← Chapters

အကုန်မှတ်မိနေတယ်

Vol. 15 Ch. 221

အကုန်မှတ်မိနေတယ်

Vol. 15 Ch. 221

ရှောင်ထျန်းချန်က လူလိုမတ်တပ်ရပ်ပြီး ယွီဟွေးဖေးဘေးမှာ ရပ်ကာ သူ့ခွေးလက်သည်းနဲ့ ယွီဟွေးဖေးရဲ့ အပေါက်တွေကို ပိတ်ထားတဲ့ အဝတ်စလိပ်ကို ဆွဲထုတ်လိုက်ပြီး ဟီးခနဲရယ်ချလေသည်။

"ပြောရမယ်ဆိုရင် ဒီပုံစံက တော်တော်မိုက်တာပဲ။ မင်းက သရဲနက်ကို အတုခိုးနေတာလား"

သရဲနက်ရဲ့မျက်နှာမှာလည်း ချိုတွေအများကြီးရှိတာမို့ ဒီစကားကြားတော့ ယွီဟွေးဖေးဘေးကို လာရပ်ပြလေသည်။

"ညီအစ်ကိုအရင်းတွေနဲ့ တူနေပြီမလား"

"သွားစမ်းပါကွာ၊ ကျုပ်သာ ခင်ဗျားနဲ့တူရင် သေတာကမှ ကောင်းဦးမယ်" ယွီဟွေးဖေးက သူ့ကို တန်းတွန်းထုတ်လိုက်သည်။

သရဲနက်က ဟီးခနဲရယ်ပြီး "မင်းသေချင်တယ်လား။ မင်းသေချင်ရင်တောင် ညီအစ်ကိုတွေက သဘောတူမှရမှာ"

မကြာခင်မှာပဲ နွားကျောင်းသားပြန်ရောက်လာ၏။ အသားငါးပေါင်၊ နံရိုးသုံးပေါင်အပြင် ယွီရှူးသစ်ပင်အရက်နှစ်ပုလင်းပါ ပါလာသည်။

မြင်းမျက်နှာက ဓားကိုင်ပြီး အသားတွေကို ပါးပါးလေးတွေလှီးကာ မုန်ညင်းချဉ်အိုးထဲ ထည့်လိုက်သည်။ ပြီးတော့ အရက်ဖွင့်ပြီး လူတစ်သိုက်က အရက်လေးသောက်၊ မုန်ညင်းချဉ်ဟင်းရည်လေးနဲ့မြည်းရင်း လေဖောနေကြတာ တော်တော်ကို ပျော်စရာကောင်းလှသည်။ ညသန်းခေါင်ရောက်တော့ ယွီဟွေးဖေးဆီကို စုန့်ချင်းဆီက ဖုန်းဝင်လာ၏။

"နင်အခုဘယ်မှာလဲ" စုန့်ချင်းက နည်းနည်းပင်ပန်းနေတဲ့လေသံနဲ့ မေးလိုက်သည်။

ကြည့်ရတာ ရဲတစ်သိုက်ကို ဇာတ်လမ်းလိမ်ပြောရတာ၊ ပြီးတော့ ဇာတ်လမ်းကို အစအဆုံးညီအောင် ပြောရတာက သူ့အတွက်တော့ တော်တော်ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်နေသည့်ပုံပင်။

ယွီဟွေးဖေးက ဘေးက အနွေးဓာတ်ပေးထားတဲ့ကုတင်ကို ကြည့်ပြီး "အိပ်တော့မလို့ ခြေထောက်ဆေးနေတာ"

စုန့်ချင်းက သူ့နောက်က ရဲစခန်းကိုကြည့်ပြီး အံကြိတ်ကာ "နင်... နင်ငါ့ကို တစ်ယောက်တည်းပစ်ထားခဲ့ပြီး အိပ်ပျော်တယ်ပေါ့လေ"

ယွီဟွေးဖေးက မျက်နှာပြောင်တိုက်စွာနဲ့ "အိပ်ပျော်တာပေါ့ကွာ၊ နင်သာ ဖုန်းမဆက်ရင် ငါအခုဆို အိပ်မက်တောင်မက်နေလောက်ပြီ"

စုန့်ချင်းက ချက်ချင်းပဲ ဒေါသထွက်လွန်းလို့ နားထင်ကနေ မီးခိုးတွေထွက်တော့မလိုဖြစ်သွားပြီး ခြေဆောင့်ကာ "နင်တော်တော်ရက်စက်တာပဲ။ ငါသူတို့ကို အဲ့ဒီတုန်းက သတိလစ်သွားပြီး ဘာမှမသိဘူးလို့ ပြောလိုက်တယ်။ အခု ရဲတွေက သူရဲကောင်းပြည်သူကို လိုက်ရှာနေတယ်... ငါထင်တာကတော့ နင့်ကို ရှာတွေ့လောက်တယ်"

ယွီဟွေးဖေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ "ရှာပေါ့၊ တကယ်ရှာတွေ့လာရင်လည်း ငါဝန်မခံဘူး။ ကြိုက်သလိုလုပ်၊ ငါက လူလည်းမသတ်ဘူး၊ မီးလည်းမရှို့ဘူး၊ သူရဲကောင်းလုပ်တာကို အတင်းဖမ်းပြီး စစ်ဆေးလို့ရမလား"

စုန့်ချင်းလည်း စဉ်းစားကြည့်တော့ ဟုတ်တာပဲ။

"ရှောင်ကျို ကြောက်နေတယ်၊ ငါသူ့ကို သွားချော့လိုက်ဦးမယ်၊ နောက်မှ နင်နဲ့ရှင်းမယ်"

စုန့်ချင်းက ဒေါသတကြီးပြောနေပေမဲ့ သူ့လေသံထဲမှာ ကျေးဇူးတင်တဲ့အငွေ့အသက်တွေက ပိုများနေ၏။

ယွီဟွေးဖေးက ရယ်ပြီး "မလာနဲ့... မလာနဲ့။ ငါနင်တို့ကို ထမင်းကျွေးဖို့ ပိုက်ဆံမရှိဘူးနော်။ ပြီးတော့ အိမ်မြန်မြန်ပြန်တော့... အိမ်ပြန်ရောက်ရင် အေးအေးဆေးဆေးနေလို့ရပြီ"

ပြီးတော့ ယွီဟွေးဖေးက ဖုန်းချပြီး စောင်ထဲတန်းဝင်ကာ အိပ်တော့တာပဲ။ တစ်ဖက်မှာတော့ အေးစက်တဲ့လေထဲမှာ ရပ်နေတဲ့စုန့်ချင်းက ဒေါသတကြီးနဲ့ ခြေဆောင့်လိုက်တယ်။

"ဒီ... ဒီခွေးမသား၊ ဒါကိုတောင် အိပ်ပျော်နိုင်သေးတယ်၊ သူက ဝက်လား"

နောက်တစ်နေ့ ယွီဟွေးဖေးက သတင်းထဲမှာ ဘဏ်ဓားပြတိုက်မှုသတင်းတစ်ခုကို တွေ့လိုက်သည်။ တစ်စုံတစ်ယောက်က ဘဏ်ဓားပြတိုက်ပြီး ဓားစာခံဖမ်းဆီးခဲ့ပေမဲ့ ရဲတွေနဲ့ သူရဲကောင်းပြည်သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြေရှင်းနိုင်ခဲ့တယ်လို့ ဆို၏။

အပေါ်မှာ ဓားစာခံဖြစ်ခဲ့တဲ့ စုန့်ချင်းရဲ့ဓာတ်ပုံတစ်ပုံလည်းပါသည်။ သူမက ဘေးတစောင်းရှောင်နေတဲ့ပုံဖြစ်ပေမဲ့ သူ့ရဲ့လှပတဲ့ရုပ်ရည်ကိုတော့ ဖမ်းယူနိုင်ခဲ့၏။ ပြီးတော့ စုန့်ချင်းကို လူ့လောကကနေ အင်တာနက်ပေါ်ကို ဆွဲတင်ကြတော့လေသည်။ အင်တာနက်သုံးစွဲသူတွေက ဒီလောက်လှပတဲ့မိန်းကလေးကို တွေ့တော့ အားလုံးက နတ်သမီးတစ်ပါးလို အံ့ဩသွားပြီး တစ်ယောက်ချင်းစီက ချစ်မိသွားပြီလို့ အော်ဟစ်နေကြ၏။

တစ်ချိန်တည်းမှာပဲ ဒီလူတွေက ဓားပြတွေကို သုံးရက်သုံးညလုံး ဆဲဆိုကြတာဆိုရင် ဘိုးဘေးဆယ့်ရှစ်ဆက်လုံးကိုတောင် စေ့စေ့စပ်စပ် ဂရုစိုက်ပေးလိုက်ကြသည်။ အဓိကအကြောင်းအရာကတော့ သူတို့ရဲ့နတ်သမီးလေးကို နည်းနည်းလေးမှ ထိခိုက်စေခဲ့လို့ သေသင့်တယ်ဆိုတာမျိုးပဲ။ ဒီအပေါ်မှာ ယွီဟွေးဖေးက စာတစ်ကြောင်းပဲ ချန်ခဲ့သည်။

"အသုံးမကျတဲ့ကောင်တွေ ဒီကောင်မလေးက ငါ့အပိုင်ကွ။ ဓားထုတ်ကြစမ်း ယှဥ်ဖိုက်ကြမယ်"

သူက လျှောက်ပြောပြီး အချိန်ဖြုန်းနေတာသက်သက်ပဲ။ ရလဒ်ကတော့... သူ့ကို ပထမဆုံးပြန်ဖြေတာက စုန့်ချင်းပင်။

"ငါနင့်ဆီလာခဲ့မယ်..."

