← Chapters

အသားဟင်းကောင်းတစ်အိုး

Vol. 15 Ch. 225

အသားဟင်းကောင်းတစ်အိုး

Vol. 15 Ch. 225

ယွီဟွေးဖေးက သူ့ဝတ်ရုံကို အနီရောင်နောက်ခံအဖြစ် အမြန်ချွတ်ချပြီး တစ်ယောက်ချင်းစီကို ဓာတ်ပုံရိုက်ပေးလိုက်၏။ သရဲနက်ရဲ့ဦးချိုကိုတောင် photoshop နဲ့ ဖျက်ပေးပြီး သူ့အတွက်လည်း မှတ်ပုံတင်တစ်စောင် သွားလုပ်ပေးလိုက်သည်။ ဒီအပေါ်မှာ နွားခေါင်းနဲ့ မြင်းမျက်နှာတို့က တော်တော်လေးမကျေမနပ်ဖြစ်ပြီး ဘေးမှာရပ်ရင်း တတွတ်တွတ်ပြောနေကြ၏။

"သူ့ကို photoshop လုပ်ပေးနိုင်ရင် ဘာလို့ငါတို့ကို မလုပ်ပေးတာလဲ"

ယွီဟွေးဖေးက သူတို့နှစ်ယောက်ကို ဓာတ်ပုံနှစ်ပုံရိုက်ပေးပြီး ဖုန်းကိုကမ်းပေးလိုက်ကာ "လာ... လာ... လာ... ခင်ဗျားတို့လုပ်ကြည့်။ မျက်နှာကိုလည်း ကြည့်ပြန်ကြည့်ပြီးမှ ကျုပ်ကိုပြော။ ကျုပ်ဘယ်လို photoshop လုပ်ပေးရမှာလဲ။ ကိုယ့်ဟာကိုယ်ပဲ လုပ်ကြ‌တော့"

သရဲနက်က ဟီးဟီးရယ်ပြီး "ဟုတ်တယ်... မင်းတို့မျက်နှာပေါ်က အမွေးတွေအကုန်ဖျက်ပစ်ရင်တောင် လူနဲ့တူမှာမဟုတ်ဘူး"

နွားခေါင်းနဲ့ မြင်းမျက်နှာတို့ ဓာတ်ပုံထဲကကိုယ့်ကိုယ်ကိုကြည့်ပြီး စိတ်ပျက်လက်ပျက် ဖြစ်သွားကြ၏။

ချွေ့ကျွယ်က "တော်ပြီ... အားလုံးအရမ်းလောဘမကြီးကြနဲ့။ ငါစဉ်းစားပြီးပြီ... ငါတို့က ဒုတိယနဲ့ တတိယဆု၊ ပြီးတော့ နောက်ပိုင်းဆုသုံးခုပဲလိုချင်တယ်"

"ပထမဆုက ငါးသိန်းတောင်လေ၊ မယူတော့ဘူးလား" နွားခေါင်းက စိတ်မရှည်တော့ဘူး။

ချွေ့ကျွယ်က ခေါင်းညိတ်ပြီး "မယူသင့်ဘူး။ ငါခုနက ယွီလေးရဲ့ဖုန်းနဲ့ ရှာကြည့်ပြီးပြီ။ ဒီတစ်ခေါက်က တကယ့်ပြိုင်ပွဲကြီး။ နိုင်ငံတကာမှာတောင် နာမည်ရှိတဲ့ပြိုင်ပွဲဝင်တွေ လာပြိုင်ကြမှာ။ ပထမဆုသာရရင် မီးမောင်းထိုးခံရမှာ သေချာတယ်။ ငါတို့မှာ မှတ်ပုံတင်ရှိသွားရင်တောင် တော်တော်ဒုက္ခများနိုင်တယ်။ တကယ်လို့ သတင်းထောက်တွေက ရှို့လင်ကိုလာပြီး ငါတို့ကိုစောင့်ကြည့်တာ ဒါမှမဟုတ် ငါတို့ရဲ့အတိတ်ကို တူးဆွတာမျိုးဖြစ်လာရင် ပိုပြီးဒုက္ခများကုန်မှာ"

ရှောင်ထျန်းချန်က မျက်လုံးစွေကြည့်ပြီး "ဒုတိယနဲ့ တတိယ၊ ငါတို့အကုန်ယူလိုက်ရင် ဒုက္ခမများတော့ဘူးလား"

ချွေ့ကျွယ်က ရယ်ပြီး "ရှေးယခင်ကတည်းက လူတွေက ပထမကိုပဲ မှတ်မိကြတာ၊ ဒုတိယကို ဘယ်သူမှတ်မိလို့လဲ"

"ဒါကတော့ မသေချာဘူး"

"ဒါဆိုကောင်းပြီ။ ငါမင်းကိုမေးမယ်... ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်က ဘယ်တောင်ထိပ်လဲ"

