← Chapters

မာရသွန်ပြေးပွဲ

Vol. 15 Ch. 224

မာရသွန်ပြေးပွဲ

Vol. 15 Ch. 224

သေချာကြည့်လိုက်တော့ အောင်မလေး... ကျန်တဲ့လေးယောက်ကလည်း လူမည်းတွေပဲ။

ယွီဟွေးဖေး အမြဲတမ်းသိထားတာက လူမည်းတွေက အရမ်းစည်းလုံးကြတယ်။ ပြဿနာတက်ရင် ပိုပြီးတော့တောင် ကိုယ့်လူကိုပဲ ဘက်လိုက်တတ်ကြတယ်။ အမှန်တရားကို ကြည့်လေ့မရှိဘူး၊ ဒီအကျင့်က ကောင်းတယ်ဆိုးတယ်ပြောလို့မရဘူး၊ ဘာလို့လဲဆိုတော့ ဒါက သူတို့ရဲ့စည်းလုံးမှုပြယုဂ်တစ်ခုပဲလေ။

ဒါပေမဲ့ အခုအချိန်မှာတော့ စည်းလုံးပြီး သူ့ကိုလာရိုက်ကြတော့မှာဆိုတော့ သူရုတ်တရက် ဒီလိုစည်းလုံးတာလည်း သိပ်မကောင်းဘူးလို့ ထင်မိသွားတယ်။ ဘာပဲဖြစ်ဖြစ် ဒါက စုပေါင်းပြီး အသေခံမယ့်ပုံစံမျိုး ဖြစ်နေတာကိုး။

ဒါက လမ်းကြားအပိတ်တစ်ခု၊ ယွီဟွေးဖေးတို့လည်း ပြေးစရာနေရာမရှိတော့ဘူး။ သူတို့ထဲက လူမည်းတစ်ယောက်က ဘာပြောလိုက်လဲမသိဘူး။ ဘာပဲဖြစ်ဖြစ် ခြောက်ယောက်လုံးက တုတ်တွေဆွဲပြီး ပြေးတက်လာကြပြီ။

ယွီဟွေးဖေးက ချက်ချင်းခေါင်းငုံ့ပြီး အုတ်ခဲရှာတော့တယ်။ သူအမြဲတမ်းယုံကြည်ထားတာက လက်သီးဘယ်လောက်ပဲမာမာ လက်ထဲမှာ အုတ်ခဲရှိတာလောက်မကောင်းဘူး။

တစ်ချိန်တည်းမှာပဲ ယွီဟွေးဖေးက စုန့်ချင်းရှေ့မှာ ကာရပ်လိုက်တယ်။ စုန့်ချင်းရဲ့သိုင်းပညာကလည်း မြင့်မှန်းသိပေမဲ့ ဘယ်လိုပဲပြောပြော သူက မိန်းကလေးပဲလေ။ ဂရုစိုက်ပေးရမှာပေါ့။

အဲ့ဒီအချိန်မှာပဲ ချန်ယိုတောက်က လက်ထဲကအရက်ပုလင်းကို ဆွဲကိုင်ပြီး ဟမ့်ခနဲတစ်ချက်အော်ကာ လက်ငါးချောင်းနဲ့ အားကုန်ညှစ်လိုက်၏။

ခွမ်း...

အရက်ပုလင်းက သူ့လက်ထဲမှာတင် ကွဲကြေသွားသည်။ အဲ့ဒီအချိန်မှာ ယွီဟွေးဖေးလည်း အုတ်ခဲတွေ့သွားပြီး သူလက်မပါရသေးခင်မှာပဲ ချန်ယိုတောက်က သူ့လက်ထဲကအုတ်ခဲကို ဆွဲလုပြီး လက်တစ်ဖက်နဲ့ ရိုက်ချလိုက်တော့ အုတ်ခဲက နှစ်ပိုင်းကျိုးသွား၏။

"သောက်ကျိုးနည်း... ဒါငါ့လက်နက်လေကွာ"

ဒါပေမဲ့ နောက်တစ်ခဏမှာ ယွီဟွေးဖေးမြင်လိုက်ရတာက ပြေးလာတဲ့လူမည်းတွေက ဒီမြင်ကွင်းနှစ်ခုကိုတွေ့ပြီးနောက် သူတို့နှစ်ယောက်ကို စိုက်ကြည့်နေတဲ့အကြည့်တွေက ချက်ချင်းလွှဲသွားပြီး သူတို့နှစ်ယောက်နောက်ကို ကြည့်ကာ တုတ်တွေကိုမြှောက်ပြီး သူတို့ဘေးကနေ ဖြတ်ပြေးသွားကြသည်။ ပြီးတော့ တကယ်ပဲ လမ်းလျှောက်ထွက်လာသလိုမျိုး လမ်းကြားထဲမှာ တစ်ပတ်ပတ်ပြီး ပြန်ပြေးထွက်သွားကြပြီး မကြာခင်မှာပဲ အရိပ်အယောင်တောင်မမြင်ရတော့ချေ။

