ခုခံနိုင်စွမ်းမရှိဘူး။ ပြီးတော့ အဲ့ကျွမ်းကျင်လှတဲ့ ငရုတ်သီးနဲ့မျက်လုံးပွတ်တဲ့နည်းလမ်းက သူ့ကို ပိုပြီးတော့တောင် မှတ်မိစေသည်ကိုး။

တွေ့တာနဲ့ ချန်ယိုတောက်က ရယ်ပြီး "ပြန်တွေ့ကြပြန်ပြီနော် အစ်ကိုလန်။ အစ်ကိုဖြူ၊ အစ်ကိုချွေ့၊ မောနင်း"

နွားကျောင်းသားက "ကောင်းပြီ... နောက်မှ ငါတို့ပြန်ပြိုင်ကြတာပေါ့။ စိတ်ချထား... ငါငရုတ်သီးဟင်းမစားဘူးလို့ အာမခံတယ်"

ချန်ယိုတောက်က အမြန်ခေါင်းခါပြီး "တော်ပါပြီ... အဆင့်မတူလို့ မပြိုင်တော့ဘူး"

သရဲဖြူနဲ့ ချွေ့ကျွယ်လည်း ချန်ယိုတောက်နဲ့ နှုတ်ဆက်ကြ၏။ ဒါက ချန်ယိုတောက်ရဲ့ လန်ရိုဗာကားမို့လို့၊ သာမန်ကားသာဆိုရင် ငါးယောက်မဆံ့တာထားဦး၊ နွားကျောင်းသားတစ်ယောက်ရဲ့ အရပ်အမောင်းပြဿနာကတင် ဒုက္ခအကြီးကြီးပဲ။ လမ်းတစ်လျှောက်လုံး ချန်ယိုတောက်က ယွီဟွေးဖေးတို့ကို ဒီတစ်ခေါက်ပြိုင်ပွဲရဲ့ အခြေအနေအကြမ်းဖျင်းကို ပြောပြသည်။

"ညီအစ်ကိုတို့... ဒီတစ်ခေါက် တကယ်ကို မလွယ်ဘူးနော်။ ဒီတစ်ခေါက် လူတွေအများကြီးလာတယ်၊ ပြည်တွင်းကအပြေးသမားတွေ၊ မြို့နယ်ချန်ပီယံတွေထားလိုက်ဦး။ ပြည်နယ်ကလည်း လူလာတယ်... ပြီးတော့ နိုင်ငံခြားကပြိုင်ပွဲဝင်တွေလည်းရှိတယ်။ အကျော်ကြားဆုံးကတော့ ဂျိုနာဒိုလို့ခေါ်တဲ့ လူမည်းပြိုင်ပွဲဝင်တစ်ယောက်။ သူက ကမ္ဘာ့အဆင့်ပြိုင်ပွဲမှာ ဒုတိယဆုရဖူးတယ်။ သူကလွဲရင် အန်ကျီလို့ခေါ်တဲ့ကောင်တစ်ကောင်လည်းရှိတယ်။ သူလည်း ကမ္ဘာ့အဆင့်ပြိုင်ပွဲမှာ တတိယဆုရဖူးတယ်။ ဒါပေမဲ့ သူနှစ်နှစ်လောက် အနားယူသွားပြီး ဒီနှစ်က ပြန်လည်ဝင်ရောက်တဲ့ပွဲပေါ့။ ပြီးတော့ ကျောင်းသားတွေအများကြီးပဲ။ သာမန်ကျောင်းသားတွေကိုတော့ သိပ်ဂရုစိုက်စရာမလိုဘူး၊ ဒါပေမဲ့ အဲ့လူမည်းတွေကိုတော့ သတိထားရမယ်။ တစ်ယောက်ချင်းစီက လူမျိုးအားသာချက်နဲ့ တကယ်ပြေးနိုင်ကြတာ"

