သခင်လေး ဘာဖြစ်တာလဲ?
Vol. 10 Ch. 137
“မဟုတ်သေးဘူး! ဒါက သာမန်အကာအကွယ်အစီအရင် တစ်ခုပဲမဟုတ်ဘူး။ ဒီထဲမှာ နက္ခတ်စွမ်းအင်တွေပါဝင်နေတယ်! ဒီအစီအရင်ကို ဘယ်သူဖန်တီးခဲ့တာလဲ? အရမ်းကို ကြောက်ဖို့ကောင်းတဲ့ အစီအရင်ပဲ!”
ကျန်းဖူရှန် တစ်ယောက် နန်းတော်ရှေ့မှာရပ်နေရင်း သူ့ရဲ့မျက်လုံးတွေက ဗလာဖြစ်နေခဲ့သည်။ မျက်စိရှေ့က အစီအရင်က သူ ဘယ်လိုမှ စဉ်းစားကြည့်လို့မရတဲ့ အကာအကွယ်အစီအရင်တစ်ခုပဲ။ ရှေးဟောင်းစာလိပ်ထဲမှာသာ ဖတ်ဖူးခဲ့သည်။ အလွန့် အလွန် ခက်ခဲ့တဲ့ အစီအရင်တစ်ခုလို့ပြောရမည်။
အခုလိုမျိုးနက္ခတ်စွမ်းအင်ပါဝင်တဲ့ အကာအကွယ်အစီအရင်က ကောင်းကင်ဘုံရဲ့အစွမ်းကို ပေါင်းစပ်အသုံးပြုထားပြီး ဖြိုခွင်းဖို့မဖြစ်နိုင်တဲ့ အစီအရင်တစ်ခုပဲ။ ကမ္ဘာပေါ်မှာရှိတဲ့ အစီအရင်ဖန်တီးသူတိုင်း ပြုလုပ်နိုင်တဲ့အရာမျိုးမဟုတ်ဘူး။
“မဖြစ်နိုင်တာ! ဒါ လုံးဝမဖြစ်နိုင်ဘူး! ဒီလိုအစီအရင်မျိုးက တရှားတိုင်းပြည်မှာ ဘယ်လိုလုပ်ပေါ်လာရတာလဲ! တစ်ကယ်ပဲ ဘာတွေဖြစ်နေတာလဲ! ဘာတွေလဲ!”
ကျန်းဖူရှန် အလွန်အံ့ဩနေခဲ့သည်။
သူရဲ့မျက်လုံးတွေကလည်း တော်တော်လေး ပျောက်ဆုံးနေဟန်ရှိ၏။ ထို့နောက်မှာ ချက်ချင်းပဲ ရုတ်တရက်အသက်ဝင်လာ ခဲ့သည်။
အစီအရင်ဖန်တီးမှုမှာ စိတ်အားထက်သန်တဲ့ သူရဲ့နှလုံးသားက ခန္ဓာကိုယ်အတွင်းကို တုံ့ပြန်ချက်များစွာ ပို့ဆောင်ပေးနေသည်။ ဒီအစီအရင်ကိုသာ ကောင်းကောင်းနားလည်နိုင်ခဲ့မယ်ဆိုရင် သူ့ရဲ့အစီအရင်နဲ့ ပတ်သက်ပြီး ကျင့်ကြံမှုက အဆင့် တက်သွားနိုင်သည်။ သူ့ရဲ့တစ်ဘဝလုံးတွင် အစီအရင်နောက်ကိုပဲလိုက်ခဲ့ရသည်။ ထို့ကြောင့် သူရဲ့ နှလုံးသားကလည်း အလွန်ခန့်ညားတဲ့အစီအရင်ကလွဲရင် တောင်းဆိုတဲ့အရာ မရှိဘူး။
ထိုအချိန်မှာ ကောင်းကင်ဘုံအကာအကွယ်စည်း အစီအရင်က ကျန်းဖုရှန်အတွက် တောက်ပသောကြယ်တစ်ပွင့်လို ဖြိုးဖြိုးဖြက်ဖြက် လက်နေခဲ့သည်။ မှောင်မဲကာ အထီးကျန်နေတဲ့သူရဲ့ဘဝကို အလင်းဆီကိုခေါ်ဆောင်ပေးခဲ့၏။ မျက်စိရှေ့က လမ်းကြောင်းကို ပြသပေးခဲ့သည်။ နောက်ဆုံးတော့ အဆင့်တက်ဖို့အတွက် ကျန်းဖူရှန် မျှော်လင့်ချက်တွေ ပြည့်ဝလာ ခဲ့သည်။
လျိုချင်းချန် မအံ့ဩခဲ့ပေ။ သူမ စိတ်သက်သာစွာသက်ပြင်းချလိုက်တော့သည်။