ယွီဟွေးဖေး နေရာမှာတင် ကြောင်သွားပြီး ဦးနှောက်ကို အမြန်အလုပ်လုပ်ခိုင်းကာ "လူမှားနေပြီထင်တယ်" လို့ ပြန်ဖြေလိုက်၏။ ပြီးတော့ ယွီဟွေးဖေးက ဖုန်းကိုသိမ်းပြီး အဝတ်စကိုင်ကာ သင်္ချိုင်းကုန်းထဲကို ပြေးဝင်သွားတော့သည်။ ခဏလေးသုတ်သင်ပြီးတာနဲ့ ဖုန်းက တုန်ခါလာ၏။

သူကောက်ကိုင်ကြည့်လိုက်တော့ တစ်ယောက်ယောက်က အော်ဒါတင်သွားခြင်းပင်။ အော်ဒါတင်တဲ့လူကို ကြည့်လိုက်တော့ စုန့်ချင်းပဲ။ ယွီဟွေးဖေး ခေါင်းကြီးသွား၏။ စုန့်ချင်းက သူ့ရဲ့သာမန်လူနဲ့မတူတဲ့နေရာကို မြင်သွားတဲ့လူဖြစ်၏။ ယွီဟွေးဖေးက သူ့ကို ဘယ်လိုရှင်းပြရမလဲဆိုတာကို မသိတော့ချေ။ ဒါပေမဲ့ နောက်ဆုံးတော့ ယွီဟွေးဖေးက ခေါင်းခါပြီး စဉ်းစားမနေတော့ပေ။

နေ့လယ်ရောက်ချိန် သူမှန်ကြည့်လိုက်တော့ ခေါင်းပေါ်ကဒဏ်ရာတွေက အကုန်ကျက်သွားပြီ။ အမာရွတ်နည်းနည်းကျန်နေပေမဲ့ သိပ်မသိသာတော့ရာ သူချက်ချင်းပဲ စိတ်အေးသွား၏။

ညနေစောင်းတော့ တံခါးခေါက်သံကြားလိုက်ရသည်။ တံခါးဖွင့်ကြည့်လိုက်တော့ စုန့်ချင်းက ခရီးဆောင်သေတ္တာဆွဲပြီး တံခါးဝမှာရပ်ကာ သူ့ရှေ့က ပြုံးပြုံးရွှင်ရွှင်နဲ့ လူငယ်ကို စိုက်ကြည့်နေ၏။

"ကြည့်... သေချာကြည့်... မှန်ဘီလူးတစ်ခုပါပေးရဦးမလား"

သူက တန်းရှေ့တိုးသွားပြီး သူ့မျက်နှာကို စုန့်ချင်းရဲ့မျက်နှာနဲ့ ကပ်တော့မလိုဖြစ်သွားရာ စုန့်ချင်းက နောက်ဆုတ်ပြီး "နင်က... ဝူလ်ဗာရင်းလား"

ယွီဟွေးဖေးက သူ့ကို မျက်ဖြူလှန်ပြပြီး "ဝူလ်ဗာရင်းဟုတ်လား၊ ငါထင်တာကတော့ ဒက်ပူးလ်ရဲ့စွမ်းရည်က ပိုမိုက်တယ်"

"တကယ်လား"

ယွီဟွေးဖေးက ရယ်ပြီး "နင်က တကယ်ယုံနေတာလား။ ငါနင့်ကို ပြောပြီးပြီလေ ဒါက မျက်လှည့်တစ်ခုပါပဲလို့။ ပြောရရင်တော့ ရိုးရာမျက်လှည့်ပညာပေါ့၊ နားလည်လား... ပိုရိုးရှင်းအောင်ပြောရရင်တော့ မက်ဂျစ်ပဲ"

စုန့်ချင်းက ယွီဟွေးဖေးကို သံသယမျက်လုံးနဲ့ ကြည့်ပြီး "ငါမယုံဘူး"

"မင်းကြိုက်သလိုယုံ၊ မယုံရင်လည်း ငါတတ်နိုင်တာမရှိဘူး။ ဝင်လာခဲ့... ကိုယ့်အိမ်ရောက်ပြီဆိုတော့ အေးအေးဆေးဆေးနေ။ ဘယ်လိုပဲပြောပြော နင်က ငါတို့ရှို့လင်ရဲ့ ပထမတန်းစားရှုခင်းသာနေရာကို ရောက်လာတာပဲ"

"ရှုခင်းသာနေရာလား"

စုန့်ချင်းက ရှို့လင်အကြောင်း သိပ်မသိဘူးဟန်တူသဖြင့် ယွီဟွေးဖေး ဆက်ရှင်းပြသည်။

"ဟုတ်တယ်လေ၊ ရှို့လင်ရွာရဲ့ ပထမတန်းစားရှုခင်းသာနေရာဖြစ်တဲ့ သင်္ချိုင်းကုန်းပေါ့။ နောက်ဘက်မှာ အကုန်သင်္ချိုင်းကြီးတွေပဲ။ ညသန်းခေါင်မှာ နှစ်ပတ်လောက်လျှောက်ကြည့်ရင် တော်တော်လန်းဆန်းစေသလို ကစားလို့ကောင်းတယ်..."