ဒီမြင်ကွင်းကြောင့် ယွီဟွေးဖေးခမျာ ပါးစပ်အဟောင်းသွားဖြစ်သွားလေသည်။

ချန်ယိုတောက်က ရယ်ပြီး "အရင်ကတည်းက ငါကြားဖူးထားတယ်။ ဒီကောင်တွေက ကြည့်ရတာ မြက်ခင်းပြင်ပေါ်က ခြင်္သေ့ကြီးတွေလိုပဲ။ တကယ်တော့ သူတို့က မြက်ခင်းပြင်ပေါ်က ဒရယ်တွေ။ အနိုင်မတိုက်နိုင်ဘူးဆိုတာသိရင် ဘယ်သူ့ထက်မဆို ပိုမြန်မြန်ပြေးတယ်။ ဒါလည်း မြက်ခင်းပြင်ကြီးက သူတို့ကို သင်ပေးလိုက်တဲ့ အသက်ဆက်ရှင်ရေး ယဉ်ကျေးမှုပဲနေမှာပေါ့။ ဘာပဲဖြစ်ဖြစ် အနိုင်မတိုက်နိုင်တဲ့ပြိုင်ဘက်နဲ့တွေ့ရင် အရှုံးပေး၊ ထွက်ပြေးတာက အကောင်းဆုံးရှင်သန်နည်းပဲလေ"

ယွီဟွေးဖေးလည်း စဉ်းစားကြည့်တော့ ဟုတ်တာပဲ။ အရင်က အဲ့လူမည်းကို သတ္တိမရှိဘူးလို့ နည်းနည်းအထင်သေးမိသေးတယ်။ ဒါပေမဲ့ ဒီလိုစဉ်းစားလိုက်တော့ သူတို့ကိုလည်း အပြစ်တင်လို့မရတော့ဘူး။ ဘာပဲဖြစ်ဖြစ် သူတို့ငယ်ငယ်ကတည်းက ထိတွေ့ခဲ့တဲ့ယဉ်ကျေးမှုက ဒီလိုပဲ သဘာဝတရားအောက်မှာ ကိုယ့်ကိုယ်ကိုအသက်ဆက်ရှင်ဖို့ နည်းလမ်းပေါင်းစုံသုံးတာကလည်း ဘာမှားမှမမှားဘူး။ သူကိုယ်တိုင်လည်း မနိုင်ရင် ခြေကုန်သုတ်ပြေးတတ်တာပဲကိုး။

ရန်သူတွေပြေးသွားတော့ သုံးယောက်သားလည်း မလောတော့ဘဲ ဖြည်းဖြည်းချင်းအပြင်ထွက်ပြီး ကားမောင်းသမားတစ်ယောက်ခေါ်ကာ သုံးယောက်လုံးကို ဟိုတယ်ကိုပို့ခိုင်းလိုက်သည်။ အခန်းဖွင့်ပြီး ကိုယ့်အခန်းကိုယ်ပြန်၊ အိပ်တဲ့လူကအိပ်ပေါ့...။

နောက်နေ့မနက် ချန်ယိုတောက်က မနက်စောစော ယွီဟွေးဖေးရဲ့အခန်းတံခါးကို လာခေါက်သည်။

"ဘာဖြစ်လို့လဲ" ယွီဟွေးဖေးက သမ်းဝေပြီး မေးလိုက်၏။

ချန်ယိုတောက်က "ခုနက ချန်ပုလီကောင် ငါ့ကိုဖုန်းဆက်တယ်။ အဲ့မိန်းကလေးက ရဲတိုင်တယ်တဲ့။ ငါတို့သူ့ကိုရိုက်တယ်ဆိုပြီး တရားစွဲမယ်တဲ့..."

"အော်... ပြီးတော့ရော"

"ပြီးတော့လား... သူက ပါးစပ်ကပြောရုံနဲ့ ဘာမှအသုံးမဝင်ဘူးလေ။ အဲ့မှာရှိတဲ့လူတွေအားလုံးက သူအရက်မူးပြီး သူ့သူငယ်ချင်းတွေကိုတောင် ရိုက်လွှတ်လိုက်တယ်၊ ပြီးတော့ အားလုံးကို သံခေါင်းပြကွက်ပြမလို့တဲ့။ အရက်ပုလင်းတစ်လုံးနဲ့ သူ့ခေါင်းသူခေါက်ပြီး သတိလစ်သွားတာတဲ့။ ကြားထဲမှာ ဆိုင်ကအရက်ပုလင်းတချို့တောင် ခွဲပစ်လိုက်သေးဆိုပြီး ပြောလိုက်သေးတယ်..."

