← Chapters

စိတ်ဝိညာဥ်စွမ်းအင် ကျောက်တုံးဟုတ်လား? ကိစ္စကောင်းပဲ

Vol. 10 Ch. 129

စိတ်ဝိညာဥ်စွမ်းအင် ကျောက်တုံးဟုတ်လား? ကိစ္စကောင်းပဲ

Vol. 10 Ch. 129

ပြောနေရင်းနဲ့ ထိုသူကဒေါသ ထွက်သွားခဲ့သည်။ သူ့ရဲ့ မျက်လုံးထဲမှာလည်း ထိန်းမရနိုင်အောင် ဒေါသတို့ဝင်ရောက်လာ၏။

တရှားတိုင်းပြည်အတွက် ပူပင်လို့ပြောနေတာ ဆိုပေမဲ့ သူတို့ရဲ့စကားတွေက အနည်းငယ် စည်းကျွံသွားခဲ့သည်။

ကောင်းကင်ဘုံ အကာအကွယ်စည်း အစီအရင်ရဲ့ အစွမ်းကြောင့် ရှကျိုးယွီ ထိုစကားတွေ အားလုံးကို ကြားခဲ့သည်။ ဒါပေမဲ့ ရှကျိုးယွီကတော့ လျစ်လျူရှုထားလေရဲ့။

ထိုအချိန်မှာပဲ စနစ်ရဲ့သတိပေးချက် ထွက်ပေါ်လာခဲ့သည်။

(ပိုင်ရှင်က တိုင်းပြည်အရေးကို လျစ်လျူရှု့ပြီး အရာရှိတွေကြားမှာ အထင်လွဲမှုကို ဖြစ်ပေါ်စေခဲ့တယ်။ ဒါ့အပြင် ပိုင်ရှင်က မင်းသားတစ်ယောက်ကို စစ်တပ်အာဏာ တည်ဆောက်ခွင့်ပေးခဲ့တယ်။ ဒါက သူ့အတွက် ပုန်ကန်ဖို့ တွန်းအားပေးလိုက်သလိုပဲ။ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေက ပြင်းထန်ပါတယ်)

(ကံကြမ္မာအမှတ် ငါးထောင်လျော့တယ် လက်ရှိ တစ်သိန်းခြောက်သောင်း ငါးထောင်ပဲကျန်တော့တယ်!)

(ဆုလာဒ်-အဆင့်နိမ့်စွမ်းအင် ကျောက်တုံးတစ်ထောင်။ ထိုကျောက်တုံးတွေကို သိုလှောင်ဧရိယာထဲ ထည့်သွင်းထားပါမည်)

(အဆင့်နိမ့် စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံး_ စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းရာက‌နေ ဖြစ်ပေါ်လာသောကျောက်တုံးဖြစ်သည်။ ထိုကျောက်တုံးတွေကို စုပ်ယူမည်ဆိုပါက ကျင့်ကြံမှုကို မြှင့်တင်ပေးနိုင်သည်။ ကျင့်ကြံသူတွေအတွက် အကောင်းဆုံးသော ပစ္စည်းတစ်ခုဖြစ်သည်)

'ဝါး စိတ်ဝိညာဉ်ကျောက်တုံးတဲ့လား? အံ့ဩဖွယ်ရာပစ္စည်းပဲ!’

ရှကျိုးယွီ ရေရွတ်လိုက်သည်။

စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းသောအစီအရင်က စိတ်ဝိညာဉ်ကို ပိတ်လှောင်ထားပေးမဲ့ အစီအရင်တစ်ခုပဲ။ ဒါ့အပြင် ရိုးရိုးရှင်းရှင်း ပြောရမည်ဆိုလျှင် စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးသည် စိတ်ဝိညာဉ်သိုလှောင်ပေးနိုင်သော ပစ္စည်းလည်းဖြစ်သည်။

ကျင့်ကြံသူတွေက စိတ်ဝိညာဉ်စွမ်းအင်ကို ကျောက်တုံးအတွင်းမှ တိုက်ရိုက်ပင် စုပ်ယူကာ အသုံးပြုနိုင်သည်။

ဒါ့အပြင် ကျင့်ကြံသူတွေကြားမှာ ငွေကြေးအနေနဲ့လည်း စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးကို အသုံးပြုကြပေသည်!

စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးတိုင်းကို‌တော့ စိတ်ဝိညာဉ် စုဆောင်းပေးနိုင်သော အစီအရင်မှ ပြုလုပ်ထားခြင်း မဟုတ်ပေ။

တရှားတိုင်းပြည်ရဲ့ လက်ရှိ စိတ်ဝိညာဉ်စွမ်းအင် ပမာဏကို ကြည့်လိုက်တာနဲ့ သိနိုင်သည်။

တရှားတိုင်းပြည်ရဲ့လက်ရှိ စိတ်ဝိညာဉ်စွမ်းအင်နဲ့ဆိုရင် အဆင့်နိမ့် စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးတစ်ခုကို ရနိုင်ဖို့အတွက် အချိန်တစ်လလောက် ပေးဆပ်ရနိုင်သည်။

ရှန့်ထျန နယ်မြေကြီးထဲမှာ စိတ်ဝိညာဉ်စွမ်းအင် အများစုကို မြေအောက်မီတာ တစ်ရာကျော် သို့မဟုတ် တစ်ထောင်ကျော်နက်သည့် နဂါးကျောက်တွင်းများတွင်သာ တွေ့ရှိရတတ်သည်။

ဒါပေမဲ့ တွေ့ရှိတာနဲ့ ဂိုဏ်းကြီးတွေက ဝင်ရောက်ကာ သူတို့အပိုင်အဖြစ် လုယူတတ်ကြသည်!

ထို့ကြောင့် အခုရရှိလိုက်သော စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးတစ်ထောင်သည် ကြီးမားသော ငွေကြေးပမာဏ တစ်ခုအဖြစ် အသုံးပြုနိုင်သည်။ တရှားတိုင်းပြည် တစ်ခုလုံးရဲ့အခြေအနေကိုပါ ပြောင်းလဲပစ်နိုင်တဲ့ ပမာဏပဲ။

သိုင်းလောကတွင် စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးကို ငွေကြေးအဖြစ် အသုံးပြုကြသည်။ ဒါပေမဲ့ ရှကျိုးယွီကတော့ လဲလှယ်ဖို့ စိတ်ကူးမရှိချေ။

သိုင်းလောကသည် အန္တရာယ်များတဲ့ နေရာတစ်ခုပဲ။ ကိုယ်ပိုင်လုံခြုံမှုနဲ့ သန်မာဖို့အတွက် ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမည်။

ရှကျိုးယွီအနေနဲ့ လက်ရှိသိုင်းပညာမှာ ပထမအဆင့်ကို ရောက်ရှိခဲ့ပြီ။ တာအိုပညာမှာလည်း ဒုတိယအဆင့်ကို ရောက်ရှိပြီ ဆိုပေမဲ့ သူက တရှားတိုင်းပြည်အတွင်းမှာပဲ အသန်မာဆုံး ဖြစ်နိုင်သည်။

သိုင်းလောကထဲ ရောက်သွားမည်ဆိုရင်တော့ သန်မာသူတွေကြားထဲက သာမန်သူတစ်ယောက်ပဲ ဖြစ်လိမ့်မည်။

ဒါ့အပြင် ရှကျိုးယွီရဲ့ နောက်ထပ်‌ ကျင့်ကြံမှုပိုင်း တိုးတက်နိုင်မည့် အခွင့်အရေးကလည်း ဘယ်အချိန်မှ ရောက်လာအုန်းမည်ဆိုတာ မသေချာပေ။

အရင်ကတော့ တာအိုပညာရဲ့ ရွှေရောင်မှင်ဆေးရည် အစွမ်းကြောင့် သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ သန်မာမှုက မြင့်တက်ခဲ့ရသည်။