ယွီဟွေးဖေးက "ဧဝရက်တောင်ထိပ်"

ချွေ့ကျွယ်က ဆက်မေးတယ်။ "ဒုတိယအမြင့်ဆုံးတောင်ထိပ်ကရော"

ယွီဟွေးဖေး စကားမပြောနိုင်တော့ဘူး၊ သူတကယ်မသိဘူးလေ။ အဲ့ဒီအချိန်မှာ သရဲဖြူက လက်မြှောက်ပြီး "ကျောက်ကောလီတောင်ထိပ်"

ချွေ့ကျွယ်က သူ့ကို မျက်စောင်းဗြန်းခနဲထိုးချပြီး ပါးစပ်ပိတ်ဖို့ အချက်ပြလိုက်တော့မှ သရဲဖြူက ငြိမ်ငြိမ်လေးထိုင်နေလိုက်တော့သည်။

"တတိယအမြင့်ဆုံးတောင်ထိပ်ကရော"

သရဲနက်က လက်မြှောက်ပြီး "ကန်ချန်ကျားတောင်ထိပ်၊ ငါတို့အဲ့တောင်ပေါ်မှာ လူခေါ်ဖူးတယ်"

ချွေ့ကျွယ်က နားထင်ကို နှိပ်နယ်ပြီး "တော်ပြီ... မင်းတို့ပါးစပ်ပိတ်ထားကြတော့။ သူတို့နှစ်ယောက်က ခြွင်းချက်လေ။ ယွီလေးပဲပြော ဒုတိယနဲ့ တတိယကို သိလား"

ယွီဟွေးဖေးက ခေါင်းခါတယ်၊ သူတကယ်မသိဘူးလေ။

ချွေ့ကျွယ်က "အရင်နှစ်တွေက အိုလံပစ်ပြိုင်ပွဲတွေမှာ အဲ့ဒုတိယရတဲ့လူတွေကို မင်းဘယ်လောက်သိလဲ"

ယွီဟွေးဖေးက ဆက်ပြီးခေါင်းခါတယ်။

ချွေ့ကျွယ်က "ဒါကြောင့် ဒုတိယ၊ တတိယက လူသိနည်းတယ်လို့ ငါပြောတာပေါ့"

ဒီအထိကြားတော့ လူတစ်သိုက်က မကျေမနပ်ဖြစ်ပေမဲ့ ချွေ့ကျွယ်က တော်တော်စေ့စေ့စပ်စပ်စဉ်းစားတယ်ဆိုတာကိုတော့ ဝန်ခံရမှာပဲ။

"အားလုံးသဘောတူကြပြီဆိုရင် ငါတို့ရဲ့ပန်းတိုင်က ဒုတိယဆု၊ တတိယဆု၊ စတုတ္ထဆု၊ ပဉ္စမဆုနဲ့ ဒဿမဆုပဲ၊ ပိုက်ဆံနည်းနည်းနည်းသွားပေမဲ့ ယူရတာ စိတ်အေးတယ်"

ချွေ့ကျွယ်က သေသေချာချာမှာကြားလိုက်တော့ လူတစ်သိုက်က ခေါင်းညိတ်ကြသည်။ ကျန်တာကတော့ ဓာတ်ပုံတွေကို ချန်ယိုတောက်ဆီ ပို့ဖို့ပဲ။ တစ်ဖက်မှာတော့ ချန်ယိုတောက်က ဓာတ်ပုံတွေရပြီးနောက် ခါးသီးစွာပြုံးနေမိ၏။

"အဲ့ကောင်က သူ့မြေးမလေးရဲ့စွမ်းအားကို မသိဘူးထင်တယ်"

"ကျွန်မစွမ်းအားမဟုတ်ပါဘူး။ ကျွန်မအဘိုးရဲ့သူငယ်ချင်းက ဒီစွမ်းအားရှိတာပါ။ ပြီးတော့ ဒါက ခြစားမှုလုပ်တာလည်းမဟုတ်ဘူး။ မူလကတည်းက လူဦးရေစာရင်းကောက်တာက မှတ်ပုံတင်မဲ့တွေကို ရှာဖွေပြီး စာရင်းသွင်းပေးဖို့ပဲ။ သူတို့လိုအမျိုးအစားက ကျန်ခဲ့တဲ့လူတွေ၊ အခုက ပြန်ဖြည့်စွက်တာပေါ့။ တကယ်ကြောက်စရာကောင်းတာက စာရင်းမှာမရှိတဲ့ကောင်တွေ၊ အဲ့ဒါမှ တကယ်ဒုက္ခ။ ပြစ်မှုကျူးလွန်ရင် လူရှာမရဘူး..." စုန့်ချင်းက ပြောလိုက်၏။