ဒီအထိပြောပြီးတော့ ချန်ယိုတောက်က မရယ်ဘဲမနေနိုင်တော့ဘူး။ "ချန်ပုလီက အားလုံးသောက်တဲ့အရက်ဖိုးကို သူ့ခေါင်းပေါ်ပုံချလိုက်တယ်။ သူက မျက်စိပသာဒဖြစ်အောင် အားလုံးကို ဒကာခံတာတဲ့... အခု သူအဲ့မှာ ငွေရှင်းနေတုန်းပဲ၊ တော်တော်လေးလျော်ရမယ့်ပုံပဲ"

ယွီဟွေးဖေး ကြားတာနဲ့ ချက်ချင်းပျော်သွားပြီး "ဟား... ချန်ပုလီက တော်တော်မျက်နှာပြောင်တိုက်တာပဲ။ ဘယ်လိုလုပ်ပြီး ဒီလိုလုပ်ရတာလဲ။ နောက်တစ်ခါ ၊ ငါတို့စားစရိတ်ကိုပါ ထည့်တွက်ဖို့ သူ့ကိုသတိပေးလိုက်ဦး"

ဒီစကားကြားတော့ ချန်ယိုတောက်က ရယ်ပြီး "မင်းက တကယ်ကို အရှက်မရှိဘူးပဲ"

ယွီဟွေးဖေးက ခေါင်းမော့ပြီး လက်အုပ်ချီကာ "အတူတူပါပဲ"

အဲ့ဒီအချိန်မှာ စုန့်ချင်းလည်း နိုးလာပြီ။ နှစ်ယောက်သားက အကြောင်းစုံကို သူ့ကိုပြောပြတော့ ဒီကောင်မလေးက ရယ်လွန်းလို့ မျက်ရည်တွေတောင်ထွက်လာ၏။

"တကယ်ကို လူတူချင်းပေါင်းတာပဲ။ ဒီကမ္ဘာပေါ်က မျက်နှာပြောင်တိုက်တဲ့လူတွေအားလုံးကို နင်တို့စုစည်းထားသလား အောက်မေ့ရတယ်"

ယွီဟွေးဖေးလည်း ရယ်လိုက်၏။ သူကတော့ မျက်နှာပြောင်တိုက်တပ်မတော်တစ်ခု ဖွဲ့ချင်နေတာ၊ ကံဆိုးစွာနဲ့ လူအင်အားမလုံလောက်ဘူး။ ဒါပေမဲ့ သေချာစဉ်းစားကြည့်တော့ သူ့ရဲ့အကျဉ်းထောင်မှာ လောလောဆယ် ရောက်လာတဲ့လူတွေက တစ်ယောက်မှ အရှက်ရှိတဲ့လူမရှိဘူး။ ဒီအတိုင်းသာ ဆက်သွားရင် တကယ်ပဲ မျက်နှာပြောင်တိုက်တပ်မတော်ဆိုတဲ့အောင်မြင်မှုကို ရနိုင်လောက်တယ်။ ဒီအထိတွေးပြီးတော့ ယွီဟွေးဖေးလည်း ခေါင်းကိုက်လာ၏။

လူများရင် ပါးစပ်ပေါက်များတယ်၊ နေ့တိုင်းစားသောက်နေထိုင်တာတွေက ပိုက်ဆံတွေချည်းပဲ။ ယွီဟွေးဖေး စိတ်ညစ်နေတုန်းမှာပဲ တစ်ယောက်ယောက်က လမ်းလျှောက်ရင်း ဖုန်းပြောနေတာကို ကြားလိုက်သည်။

"ဟုတ်တယ်... ဂူလင်မှာ နွေဦးကြိုမာရသွန်ပြေးပွဲ ကျင်းပမယ်။ ဟားဟား... ဒါကိုတော့ မင်းစိတ်ချ။ လုံးဝ နိုင်ငံတကာအဆင့်မီ၊ စံချိန်စံညွှန်းမီ၊ မျှတပြီး ပွင့်လင်းမြင်သာမှုရှိတယ်။ နိုင်ငံခြားသားတွေအများကြီး စာရင်းပေးသွင်းထားပြီလို့ ကြားတယ်။ ဆုကြေးကလည်း မဆိုးဘူး၊ ပထမဆုက ငါးသိန်း၊ ဒုတိယဆုက သုံးသိန်း၊ တတိယဆုက တစ်သိန်း။ ငွေသားနဲ့ကတ် ကြိုက်တာရွေး၊ နေရာမှာတင် ပေးမှာ"