ယွီဟွေးဖေးက ခေါင်းညိတ်ပြီး "စိတ်ချပါ... သူတို့ဘယ်လောက်ပဲပြေးနိုင်ပြေးနိုင် ဒီတစ်ခေါက်တော့ သူတို့ဒူးထောက်ရမှာပဲ"

ယွီဟွေးဖေးက ကိုယ့်ကိုယ်ကိုတော့ သိပ်ယုံကြည်မှုမရှိဘူး။ ဒါပေမဲ့ သူ့ညီအစ်ကိုတွေအပေါ်မှာတော့ ယုံကြည်မှုအပြည့်ရှိတယ်။ ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက်ပြေးပြီးတော့ သူသိလိုက်ပြီ၊ သရဲဖြူက လေးဆယ့်နှစ်ကီလိုမီတာပြေးတာတောင် မောဟိုက်သံမထွက်ဘူး။

နွားကျောင်းသားက နည်းနည်းညံ့ပေမဲ့ အသက်ပြင်းပြင်း နည်းနည်းရှူသွားရုံပဲ။ ဒါနဲ့ ဒီကောင်က ယွီဟွေးဖေးကို ဆွဲခေါ်ပြီးပြေးတာနော်။ အလေးထမ်းပြီး ပြေးတာနဲ့အတူတူပဲ...။

ဒါပေါ့... အားလုံးထဲမှာ အပြေးနိုင်ဆုံးကတော့ ရှောင်ထျန်းချန်ပဲ။ ဒီကောင်က ခြေထောက်နှစ်ချောင်းနဲ့ပြေးရင်တောင် အားလုံးထက်ပိုခံနိုင်ရည်ရှိတယ်။ ဒီအပေါ်မှာ သူက အကြိမ်ကြိမ်သက်ပြင်းချပြီး ကိုယ့်စွမ်းအားကို အသုံးမချရလို့ ညည်းညူနေသေး။

ဂူလင်ကိုရောက်တော့ လုံထန်လမ်းမကြီးပေါ်မှာ ယွီဟွေးဖေးက လူတွေအများကြီးစုဝေးနေတာကို တွေ့လိုက်ရပြီ။ ဆောင်းတွင်းဖြစ်ပေမဲ့ ပြိုင်ပွဲဝင်တချို့က ပေါ့ပေါ့ပါးပါးဝတ်စုံတွေနဲ့ ဘောင်းဘီတိုအရောင်စုံတွေက တစ်ယောက်ထက်တစ်ယောက်ပိုပြီး ဆွဲဆောင်မှုရှိနေကြသား။

ယွီဟွေးဖေးက သူ့အနီရောင်ဝတ်ရုံကိုကြည့်၊ သရဲဖြူရဲ့အဖြူရောင်ဝတ်ရုံ၊ ချွေ့ကျွယ်ရဲ့အပြာရောင်ဝတ်ရုံရှည်၊ ကိုရင်ငယ်လေးရဲ့အဖြူရောင်သင်္ကန်းကိုကြည့်ပြီး ခါးသီးစွာပြုံးလိုက်၏။

"ကျုပ်တို့ကြည့်ရတာ လုံးဝ professional မဆန်ဘူး"

နှိုင်းယှဉ်ကြည့်ရင်တော့ နွားကျောင်းသားရဲ့အပြာရောင်ဝတ်စုံတိုက အရှင်းဆုံး၊ အပေါ့ပါးဆုံးဖြစ်ပြီး အားကစားသမားတွေရဲ့ဝတ်စုံနဲ့ အနီးစပ်ဆုံးပဲ။

ကားတံခါးပွင့်လာတော့ ယွီဟွေးဖေးက "အားလုံးဆင်းကြ၊ လျှောက်မသွားကြနဲ့နော်။ ကျုပ်နောက်ကလိုက်..."

ဒီအထိပြောပြီးတော့ ယွီဟွေးဖေးက အနီရောင်အိတ်တစ်လုံးရှာပြီး နွားကျောင်းသားကို ကမ်းပေးလိုက်သည်။

"အစ်ကိုလန် ကိုင်ထား။ ဒါမှမဟုတ် ခေါင်းပေါ်မှာချိတ်ထားလည်းရတယ်..."

