← Chapters

အမိန့်အတိုင်း လုပ်ရုံပဲ

Vol. 10 Ch. 133

အမိန့်အတိုင်း လုပ်ရုံပဲ

Vol. 10 Ch. 133

နောက်တစ်နေ့မနက် ထိုက်အန်းမြို့တော်၏ နန်းတော်အတွင်းတွင် ရှကျိုးယွီက အမည်းရောင်ဥကို ကိုင်ထားခဲ့သည်။ ထိုဥနှင့် သူရဲ့ကြားမှာ ရင်းနှီးမှုတစ်ချို့ ရရှိနေသလိုပင်။

ဒါပေမဲ့ အဲ့ဒီဥနှင့်ပတ်သက်ပြီး ဘာပြောင်းလဲမှုကိုမှ ရှကျိုးယွီ အာရုံခံလို့မရခဲ့ဘူး။

"ထူးဆန်းတယ်၊ ဒီဥက ဘာမှမပြောင်းလဲသွားသလိုပဲ၊ အရင်အတိုင်း မည်းမည်းကြီး!"

ရှကျိုးယွီ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

မယုံကြည်နိုင်စွာဖြင့် ထိုဥကို သေချာကြည့်လိုက်၏။ ဂရုတစိုက် စစ်ဆေးလိုက်သည်။

နောက်ဆုံးတော့ အတည်ပြုနိုင်သွားခဲ့သည်။ ဥအပေါ်တွင်ရှိသော သွေးကြောမျှင်ပုံစံ အကြောင်းတွေက ပိုပြီး ထင်းလာသည်ကလွဲရင် ဘာမှမပြောင်းလဲသွားခဲ့ပေ။ ထို့ကြောင့် ရှကျိုးယွီ တွန့်ဆုတ်စွာဖြင့် ထိုအမည်းရောင်ဥကို စားပွဲခုံပေါ် ပြန်တင်လိုက်သည်။

သူ လက်မလျှော့ချင်သေးဘူး။ ထို့ကြောင့် မနေနိုင်စွာဖြင့် ရှကျိုးယွီ၏ လက်တွေက အမည်းရောင်ဥကို ပွတ်သပ်နေမိသည်။

"ကြည့်လို့ပိုကောင်းလာတာကလွဲရင် ဘာမှမပြောင်းလဲသွားသလိုပဲ!"

ရှကျိုးယွီ သေချာစွာ ခေါင်းညိတ်လိုက်သည်။ နောက်ဆုံးတော့ သူ စိတ်မဝင်စားတော့ဘဲ ဘေးဖယ်ထားလိုက်သည်။ ခေါင်းသာယမ်းလိုက်ပြီး ဖူယွဲ့နန်းဆောင်ဆီ ဦးတည်သွားတော့၏။

"မြေဩဇာကောင်းတဲ့လယ်ကွင်းနဲ့ လှပတဲ့ရှုခင်းလေးရေ.. ငါလာပြီနော်။ အခုလိုမျိုး အထက်တန်းကျတဲ့အလှအပက လုံးဝငါ့အကြိုက်ပဲ!”

"ဒါပေမဲ့ အခုတော့ နားလည်သွားခဲ့ပြီ၊ မင်း အလုပ်ကြိုးစားလွန်းရင် အကောင်းဆုံးသော လယ်ကွင်းကတောင်မှ ကြာလာရင် ပျင်းလာစေလိမ့်မယ်၊ အကြာကြီးကြည့်ပါများရင် လှပတဲ့ရှုခင်းကတောင်မှ ပျင်းစရာကောင်းသွားမှာပဲ၊ အဲ့ဒါကို ငါ လုံးဝနားလည်သွားပြီ"

ရှကျိုးယွီ သက်ပြင်းချလိုက်သည်။ မိဖုရားဖူယွဲ့ဆီလဲ မသွားချင်တော့ပေ။ ကျယ်ပြန့်သော တော်ဝင်နန်းတော်အတွင်းတွင် ရှကျိုးယွီ ဘယ်ကိုသွားရမလဲ မသိတော့ဘူး။

'ဒါမှမဟုတ် အပြင်ထွက်ပြီး ပျော်စရာလေးတွေ ရှာရင်ရော?’