ထို့ကြောင့် ပထမအဆင့်ထက် မြင့်သော အဆင့်ကို တက်လှမ်းနိုင်မည့် မျှော်လင့်ချက်တို့တောင် ဝင်ရောက်လာခဲ့ရသည်။ ဒါပေမဲ့ ဘယ်လိုပဲ ကြိုးစားပါစေ၊ မကျော်ဖြတ်နိုင်တဲ့ အတားအဆီးတစ်ခုကို ခံစားနေရဆဲပဲ။

“ဒီစွမ်းအင် ကျောက်တုံးတွေကို အသုံးပြုပြီးတော့ ငါပထမအဆင့်ကို တက်နိုင်မလားကြည့်ရမယ်! စွမ်းအားတိုးတဲ့ ခံစားချက်လေးကို ခံစားကြည့်တာပေါ့!”

ရှကျိုးယွီ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ရှကျိုးယွီ အများကြီးမတွေးခဲ့ဘူး။ ချက်ချင်းပဲ မတ်တပ်ရပ်လိုက်တာ အဝတ်ကို သပ်ရပ်အောင် ပြင်ဆင်လိုက်သည်။လည်ချောင်း ရှင်းလိုက်သည်။

ပြီးတာနဲ့ တော်ဝင်နန်းဆောင်ထဲက ထွက်သွားလိုက်တော့၏။

ယ‌နေ့တွင် ညီလာခံကျင်းပရာ အခန်းအတွင်း၌ စစ်ဖက်ရေးရာ အမတ်အားလုံးနှင့်သာမက ပြည်တွင်းရေး အမတ်အားလုံးနဲ့ပါ တွေ့ဆုံရန် ရှကျိုးယွီ စီစဉ်ထားခဲ့သည်။

သူတို့ရဲ့ စကားတွေနားထောင်ရုံနဲ့တင် အမှတ်ငါးထောင်လောက် ကုန်သွားခဲ့သည်။

ထို့ကြောင့် ထိပ်တိုက်စကားပြောမည်ဆိုရင် ကံကြမ္မာအမှတ်တွေ ပိုမိုလျော့သွားစေရန် ရည်ရွယ်ချက်နှင့် စီစဉ်လိုက်တာပဲ။

ရှကျိုးယွီ ဒီတစ်ခေါက်မှာတော့ အမတ်တွေအားလုံးကို တိုက်ရိုက်ရန်စဖို့ မတွေးထားခဲ့ဘူး။

လက်ရွှေးစင် တပ်ဖွဲ့တစ်ခု တည်ဆောက်တဲ့ စီမံကိန်းမှာဖြစ်စေ၊ ဆည်မြောင်း တည်ဆောက်တဲ့ စီမံကိန်းမှာ ဖြစ်စေ၊ မဟာတံတိုင်း တည်ဆောက်တဲ့ စီမံကိန်းမှာ ဖြစ်စေ၊ စစ်ဖက်ရေးရာနဲ့ ပြည်တွင်းရေးရာ အမတ်အားလုံး၏ ပူးပေါင်းမှုကို လိုအပ်သည်။

သူက တရှားတိုင်းပြည်ကို အုပ်စိုးရတဲ့ ရှင်ဘုရင်တစ်ယောက်ဆိုပေမဲ့ အရာရှိတွေက သူ့ရဲ့ လုပ်နိုင်စွမ်းရှိတဲ့ လက်အောက်ခံ လူသားတွေပဲ။

ဦးဆောင်သူအနေနဲ့ သူပေးသမျှ အမိန့်တွေကို တကယ်လုပ်ရတဲ့ သူတွေက အရာရှိတွေသာဖြစ်သည်။ ထို့ကြောင့် သူတို့အချင်းချင်း အချင်းများနေစေရင် မကောင်းဘူး။

.........

တော်ဝင်နန်းဆောင်အတွင်း မရောက်ခင်မှာပဲ အရာရှိတွေရဲ့ အချင်းများသံကို ရှကျိုးယွီ ကြားနေခဲ့သည်။ ထို့ကြောင့် ရောက်ရှိနေမှန်း သိသာစေရန် လည်ချောင်းတစ်ချက် ရှင်းလိုက်တော့၏။

“အဟမ်း!”