နွားကျောင်းသားက တိုက်ရိုက်မြှောက်ကိုင်လိုက်ရာ ယွီဟွေးဖေးက ခေါင်းမော့ကြည့်တော့ အနီရောင်အလံက လေထဲမှာလွင့်နေပြီး အရမ်းထင်ရှား၏။

"အားလုံးဒီဘက်ကိုကြည့်ကြနော်။ အားလုံးက ဒီအနီရောင်အိတ်ကို ဗဟိုပြုပြီး တခြားကို လျှောက်မသွားကြနဲ့။ လမ်းပျောက်သွားရင် အိတ်နောက်လိုက်... အခု ကျုပ်က အားလုံးကို မနက်စာသွားစားဖို့ခေါ်သွားမယ်။ ချန်ကြီးက ကားသွားထားနေတော့ ခဏလောက်ကြာဦးမယ်။ ဒါကြောင့် လုံးဝမကွဲသွားစေနဲ့။ ဒီမှာလူအရမ်းများတော့ လူစုကွဲသွားရင် ရှာရခက်တယ်"

လူတစ်သိုက်က ခေါင်းညိတ်ပြီး နားလည်ကြောင်းပြကြ၏။ ယွီဟွေးဖေးက လူတစ်သိုက်ကို သူ့နောက်လိုက်ဖို့ခေါ်ပြီး ဘေးကမနက်စာဆိုင်တစ်ဆိုင်ကို သွားကာ တစ်ယောက်ကို အီကြာကွေးတစ်ချောင်း၊ ပဲနို့တစ်ပန်းကန်စီ ဝေပေးလိုက်သည်။

နွားကျောင်းသားက တစ်ချိန်လုံး အဲ့အနီရောင်ပလတ်စတစ်အိတ်ကို မြှောက်ကိုင်ထားတာ တော်တော်ထင်ရှားနေတော့ လူတော်တော်များများက ဒီမြင်ကွင်းကိုတွေ့ပြီး ရယ်ကြသည်။ ဒါပေမယ့် နွားကျောင်းသားကတော့ လုံးဝဂရုမစိုက်ဘူး။

ချွေ့ကျွယ်က အီကြာကွေးကိုယူပြီး ပဲနို့ကို တကျိုက်တည်းနဲ့ ကုန်အောင်သောက်လိုက်သည်။ အဲ့ဒီအချိန်မှာ အဝေးကချန်ယိုတောက်က သူတို့ကို လက်ဝှေ့ယမ်းပြနေတာကို တွေ့လိုက်ရ၏။ သူတို့ကိုလာဖို့ အချက်ပြနေတော့ ကိစ္စရှိလို့ပဲဖြစ်မည်။

ချွေ့ကျွယ်က ယွီဟွေးဖေးကို ပြောလိုက်ရာ ယွီဟွေးဖေးက ကြည့်လိုက်တော့ သိပ်မဝေးဘူး။

"စားပြီးတဲ့လူတွေ ကိုယ့်ဘာသာကိုယ် အရင်သွားကြ။ အဲ့ချန်ကြီးဆီမှာ စုကြမယ်"

အားလုံးက ခေါင်းညိတ်ပြီး နားလည်ကြောင်းပြကြ၏။ ချွေ့ကျွယ်က ထလိုက်တာနဲ့ နွားကျောင်းသားလည်း စားပြီးသွားပြီ။ ဒီကောင်က ချွေ့ကျွယ်ရဲ့ကျောပြင်ကိုကြည့်ပြီး အမြန်လိုက်သွားသည်။