ရှကျိုးယွီ တွေးလိုက်သည်။ ကျောက်ကောင်းက လွန်ခဲ့တဲ့ရက်က စာတစ်စောင် ပို့ထားတာကို သူ အမှတ်ရသွား၏။ သူ ဖတ်ကြည့်ခဲ့သည်။ သိုင်းလောကသားတစ်ချို့ရဲ့ အကြောင်းနဲ့ပတ်သက်ပြီး ရေးထားတာကလွဲရင် အများကြီးမပါဝင်ခဲ့ပေ။

ကျောက်ကောင်းက လုံးဝကို အသေးစိတ်ရေးသားထားလေ၏။ တိုင်းပြည်အရေးတွေမှာ ဂရုမစိုက်ပေမဲ့ ရှကျိုးယွီ ထိုစာစောင်ကို သေချာဖတ်ရှုခဲ့သည်။

ဖတ်ပြီးတာတောင်မှ သူ မကျေနပ်သေးပေ။

"ဒါမှမဟုတ် နှင်းနဂါးတောင်ဆီ သွားလည်ကြည့်ရင်ရော ဘယ်လိုလဲ? အခုလိုမျိုး အရမ်းမြင့်တဲ့တောင်ကြီးကို ငါ့တစ်ဘဝလုံးမှာ တွေ့ဖူးတာမှမဟုတ်တာ"

ရှကျိုးယွီ တွေးလိုက်သည်။ သူ့ရဲ့မျက်လုံးတွေက အန္တရာယ်ရှိမှုကို တွက်ချက်နေ၏။

"အဲဒီနှင်းနဂါးတောင်ပေါ်သွားဖို့က မဖြစ်နိုင်တာတော့မဟုတ်ဘူး၊ ဘာလို့ဆိုရင် အခုငါ့ရဲ့ကျင့်ကြံမှုက တရှားတိုင်းပြည်အတွက် လုံလောက်တာထက်ကို ပိုနေပြီ၊ ပထမအဆင့်ထက်တောင် မြင့်တယ်လို့ပြောလို့ရတယ်၊ ဒါပေမဲ့ ဘုရင်တစ်ယောက်အနေနဲ့ သွားရမှာတော့ သိပ်မကောင်းဘူးပေါ့”

“ ဟား၊ ဒီရက်ပိုင်းအတွင်း တိုင်းပြည်ထဲကို သိုင်းပညာရှင်တွေ အများကြီးရောက်လာခဲ့တယ်လေ။ ဒီတော့ ကျွမ်းကျင်ကျင့်ကြံသူတွေလည်း အများကြီးရှိမှာပေါ့၊ ဒီအခွင့်အရေးကိုအသုံးပြုပြီး ငါ့ရဲ့သရုပ်မှန်ကို ဖုံးကွယ်ရမယ်၊ ဒါဆိုရင် တိုင်းပြည်အတွင်းကိုလည်း လေ့လာလို့ရပြီ"

"ခရီးထွက်နေရင်းနဲ့ ကံကြမ္မာအမှတ်ကိုလည်း ဘယ်လိုဖျက်ဆီးရမလဲ အတွေးပိုရတာပေါ့"

ရှကျိုးယွီ ပိုပြီးပျော်ရွှင်သွားခဲ့သည်။ တစ်ခုတည်းသော ပြဿနာဖြစ်တဲ့ နန်းတော်အတွင်းက ဘယ်လိုလွတ်အောင် ထွက်ပြေးရမလဲဆိုတဲ့ အချက်ပဲ ကျန်တော့သည်။

ရှကျိုးယွီ အနည်းငယ် ခက်ခဲသွား၏။ နန်းတော်ထဲက ထွက်ပြေးဖို့ဆိုတာ ခက်ခဲတဲ့ကိစ္စတစ်ခုမဟုတ်ဘူး။ ဒါပေမဲ့ အကျိုးအကြောင်းသင့်တဲ့ ဆင်ခြေတစ်ခုကို ရှာဖို့ကတော့ မလွယ်ကူဘူး။

ရှကျိုးယွီ စဉ်းစားနေခဲ့သည်။ ဒါပေမဲ့ မကြာခင်မှာပဲ စဉ်းစားဖို့ အလွန်ပျင်းသွားလေ၏။

သူက ပြည်သူတွေရဲ့အမြင်မှာ ဘုရင်ဆိုးတစ်ယောက်ပဲ။ တိုင်းပြည်အရေးကိုလည်း လစ်လျူရှုတယ်။ ဒါကြောင့် အပြင်ထွက်ချင်ရင် ဘာဆင်ခြေ လိုအပ်ဦးမှာလဲ?