'ကြည့်ရတာ ဒီအစီအရင်က ငါထင်ထားတာထက် ပိုပြီးအင်အားကြီးပုံပဲ။ ရှကျိုးယွီ ဘယ်လိုများရှာတွေ့ခဲ့လည်းမသိဘူး’
လျိုချင်းချန် နူးညံ့စွာသက်ပြင်းချလိုက်သည်။ ဒါပေမယ့်သူမ အရမ်းမအံ့ဩမိဘူး။ သူမအနေနဲ့တရှားတိုင်းပြည်မှာ ဆန်းကြယ်တဲ့အရာတွေကို တွေ့ရတာကျင့်သားရသွားပြီလေ။
ဥပမာပြောရရင် မသေမျိုးဆေးလုံးနဲ့ ဆန်းကြယ်တဲ့ မြွေကိုးကောင်မီးပေါင်းဖိုပဲ။ ထို့ကြောင့် ရှကျိုးယွီရုတ်တရက် ပြသလိုက်သော အံ့ဩဖွယ်ရာများကို သူမ အရင်လောက် တုံပြန်မှုမပြင်းတော့ဘူး။
“သူက ရှကျိုးယွီပဲလေ။ တရှားတိုင်းပြည်ရဲ့ ဘုရင်ပဲ။ သေချာပေါက် အံ့ဩစရာကောင်း မှာပေါ့။ သေချာပေါက် ရှုပ်ထွေးတဲ့သူ တယောက်ဖြစ်မှာပေါ့”
လျိုချင်းချန် ခပ်တိုးတိုးရေရွတ်လိုက်သည်။
သူမ မကြာခင်မှာပဲ အသိစိတ် ပြန်ကပ်သွားတော့သည်။
“အရမ်းမအံ့ဩပါနဲ့ သခင်းလေး၊ ကျွန်မ အရင်တုန်းကလည်းပြောဖူးတယ်။ ရှကျိုးယွီက လျှို့ဝှက်ချက်တွေများတဲ့ ပုဂ္ဂိုလ် တစ်ယောက်ဆိုတာ။ အဲ့ဒီလျှို့ဝှက်ချက်တွေက ချက်ချင်းရှာမတွေ့နိုင်ဘူး။ အချိန်ယူပြီး ဖြေးဖြေးချင်းဖော်ထုတ်မှ ရလိမ့် မယ်။ တကယ်လို့ သခင်လေး ဒီအစီအရင်ပတ်သက်ပြီး လေ့လာချင်တယ်ဆိုရင် ထိုက်အန်းမြို့တော်မှာ နေထိုင်ပြီးတော့ နည်းနည်းချင်းစီ လေ့လာပေါ့။ ဒါဆိုရင် စိတ်ဝိဉာည်စုဆောင်းသော အစီအရင်တွေကိုလည်း တစ်ဖက်ကနေ တည်ဆောက် လို့ရမယ်”
လျိုချင်းချန် ယုံကြည်မှုရှိစွာပြောလိုက်သည်။ သူမရဲ့တောင်းဆိုမှုက မများဘူးဆိုတာ ယုံကြည်၏။
ဒီအခွင့်အရေးကို အသုံးပြုပြီး သခင်လေးကို ထိုက်အန်းမြို့တော်အတွင်းမှာနေစေကာ တရှားတိုင်းပြည်အတွက် အကျိုးပြုစေချင်သည်။
ပြောရလျှင် စိတ်ဝိဉာဉ်စုဆောင်းသော အစီအရင်တစ်ခုကို မည်သူမဆို တည်ဆောင်နိုင်သည်။ ဒါပေမယ့် ကျွမ်းကျင်သော အစီအရင်တည်ဆောက်သူကို နေရာစုံမှာရှာမတွေ့နိုင်ဘူး။
တစ်ကယ်လို့ သခင်လေးသာ တရှားတိုင်းပြည် အတွက် တာဝန်ထမ်းဆောင်ပေးနိုင်မည်ဆိုလျှင် တရှားရဲ့မဟာတံတိုင်းတည်ဆောက်ပြီးတာနဲ့ ထိုကြီးမား ကျယ်ပြန့်သော မဟာတံတိုင်းကို ထိန်းသိမ်းနိုင်ဖို့အစီအရင်ကောင်းတစ်ခုလိုအပ်မှာပဲ။ အဲ့အချိန်ကျရင် သခင်းလေးရဲ့ အကူအညီကို ထပ်မံ လိုအပ်လာနိုင်သည်။