အဲ့လူက ရှေ့ကဖြတ်လျှောက်သွားတာကိုကြည့်ပြီး ယွီဟွေးဖေး မျက်လုံးမှေးလိုက်၏။

"စိတ်ဝင်စားသွားပြီလား" ချန်ယိုတောက်က ယွီဟွေးဖေးရဲ့စီးပွားရေးအခြေအနေကို နည်းနည်းသိသည်။ စုန့်ချင်းက ပိုပြီးတော့တောင်သိ၏။ သူ့ရဲ့ဒုတိယအဘိုးက ဆင်းရဲလွန်းလို့ မျက်နှာပြောင်တိုက်တော့မည်။

ယွီဟွေးဖေး ခေါင်းညိတ်ပြရာ စုန့်ချင်းက "ပထမဆုငါးသိန်းကို ယူချင်တာလား"

ချန်ယိုတောက်က ရယ်ပြီး "ပထမဆုက နည်းနည်းခက်လောက်တယ်။ အဲ့လူပြောတဲ့သဘောအရ ဒီတစ်ခေါက်မာရသွန်ပြေးပွဲမှာ နိုင်ငံတကာက မိတ်ဆွေတွေအများကြီးပါတယ်။ ဒီလူတွေလာတာက အပျော်သဘောသက်သက်မဟုတ်ဘူး။ အားလုံးက ကြိုတင်ပြင်ဆင်ပြီးလာကြတာ။ ဆုကြေးအတွက် လာတာဖြစ်နိုင်တယ်... ဒါပေမဲ့ တတိယဆုကိုတော့ ကြိုးစားကြည့်လို့ရတယ်၊ မင်းဘယ်လိုထင်လဲ"

ယွီဟွေးဖေးက သူတို့ကို မျက်ဖြူလှန်ပြပြီး "အားလုံးက လူကြီးတွေဖြစ်နေပြီကို ဘာတွေစဉ်းစားနေကြတာလဲ"

ချန်ယိုတောက်က ရယ်ရင်း "ဟုတ်သားပဲ... ဒီလိုပြိုင်ပွဲကြီးမှာ ဆုရဖို့က တကယ်ခက်တယ်။ ငါတို့စာရင်းတောင်မပေးရသေးဘဲ ဒီမှာ အိပ်မက်မက်နေတာ မကောင်းဘူး"

"ငါ့ဆိုလိုရင်းက အားလုံးက လူကြီးတွေဖြစ်နေပြီ။ စကားပြောရင် ကြီးကြီးကျယ်ကျယ်ပြော၊ သတ္တိရှိရှိပြော။ ဘယ်အချိန်ရှိသေးလို့ ရွေးချယ်စရာမေးခွန်းတွေလုပ်နေတာလဲ။ ငါက အကုန်လိုချင်တာ။ တစ်၊ နှစ်၊ သုံး၊ ငါအကုန်ယူမယ်"

"ဘာ" စုန့်ချင်းနဲ့ ချန်ယိုတောက်တို့ အံ့ဩတကြီးနဲ့ အော်လိုက်ကြ၏။

"ဘာလဲ... ထူးဆန်းလို့လား"

ယွီဟွေးဖေးခေါင်းထဲမှာ အစီအစဉ်ရှိနေပြီ။ ပြေးတာနဲ့ပတ်သက်ရင် အဲ့အားကစားသမားတွေက သရဲဖြူ၊ သရဲနက်၊ နွားခေါင်း၊ မြင်းမျက်နှာနဲ့ နှစ်ပေါင်းရှစ်ရာလောက်ပြေးခဲ့တဲ့ နွားကျောင်းသားကို အနိုင်မပြေးနိုင်ဘူးလို့ သူယုံကြည်တယ်။ ဒါပေမဲ့ ပြဿနာလည်း ရှိလာပြီ။ ဒါကြောင့် ယွီဟွေးဖေးက ချန်ယိုတောက်နဲ့ စုန့်ချင်းကို အခန်းထဲဆွဲခေါ်ပြီး တံခါးသေချာပိတ်လိုက်၏။

"မင်းဘာလုပ်တာလဲ... လျှို့ဝှက်သလိုလိုနဲ့"

ချန်ယိုတောက်က စပ်စုပြီး မေးလိုက်ချိန် ယွီဟွေးဖေးက ပြတင်းပေါက်လိုက်ကာကို ဆွဲပိတ်ပြီးမှ "ချန်ကြီး... မင်း နည်းနည်းကြံဖန်တတ်မှန်း ငါသိတယ်"

ချန်ယိုတောက်က ချက်ချင်းဘဲ "ငါ့မှာ စွမ်းအားနည်းနည်းရှိပေမဲ့... မင်းငါ့ကို လိမ်ပြီး ထိပ်ဆုံးသုံးယောက်ရအောင် ကူညီခိုင်းရင်တော့ လုံးဝမဖြစ်နိုင်ဘူး"

"မဟုတ်ဘူး... ငါ့အခြေအနေက နည်းနည်းထူးခြားတယ်။ တိတိကျကျပြောရရင် ငါ့အစ်ကိုကြီး၊ ညီလေးတို့ရဲ့အခြေအနေက ထူးခြားတာ"