"@#¥..."

အဲ့ဒီအချိန်မှာပဲ စုန့်ချင်းက ယွီဟွေးဖေးရဲ့မျက်လုံးတွေက သူ့လက်ပေါ်မှာ ကလယ်ကလယ်လုပ်နေတာကို တွေ့တော့ "နင်ဘာကြည့်နေတာလဲ" လို့ မေးလိုက်၏။

"ငါစဉ်းစားနေတာက နင့်အဘိုးကိုလာတွေ့တာ လက်ဗလာကြီးနဲ့ လာတာလားလို့ပေါ့လေ"

"@#¥..."

"ရှိတယ်... နောက်မှပေးမယ်"

စုန့်ချင်းက အသက်ပြင်းပြင်းရှူပြီး ပြောလိုက်ချိန် ယွီဟွေးဖေး လက်ခုပ်တီးရင်း "မြေးမကောင်းလေးပဲကိုး"

"ငါပြောဖူးတယ်နော်... အပြင်မှာ ဒီဆက်ဆံရေးအကြောင်း မပြောပါနဲ့လို့"

"ကောင်းပြီလေ... မြေးမလေး"

"နင်... နင်နည်းနည်းလောက် တည်တည်ငြိမ်ငြိမ်နေလို့မရဘူးလား"

ယွီဟွေးဖေးက တည်တည်ငြိမ်ငြိမ်နဲ့ ခေါင်းညိတ်ပြီး "ရပါတယ် မြေးမလေရဲ့"

စုန့်ချင်း လုံးဝစကားမပြောနိုင်တော့ဘူး။ သူနားမလည်တာက သူဘာဖြစ်လို့ ဒီလူယုတ်မာကို လာတွေ့ရတာလဲ။ ဒါက ကိုယ့်ဘာသာကိုယ် ဒုက္ခရှာတာမဟုတ်လား။

ခရီးဆောင်သေတ္တာကို နေရာချပြီးတော့ စုန့်ချင်းက ထွက်လာပြီး ယွီဟွေးဖေးကို ရှာတွေ့တော့ ပါးစပ်မဟရသေးခင်မှာပဲ ယွီဟွေးဖေးက လက်ကမ်းပေးပြီး "ပစ္စည်းရော"

စုန့်ချင်းက တကယ်ပဲ ယွီဟွေးဖေးရဲ့လက်ကိုဆွဲပြီး ပခုံးပေါ်ကနေ ပစ်ချချင်စိတ်ပေါက်သွား၏။ ဒါပေမဲ့ နောက်ဆုံးတော့ အိတ်ကပ်ထဲကနေ ဘူးသေးသေးလေးတစ်ဘူးထုတ်ပြီး ယွီဟွေးဖေးကို ပေးလိုက်သည်။

"ဒါက ရှောင်ကျိုက နင့်အတွက်လက်ဆောင်ပေးတာ"

ယွီဟွေးဖေးက ရှောင်ကျိုရဲ့နာမည်ကြားတော့ ဖွင့်မကြည့်တော့ဘဲ "ရှောင်ကျိုဘယ်လိုနေလဲ။ ကြောက်မသွားဘူးမလား"

"ကြောက်သွားတယ်... တစ်ညလုံးချော့မှ သက်သာသွားတာ။ ငါချူယွီကို သူ့အိမ်ပြန်လိုက်ပို့ခိုင်းလိုက်ပြီ..."

ယွီဟွေးဖေးက ခေါင်းညိတ်ပြီး "ပြန်တာလည်းကောင်းပါတယ်၊ အိမ်က ဘေးကင်းတယ်"

စုန့်ချင်းကလည်း ခေါင်းညိတ်ပြီး နောက်ထပ်ဘူးသေးသေးလေးတစ်ဘူးထုတ်ကာ "နင့်အတွက်လက်ဆောင်"

"ဒါက" ယွီဟွေးဖေးက ယူပြီး ဖွင့်ကြည့်လိုက်တော့ ကြောင်သွား၏။

"ဘဏ်ကတ်၊ စကားဝှက်က ငါ့မွေးနေ့"

ယွီဟွေးဖေးက ခေါင်းကုတ်ပြီး "မင်းငါ့ကို ကတ်ပေးတာ ဘာလုပ်ဖို့လဲ"