လျိုချင်းချန်ရဲ့ နှလုံးသားက ပိုပြီးလှုပ်ရှားလာခဲ့သည်။ သူမရဲ့မျက်လုံးထဲမှာတော့ ကျန့်ဖုရှန်က ကံကောင်းတဲ့ကြယ်ပွင့် တစ်ခု လိုပဲ။
လျိုချင်းချန်ရဲ့ စကားလုံးတွေနဲ့ အကြည့်တွေကြောင့်…………………. ကျန်းဖူရှန် အနည်းငယ်မသက်မသာဖြစ်လာခဲ့သည်။
“ထိုက်အန်းမြို့တော်မှာနေဖို့ဆိုတာ မဖြစ်နိုင်ဘူး”
ကျန်းဖူရှန် ဖြေကြားလိုက်၏။
သူတို့နှစ်ယောက်စကားပြောနေစဉ်မှာပင် သူတို့ရဲ့ခေါင်းထဲကို အသံတစ်ခုဝင်ရောက်လာ ခဲ့သည်။ မိုးကြိုးသံတစ်ခုလိုမျိုး ပဲ့တင်ထပ်သွား၏။
“ရောက်လာပြီဆိုမှတော့ အချိန်မဖြုန်းနဲ့တော့။ ငါက တော်ဝင်နန်းဆောင်ထဲမှာ။ မင်းခေါ်လာတဲ့လူကိုခေါ်ပြီး နန်းတော်ထဲ အမြန်လာခဲ့တော့”
လျိုချင်းချန် မအံ့ဩခဲ့ဘူး။
ဒါပေမယ့် တစ်ဖက်က ကျန်းဖူရှန်ကတော့ အလွန်မှင်သက်သွားလေရဲ့။ နန်းတော်ရှိရာကို အံ့ဩစွာမော့ကြည့်လိုက်သည်။
“အရှင်မင်းကြီးက ဝင်ခွင့်ပြုတယ်။ သွားရအောင်”
အံ့ဩနေသော ကျန်းဖူရှန်ကိုကြည့်ကာ သူမ စကားအများကြီးမပြောခဲ့ပေ။ လိုအပ်သည်ကိုသာ ပြောဆိုလိုက်သည်။
ကျန်းဖူရှန် အချိန်ခဏလောက်ကြာသည်အထိ မတုံ့ပြန်နိုင်ခဲ့ဘူး။ ထို့နောက်မှာမှ အသိဝင်လာကာ လျိုချင်းချန် ခေါ်ရာနောက် အမြန်လိုက်သွားလေသည်။
နန်းတော်ထဲကိုဝင်လိုက်တာနဲ့ အလွန်ပြင်းထန်ပြီး လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။ ထိုအရှိန်အဝါက နန်းတော်ကိုဖုံးလွှမ်းထားသည်။ နန်းတော်ထဲက အဆောက်အဉီတိုင်းတွင် သဘာဝကျစွာဖြင့် ထိုအရှိန်အဝါက ရောနှောဝင်ရောက်နေသည်။ ကျန်းဖူရှန် မူးဝေသွားသလိုပဲ။
နန်းတော်ထဲက သာမန်သစ်ပင်တစ်ပင်ကတောင် သူ့ထက်အဆင့်မြင့်နေသလိုခံစားရသည်။ ထိုသစ်ပင်ထံကနေပြီး လွှမ်းမိုးနိုင်တဲ့ အရှိန်အဝါကိုခံစားနေရ၏။ တိုင်းပြည်ရဲ့ကံကြမ္မာအမှတ်က နဂါးတစ်ကောင်လိုမျိုး နန်းတော်အတွင်းမှာ အဆက် မပြတ်မာန်ဖီနေခဲ့သည်။ ဒါတင်မကသေးဘူး…။
နန်းတော်အတွင်းထဲမှာ အလွန်ကြောက်ဖို့ကောင်းတဲ့ အရှိန်အဝါတစ်ခုဆက်တိုက်ထွက်ပေါ်နေတာကို သူခံစားလို့ရ၏။ ထိုကြောက်မက်ဖွယ် အရှိန်အဝါက အရာအားလုံးကို ဖိနှိပ်ထားသလိုမျိုးပဲ။
“ဒါက……… ဒီနှစ်တွေထဲမှာ ဘာတွေဖြစ်သွားလဲဆိုတာ ငါ့ကိုရှင်းပြပေးနိုင်မလား? တရှားတိုင်းပြည်ရဲ့ကံကြမ္မာက အခုလောက် ပြောင်းလဲသွားခဲ့တယ်။ ဒါက အလွန်ကြောက်ဖို့ကောင်းတယ်!”