"အစ်ကိုလန်၊ သရဲဖြူ၊ သရဲနက်ညီအစ်ကိုတို့လား" ချန်ယိုတောက်က ယွီဟွေးဖေးဘယ်သူ့ကိုပြောလဲဆိုတာ ချက်ချင်းသိလိုက်၏။

ယွီဟွေးဖေးက ခေါင်းညိတ်ပြီး "မင်းလည်းမြင်တဲ့အတိုင်းပဲ။ ငါ့ဆွေမျိုးတွေက အပြင်လောကကို သိပ်နားမလည်ဘူး။ အကြောင်းရင်းက ရိုးရှင်းပါတယ်။ အားလုံးက တောင်ပေါ်ရွာကနေ ထွက်လာကြတာဆိုတော့ ငယ်ငယ်ကတည်းက စာသိပ်မသင်ခဲ့ရဘူး၊ ရွာပြင်တောင်မထွက်ဖူးဘူး၊ သူတို့ကို တောရိုင်းလူလို့ပြောရင်လည်း ရတယ်။ ငါ့ညီလေးနှစ်ယောက်ဆိုရင် ဦးနှောက်လည်းသိပ်မကောင်းဘူးကွ..."

"ကျွန်မပြောပါတယ် သူတို့ကြည့်ရတာ ဘယ်လိုကြီးလဲလို့။ လုပ်ကိုင်ပြောဆိုတာတွေက မကြာခဏဆိုသလို ပတ်ဝန်းကျင်နဲ့ အံမဝင်ဘူး။ ပြီးတော့ သူတို့က သရဲဖြူသရဲနက်အဖြစ် သရုပ်ဆောင်တာ အရမ်းနစ်ဝင်နေသလိုပဲ..."

ယွီဟွေးဖေးက ခေါင်းညိတ်ပြီး "ဟုတ်တယ်၊ နစ်ဝင်နေတာ။ အခုသူတို့က သူတို့ကိုယ်သူတို့ သရဲဖြူသရဲနက်လို့ပဲ ထင်နေကြတာဆိုတော့ ငါဘာပြောပြော အသုံးမဝင်ဘူး။ မဟုတ်ရင် ငါဘာလို့ သရဲနတ်တည်းခိုခန်းဖွင့်ရမှာလဲ။ သူတို့နဲ့လိုက်လျောညီထွေဖြစ်အောင် သူတို့ကိုကျွေးမွေးဖို့ဖွင့်ထားတာ မဟုတ်ဘူးလား"

ဒီစကားကြားတော့ ချန်ယိုတောက်နဲ့ စုန့်ချင်းတို့ ယွီဟွေးဖေးကို လေးစားတဲ့အကြည့်နဲ့ ကြည့်လိုက်ကြသည်။ ယွီဟွေးဖေးက နည်းနည်းရှက်မိပေမဲ့ သေချာစဉ်းစားကြည့်တော့ သူက အဲ့အကျဉ်းသားတွေကြောင့်ပဲ သရဲနတ်တည်းခိုခန်းဖွင့်ခဲ့တာမဟုတ်လား။ မဟုတ်ရင် သူက မြို့ကြီးတွေမှာ လျှောက်သွားပြီး ချမ်းသာတဲ့မိန်းကလေးတစ်ယောက်ရှာကာ ဘဝရဲ့အထွတ်အထိပ်ကို ရောက်နေလောက်ပြီ။ ဒါကြောင့် ယွီဟွေးဖေးရဲ့မျက်နှာအမူအရာက အလွန်အမင်း တည်ငြိမ်ပြီး လေးနက်နေ၏။

ချန်ယိုတောက်နဲ့ စုန့်ချင်းတို့က သူ့ကို လေးစားတဲ့အကြည့်နဲ့ ထပ်ကြည့်ပြီး "မင်းမျက်နှာက တကယ်ထူတာပဲ"

ယွီဟွေးဖေးရဲ့မျက်နှာ နောက်ဆုံးတော့ နီရဲသွားတယ်... သူတို့နှစ်ယောက်က သူ့ရဲ့သတ္တိကို လေးစားတာမဟုတ်ဘူးကိုး။

"ပြော... ငါဘာလုပ်ပေးရမလဲ"

"သူတို့မှတ်ပုံတင်တွေ ပျောက်သွားတာကြာပြီ။ ပြီးတော့ အခုပြန်လုပ်ရင် မမီတော့ဘူး။ တကယ်တော့ ပြန်လုပ်ရင်တောင် ငါဘယ်လိုလုပ်ပေးရမလဲမသိဘူး။ သူတို့အိမ်ထောင်စုစာရင်းတို့ဘာတို့က လာတဲ့လမ်းမှာ ပျောက်ကုန်တာ။ အခုက မှတ်ပုံတင်မဲ့လိုဖြစ်နေတယ်... ဒါပေမဲ့ မာရသွန်ပြေးပွဲမှာ စာရင်းပေးသွင်းဖို့ဆိုရင် သူတို့မှာ အနည်းဆုံးတော့ မှတ်ပုံတင်၊ ကျန်းမာရေးထောက်ခံချက်တို့ဘာတို့ လိုတယ်မလား"