"နင်ဆင်းရဲတယ်မဟုတ်လား။ အထဲမှာ ယွမ်သုံးသောင်းပါတယ်ဆိုတော့ နင်ခဏလောက်သုံးဖို့ လောက်လောက်ငှငှရှိသင့်တယ်"

ယွီဟွေးဖေး စကားမပြောနိုင်တော့ဘူး၊ ပြီးတော့ ဖြည်းဖြည်းချင်းထရပ်ကာ မျက်လုံးတွေက တဖြည်းဖြည်း တည်ငြိမ်လာပြီး စုန့်ချင်းရဲ့မျက်လုံးတွေကို စိုက်ကြည့်နေ၏။

စုန့်ချင်းက ယွီဟွေးဖေးရဲ့အကြည့်ကြောင့် နည်းနည်းကြောက်သွားပြီး မျက်မှောင်ကြုတ်ကာ စိတ်ထဲမှာ ‘ငါဒီလိုလုပ်တာ သူ့မာနကို ထိခိုက်သွားလို့လား။ ဒါပေမဲ့ ငါတခြားဘာရည်ရွယ်ချက်မှမရှိဘူး၊ သူ့ကိုကူညီပြီး ကျေးဇူးတင်ချင်ရုံသက်သက်ပါ...’

ရလဒ်ကတော့ ယွီဟွေးဖေးက တည်တည်ငြိမ်ငြိမ်နဲ့ တစ်လုံးချင်း "မင်းမွေးနေ့က ဘယ်နေ့လဲ" လို့ မေးလိုက်တာပင်။

စုန့်ချင်းက မသိစိတ်နဲ့ "၁၉၉၈ ခုနှစ်၊ ဇွန်လ ၁၇ ရက်"

ယွီဟွေးဖေးက ခေါင်းညိတ်ပြီး လှည့်ထွက်ကာ ဟားတိုက်ရယ်ပြီး "သွားစို့... အဘိုးက မြေးလေးကို ထမင်းကျွေးမယ်၊ အကောင်းစားတွေကျွေးမှာနော်"

ဂုဏ်ယူဝံ့ကြွားနေတဲ့ ယွီဟွေးဖေးရဲ့ကျောပြင်ကို ကြည့်ပြီး စုန့်ချင်းက ခေါင်းမော့ကာ ကောင်းကင်ကို ကြည့်ပြီး တိုးတိုးလေး ရေရွတ်မိလိုက်၏။

"ဒီလူယုတ်မာကို မိုးကြိုးပစ်သတ်ပစ်လို့မရဘူးလား"

ထမင်းစားတဲ့နေရာကတော့ အစ်မဝူရဲ့ဆိုင်မှာပင်။ သုံးပေါင်လေးတဲ့ ငါးခူကြီးတစ်ကောင်၊ ဘီယာနှစ်ပုလင်း၊ အချဉ်တည်ထားတဲ့ဟင်းရွက်နှစ်ပွဲ။ ယွီဟွေးဖေးက စားလိုက်တာ ပါးစပ်မှာ ဆီတွေပေလို့...။ စုန့်ချင်းက အိုးထဲကငါးကို ကြည့်ပြီး အစပိုင်းမှာ မစားသေးဘူး။ ဒါပေမဲ့ တစ်လုပ်မြည်းကြည့်လိုက်တော့ မျက်လုံးတွေတောက်ပသွားပြီး သူလည်း ခေါင်းငုံ့စားတော့တာပဲ။

စားသောက်ပြီးတော့ ယွီဟွေးဖေးက "ရှောင်ကျိုပေးတာလည်း ကတ်ပဲလား"

စုန့်ချင်းက ခေါင်းခါပြီး "ကိုယ်တိုင်ဖွင့်ကြည့်လိုက်ရင် သိမှာပေါ့"

ယွီဟွေးဖေးက ဖွင့်ကြည့်လိုက်တော့ အထဲမှာ အဝါရောင်အဆောင်လက်ဖွဲ့တစ်ခု။ "အဆောင်လက်ဖွဲ့ကြီးလား"

စုန့်ချင်းက ခေါင်းညိတ်ပြီး "ဒါက ရှောင်ကျိုမွေးတုန်းက အဘွားက သူ့အတွက်တောင်းပေးထားတာ။ ကိုယ်နဲ့မကွာ အကြာကြီးဆောင်ထားတာလေ၊ နင့်ကိုပေးလိုက်တာက နင်ဘေးကင်းစေချင်လို့တဲ့"

"နောက်မှ ရှောင်ကျိုကို ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါ" ယွီဟွေးဖေးကလည်း ခေါင်းညိတ်ပြီး အဆောင်လက်ဖွဲ့ကို ရက်ရက်ရောရောပဲ လည်ပင်းမှာဆွဲလိုက်သည်။ ပြီးနောက် ယွီဟွေးဖေးက အသံကိုနှိမ့်ပြီး...