ယွီဟွေးဖေးကို တကယ်မှတ်ပုံတင်လုပ်ပေးတာက ချန်ယိုတောက်မဟုတ်ဘဲ စုန့်ချင်းပဲ။ မကြာခင်မှာပဲ ဟိုဘက်က သတင်းရလာတယ်၊ စာရင်းသွင်းပြီးသွားပြီတဲ့။ မှတ်ပုံတင်အစစ်က မထွက်သေးပေမဲ့ မှတ်ပုံတင်နံပါတ်တို့ဘာတို့က အကုန်ရှိနေပြီ။

ချန်ယိုတောက်က ချက်ချင်းသူ့သူငယ်ချင်းကို ရှာပြီး အတုတချို့လုပ်ခိုင်းလိုက်သည်။ လောလောဆယ် သုံးဖို့ပေါ့။ ကျန်းမာရေးထောက်ခံချက်က လွယ်လွယ်လေးပဲ၊ သူ့သူငယ်ချင်းက အတုချက်ချင်းတန်းပို့ပေးလိုက်၏။

နောက်နေ့မှာ ချန်ယိုတောက်က ယွီဟွေးဖေးလက်ထဲကို ပို့ပေးလိုက်သည်။ ယွီဟွေးဖေးက လက်ထဲက မှတ်ပုံတင်အသစ်တွေကို ကြည့်ပြီး သက်ပြင်းချလိုက်၏။

"သောက်ကျိုးနည်း... နောက်ဆုံးတော့ အကုန်လုံးမှတ်ပုံတင်မဲ့ မဟုတ်တော့ဘူးဟ"

မှတ်ပုံတင်တွေ ဝေပေးလိုက်တော့ သရဲဖြူ၊ သရဲနက်တို့က မှတ်ပုံတင်ဓာတ်ပုံကိုကိုင်ပြီး နွားခေါင်း၊ မြင်းမျက်နှာဆီ သွားကြ၏။ ပြီးတော့ တစ်ယောက်ချင်းစီက မှတ်ပုံတင်ကိုမြှောက်ပြီး ကြည့်ရင်း တိုးတိုးလေး "အဟမ်း... နောက်ဆို ငါတို့ရထားလက်မှတ်ဝယ်လို့ရပြီ"

"လေယာဉ်လက်မှတ်လည်း ဝယ်လို့ရပြီ၊ ဘာလုပ်ချင်လုပ်ချင်ရပြီ"

"အိုက်ယား... လူရုပ်ပေါက်တာ တော်တော်ကောင်းတာပဲ။ လေလွင့်လိုက်ဦးမှ..."

နောက်တစ်ခဏမှာ နောက်ခြံထဲကနေ ဒေါသတကြီးအော်သံတစ်ခု ထွက်ပေါ်လာ၏။

"မင်းတို့ တော်တော်လွန်တာပဲ၊ သုံးခွဆူးကိုကြည့်စမ်း" ပြီးတော့ ကြက်ပျံမကျ ဆူညံသွားတော့သည်။

မာရသွန်ပြေးပွဲကျင်းပမယ့်နေ့က နောက်အပတ် တနင်္ဂနွေနေ့။ အကောင်းဆုံးအခြေအနေရှိဖို့အတွက် ယွီဟွေးဖေးက သရဲဖြူ၊ တိကျန့်၊ နွားကျောင်းသားနဲ့ ချွေ့ကျွယ်တို့ကိုခေါ်ပြီး နေ့တိုင်းတောင်ကြားထဲမှာ ကီလိုမီတာ ၅၀ ပြေးသည်။

ပုံမှန်မာရသွန်က ၄၂ ကီလိုမီတာကျော်ကျော်ပဲရှိပေမဲ့ ယွီဟွေးဖေးက ဘယ်လိုတောင်ပေါ်လမ်းမျိုးပြေးရမလဲဆိုတာ မသေချာဘူး။ များများပြေး များများလေ့ကျင့်ရမယ်ဆိုတဲ့မူနဲ့ သူတို့က တောင်တက်မာရသွန်လေ့ကျင့်ခန်းစတင်လိုက်ကြသည်။

ဒါပေါ့... သရဲဖြူက နေ့တိုင်းပြေးတယ်။ တိကျန့်က မွေးရာပါထူးဆန်းတဲ့ကောင်၊ နွားကျောင်းသားက နှစ်ပေါင်းရှစ်ရာသက်တမ်းရှိတဲ့ခန္ဓာကိုယ်၊ ချွေ့ကျွယ်က မူလကတည်းက သာမန်လူမဟုတ်ဘူး၊ သူတို့ပြေးရင် မောဟိုက်ပေမဲ့ ယေဘုယျအားဖြင့်တော့ ဘာမှဖိအားမရှိဘူး။