ချန်ယိုတောက်က စဉ်းစားပြီး "ဒါကမခက်ပါဘူး၊ အတုဘယ်မှာလုပ်လို့ရလဲ ငါသိတယ်။ စာရင်းပေးသွင်း၊ ပြိုင်ပွဲဝင်တာလောက်တော့ ပြဿနာမရှိလောက်ဘူး"

"ဒါဆို ငါစိတ်ချသွားပြီ..."

"မာရသွန်ပြေးပွဲနဲ့ကြုံတုန်း ကျွန်မလည်း စာရင်းပေးသွင်းပြီး အတူတူပြေးကြည့်မယ်"

ယွီဟွေးဖေးက "နင်ပြေးနိုင်လို့လား"

စုန့်ချင်းက "စမ်းကြည့်ရမှာပေါ့... ပြေးနိုင်လောက်ပါတယ်။ ကျွန်မက နေ့တိုင်းလိုလို ငါးကီလိုမီတာပြေးတယ်လေ"

ယွီဟွေးဖေးက ချန်ယိုတောက်ကို ကြည့်လိုက်တော့ ဒီကောင်က နည်းနည်းခက်ခဲတဲ့ပုံစံနဲ့ ပြန်ဖြေလေ၏။

"မင်းတို့သိတဲ့အတိုင်းပဲ ငါက... သိုင်းပညာသင်တဲ့လူ။ လက်သီးခြေထောက်ကတော့ ရတယ်၊ ပြေးရမယ်ဆိုရင်... မင်းတို့ဒါဘယ်လိုအကြည့်မျိုးလဲ။ အထင်မသေးနဲ့လေ... တော်ပြီ... ငါလည်း စာရင်းပေးသွင်းလိုက်တော့မယ် ဟုတ်ပြီလား"

"ဒါမှပေါ့ကွာ။ ပြေးရုံလေးပဲ မင်းအသက်ကို တောင်းနေတာမှမဟုတ်တာ" ယွီဟွေးဖေးက ရယ်လိုက်၏။

တိုင်ပင်ပြီးသွားတော့ ချန်ယိုတောက်က ပွဲစီစဉ်သူကို သွားဆက်သွယ်ပြီး ဘယ်မှာစာရင်းပေးသွင်းရမလဲ၊ ဘာတွေသတိထားရမလဲဆိုတာကို ကြည့်လိုက်ကြသည်။ မစုံစမ်းခင်ကမသိဘူး စုံစမ်းကြည့်မှသိတယ်။ ဒီတစ်ခေါက် ဂူလင်က တကယ်ကို အကုန်အကျခံပြီး တကယ့်နိုင်ငံတကာပြိုင်ပွဲကြီးတစ်ခု ကျင်းပဖို့လုပ်နေတာပဲ။

ဒါကြောင့် ဆုကြေးမှာလည်း မညှာဘူး၊ ထိပ်ဆုံးဆယ်ယောက်အထိ ပိုက်ဆံရမှာ။

ထိပ်ဆုံးသုံးယောက်က အများဆုံးရတဲ့အပြင် ကျန်တဲ့စတုတ္ထနေရာကနေ ပဉ္စမနေရာအထိ တစ်ယောက်ကို နှစ်သောင်း၊ ဆဋ္ဌမနေရာကနေ ဒဿမနေရာအထိ တစ်ယောက်ကို တစ်သောင်း။ တွက်ကြည့်လိုက်တော့ အကုန်သာရရင် ဆုကြေးချည်းပဲ ကိုးသိန်းကိုးသောင်း။ ယွီဟွေးဖေးရဲ့မျက်လုံးတွေ ချက်ချင်းနီရဲသွားပြီး ချန်ယိုတောက်ရဲ့လက်ကိုဆွဲကာ ပြောတော့သည်။

"အကိုကြီး စွမ်းနိုင်မှန်းသိတယ်။ ကြည့်ပါဦး... ငါတို့အိမ်မှာ ခွေးတစ်ကောင်ရှိသေးတယ်။ သူ့ကိုပါ စာရင်းသွင်းလို့ရမလား"

ချန်ယိုတောက် "@#¥@%..."