"ဟေး... နင်သူ့ကို အကုန်ပြောလိုက်တာတော့ မဟုတ်ဘူးမလား"

စုန့်ချင်းက ခေါင်းခါပြီး "ငါက နင်ဓားပြသုံးပုံစံဟန်ဆောင်ပြီး အရေးကြီးတဲ့အချိန်မှာ ငါ့ကိုကယ်ထုတ်ခဲ့တယ်လို့ပဲ ပြောလိုက်တာ။ နင်အဲ့တုန်းက ငါနဲ့သူ့အတွက် ကျည်ဆံတစ်တောင့်ကာပေးခဲ့တော့ အဲ့ကောင်မလေးက နင့်ကို အကြွေးတင်နေတယ်လို့ ခံစားနေရတာ။ ကြောက်လန့်ပြီး သတိမေ့မသွားရင် သူလည်း လိုက်လာမှာပဲ"

ယွီဟွေးဖေးက ခေါင်းညိတ်ပြီး "ကြောက်နေရင်တော့ မလာတာကောင်းပါတယ်။ ငါ့နောက်ဘက်မှာ အကုန်သင်္ချိုင်းကုန်းတွေဆိုတော့ သူ့ကို ထပ်ကြောက်အောင်လုပ်မိမှာစိုးတယ်"

အရက်သုံးခွက်လောက်သောက်ပြီးတော့ စုန့်ချင်းက ရုတ်တရက်ခေါင်းမော့လာပြီး အသံတိုးတိုးနဲ့ "ငါအခုတလော အိပ်မက်တစ်ခု ခဏခဏမက်တယ်၊ အိပ်မက်ထဲမှာ ငါငရဲပြည်ကို ရောက်သွားတယ်တဲ့..."

ကတောက်...

ယွီဟွေးဖေးရဲ့လက်ထဲက တူက စားပွဲပေါ်ပြုတ်ကျသွားပြီး ချောင်းခြောက်တစ်ချက်ဆိုးကာ "ဘာ... ဘာအိပ်မက်လဲ"

စုန့်ချင်းက ယွီဟွေးဖေးကို စိုက်ကြည့်နေ၏။ အဲ့မျက်လုံးလေးတွေက ယွီဟွေးဖေးကို ဖောက်ထွင်းမြင်တော့မလိုပင်။ ယွီဟွေးဖေးရဲ့စိတ်ထဲမှာလည်း တလှပ်လှပ်ဖြစ်နေသည်။ သူအဲ့တုန်းက စုန့်ချင်းကို နကျယ်ကောင်ရဲ့ရေတိုက်၊ သစ်သီးကျွေးမိတာကို နောင်တရနေပြီ၊ ဒါက တကယ်အစွမ်းပြနေပြီပဲ။

"ငါ့အိပ်မက်ထဲမှာ ရှောင်ကျိုနဲ့အတူ ငရဲပြည်ကို ရောက်သွားပြီးတော့ နင့်ကိုလည်းတွေ့တယ်။ နင်က ငါတို့ကို ထမ်းစင်ပေါ်တင်ပြီး သန်မာတဲ့ဝိညာဉ်နှစ်ကောင်ကို ထမ်းခိုင်းပြီး မြစ်ဝါမြစ်ကို ဖြတ်ကူးခဲ့တယ်...။ ပြီးတော့ လမ်းအဆုံးမှာ မြို့ကြီးတစ်မြို့ရှိပြီး မြို့တံခါးဝမှာ ငရဲစစ်သည်တွေက ကင်းစောင့်နေတဲ့အပြင် အစောင့်တပ်မှူးတစ်ယောက်ရှိတယ်။ သူက ငရဲသူရဲဆယ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ နကျယ်ကောင်ထင်တယ်။ သူက နင့်ကို သိပုံပဲ..."

ဒီအထိကြားတော့ ယွီဟွေးဖေးရဲ့နဖူးကနေ ချွေးတွေစို့ထွက်လာပြီ။ အခုအချိန်ရောက်တော့ ယွီဟွေးဖေး သေချာသွားပြီ၊ အဲ့ရေနဲ့သစ်သီးတွေက တကယ်ကို အစွမ်းပြနေပြီပဲ။ ဒါပေမဲ့ ယွီဟွေးဖေးကတော့ မလှုပ်မယှက်နဲ့ တည်ငြိမ်စွာနားထောင်နေတယ်။ သူက စုန့်ချင်း ဘယ်လောက်တောင် မှတ်မိသေးလဲဆိုတာကို သိချင်နေတယ်လေ။