ဒါကြောင့် ဘာပြဿနာမှ ပေါ်ပေါက်လာမယ်လို့ မထင်မိပေ။

ထို့ကြောင့် ရှကျိုးယွီ စိတ်ပူနေတဲ့ တစ်ခုတည်းသောအရာက စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းသော အစီအရင်နှင့် ပတ်သက်ပြီးတော့ပဲ။ တကယ်လို့ စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းသော အစီအရင်ကို ကောင်းမွန်စွာ မတည်ဆောက်နိုင်ဘူးဆိုရင် ပြဿနာကြီး ဖြစ်လာနိုင်သည်။

“ဒီလိုဆိုမှတော့ စိတ်ရှည်ရှည်နဲ့ နှစ်ရက်လောက်ထပ်ပြီး စောင့်ရတော့မှာပေါ့”

“နှစ်ရက်လောက် အချိန်ရတာလည်း မဆိုးပါဘူး။ ဘယ်လိုမျိုး ပြီးပြည့်စုံစွာ ခရီးထွက်ရမလဲဆိုတာကို နှစ်ရက်အတွင်းမှာ စဉ်းစားလို့ရတယ်”

ထို့နောက်မှာ ရှကျိုးယွီက စနစ်ရဲ့ ကိုယ်ပိုင်သိုလှောင်ရုံအတွင်းကို သွားလိုက်သည်။ ဆုလာဘ်ရရှိထားသော စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးတွေကို လေ့လာဖို့ပင်။

...

တိုင်းပြည်အသီးသီး၏ သန်မာသော စစ်သည်တော်များစွာက တရှားတိုင်းပြည်ရဲ့ နယ်စပ်အတွင်းကို ရေစီးကြောင်းတစ်ခုပမာ အရှိန်အဟုန်ပြင်းစွာဖြင့် ဝင်ရောက်လာခဲ့သည်။ အချိန်နှင့်အမျှ များပြားလာသော အရေအတွက်က အံ့ဩဖွယ်ရာပင်။ စစ်သည်တော်အများစုသည် ဒုတိယအဆင့် ကျင့်ကြံသူများဖြစ်သည်။ ထိုအထဲတွင် ပထမအဆင့် ကျင့်ကြံသူများတောင် ပါဝင်၏။

တရှားတိုင်းပြည်လိုမျိုး တိုင်းပြည်ငယ်တစ်ခုအတွက် ခုလိုမြင့်မားတဲ့ အရေအတွက်သည် မတည်ငြိမ်သော အခြေအနေကို ချက်ချင်းဖော်ဆောင်ပေးနိုင်၏။

ဝင်ရောက်လာသော ကျင့်ကြံသူများ၏ သန်မာမှုက တစ်ယောက်ချင်းစီတွင် စစ်သူကြီးအဖြစ် ဦးဆောင်တိုက်ခိုက်ကာ နယ်မြေကို သိမ်းပိုက်နိုင်သော အရည်အချင်းရှိသည်။ လူတစ်ယောက်က သောင်းချီသော စစ်တပ်ကို ဦးဆောင်နိုင်တဲ့ အရည်အချင်းနှင့် ပြည့်ဝ၏။

ထိုအချိန်တွင် အကုန်လုံးရဲ့မျက်နှာသည် တည်ငြိမ်နေခဲ့သည်။ တရှားတိုင်းပြည်၏ ပိုင်နက်အတွင်းကို လျင်မြန်စွာ ဝင်ရောက်ပြီးတာနဲ့ ကျယ်ပြန့်သော ကွင်းပြင်ထဲတွင် ရပ်လိုက်ကြသည်။

တိတ်တဆိတ်နှင့် တစ်စုံတစ်ခုကို စောင့်ဆိုင်းနေကြ၏။ အဝေးမှ နောက်ထပ်လာရောက်နေသူများလည်း ရှိသည်။ အချိန်တစ်ခုအတွင်းမှာပဲ ထိုလယ်ကွင်းထဲတွင် လူအယောက် နှစ်ရာခန့် ဖြစ်သွားသည်။

အခုလိုမျိုး အင်အားကြီးကျင့်ကြံသူတွေ အများကြီးစုဝေးလာတာကို မြင်တဲ့အခါမှာ တစ်စုံတစ်ယောက်က မနေနိုင်စွာ မေးလိုက်သည်။

"မင်းတို့အားလုံးကိုလည်း ထျန်းချီတာဝါဂိုဏ်းက လျှို့ဝှက်စာစောင်နဲ့ ဆက်သွယ်ခဲ့တာလား?"