ယွီဟွေးဖေးကတော့ ဒုက္ခရောက်နေပြီ၊ လေ့ကျင့်ခန်းလုပ်ဖို့အော်တာကသူ၊ ရလဒ်ကတော့ နောက်ဆုံးကျန်ခဲ့တာလည်းသူပဲ။

သူက အလေးထမ်း ကီလိုမီတာဆယ်ချီပြေးရတယ်။ ဝန်မပါဘဲ ကီလိုမီတာ၂၀ပြေးတာ ပြဿနာမရှိဘူး။ ဒါပေမဲ့ တစ်ခါတည်း ကီလိုမီတာ၄၀ပြေးရတော့ သူတကယ်ကို ခြေထောက်တွေ ပြုတ်ထွက်တော့မလို ခံစားလိုက်ရတယ်။

ဒါတောင် သူ့ခန္ဓာကိုယ်က ကျင့်ကြံမှုကြောင့် တိုးတက်လာလို့၊ ပြီးတော့ ဝိညာဉ်က နကျယ်ကောင်ရဲ့ရေနဲ့ သစ်သီးဝလံအမျိုးမျိုးသောက်စားပြီး သန့်စင်မှုတိုးတက်လာလို့ပဲ။ အရင်ကသာဆိုရင် ယွီဟွေးဖေး ပြေးတောင်မပြေးနိုင်လောက်ဘူး။

ဒီလမ်းတစ်လျှောက်လုံးက အခြေခံအားဖြင့် နွားကျောင်းသားက ကြိုးတစ်ချောင်းနဲ့ ဆွဲခေါ်သွားတာ။ ဒီအပေါ်မှာ ယွီဟွေးဖေးက အခြေခံအားဖြင့် မျှော်လင့်ချက်မဲ့သွားပြီး ကိုယ်က အဲ့ဒဿမနေရာကို လုံးဝမရနိုင်တော့ဘူးလို့ ထင်မိသွားတယ်။

ယွီဟွေးဖေးရဲ့ စိတ်ပျက်လက်ပျက်ပုံစံကို ကြည့်ပြီး ချွေ့ကျွယ်က ရယ်ပြီး "မင်းအောင်မြင်ဖို့အခွင့်အရေးမရှိတာမဟုတ်ဘူး။ ငါမင်းကိုသင်ပေးတဲ့ကျင့်စဉ်က ကိုးကြိမ်ပြောင်းလဲနိုင်တယ်။ အဲ့ကိုးကြိမ်က ကြီးမားတဲ့ခုန်ပျံကျော်လွှားပြောင်းလဲမှုပဲ။ ဒါပေမဲ့ ပုံမှန်လေးဘဲ ကျင့်ကြံရင်လည်း ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်းတိုးတက်စေနိုင်တယ်။ ပြီးတော့ မင်းပုံမှန်အားဖြင့် ဘာကိုအဓိကထားကျင့်ကြံလဲ။ ပြောင်းလဲတဲ့အချိန်မှာ အဲ့အရာကို အဓိကထားတိုးတက်စေမှာ။ ဒါကြောင့် အဓိကထား ကျင့်ကြံတဲ့လမ်းကြောင်းကလည်း အရမ်းအရေးကြီးတယ်..."

"ရေစက်ကျောက်ပေါက်ဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့ ပြဿနာက ကျုပ်မှာ အချိန်မရှိတော့ဘူး..."

နွားကျောင်းသားက "မင်းနုတ်ထွက်လိုက်ပါတော့လား ယွီလေး။ ဘာပဲဖြစ်ဖြစ် အဲ့တစ်သောင်းမရှိလည်း ဖြစ်တာပဲ"

ယွီဟွေးဖေး ကြားရတာ တော်တော်ကို မခံစားနိုင်ဖြစ်သွား၏။ ခေါင်းဆောင်တာကသူလေ။ ဘယ်လိုဖြစ်ပြီး သူက ဝန်ထုပ်ဝန်ပိုးဖြစ်သွားရတာလဲ။

ယွီဟွေးဖေးက ထရပ်ပြီး "ဘာပဲဖြစ်ဖြစ် ကျုပ်က အကြီးအကဲအဆင့်ပုဂ္ဂိုလ်ပဲ။ အဲ့တော့ ကျုပ်က ခင်ဗျားတို့အကျဉ်းသားတွေကို အနိုင်မပြေးနိုင်စရာလား"

ရှောင်ထျန်းချန်က ဟက်ဟက်ပက်ပက်ရယ်ကာ "မင်းထင်လို့လား... မင်းတို့လူ့လောကက ဘယ်အကြီးအကဲက အကျဉ်းသားကို အနိုင်ပြေးနိုင်မှာလဲ"

သူ့စကားကြောင့် ယွီဟွေးဖေး စကားမပြောနိုင်တော့ဘူး။

"မင်းတကယ်ကြိုးစားချင်တာလား"