ကျန်းဖူရှန် ထိတ်လန့်စွာဖြင့် တံတွေးမြိုချလိုက်သည်။ အံ့ဩလွန်းလို့ သူ့ရဲ့လည်ချောင်းတစ်လုံး ခြောက်သွေ့နေသလိုပဲ။
နန်းတော်ထဲဝင်ရုံလောက်နဲ့ အခုလိုမျိုးမခံစားရသင့်ဘူးလို့ ကျန်းဖူရှန် ထင်သည်။ ဘယ်လိုပဲ ပြောပြောဒါကနန်းတော်ပဲလေ။ လွန်ခဲ့တဲ့အနှစ်သုံးဆယ်ကလည်း ရောက်ခဲ့ဘူးတာပဲ။
အကြိမ်ရေများစွာရောက်ခဲ့ဖူးတဲ့ နေရာတစ်ခုဖြစ်သည်။ အဆောက် အဉီးတွေကလည်း လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကနဲ့ အတူတူပဲ။ ဒါပေမယ့် ခံစားနေရတဲ့ အစွမ်းက အဆပေါင်းများစွာ မြင့်တက်သွားခဲ့သည်။
ကျန်းဖူရှန် မနေနိုင်စွာပဲ သူ့ရဲ့နတ်မျက်လုံးကိုဖွင့်ကာ နန်းတော်တစ်ခုလုံးကို အသေးစိတ်စစ်ဆေးချင်သွား၏။
ထိုအချိန်တွင် လျိုချင်းချန်သည် အရှေ့မှ ဦးဆောင်ပြီး သွား နေခဲ့သည်။
ဒါပေမယ့် အနောက်ကလိုက်လာသော ကျန်းဖူရှန်ရဲ့ ခြေလှမ်းတွေ ရုတ်တရက်နှေးသွားတာကို သူမသတိထားမိလိုက်သည်။
နှစ်သုံးဆယ်လုံး တစ်ယောက်ထဲ နေခဲ့ရတော့ အခု အတိတ်ကအရာတွေကို ပြန်မြင်ရချိန်မှာ ဝမ်းနည်းနေတာပဲဟု သူမထင်မှတ်လိုက်သည်။ ထို့ကြောင့် သူမ ကျန်းဖူရှန်ကို မနှောင့်ယှက်ခဲ့ဘူး။ ဒါပေမယ့် တစ်ကယ့်အဖြစ်အပျက်ကိုတော့ သူမ မသိခဲ့ပေ။ လျိုချင်းချန် မနေနိုင်စွာ လှည့်ပြောလိုက်သည်။
“သခင်လေး နန်းတော်ထဲကိုမရောက်တာ နှစ်တော်တော်ကြာခဲ့ပြီ။ သခင်လေးအနေနဲ့ အနည်းငယ်ခံစားနေရမှာကို ကျွန်မနားလည်တယ်။ ဒါပေမယ့် အရှင်မင်းကြီးကလည်း တွေ့ချင်နေတယ်။ အရှင်မင်းကြီးနဲ့ သွားတွေ့ပြီးရင် တော့ နန်းတော်ထဲကိုပတ်ပြပေးပါမယ်”
ဒါပေမဲ့ လျိုချင်းချန် စကားပြောလို့မပြီးခင်မှာပဲ အံ့ဩသွားခဲ့သည်။ သူမအနောက်ကို လှည့်လိုက်တာနဲ့ တကိုယ်လုံးချွေးများပြည့်နေပြီး လှမ်းမလျှောက်နိုင်တော့ပုံ ပေါ်နေသော ကျန်းဖူရှန်ကို မြင်တွေ့လိုက်ရ၏။
သူ့ရဲ့ မျက်နှာက ဖြူဖတ်နေခဲ့သည်။ နဖူးပြင်မှာလည်း ချွေးများပြည့်နေ၏။ ခန္ဓာကိုယ်တစ်ခုလုံးလည်း တုန်ယင်နေခဲ့သည်။ ပျက်ယွင်းနေတဲ့မျက်နှာကို ကြည့်ရသလောက် အလွန်ပြင်းထန်သော နာကျင်မှုကို ကြုံတွေ့နေရပုံပဲ။
“သခင်လေးဘာဖြစ်လို့လဲ?”