"အေးလေဟ၊ ထျန်းချီတာဝါဂိုဏ်းရဲ့ လျှို့ဝှက်စာစောင်သာ မရှိဘူးဆိုရင် တရှားလိုမျိုး တိုင်းပြည်ငယ်တစ်ခုက ငါတို့ကို ဘယ်လိုမျိုး ဆင့်ခေါ်နိုင်မှာလဲ?"

"ဟုတ်ပြီ၊ စကားများနေတာ တော်ကြတော့၊ မင်းတို့သိကြလား? ထျန်းချီတာဝါဂိုဏ်းက ငါတို့ကို ဘာလို့ခေါ်ခဲ့လဲဆိုတာကို"

"ငါမသိဘူး၊ ဒါပေမဲ့ ငါသတင်းကြားထားတာတော့ ထျန်းချီတာဝါဂိုဏ်းရဲ့ အရှင်လီကို တရှားတိုင်းပြည်က မောက်မာစွာ ဆက်ဆံခဲ့တယ်တဲ့၊ ဒါကြောင့် တရှားတိုင်းပြည်ကို ဖျက်ဆီးဖို့ ငါတို့ကို ဆင့်ခေါ်တာများလား?"

"ဖြစ်နိုင်တယ်၊ တရှားတိုင်းပြည်ဆိုတာ ဘယ်လိုတိုင်းပြည်မို့လို့လဲ? ထျန်းချီတာဝါဂိုဏ်းကိုများ ရန်စရဲတယ်လို့"

"အဓိပ္ပာယ်မရှိတာ! တကယ်လို့ ထျန်းချီတာဝါဂိုဏ်းက လှုပ်ရှားချင်တယ်ဆိုရင် ငါတို့ကို လိုအပ်မှာတောင်မဟုတ်ဘူး!"

တစ်စုံတစ်ယောက်က မနေနိုင်စွာ ထပြောလိုက်သည်။

"ဒါ့အပြင် ငါကြားရသလောက်တော့ ထျန်းချီတာဝါဂိုဏ်းက ငါတို့ကိုခေါ်ခဲ့တာက တရှားတိုင်းပြည်နှင့် အိမ်နီးချင်းတိုင်းပြည်တွေရဲ့ကြားက ကုန်သွယ်မှုနှင့်ပတ်သက်ပြီး ဆွေးနွေးချင်လို့ဆိုလားပဲ"

"ကုန်သွယ်မှုဟုတ်လား? ထျန်းချီတာဝါဂိုဏ်းက တိုင်းပြည်အရေးတွေမှာ ဝင်မပါဘူးဆိုပြီး ပြတ်ပြတ်သားသား ရပ်တည်ခဲ့တဲ့ဂိုဏ်း မဟုတ်ဘူးလား? တရှားတိုင်းပြည်မှာကျမှ သူတို့က အဲဒီစည်းကမ်းချက်ကို မကျင့်သုံးတော့ဘူးလား?"

"မင်းတို့လည်းသိမှာပါ၊ ဒီကိစ္စမတိုင်ခင်မှာ ထျန်းချီတာဝါဂိုဏ်းက ဘယ်တိုင်းပြည်ကိုမှ ဂရုစိုက်ခဲ့တာမဟုတ်ဘူး"

လူအုပ်ထဲကတစ်ယောက်မှ မနေနိုင်စွာ ပြောလိုက်သည်။ ထိုစကားကို ငြင်းဆိုမည့်သူမရှိပေ။

ဒါပေမဲ့ အားလုံး မျက်မှောင်ကြုတ်သွားကြ၏။ ဘာလို့လဲဆိုရင် သူတို့အားလုံး သတင်းရရှိထားသည်။ ထျန်းချီတာဝါဂိုဏ်းနှင့် တရှားတိုင်းပြည်က ပူးပေါင်းဖို့ အလားအလာရှိသည်ဟူ၍ပင်။