ချွေ့ကျွယ်က မေးလိုက်တော့ ယွီဟွေးဖေးက ခေါင်းညိတ်ပြီး "ကြိုးစားမယ်၊ ကြိုးစားကိုကြိုးစားမယ်"

"အင်း... ဒါဆို ပြောင်းလဲခြင်းက ဖြစ်စဉ်တစ်ခု၊ ဒါပေမဲ့ ဖြတ်လမ်းလည်းရှိတယ်"

"ဘယ်လိုလုပ်ရမှာလဲ"

"ရိုးရှင်းပါတယ်။ ကိုယ်ခန္ဓာစွမ်းအင်အဆုံးစွန်လေ့ကျင့်ရင် ဆယ်ဆအခွင့်အရေးတိုးတက်တယ်။ သေရေးရှင်ရေးကြားလေ့ကျင့်ရင် ရာချီအခွင့်အရေးတိုးတက်တယ်။ လုပ်မလား"

ယွီဟွေးဖေးက တခြားလူတွေကိုကြည့်ပြီး အံကြိတ်ကာ "လုပ်မယ်... ကျုပ်က အားလုံးရဲ့ခြေဆွဲအဖြစ်မခံနိုင်ဘူး။ အသက်နဲ့လောင်းရုံပဲမလား။ ဘယ်သူက ဘယ်သူ့ကိုကြောက်မှာလဲ"

"တော်တယ်... စိတ်ချထားစမ်းပါ။ ပြေးရင်းသေသွားရင် ငါတို့မင်းအတွက် ကောင်းကောင်းမြေကျင်းတူးပြီး မြှုပ်ပေးမယ်" လူတစ်သိုက်က တစ်ပြိုင်နက်တည်းအော်ဟစ်ကြ၏။

ယွီဟွေးဖေး "$#@!"

နောက်တစ်ခဏမှာ ယွီဟွေးဖေးကိုယ်ပေါ်မှာ သဲအိတ်တစ်ပုံချည်နှောင်ထားပြီး လက်ထဲမှာ ဆန်အိတ်တစ်အိတ်ပိုက်ထား၏။

သရဲဖြူက သူ့နောက်မှာရပ်ပြီး လက်ထဲက အဖြူရောင်ငိုချင်းချတုတ်ကိုကိုင်ကာ ဟီးဟီးရယ်ပြီး "ငါ့ကိုအပြစ်မတင်နဲ့နော် ယွီလေး။ မင်းကိုယ်တိုင်ကြိုးစားချင်တာ၊ ခဏနေ နာရင်မငိုနဲ့နော်"

ယွီဟွေးဖေးက အံကြိတ်ရင်း "ခင်ဗျားကြိုက်သလောက်ရိုက်။ ဒီတစ်ခါတော့ အကုန်ပုံအောမယ်"

သရဲဖြူက လက်ထဲကတုတ်ကို ဝှေ့ယမ်းပြီး ယွီဟွေးဖေးရဲ့တင်ပါးကို ဖြောင်းခနဲ တစ်ချက်ရိုက်ချလိုက်ရင်း "သွားစို့"

"အိုက်ယား... ဖြည်းဖြည်းဟ" ယွီဟွေးဖေးက အရိုက်ခံရလို့ ခုန်တက်သွားပြီး ခြေကုန်သုတ်ပြီး ပြေးတော့၏။

သရဲဖြူက နောက်ကနေလိုက်ပြီး မကြာမကြာဆိုသလို ပြေးလိုက် တစ်ချက်ရိုက်လိုက်လုပ်နေလေရာ ယွီဟွေးဖေးက နာလွန်းလို့ အော်ဟစ်နေတော့၏။

သရဲဖြူက နောက်ကနေရိုက်၊ ရှေ့ကနေ နွားကျောင်းသားက ဆွဲခေါ်တော့ ယွီဟွေးဖေးရဲ့ပြေးပွဲက နောက်ဆုံးတော့ ကိုယ့်ကိုယ်ကို ပြေးရင်းသတ်သေလိုက်သလိုဖြစ်သွားသည်။ မှန်ပေ၏... ပင်ပန်းလွန်းလို့ သေသွားခြင်းပင်။

နွားခေါင်း၊ မြင်းမျက်နှာ၊ သရဲဖြူ၊ သရဲနက်၊ နွားကျောင်းသားတို့ ဝိုင်းအုံလာပြီး အသက်ထွက်၊ ပါးစပ်ကအမြှုပ်ထွက်၊ မျက်ဖြူလန်နေတဲ့ ယွီဟွေးဖေးကို ကြည့်ကာ မျက်နှာချင်းဆိုင်ကြည့်ပြီး "ငါ့လခွီး... နည်းနည်းကြမ်းသွားလား။ ပြောင်းလဲမယ်ပဲပြောတာ၊ သရဲဖြစ်သွားမယ်လို့မပြောဘူးလေ"