စာရင်းပေးသွင်းဖို့ နောက်ဆုံးနေ့ရောက်ဖို့ နှစ်ရက်ပဲကျန်တော့တယ်။ အချိန်က အရမ်းကပ်နေပြီ၊ အမြန်လုပ်ရတော့မယ်။ ယွီဟွေးဖေးလည်း ဟိုတယ်ထဲကနေ မီးပွင့်မတတ်ပြေးထွက်ပြီး အိမ်ကိုပြန်ပြေးတယ်။

စုန့်ချင်းက ဒီတစ်ခါတော့ မလိုက်တော့ဘဲ ဂူလင်မှာပဲ နေခဲ့ဖို့ တောင်းဆိုလိုက်သည်။ ယွီဟွေးဖေးရဲ့ကျောပြင်ကို ကြည့်ရင်း သူနှုတ်ခမ်းလေးစူပြီး "အသုံးကိုမကျဘူး။ ဘုရားအကြီးကြီးကို မတိုင်ပင်ဘဲ ဘုန်းကြီးငယ်လေးကို သွားတိုင်ပင်တယ်... တကယ့်ဝက်ပဲ"

အိမ်ပြန်ရောက်တော့ ယွီဟွေးဖေးက သရဲဖြူ၊ သရဲနက်၊ နွားကျောင်းသားတို့ကို တိုက်ရိုက် ချက်ချင်းဘဲခေါ်ထုတ်လိုက်သည်။

"ဘာဖြစ်လို့လဲ"

ယွီဟွေးဖေးရဲ့အလျင်စလိုပုံစံကို ကြည့်ပြီး အားလုံးလည်း စပ်စုလာကြ၏။

"ညီအစ်ကိုတို့... ပိုက်ဆံရှာဖို့အခွင့်အရေးရောက်လာပြီ။ အားလုံးပေါင်း ကိုးသိန်းကိုးသောင်းလောက် ရှာလို့ရမယ်"

ဒီစကားကြားတော့ အားလုံးရဲ့မျက်လုံးတွေ တောက်ပသွား၏။ ဒီပိုက်ဆံသာရရင် သူတို့က အကြွေးတော်တော်များများဆပ်နိုင်တဲ့အပြင် ပိုတောင်ပိုဦးမယ်။ သူတို့အသားစားသောက်ဖို့ လုံလောက်တယ်။

နွားခေါင်းက ရင်ဘတ်ကိုထုပြီး "ပဟေဠိလုပ်မနေနဲ့တော့။ ပြောစမ်း... ဘယ်ဘဏ်ကို ဓားပြတိုက်ရမှာလဲ"

ယွီဟွေးဖေးက သူ့ကို မျက်စောင်းထိုးပြီး "သွားစမ်းပါကွာ... ဘာဘဏ်ဓားပြတိုက်ရမှာလဲ"

ပြီးတော့ ဂူလင်မှာ ကျင်းပတော့မယ့် ပြည်သူ့နွေဦးကြိုမာရသွန်ပြေးပွဲအကြောင်းကို အားလုံးကို အသေးစိတ်ပြောပြပြီး ချန်ယိုတောက်က သရဲဖြူ၊ တိကျန့်နဲ့ နွားကျောင်းသားအတွက် မှတ်ပုံတင်အတုလုပ်ပေးနေတဲ့အကြောင်းကို ပြောပြလိုက်သည်။ နွားခေါင်းနဲ့ မြင်းမျက်နှာတို့ စိတ်မရှည်တော့ဘူး။

"သူတို့သုံးယောက်က ထိပ်ဆုံးသုံးယောက်ရရင်တောင် နောက်ပိုင်းနေရာတွေက မရတော့ဘူးလေ။ ပိုက်ဆံနည်းပေမဲ့ ခြင်ခြေထောက်လောက်သေးရင်တောင် အသားပဲ"

ရှောင်ထျန်းချန်က "ဟုတ်တယ်လေ။ ဒါနဲ့... မင်းတို့ဆီမှာ ခွေးမာရသွန်ပြေးပွဲရော ရှိလား။ ရှိရင် ငါလည်း ပထမဆုတစ်ခုလောက်တော့ ယူလာနိုင်တယ်။ တကယ်လို့မဖြစ်ရင် ငါက ခြေထောက်နှစ်ချောင်းနဲ့ မင်းတို့နဲ့အတူပြေးမယ်လေ။ ဒဿမနေရာလောက်ပေးရင်ရပြီ"

ယွီဟွေးဖေးက ရယ်ပြီး "မင်းစဉ်းစားနိုင်တာကို ကျုပ်အကုန်စဉ်းစားပြီးပြီ။ သူတို့က မရဘူးလို့ပြောတယ်"

ရှောင်ထျန်းချန်က ထွီခနဲထွေးပြီး "မျှတတယ်လို့ ပါးစပ်ကပြောပြီးတော့ နောက်ဆုံးမှာ လူမျိုးခွဲခြားတာပဲမဟုတ်လား။ မင်းတို့က ငါတို့ခွေးမျိုးနွယ်ကို ခွဲခြားဆက်ဆံတယ်၊ မင်းတို့ကို ငါအထင်သေးသွားပြီ"

ယွီဟွေးဖေးက သူ့ကို စကားဆက်မပြောချင်တော့ဘူး...။ အဲ့ဒီအချိန်မှာ ချွေ့ကျွယ်က ခပ်အေးအေးနဲ့ "မင်းကျင့်စဉ်ကိုသုံးပြီး လိုက်ပြေးရင် ထိပ်ဆုံးဆယ်ယောက်ထဲဝင်ဖို့ ပြဿနာမရှိလောက်ဘူး။ ငါနဲ့ပေါင်းရင် ငါတို့ငါးနေရာယူနိုင်ပြီ..."