ချက်ချင်းပဲ အရာရှိတွေရဲ့ ဆွေးနွေးသံတွေ အားလုံး တိတ်ဆိတ်သွားခဲ့သည်။

“အရှင်မင်းကြီး!”

ချက်ချင်းဆိုသလို တစ်ယောက်ပြီး တစ်ယောက် နှုတ်ဆက်လာခဲ့သည်။ အရှင်မင်းကြီးရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ။ လက်တွေ့အနေနဲ့ အမတ်ယောင်ဖန်းနဲ့ အမတ်ချန်ရှုံးရဲ့ အပြုအမူကရှိခဲ့သဖြင့် ရိုသေမှုမပြပဲ မနေရဲကြဘူး။

ဒါ့အပြင် ဒီလပိုင်းအတွင်း တိုင်းပြည်ရဲ့ ပြောင်းလဲသွားမှုကို သူတို့တွေ မြင်တွေ့ခဲ့ရသည်။ ထိုကြောင့် ရှကျိုးယွီပေါ်လာတာနဲ့ အကုန်လုံး တိတ်ဆိတ်သွားတော့၏။

“ဒီလို မနက်အစောကြီးမှာ ပြဿနာရှာနေတာ မင်းတို့ကတစ်ဖြည်းဖြည်း လွန်လာကြပြီပဲ”

ရှကျိုးယွီကတော့ အကုန်လုံးရဲ့ အရိုအသေပေးမှုကို လျစ်လျူရှုကာ အေးစက်တဲ့ လေသံဖြင့် ပြောလိုက်သည်။

အမတ်တွေ အားလုံး အံ့ဩသွားတော့၏။

'မနက်အစောကြီးတဲ့လား?’

ဘယ်သူကမှ အများကြီး မတွေးခဲ့ကြဘူး။ ထိုအချိန်မှာ အမတ်ထဲက တစ်ယောက်က ရှေ့ထွက်လာကာ…

“အရှင်မင်းကြီး၊ ချင်မင်းသားရဲ့ တပ်သားသစ် စုဆောင်းမှုကို အရှင်မင်းကြီး ပြန်လှည်စဉ်းစား ပေးတော်မူပါ။ ချင်မင်းသားက လုပ်‌နိုင်စွမ်းရှိတဲ့ ကျင့်ကြံသူ တစ်ယောက်ပဲ။ သူ့မှာသာ လေ့ကျင့်ပေးမဲ့ လက်အောက်ခံတွေ ရှိလာခဲ့မယ်ဆိုရင် တရှားတိုင်းပြည်အတွက် အန္တရာယ်တွေ ကျရောက်လာမှာကို စိုးရိမ်ရပါတယ်။ ဒါကြောင့် အရှင်မင်းသားကို မြို့တော်ဆီ ပြန်ခေါ်သင့်တယ်လို့ ထင်ပါတယ်! အရှင်မင်းသားရဲ့ ကျန်ရှိနေတဲ့ နေ့ရက်တွေကို မြို့တော်မှာပဲ ဖြတ်သန်းခိုင်းသင့်ပါတယ်”

“အရှင်မင်းကြီး ပြန်လည်စဉ်းစားပေးတော်မူပါ!”

“အရှင်မင်းကြီး ပြန်လည်စဉ်းစား ပေးတော်မူပါ!”

ချက်ချင်းပဲ အမတ်တွေအားလုံး ဒူးထောက်လိုက်ကြသည်။ ရှကျိုးယွီကတော့ ထိုအဖိုးအိုတွေ အားလုံးကို လျစ်လျူရှု့ ထားလိုက်လေ၏။

ထိုအစား အခန်းအလယ်ရှိ စားပွဲခုံဆီကိုသွားကာ ဟန်ပါပါထိုင်လိုက်သည်။ ထို့နောက်မှာမှ အစောက စကားပြောခဲ့သော အမတ်ကို ရှကျိုးယွီကြည့်လိုက်ကာ ပြုံးလိုက်ပြီး

“ဒါဆိုရင် ဒီကိစ္စကို မှားယွင်းနေတယ်လို့ အမတ်ကပြောချင်တာလား?”