ချွေ့ကျွယ်က ရယ်ပြီး "ကိစ္စမရှိဘူး... နကျယ်ကောင်ရေး... မင်းရောက်နေရင်လည်း ပေါ်လာတော့ဟ။ မြန်မြန်သူ့ဝိညာဉ်ကို ပြန်ထည့်လိုက်။ သူကဆက်ပြေးရဦးမှာ"

"ကိုကြီးနကျယ်ကောင် စေတနာရှိရင် ငါ့ကိုခဏလောက်ပေးနားဦး။ ဟေဟေ့... ငါ့ဝိညာဉ်တောင် ပင်ပန်းလို့ ပြိုကွဲတော့မယ်..." ယွီဟွေးဖေးက အော်ဟစ်နေလေပြီ။

နကျယ်ကောင်က ဟက်ဟက်ပက်ပက်ရယ်ရင်း "တောင်းပန်ပါတယ် ညီလေးရာ၊ ငါလည်းမင်းအတွက်ပဲလုပ်နေတာပါ"

ခန္ဓာကိုယ်ထဲကို ထိုးထည့်ခံလိုက်ရပြီး နောက်တစ်ခဏ...

"ဟူးဟူး... မင်းတို့... ဟူးဟူး... တိရစ္ဆာန်တွေ... ဟူးဟူး..." ယွီဟွေးဖေးက အသက်ကိုမနည်းရှူရင်း ပင်ပန်းလွန်းလို့ မျက်ဖြူလန်နေ၏။

"ရှင်ပြီ၊ ရှင်ပြီဆိုထတော့။ မင်းရဲ့ပြန်လည်ကောင်းမွန်နှုန်းက အရင်ကထက် ဆယ်ဆ၊ အဆနှစ်ဆယ်ပိုမြန်နေတုန်း မြန်မြန်ဆက်ပြေးတော့"

"ဘိုးတော်ချွေ့... ခင်ဗျားပြောတော့ အလွန်အကျွံဝန်ပိရင် ကျုပ်ကိုပြောင်းလဲနှုန်းမြန်စေတယ်၊ သေလုမျောပါးဆို ဆယ်ဆကနေ ရာချီအထိ ပြောင်းလဲနှုန်းမြန်စေတယ်ဆို။ အခု ကျုပ်ဘယ်လိုဖြစ်ပြီး ဘာမှမခံစားရတာလဲ"

"အမ်... အခွင့်အရေးက တိုးလာပေမဲ့ မူလအခွင့်အရေးက မမြင့်ဘူးလေ။ ငါခန့်မှန်းတွက်ကြည့်ရသလောက်တော့ အလွန်အကျွံဝန်ပိတဲ့လေ့ကျင့်ခန်းနဲ့ တိုးတက်နိုင်ခြေက တစ်သန်းပုံတစ်ပုံလောက်ပဲရှိတာ။ သေလုမျောပါးအောက်မှာ တိုးတက်နိုင်ခြေက တစ်သိန်းပုံတစ်ပုံလောက်ပေါ့။ ဒီအခွင့်အရေးက နည်းနည်းနည်းပေမဲ့ မင်းယုံကြည်ထားရမှာက များများသေလေ အောင်မြင်နိုင်ချေက များလေလေပဲ။ အားတင်းထား"

ဒီစကား ယွီဟွေးဖေးကြားတာနဲ့ မျက်လုံးတွေတောင် ပြူးထွက်တော့မလိုဖြစ်ပြီး "တစ်သိန်းပုံမှ တစ်ပုံတဲ့လား။ ဒါဆို အကြိမ်တစ်သိန်းလောက် အမောဆို့ပြီးသေရမှာလား"

"အဲ့လောက်တော့... အင်း... ဒါပေမဲ့ ကံကောင်းရင် မင်းနောက်တစ်ခါဆို အောင်မြင်သွားမှာပါ" ချွေ့ကျွယ်က ပြောပြီး သရဲဖြူကို "ကြည့်မနေနဲ့တော့ ရိုက်ဟ"

သရဲဖြူကလည်း အေးလို့တစ်ခွန်းပြောပြီး တုတ်ကိုလွှဲကာ တစ်ချက်ရိုက်ချလိုက်၏။

ဖြောင်း...