တခြားလူတွေလည်း တစ်ယောက်ပြီးတစ်ယောက် စားပြီးသွားကြပြီ။ ယွီဟွေးဖေးက အစားအနှေးဆုံးပဲ။ ဘာလို့လဲဆိုတော့ ကြားထဲမှာ လူတွေက ပစ္စည်းတွေထပ်မှာနေလို့။ ဥပမာ တိကျန့်တို့ထွက်သွားတဲ့အချိန်မှာ အီကြာကွေးတစ်ချောင်းယူသွားတော့ သူက နောက်ကနေ ပိုက်ဆံရှင်းပေးရတာကိုး။

တစ်ချိန်တည်းမှာပဲ သတင်းထောက်မတစ်ယောက်က အားကစားသမားတွေရဲ့ပုံရိပ်တွေကို ရိုက်ကူးနေသည်။ သူက လမ်းလျှောက်ရင်း ကင်မရာကို လှည့်ပတ်ချိန်ပြနေ၏။

"အားလုံးရဲ့ဝတ်စားဆင်ယင်မှုကနေ ကြည့်ရရင် အားလုံးက ဒီပြိုင်ပွဲကို အရမ်းအလေးအနက်ထားကြတယ်။ အပျော်သဘောနဲ့လာတဲ့လူမရှိဘဲ တကယ်ပဲ ဒီပြိုင်ပွဲမှာ ကိုယ့်စွမ်းရည်ကို ပြသချင်ကြတာ"

ရလဒ်ကတော့ စကားမဆုံးခင်မှာပဲ အပြာရောင်ဝတ်ရုံနဲ့ကောင်တစ်ကောင်က သူ့ဘေးကနေ ဖြတ်လျှောက်သွားတာကို တွေ့လိုက်ရသည်။

အဲ့ဝတ်ရုံရှည်က မြေကြီးနဲ့တောင် ထိတော့မလိုပဲ။ လက်စကလည်း အကျယ်ကြီး။ လှုပ်ရှားလိုက်တိုင်း ဝတ်ရုံလက်စက တစ်ချက်တစ်ချက်လွှဲသွားတာ ကြည့်ရတာ လေတိုက်နေသလိုပဲ။

သတင်းထောက်မရဲ့နဖူးမှာ ချွေးတွေစို့လာပြီး စိတ်ထဲမှာ ‘ဒါက ငါ့ကိုလာပြဿနာရှာတာလား’

သတင်းထောက်မက ချောင်းတစ်ချက်ဆိုးပြီး "ဒါ... ဒါက ခြွင်းချက်ပါ..."

ပြောလို့မဆုံးသေးဘူး ဦးထုပ်ရှည်ရှည် မြင့်မြင့်ဆောင်းပြီး သရဲဖြူနဲ့တူအောင် ဝတ်စားထားတဲ့ကောင်တစ်ကောင်က အဖြူရောင်ဝတ်ရုံနဲ့ အီကြာကွေးတစ်ချောင်းကိုင်ရင်း သူ့ဘေးကနေ ယိမ်းထိုးယိမ်းထိုးနဲ့ ဖြတ်လျှောက်သွား၏။ ဖြတ်သွားတဲ့အချိန်မှာ သူနဲ့ကင်မရာကို နောက်လှည့်ကြည့်ပြီး ပြောသွားသေး။

"ငါ့ကိုချောအောင်ရိုက်ပေးနော်"

သတင်းထောက်မရဲ့နဖူးမှာ ချွေးတွေပိုစို့လာပြီး အသက်ပြင်းပြင်းရှူကာ "မိတ်ဆွေ... ရှင်က မာရသွန်ပြိုင်ပွဲဝင်တာလား၊ ဒါမှမဟုတ် ပွဲဝန်ထမ်းလား၊ ဒါမှမဟုတ် အားပေးသူလား"

"ငါလား... ပြိုင်ပွဲဝင်တာလေ" သရဲဖြူရဲ့ လေသံက ပေါ့ပေါ့ပါးပါးပဲ။

"အဟမ်း... ဟမ်း... ဒါဆို ရှင်က ဘယ်အဆင့်လောက်ရဖို့ ရည်မှန်းထားလဲ"