"နင်တို့က ညီအစ်ကိုတွေလိုပဲ၊ နောက်တော့ ကျုံးကွေကိုလည်း တွေ့တယ်၊ ငါတို့ကို သေရာကနေ ပြန်ရှင်အောင်လုပ်ပေးနိုင်တယ်လို့ ပြောတယ်။ ငါဒါပဲ မှတ်မိတော့တယ်... နင်ပြောကြည့် ဒါက အိပ်မက်လား ဒါမှမဟုတ် တကယ်လား"

ယွီဟွေးဖေးက ချောင်းခြောက်ဆိုးပြီး "အိပ်မက်ပေါ့ကွာ၊ လက်တွေ့မှာ နင်မှမသေတာ။ နင်သာသေရင် ငါနဲ့ဒီမှာ ငါးလာစားနေနိုင်ပါ့မလား"

စုန့်ချင်းလည်း စဉ်းစားကြည့်တော့ ဟုတ်တာပဲ၊ ပြီးတော့ ခေါင်းခါပြီး "ငါလည်း အိပ်မက်လို့ပဲ ထင်ပါတယ်၊ ဒါပေမဲ့ အဲ့အိပ်မက်က တကယ်ကို တကယ်လိုပဲ။ ပြီးတော့ ရှောင်ကျိုလည်း ဒီလိုအိပ်မက်မျိုး မက်တယ်"

ကတောက်...

ယွီဟွေးဖေးရဲ့တူက စားပွဲပေါ်ထပ်ပြုတ်ကျသွားပြန်ပြီ၊ စိတ်ထဲမှာ တော်တော်ကို အူသွား၏။ စုန့်ချင်းက အကြမ်းဖျင်းမှတ်မိပေမဲ့ အသေးစိတ်ကို မမှတ်မိတော့ဘူးဆိုတော့ သူလိမ်လို့ရသေးသည်။ ဒါပေမဲ့ တစ်ယောက်တည်း ဒီလိုအိပ်မက်မက်ရင် လိမ်ပြောလို့ရပေမဲ့ နှစ်ယောက်လုံးတစ်ချိန်တည်းမှာ တူညီတဲ့အိပ်မက်မက်၊ ရှုထောင့်ကလည်းမတူဘူး၊ ဒါကို လိမ်ပြောလို့ရဦးမလား။

"နင်ဘာဖြစ်တာလဲ"

စုန့်ချင်းက မေးလိုက်ရာ ယွီဟွေးဖေးက "ဘာမှမဖြစ်ပါဘူး၊ မူးသွားလို့။ ဒါနဲ့ နင်အိပ်မက်အကြောင်းပြောမှ ငါလည်းပြောရဦးမယ်။ ငါလည်း အဲ့လိုအိပ်မက်မျိုးမက်တယ်"

ယွီဟွေးဖေးက ပြောရင်းဆိုရင်း စိတ်ထဲမှာ အသည်းအသန်စဉ်းစားပြီး ဇာတ်လမ်းဆင်နေတော့သည်။ တကယ်ပဲ စုန့်ချင်းက အံ့ဩတကြီးနဲ့ "နင်လည်း အဲ့လိုအိပ်မက်မျိုးမက်တာလား"

ယွီဟွေးဖေးက ခေါင်းညိတ်ပြီး "မက်တယ် တစ်ပုံစံတည်းပဲ။ ဒါပေမဲ့ ငါ့မှာ နောက်ဆက်တွဲရှိသေးတယ်... ငါက ကျုံးကွေကိုတွေ့ရုံတင်မကဘူး၊ သရဲဖြူ၊ သရဲနက်၊ နွားခေါင်း၊ မြင်းမျက်နှာတို့ကိုပါ ငါ့အိမ်ကိုခေါ်သွားတယ်။ ပြီးတော့ ငါ့သရဲနတ်တည်းခိုခန်းက တကယ့်သရဲနတ်တည်းခိုခန်းဖြစ်သွားပြီး စီးပွားရေးတွေအရမ်းကောင်းကာ ဆင်းရဲတွင်းကနေလွတ်၊ သူဌေးသမီးချောချောလေးကိုယူပြီး ဘဝရဲ့အထွတ်အထိပ်ကို ရောက်သွားတာပေါ့"

"ထွီး..." စုန့်ချင်းက တံတွေးထွေးပြီး "မျက်နှာပြောင်တိုက်မနေနဲ့ ထမင်းစားတော့"

ယွီဟွေးဖေးက ဒါကိုမြင်တော့ သူလိမ်ညာတာ အောင်မြင်သွားပြီဆိုတာ သိလိုက်၏။ သူသာ အတင်းငြင်းပြီး တိုက်ဆိုင်မှုလို့ပြောရင် စုန့်ချင်းက သူ့ကိုမယုံလောက်ဘူး။ ဒါပေမဲ့ သူက သူ့အတွေးအတိုင်းလိုက်ပြီး လျှောက်ပြောလိုက်တော့ ပိုပြီး လွယ်လွယ်ကူကူကျော်ဖြတ်နိုင်ခဲ့သည်။