"ဘာကြောင့်ပဲဖြစ်ဖြစ် ငါတို့က ထျန်းချီတာဝါဂိုဏ်းနဲ့ အတူတကွ လုပ်ဆောင်မယ်၊ မင်းရောငါရော အားလုံးက ထျန်းချီတာဝါဂိုဏ်းရဲ့ လက်အောက်ကလူတွေပဲ၊ ဘာလို့ အများကြီး ဂရုစိုက်နေရမှာလဲ?"

"ဟုတ်တယ်၊ ငါတို့အားလုံးက ထျန်းချီတာဝါဂိုဏ်းရဲ့ လက်အောက်ခံတွေပဲ၊ ဒီတော့ သူတို့ရဲ့ညွှန်ကြားချက်အတိုင်း လုပ်ရမှာပေါ့"

ထိုအချိန်မှာ မေးခွန်းထုတ်မယ့်သူ မရှိတော့ပေ။ သိုင်းလောကအတွင်းမှာ သူတို့အားလုံးသည် ဂိုဏ်းအသီးသီးရဲ့ အင်အားကြီးပုဂ္ဂိုလ်တွေဖြစ်ပြီး နယ်မြေတွေကို အစိုးရသော်ငြား ထျန်းချီတာဝါဂိုဏ်း၏ လက်အောက်ကပင်။ သူတို့ရဲ့ဂိုဏ်းတွေက ထျန်းချီတာဝါဂိုဏ်း၏ လက်အောက်တွင် ရှိသည်။ ထို့ကြောင့် အမိန့်ကို မဖြစ်မနေ နာခံရသည်။ သူတို့မှာ ငြင်းဆိုပိုင်ခွင့် မရှိပေ။

သူတို့ရဲ့ဂိုဏ်းတွေ ရှင်သန်ချင်ရင် ထျန်းချီတာဝါဂိုဏ်း၏ အမိန့်အတိုင်း လိုက်ပါဆောင်ရွက်မှ ဖြစ်သည်။ ဒါက သိုင်းလောကရဲ့ စည်းမျဉ်းပဲ။

"ဟုတ်ပြီ ဟုတ်ပြီ၊ ငါတို့စကားပြောနေတာ တော်ကြရအောင်၊ ဒီတစ်ခေါက် ငါတို့ရဲ့ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် အကုန်လုံး သတိထားတာကောင်းမယ်။ တရှားတိုင်းပြည်က အခုအချိန်မှာ မငြိမ်းချမ်းဘူး"

"ဟုတ်တယ်၊ ငါတို့အခု ဒီကိုလာတဲ့အချိန်မှာ မြင့်မားတဲ့စိတ်ဝိညာဉ်စွမ်းအင်ကို အာရုံခံမိတယ်၊ ဒါကြောင့်မလို့ တရှားတိုင်းပြည်အတွင်းမှာ အလွန်အင်အားကြီးတဲ့လူတွေ ရှိနေဦးမယ်လို့ ငါထင်တယ်၊ တကယ်လို့ သူတို့တွေကလည်း တရှားတိုင်းပြည်ထဲမှာ ပြဿနာရှာမယ်ဆိုရင် ဘယ်လိုလုပ်မလဲ?"

"ငါတို့ရဲ့စီမံကိန်းကြီး ချောချောမွေ့မွေ့ဖြစ်ဖို့ပဲ ဆုတောင်းကြရအောင်၊ ကြိုပြီးစိတ်ပူနေလို့လည်း ဘာမှမထူးဘူး"

ထိုသို့ဖြင့် အားလုံး မှန်းဆနေတာ ရပ်လိုက်ကြသည်။

ဒီလိုနဲ့ မကြာခင်မှာပဲ လူအုပ်က အယောက်ငါးရာအထိ များပြားလာ၏။ အချိန်တွေ ကုန်ဆုံးလာခဲ့သည်။ အကုန်လုံး စိတ်မရှည်ဖြစ်လာချိန်မှာပဲ အသံတစ်ခုကို ကြားလိုက်ရသည်။

"အဟမ်း"

All Chapters