လျိုချင်းချန် စိတ်ပူစွာ မေးလိုက်ရင်း ချက်ချင်းပဲ ကျန်းဖူရှန်အနားကို တိုးသွားလိုက်၏။
ထိုအချိန်မှာသာ ကျန်းဖူရှန် ခံစားနေရသော အလေးချိန်သည် အနည်းငယ် ပေါ့ပါးသွားခဲ့သည်။
သူရဲ့ခန္ဓာကိုယ်ကို ဖိသိပ်ထားတဲ့ ဖိအားတွေအားလုံးချက်ချင်းပဲ ပျောက်ကွယ်သွားတော့၏။ ထိုအချိန်မှပဲ လွတ်မြောက်နိုင်တော့သည်။
ကျန်းဖူရှန် ပင်ပန်းစွာဖြင့် မြေပြင်ပေါ်ကို ပြုတ်ကျလေသည်။ သူ့ရဲ့ကြွက်သားတွေအားလုံး တုန်ယင်နေခဲ့၏။
“ငါ…………………ငါ အဆင်ပြေပါတယ်။ ငါမကြည့်သင့်တဲ့အရာကို ကြည့်လိုက်မိတယ်။ သဘာဝကိုဆန့်ကျင်လိုက်မိလို့ နန်းတော်ထဲကအဲ့ဒီလူ ဒေါသထွက်သွားခဲ့တာ!”
ကျန်းဖူရှန် ပြောနေရင်းနဲ့ နန်းတော်အတွင်းကို လှမ်းကြည့်လိုက်သည်။ သူရဲ့ပုံစံက သေမင်းနဲ့ကြုံတွေ့နေရပုံပဲ။
ကျန်းဖူရှန်လည်း သူ့ရဲ့ခန္ဓာကိုယ်အတွင်းမှ အင်အားတွေအားလုံး ဆုတ်လျော့ကုန်တာကို ခံစားနေရသည်။ ကြောက်ရွံ့မှုက အခုထိ စွဲကျန်နေဆဲပဲ။
နန်းတော်ကိုကြည့်လိုက်မယ်ဆိုရင် ဒီနေရာက လွန်ခဲ့တဲ့နှစ်သုံးဆယ်ကအတိုင်းပဲ။ မပြောင်းလဲဘူး ဆိုတာ သိသာသည်။
ထိုအချိန်မှာ အစောပိုင်းက သူခံစားခဲ့ရသည့် နဂါးတစ်ကောင်အရိပ်ထင်နေသော ကံကြမ္မာအမှတ်ကိုလည်းမမြင်ရတော့ဘူး။ ခြေရာလက်ရာ မကျန်အောင်ပျောက်ကွယ်သွားတဲ့ ကံကြမ္မာအမှတ်ရဲ့အရှိန်အဝါနဲ့အတူ သူ့ကိုလွန်စွာကြောက်ရွံ့စေခဲ့သော ကြောက်မက်ဖွယ် ဖိအားကြီးကိုလည်း မခံစားရတော့ပေ။
“တစ်ကယ်ကိုကြောက်ဖို့ကောင်းလိုက်တာ။ တရှားတိုင်းပြည်ရဲ့နန်းတော်ထဲမှာ ဘယ်လို အင်အားကြီးတဲ့အရာ တည်ရှိနေတာလဲ! အခုလက်ရှိအခြေအနေကို ဘယ်သူထိန်းချုပ်နေတာလဲ?”!
ကျန်းဖူရှန် ခပ်တိုးတိုးရေရွတ်လိုက်သည်။