"အိုက်ယား... ဖြည်းဖြည်း"

ပြီးတော့ ယွီဟွေးဖေးက ဆက်ပြေးနေတော့၏။ နာရီဝက်ကြာတော့ ယွီဟွေးဖေးက ဂုဏ်ယူစွာနဲ့ ထပ်သေသွားပြန်ရော။ နကျယ်ကောင်က ထပ်ပေါ်လာပြီး ယွီဟွေးဖေးကို ပြန်ထည့်ပေးလိုက်သည်။

ဆယ်မိနစ်ကြာတော့ ယွီဟွေးဖေး ထပ်သေသွားပြန်ပြီ။ နကျယ်ကောင်က အချိန်ကိုကြည့်ပြီး "တော်ပြီ... ငါမပြန်တော့ဘူး။ ဒီမှာပဲ မင်းကိုစောင့်ကြည့်နေလိုက်တော့မယ်။ အသွားအပြန်လုပ်ရတာ ငါလည်းပင်ပန်းတယ်ဟ"

ယွီဟွေးဖေးက သူ့ကိုတစ်ချက်ကြည့်ပြီး "မင်းက ငါမြန်မြန်သေမယ်လို့ ထင်နေတာလား"

နကျယ်ကောင်က ခေါင်းခါပြတော့ ယွီဟွေးဖေး စိတ်အေးသွားမလားရှိသေး "မင်းရဲ့ဒီစုတ်ပြတ်နေတဲ့ခန္ဓာကိုယ်နဲ့တော့ ငါထင်ထားသလောက် မင်းသေတဲ့နှုန်းက အရင်ကထက် ပိုမြန်လိမ့်မယ်"

ယွီဟွေးဖေး "@#¥..."

တကယ်ပဲ အဆက်မပြတ်ပြေးနေရလို့ ခန္ဓာကိုယ်ကို နည်းနည်းလေးမှ အနားပေးချိန်မရှိတာကြောင့် အဲ့ခန္ဓာကိုယ်က အမြဲတမ်း ကိုယ်ခန္ဓာစွမ်းအင်အဆုံးစွန်မှာ ပိတ်မိနေပြီး ပြန်မကောင်းနိုင်တော့ဘူး။

ယွီဟွေးဖေးက အကြိမ်တိုင်းပြန်ရှင်လာရင် စုတ်ပြဲနေတဲ့ကြွက်သားတွေ၊ ပျော်ဝင်နေတဲ့ကြွက်သားမျှင်တွေကို အတင်းပြန်လည်ကောင်းမွန်စေနိုင်ပေမဲ့ နောက်ပိုင်းပြင်းထန်တဲ့လေ့ကျင့်ခန်းကို မခံနိုင်ဘူး။

အခြေခံအားဖြင့်တော့ ၁၀မိနစ်တစ်ခါ အသေးစားသေ၊ ၁၀မိနစ်တစ်ခါ အကြီးစားသေ၊ ရှေ့ပိုင်းက မျက်ဖြူလန်၊ နောက်ပိုင်းက တန်းပင်ပန်းပြီး လဲကျ၊ ကြွက်သားတွေပျော်ဝင်၊ အရိုးတွေကျိုးတာတွေဖြစ်လာ၏။

ကောင်းကျိုးကတော့ ရှင်းရှင်းလင်းလင်းပဲ။ ယွီဟွေးဖေးရဲ့ကြွက်သားတွေက သေပြီးပြန်ရှင်တိုင်း ပြန်လည်ကောင်းမွန်လာပြီးနောက်မှာ ခိုင်မာမှုက နည်းနည်းတိုးလာ၏။ အကြိမ်များလာတော့ ဒီအကျိုးသက်ရောက်မှုက ပိုပြီးသိသာလာသည်။

တစ်နေ့လုံးပြေးပြီးတော့ ယွီဟွေးဖေးက ကိုယ်ဘယ်နခါပင်ပန်းပြီးသေသွားလဲဆိုတာတောင် မမှတ်မိတော့ဘူး။ ဘာပဲဖြစ်ဖြစ် သူအိပ်ရာပေါ်လဲလျောင်းတဲ့အချိန်မှာ တစ်ကိုယ်လုံးဘာမှမခံစားရတော့ဘူး၊ ခန္ဓာကိုယ်တစ်ခုလုံး လေဖြတ်သွားသလိုပဲ။

ချွေ့ကျွယ်ကလည်း အားမနေဘူး။ ယွီဟွေးဖေးကတ်ထဲကပိုက်ဆံနဲ့ ရွာထဲက တိုင်းရင်းဆေးဆရာဆီက ဆေးမြစ်တွေဝယ်ပြီး ပြန်လာတော့ ရေနွေးအိုးကြီးတစ်အိုးပြုတ်ကာ ယွီဟွေးဖေးကို အဲ့ထဲပစ်ထည့်လိုက်သည်။

"ငါ့လခွီး... အဘိုးကြီးချွေ့၊ ခင်ဗျားက လူသားစားမလို့လား"

ယွီဟွေးဖေးက အော်ဟစ်နေတော့မှ ချွေ့ကျွယ်က ကြောင်သွားပြီး နဖူးကိုရိုက်ကာ "တောင်းပန်ပါတယ်၊ မေ့သွားလို့ဟ။ ရေက ခုမှဆူတာပဲကိုး။ ဟေး... ဘာလို့စကားမပြောတော့တာလဲ"