မြင်းမျက်နှာက "ဒါဆို ကျန်တဲ့ငါးနေရာကရော"

ချွေ့ကျွယ်က ခေါင်းခါပြီး "ထပ်မယူသင့်တော့ဘူး။ တကယ်တော့ ငါးနေရာတောင် နည်းနည်းများနေပြီလို့ ငါထင်တယ်။ ယွီလေးပြောတာ ဒါက ပြိုင်ပွဲကြီးတစ်ခု၊ ထိပ်ဆုံး နေရာရရင်တော့ တောက်ပမှာပဲ။ ဒါပေမဲ့ မင်းတို့စဉ်းစားဖူးလား။ ငါတို့က တကယ်ပဲ လူသိရှင်ကြားဖြစ်သင့်လို့လား။ တကယ်လို့ တစ်ယောက်ယောက်က စုံစမ်းလာရင် ဘယ်လိုလုပ်မလဲ။ မှတ်ပုံတင်အတုက အတုပဲ။ စေ့စေ့စပ်စပ်စစ်ဆေးရင် မခံနိုင်ဘူး"

ဒီအထိကြားတော့ ယွီဟွေးဖေးလည်း ခေါင်းကိုက်လာပြီ။ အဲ့ဒီအချိန်မှာပဲ ချန်ယိုတောက်က ဖုန်းဆက်လာ၏။

"ဓာတ်ပုံရိုက်ပြီးပြီလား။ ရိုက်ပြီးရင် ငါ့ကိုပို့ပေးလေ။ ငါဒီတစ်ခါ အတုလုပ်စရာမလိုတော့ဘူး။ အစစ်တန်းလုပ်မယ်"

ယွီဟွေးဖေး ကြောင်သွားပြီး "ငါ့လခွီး... မင်းဒီလောက်တောင် အဆက်အသွယ်ကောင်းတာလားဟ။ မှတ်ပုံတင်မဲ့ကိုတောင် အစစ်လုပ်ပေးနိုင်တယ်ပေါ့"

"ဒါက... အင်း... ဘယ်လိုပြောရမလဲ။ ဘာပဲဖြစ်ဖြစ် ငါ့သူငယ်ချင်းကမိုက်တာ၊ ငါမိုက်တာမဟုတ်ဘူး။ မင်းပေးတဲ့လူက ငါတို့တရုတ်သွေးအစစ်ဖြစ်ပြီး နိုင်ငံခြားကမဟုတ်ရင် လုပ်လို့ရတယ်။ ဘာပဲဖြစ်ဖြစ် နိုင်ငံကြီးတစ်နိုင်ငံက ကိုယ့်ညီအစ်ကိုကို အပြင်မှာပစ်ထားလို့မဖြစ်ဘူးလေ၊ ဟုတ်တယ်မလား"

ယွီဟွေးဖေးက ဒီကောင်ပြောတာ နည်းနည်းမသင်္ကာပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် လုပ်လို့ရရင်ပြီးရောလေ။

"ဒါဆိုရင် ငါ့ဦးလေးချွေ့ကျွယ်၊ သရဲဖြူသရဲနက်ညီအစ်ကို၊ နွားကျောင်းသား၊ ညီလေးတိကျန့်တို့အတွက် တစ်ယောက်တစ်စောင်စီ လုပ်ပေးပါ"

"ရတယ်... မင်းဓာတ်ပုံသာပို့လိုက်" ချန်ယိုတောက်က ရင်ဘတ်ကိုပုတ်ပြီး အော်လိုက်၏။

ယွီဟွေးဖေး ချက်ချင်းပဲ စိတ်အေးသွားသည်။ အိပ်ချင်နေတုန်း ခေါင်းအုံးရသလိုပဲ၊ စိတ်ညစ်နေတဲ့ကိစ္စက တစ်ခါတည်း ဖွတ်ခနဲပျောက်သွားတော့ ပျော်နေတော့တာပဲ။ အကြောင်းစုံကို ချွေ့ကျွယ်တို့ကို ပြောပြပြီး လူတစ်သိုက်က ပျော်လွန်းလို့ နေရာမှာတင် ခုန်ပေါက်နေကြတော့တယ်။

All Chapters