သရဲဖြူက မေးစေ့ကိုပွတ်သပ်ပြီး "မတော်တဆမဖြစ်ရင်တော့ ငါက ဒုတိယဆုလောက်ပဲ ယူလိုက်တော့မယ်"

ဒီစကားထွက်လာတာနဲ့ သတင်းထောက်မရဲ့မျက်နှာ မည်းမှောင်သွားပြီး တစ်ဖက်ကောင်ရဲ့ဝတ်ရုံအကျယ်ကြီးကို တစ်ချက်စွေကြည့်ကာ ဟက်ဟက်ပက်ပက်ရယ်ရင်း ပြောလိုက်လေ၏။

"ရှင်က တော်တော်ကျိုးနွံ နိမ့်ချတာပဲနော်"

သရဲဖြူက ခေါင်းခါပြီး "ကျိုးနွံတာမဟုတ်ဘူး။ အဓိကက ပထမဆုက စိတ်ဝင်စားစရာမကောင်းဘူးလေ။ အဲ့တော့ တခြားလူကိုပေးလိုက်တာပေါ့။ သုံးသိန်းဆိုရင် လောက်ပါပြီ..."

သတင်းထောက်မက မိုးကြိုးပစ်ခံလိုက်ရသလို နေရာမှာတင် မျက်လုံးစွေကြည့်ပြီး သရဲဖြူကို အရူးတစ်ယောက်ကို ကြည့်သလို ကြည့်နေမိသည်။

ရလဒ်ကတော့ သရဲဖြူက နားလည်မှုလွဲပြီး သူ့ဘေးကို တိုးကပ်လာကာ "အတူတူဓာတ်ပုံရိုက်ချင်လို့မလား"

သတင်းထောက်မ "@23¥..."

ခဲရာခဲဆစ်နဲ့ သရဲဖြူကို လွှတ်လိုက်ပြီးတော့ သတင်းထောက်မက နဖူးကချွေးကိုသုတ်ရင်း "ခုနကမိတ်ဆွေက အပျော်သဘောနဲ့လာတာဖြစ်မှာပါ။ အားလုံးဂရုစိုက်စရာမလိုပါဘူး။ သူလိုအပျော်သဘောနဲ့လာတဲ့လူတွေ အရမ်းမများလောက်ဘူးလို့ ကျွန်မယုံကြည်ပါတယ်... များ... သောက်ကျိုးနည်း..."

ကိုယ်လုံးကိုယ်ပေါက် ခပ်တောင့်တောင့် ယောက်ျားကြီးတစ်ယောက်က သူ့ရှေ့ကဖြတ်လျှောက်သွားပြီး ကင်မရာကို တိုက်ရိုက်အပြည့်ကွယ်သွား၏။ ထိုယောက်ျားကြီးက ရှေးခေတ်ဝတ်စုံတိုဝတ်ထားပြီး မျက်နှာက ဓားနဲ့ထွင်းထားသလို၊ မျက်ခုံးထူထူ မျက်လုံးပြူးကြီးနဲ့ ကြည့်ရတာ ရိုးသားတဲ့ပုံစံပဲ။

အဲ့သန်မာတဲ့ကြွက်သားတွေကို ကြည့်ပြီး သတင်းထောက်မရဲ့မျက်နှာလေး နီရဲသွား၏။ နောက်ပြီး သူ့မျက်နှာကိုကြည့်တော့ သတင်းထောက်မရဲ့မျက်လုံးထဲမှာ အလင်းရောင်တွေတောင် ထွက်လာပြီး ဒေါသတွေချက်ချင်းပျောက်သွားကာ ကပ်သွားပြီး မေးလိုက်သည်။

"ရှင်လည်း ပြိုင်ပွဲဝင်ပဲလား"

"မင်းက မိန်းမလား" ယောက်ျားကြီးက သူ့ဆံပင်တိုကို ကြည့်ပြီး ပြန်မေးလိုက်၏။

သတင်းထောက်မက နေရာမှာတင် ရှက်သွားပြီး ပါးစပ်က "မိန်းမ... မိန်းမ..."