“ကျွန်တော်မျိုး မပြောရဲပါဘူး!”

ချက်ချင်းပဲ ထိုအမတ် ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားသလို ခံစားလိုက်ရသည်။ အရှင်မင်းကြီးကို မှားယွင်းကြောင်း တိုက်ရိုက်ပြောဆိုလိုက်ခြင်းက ပြစ်ဒဏ်ပဲ!

အရှင်မင်းကြီးသာ အမျက်ထွက်သွားမယ်ဆိုရင် မျိုးဆက်ကိုးဆက်လုံး အသတ်ခံရနိုင်သည်။

“မင်း မပြောရဲ့ဘူးလို့တော့ ငါကိုယ်‌တော် မထင်ဘူး”

ရှကျိုးယွီ အေးစက်စွာပြောလိုက်သည်။ ရှင်ဘုရင် တစ်ယောက်ရဲ့ အရှိန်အဝါကို အပြည့်အဝ ဖော်ပြလိုက်၏။

ရှကျိုးယွီရဲ့ နောက်ကွယ်မှာရှိသော လွှမ်းမိုးနိုင်စွမ်း ပြည့်ဝသည့် အရှိန်အဝါကို အကုန်လုံး ခံစားလိုက်ရသည်။

ရှကျိူးယွီ တည်ငြိမ်စွာ ပြောလိုက်သည်။

“ ချင်မင်းသားက ကျန်းနန်မြို့မှာရှိတဲ့ မင်းတို့ရဲ့ ရစရာရှိတဲ့ တစ်စုံတစ်ခုကို တိုက်ခိုက်ခဲ့လို့ အခုလိုမျိုး သူ့ကိုမြို့တော်ပြန်ခေါ်ဖို့ အတင်းအကြပ် တိုက်တွန်းနေတာမလား? ဒါမှမင်းတို့ရဲ့ လုပ်ရပ်အမှားတွေကို မဖော်ထုတ်နိုင်အောင်လေ!”

ရှကျိုးယွီက ပြောပြီးသည်နှင့် အမတ်တွေ အားလုံးကိုသေချာ စိုက်ကြည့်လိုက်သည်။

အကုန်လုံး တိတ်ဆိတ်ကာ ခေါင်းတွေ ငုံ့သွားကြလေ၏။

ရှကျိုးယွီ အနည်းငယ် စိတ်ပျက်သွားခဲ့သည်။ သူ့အတွက် ကံကြမ္မာအမှတ်တွေ အများကြီး စောင့်နေသေးပြီး တက်သွားသည့် အမှတ်က တစ်သိန်းကျော်တောင်!

ဒါ့အပြင် တရှားတိုင်းပြည်မှာလည်း အရည်အချင်းရှိသူက အလွန်ကိုနည်းပါးသည်။

အခုလိုမျိုး ကန့်သတ်ခံလူတန်းစားထဲမှာမှ နဂါးတစ်ကောင်၊ ဖီးနစ်တစ်ကောင် ထွက်ပေါ်လာဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စမဟုတ်ဘူး။ ရှကျိုးယွီ နောက်ဆုံးတော့ နားလည်သွားခဲ့သည်။ သူ့ရဲ့ အရှေ့ကလူက အသုံးမကျတဲ့ လူအိုတစ်အုပ်ပဲ။

ရှကျိုးယွီ ဆက်ပြောလိုက်သည်။

“လက်ရွှေးစင်တပ်ဖွဲ့ တည်ဆောက်တာက တရှားတိုင်းပြည်ရဲ့ အနာဂတ်အတွက်ပဲ။ လက်ရှိမှာ တရှားတိုင်းပြည်က လျင်မြန်စွာ တိုးတက်နေခဲ့တယ်။ အိမ်နီးချင်းတိုင်းပြည်တွေကလည်း အဆက်မပြတ် စောင့်ကြည့်နေကြတယ်။ ဒါကြောင့် ငါတို့တိုင်းပြည်ရဲ့ သန်မာမှုကို မြင့်တင်ဖို့နည်းလမ်း ရှာမထားဘူးဆိုရင် အနာဂတ်မှာ သူတို့တွေ စုပြုံပြီး တိုက်ခိုက်လာခဲ့မယ်ရင် ဘယ်လိုလုပ်မှာလဲ?”