ရှောင်ထျန်းချန်က ကပ်လာပြီး "အဘိုးကြီးချွေ့... ဘာပြုတ်စားနေတာလဲ။ မွှေးလိုက်တာ"

ချွေ့ကျွယ်က ပါးစပ်ဖြဲပြီး ယွီဟွေးဖေးကို အမြန်ဆယ်မလို့လုပ်နေတုန်း ရလဒ်ကတော့ နကျယ်ကောင်ရဲ့အသံကို ကြားလိုက်ရ၏။

"မဆယ်နဲ့တော့ သူသေသွားပြီ။ မင်းထပ်ပြုတ်ထားမလား ဒါမှမဟုတ် ငါသူ့ကို ချက်ချင်းပြန်ထည့်ပေးလိုက်ရမလား"

ချွေ့ကျွယ်က ခြောက်ကပ်ကပ်ရယ်ပြီး "အမ်... ထပ်ပြုတ်ထားလိုက်ပါဦး။ အေးသွားမှ ပြန်ထည့်တာပေါ့"

"သဘောပေါက်ပြီ"

နကျယ်ကောင်နဲ့ ယွီဟွေးဖေးက ရေအိုးကြီးဘေးမှာ ငုံ့ကြည့်နေကြ၏။ ယွီဟွေးဖေးက ဝမ်းနည်းဒေါသထွက်စွာနဲ့ "ဘယ်လောက်တောင်မုန်းနေလို့ ငါ့ကိုဒီလောက်မွှေးအောင် ပြုတ်ရတာလဲကွာ"

နကျယ်ကောင် "@#¥..."

"ခွေးမသား... မလျက်နဲ့ဟ"

ယွီဟွေးဖေးက ရှောင်ထျန်းချန် အိုးဘေးမှာကပ်ပြီး ပါးစပ်မည်းကြီးနဲ့ လျက်မလို့လုပ်နေတာကို တွေ့လိုက်သဖြင့် အမြန်အော်ဟစ်လိုက်သည်။ နကျယ်ကောင်ကလည်း လိုက်အော်၏။

"ခွေးမသား... ပါးစပ်ထိန်းစမ်းကွာ"

အူး...

တရားသူကြီးရဲ့ကလောင်တစ်ချောင်းက ရှောင်ထျန်းချန်ရဲ့ဖင်ကြားထဲကို တိတိကျကျစိုက်ဝင်သွားတော့ ရှောင်ထျန်းချန်ခမျာ နာလွန်းလို့အော်ဟစ်ပြီး ဖင်ကိုပွတ်သပ်ရင်း ခုန်ပေါက်နေတော့သည်။ "ဘာလုပ်တာလဲ.... ငါက အနံ့လေးခံရုံလေးကို မရဘူးလား။ ကျက်တောင်နေပြီကို ညီအစ်ကိုတွေအချင်းချင်း အနံ့လေးတောင်ပေးမရှူဘူးလား။ တော်တော်သူစိမ်းဆန်တာပဲ"

ယွီဟွေးဖေး တကယ်ပဲ ဒီခွေးမသားကို ပါးပိတ်ရိုက်သတ်ပစ်ချင်စိတ်ပေါက်သွား၏။ ဒီလိုစကားမျိုးပြောရလား...။

ရေနည်းနည်းအေးသွားတော့ ချွေ့ကျွယ်က "တော်ပြီ... ပြန်ထည့်လိုက်တော့"

"ကောင်းပြီ" နကျယ်ကောင်က ယွီဟွေးဖေးကို တစ်ချက်ဆွဲပြီး ပြန်ထည့်လိုက်၏။

ယွီဟွေးဖေးကတော့ အော်နေတုန်းပဲ "ခဏနေဦး ရေအပူချိန်စမ်းပြီးမှ ထည့်ကြပါဟ"

"အိုက်ယား... ပူလွန်းလို့ သေတော့မယ်"

ယွီဟွေးဖေးက ရေအိုးထဲမှာ ခုန်ထွက်မတတ်ဖြစ်သွားပေမဲ့ ချွေ့ကျွယ်က သူ့ကို အတင်းဖိထားလိုက်သည်။

"ရေမပူတော့ဘူး။ အဓိကက မင်းကိုယ်ပေါ်မှာ အပူလောင်ဒဏ်ရာတွေချည်းပဲ။ မင်းခံစားနေရတာက ပူတာမဟုတ်ဘူး၊ နာတာ... မလှုပ်နဲ့နော်။ မဟုတ်ရင် အရေပြားခွာကျသွားရင် ဒါမှမဟုတ် အသားအရိုးကွာကျသွားရင် ရုပ်ဆိုးသွားမှာ"

All Chapters