ထိုယောက်ျားကြီးက သတင်းထောက်မကို ကြည့်ပြီး ခေါင်းခါကာ "သြော်... အရူးတစ်ယောက်ကိုး"

တီဗီရှေ့မှာ လူတွေ ရယ်လွန်းလို့ သေတော့မယ်။ သတင်းထောက်မလည်း ရူးတော့မလိုဖြစ်သွားပြီ။ ဒါပေမဲ့ အလုပ်အပေါ်ထားတဲ့စိတ်ဓာတ်နဲ့ ရူးသွပ်ချင်စိတ်ကို ထိန်းချုပ်ပြီး စိတ်ထဲကဒေါသကို ဖြေလျှော့လိုက်သည်။

"မိတ်ဆွေရယ်... ကျွန်မက မိန်းကလေးပါ"

လူသန်ကြီးက ထိုစကားကြားတာနဲ့ ခြေကုန်သုတ်ပြီး ပြေးရင်းအော်ဟစ်နေလေတော့သည်။

"အမလေး... ဒီမိန်းမ ရုပ်ဆိုးလိုက်တာ..."

"အဟားဟားဟား..." နေရာမှာရှိတဲ့လူတွေနဲ့ တီဗီရှေ့ကပရိသတ်တွေရဲ့ ရယ်သံတွေက ချက်ချင်းဘဲ ပေါက်ကွဲသွားလေ၏။

ဒီလိုလူတချို့ကြောင့် ဒီအမြဲတမ်း လူမစည်တဲ့ ဒေသန္တရရုပ်သံလိုင်းက ရုတ်တရက် လူကြည့်နှုန်းထိုးတတ်သွားလေသည်။ လူတော်တော်များများက screenshot ရိုက်ပြီး ကိုယ်ပိုင်အကောက်မှာ ပြန်တင်ကြရာ တစ်ခဏအတွင်းမှာ ပြိုင်ပွဲမစခင်ကတည်းက အားလုံးမှာ ပြောစရာအကြောင်းအရာရှိသွားချေပြီ။

သတင်းထောက်မ တကယ်ရူးတော့မလိုဖြစ်သွားပြီမို့ မိုက်ခရိုဖုန်းကိုချပြီး တစ်နေရာရာမှာ တိတ်တိတ်လေးသွားနေချင်စိတ်ပေါက်လာ၏။ ဒါပေမဲ့ ဌာနမှူးက ဖုန်းဆက်လာပြီး ဘယ်လိုပဲဖြစ်ဖြစ် ဆက်ပြီးသည်းခံဖို့၊ အဲ့လိုထူးဆန်းတဲ့လူတွေကို များများရှာပြီး အင်တာဗျူးလုပ်ဖို့ မှာလိုက်သည်။

အားလုံးနှစ်ကုန်မှာ ဆုကြေးရမရက ဒီအပေါ်မှာ မူတည်နေပြီဆိုတော့ သတင်းထောက်မ ဘာပြောရမှန်းမသိတော့ဘူး။ ဒါပေမဲ့ ဆုကြေးအတွက် သူမက အံကြိတ်ပြီး အပြုံးကို အတင်းဖန်တီးလိုက်လေ၏။

"ချစ်လှစွာသောပရိသတ်များရှင့်... ခုနကလိုလူမျိုးတွေ တကယ်ပဲ အရမ်းမများလောက်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မကလည်း ရုပ်ချောတဲ့အထဲမှာ ပါပါတယ်..."

ပြောပြီးတော့ သတင်းထောက်မရဲ့မျက်လုံးတွေ တောက်ပသွားပြီး "ကြည့်... ကျွန်မဘာတွေ့လဲ။ အရမ်းချောတဲ့ ကိုရင်ငယ်လေးတစ်ပါး၊ ကြွေရုပ်လေးကျနေတာပဲ"

All Chapters