ဒါပေမဲ့ ယွီဟွေးဖေးလည်း သိလိုက်၏။ စုန့်ချင်းက ဒီအိပ်မက်ကို လွယ်လွယ်နဲ့မေ့မှာမဟုတ်ဘူး။ အနည်းဆုံးတော့ သူ့စိတ်ထဲမှာ ခုနစ်ပိုင်း၊ ရှစ်ပိုင်းလောက် ယုံကြည်နေလောက်ပြီ။ အခုက မပြောချင်တော့လို့ပဲ။ ယွီဟွေးဖေးကလည်း သူယုံမယုံကို ဂရုမစိုက်ဘူး၊ သူ့ကို လိုက်မမေးရင်ပြီးရော။ နှစ်ယောက်သား ထမင်းစားပြီးတော့ အတူတူပြန်လာခဲ့ကြတယ်။

မပြန်ခင်မှာ ယွီဟွေးဖေးက ငါးနည်းနည်းလောက် ပါဆယ်ထုပ်သွားသေး၏။ အားလုံးပေါင်း ဆယ်ပေါင်လောက်ရှိသည်။ ယွီဟွေးဖေး ဒီလောက်ငါးတွေအများကြီးဝယ်တာကို မြင်တော့ စုန့်ချင်းက စပ်စုလေသည်။

"ဒီလောက်အများကြီး ဘာလုပ်မလို့လဲ"

ယွီဟွေးဖေးက သူဌေးပေါက်စလို ရယ်ပြီး "ပိုက်ဆံရှိပြီလေ၊ ငါးနည်းနည်းဝယ်ပြီး ခွေးကျွေးမလို့"

စုန့်ချင်းရဲ့မျက်နှာက ချက်ချင်းမည်းသည်းသွား၏။ အဲ့တစ်ခဏမှာ သူတကယ်ပဲ ယွီဟွေးဖေးကို ပိုက်ဆံပေးမိတာကို နောင်တရသွားသည်။ ဒီကောင်ရဲ့စိတ်ဓာတ်နဲ့ဆိုရင် ဘယ်လောက်ပိုက်ဆံရှိရှိ သူ့အတွက် မလောက်ငှဘူး။

အိမ်ပြန်ရောက်တော့ ယွီဟွေးဖေးက စုန့်ချင်းကို အနားယူဖို့ နေရာချပေးပြီး သူက နောက်ခြံကို ပြေးသွားကာ တံခါးအကြီးကြီးကို ပိတ်ပြီး လူတစ်သိုက်ကို "ထမင်းစားကြမယ်" လို့ အော်ခေါ်လိုက်သည်။

လူတစ်သိုက်ကတော့ နောက်ခြံမှာ ထမင်းမစားရဲဘူး၊ သုံးထပ်ကိုပြေးတက်ပြီး အိုးအကြီးကြီးတစ်လုံးတည်ကာ ချက်ပြုတ်တော့တာပဲ။

နောက်တစ်နေ့ မိုးလင်းကာစမှာ ယွီဟွေးဖေး စောစောထ၏။ သူကိုယ်တိုင် စောစောထတာမဟုတ်ချေ။ ဖုန်းက အဆက်မပြတ်မြည်နေလို့ပင်။

ကောက်ကိုင်ကြည့်လိုက်တော့ ယွီဟွေးဖေး တန်းကြောင်သွား၏။ အကုန်လုံးက အော်ဒါတွေချည်းသာ။ ကြည့်လိုက်တော့ အကုန်လုံးက ယောက်ျားတွေချည်းပဲ တင်ထားခြင်းပင်။ သူက အင်တာနက်ပေါ်မှာ အခန်းသုံးခန်းပဲ တင်ထားတာမို့လို့ အခု စုန့်ချင်းက တစ်ခန်းတည်းနေတော့ နှစ်ခန်းပဲကျန်တော့သည်။ အဲ့နှစ်ခန်းက မနက်စောစောကတည်းက ကြိုတင်မှာယူပြီးသွားပြီ၊ ကျန်တာတွေက မှတ်ချက်တွေချည်းပဲ။

အကြောင်းအရာကတော့ အကြမ်းဖျင်းအားဖြင့် ဒီလို။

"သူဌေး... အခန်းကျန်သေးလား"

"သူဌေး... နတ်သမီးလေးက ခင်ဗျားဆီမှာ တည်းနေတယ်ဆို။ အခန်းရှိသေးလား... ဘာအခန်းဖြစ်ဖြစ်ရပါတယ်။ ထင်းထားတဲ့အခန်းလည်းရပါတယ်။ ပိုက်ဆံက အရေးမကြီးဘူး၊ အဓိကက နတ်သမီးလေးရှိနေဖို့ပဲ"

All Chapters