“ အဲ့ဒီအချိန်ကြရင် မင်းအရှေ့ထွက်မှာလား? ဒါမှမဟုတ် မင်းထွက်မှာလား?”

ရှကျိုးယွီ အေးစက်စွာဖြင့် လူအုပ်ကို စိုက်ကြည့်လိုက်သည်။ ထိုလူအုပ်ထဲမှ မျက်စိထဲပေါ်လာတဲ့ လူနှစ်ယောက်လောက်ကို လက်ညိုးထိုးကာ ခြောက်လိုက်လေ၏။

ရှကျိုးယွီရဲ့ စကားကြောင့် သူတို့တွေရဲ့ ခေါင်းကပိုမို ငုံ့သွားခဲ့သည်။ မြေကြီးထဲ ဝင်တော့မတက်ပင်။

ထိုအချိန်မှာ အမတ်တစ်ယောက်မျှ မဖြေဆိုရဲကြဘူး။

“ဒါ့အပြင် ချင်မင်းသားကို လုပ်ခိုင်းလိုက်တာက တပ်သားစုဆောင်းခိုင်းရုံတင်ပါ။ တရှားတိုင်းပြည်မှာလဲ နှစ်စဉ်နှစ်စဉ် တပ်သားစုဆောင်းတာပဲ။ ဒီတစ်ကြိမ်မှာ စုဆောင်းတဲ့ တပ်သားက အနည်းငယ် ငယ်သွားရုံပဲရှိတာ။ အဲ့ဒါက ဘာပြဿနာဖြစ်နေလို့လဲ? ဘာလဲ? အသက် ဆယ့်လေးနှစ်ဆိုရင် စစ်တပ်ထဲ ဝင်လို့မရသေးလို့လား?”

“အသက် ဆယ့်လေးနှစ်မှာ အကုန်လုံး ရုပ်ပိုင်းဆိုင်ရာ သန်မာမှုကို ရရှိပြီးသားပဲ။ စိတ်ပိုင်းဆိုင်ရာ သန်မာမှုကလည်း အလုံအလောက်ရှိနေခဲ့ပြီ။ အချိန်နဲ့အမျှ အရာအားလုံးက ပြောင်းလဲနေတာ။ တရှားတိုင်းပြည်လည်း တိုးတက်ချင်တယ်ဆိုရင် စည်းကမ်းချက်တွေကို ဖောက်ထွက်ပြီး အောင်မြင်အောင် လုပ်နိုင်မှရမယ်။ ဒါကြောင့် အသက်ဆယ့်လေးနှစ်ဆိုတာ တပ်ထဲကို ဝင်ဖို့ အသင့်တော်ဆုံးအရွယ်လို့ ငါကိုယ်တော် ထင်တယ်! ပထမဦးဆုံး အချက်အနေနဲ့ သူတို့တွေ စစ်ရေးသင်ကြားမှုကိုလည်း ရရှိမယ်။ ဒုတိယအချက် အနေနဲ့ ဗဟုသုတလည်း ကြွယ်ဝလာမယ်။ ဒီလိုဆိုရင် တိုက်ပွဲကြုံလာခဲ့ရင် သူတို့တွေပိုမို လုပ်ဆောင်နိုင်ကြလိမ့်မယ်”

ရှကျိုးယွီပြောလိုက်ပေမဲ့ သူ့ရဲ့ စိတ်ထဲမှာတော့ မတူညီတဲ့အတွေးတစ်ခုကို တွေးနေခဲ့သည်။

All Chapters