စုဝေးလာခြင်း
Vol. 49 Ch. 581
ဝိညာဉ်ပြောင်းလဲခြင်းအဆင့်သည် ဧကရာဇ်နယ်ပယ်အောက်၌ အမြင့်ဆုံးနယ်ပယ် ဖြစ်သည်။
သူတို့သည် မိုးပြာတိုက်ကြီးဖြစ်စေ အခြားသော တိုက်ကြီးများဖြစ်စေ အင်အားစု တစ်ခု၏ အဓိကကျောရိုးများပေပင်။
ဖူကြွယ်ကဲ့သို့သော လူမျိုးသည် ထိုအဆင့်တွင် ပထမတန်းစားပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရနိုင်၏။
လုံလောက်သော အချိန်သာရှိသော် ဉာဏ်အလင်းရရှိကာ အနာဂတ်၌ ဧကရာဇ် တစ်ပါး ဖြစ်လာနိုင်မည်။
သို့သော် လက်ရှိတိုက်ပွဲတွင် နှိမ်နှင်းခံထားရသည့် အရိပ်အယောင်များပင် ပြသနေသည်။
ထို့အတွက်ကြောင့် စုရီပြောဆိုသံကို ကြားသောအခါ ဖူစုရုံမှ မဆိုင်းမတွဆုံးဖြတ်ချက် ချလျက် ကျန်လေးယောက်ကို အတူတကွ တိုက်ပေးရန် တောင်းဆိုခြင်းဖြစ်၏။
ဤလေးယောက်လုံးသည် ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ဖြစ်သည်။ သူတို့၏ ဝတ်ရုံစများ တဖျပ်ဖျပ်ခတ်လျက် ချက်ချင်း ကောင်းကင်ပေါ် ရောက်ရှိလာ၏။
သို့သော်လည်း ထိုအချိန်တွင် ဖူကြွယ်က မျက်မှောင်ကြုတ်ပြီး၊
“ ဒီတိုက်ပွဲ ... ဒီမှာတင် ပြီးပြီ။ ”
-ဟု အော်ဟစ်လိုက်သည်။
စကားလုံးတိုင်းသည် လေးနက်ပြီး ကောင်းကင်နှင့်မြေကြီးကြား ပဲ့တင်ထပ်နေ၏။ သူ့လက်ကိုဆုပ်လျက် လေးစားမှုအရိပ်အမြွက် ပြသကာ ရှုပ်ထွေးသောအမူအရာဖြင့် သက်ပြင်းချလေသည်။
“ တာအိုစုဟာ ထူးကဲတဲ့ အရည်အချင်းရှိပြီး နားမလည်နိုင်တဲ့ ခွန်အားမျိုး ပိုင်ဆိုင်ထားတယ် ငါမင်းကို မယှဉ်နိုင်ပါဘူး။ ”
ထိုစကားများသည် လူအများအပေါ် မယုံနိုင်လောက်အောင်ပင် စိတ်လှုပ်ရှားမှုကို ဖြစ်စေခဲ့သည်။
ကောင်းကင်ပေါ် ပျံတက်လာသော လူလေးယောက်သည်ပင် လေထဲရပ်တန့်လျက် တိတ်ဆိတ်သွားတော့၏။ ဖူစုရုံသည်သာ လက်မလျှော့လိုသေးဘဲ၊
“ အကြီးအကဲဖူ၊ မင်း အကုန်မပေးရသေးဘူး။ ”
-ဟု ပြောလိုက်သည်။ ဖူကြွယ်မှ ခေါင်းခါလျက်၊
“ ထပ်ပြောစရာ မလိုဘူး ... တာအိုစု ငါ့လက်နက်ချတာကို မင်းလက်ခံမှာလားလို့ ငါတွေးမိပါတယ် ... ။ ”
-ဟု မေးလိုက်သည်။
သူဟူသည် ကောင်းကင် အလင်းနယ်မြေကြီးရှိ ဝိညာဉ်တာအိုနယ်ပယ် ထိပ်တန်းငါးဦးတွင် အဆင့်သတ်မှတ်ရန် လုံလောက်သော အစွမ်းသတ္တိရှိချေ၏။
သို့သော် သူ့နှလုံးသားထဲတွင် အခြားသူလေးယောက်တို့နှင့် အတူတကွ တိုက်ခိုက်ခဲ့လျှင်ပင် အသာစီးရလိမ့်မည် မဟုတ်ကြောင်း ယူဆထားသည်။
“ ဘယ်အချိန် ရှေ့တိုးရမယ် ... ဘယ်အချိန်ဆုတ်ခွာရမယ်ဆိုတာ မင်းသိတယ် ဒီလိုဉာဏ်ပညာနဲ့ ... အစွမ်းသတ္တိရှိနေမှတော့ ရုပ်ခန္ဓာမှာ ဒီလောက်အောင်မြင်မှုရနိုင်တာ အံ့သြစရာ မရှိတော့ပါဘူး။ ”
ဤမှတ်ချက်သည် ဖူကြွယ်ခန္ဓာကိုယ်ကို အေးစက်တောင့်တင်းသွားစေပြီး ယောင်ဝါးဝါး ဖြစ်လာစေသည်။
တစ်ဖက်လူသည် အသက် (၁၈)မျှသာ ဖြစ်သော်လည်း ဘိုးဘေးဧကရာဇ်ကဲ့သို့ သူ့ကို အလွယ်တကူ မြင်နိုင်နေ၏။ ကြောက်စရာ ကောင်းသော တည်ရှိမှုမျိုး ပေပင်။
“ ရှုံးနိမ့်တာကို ဝန်ခံလိုက်တဲ့အတွက် မင်းအတွက် ဘာအခက်အခဲမှရှိမှာ မဟုတ်ဘူး ဒါပေမယ့် မင်းထပ်ပြီး တိုက်ခိုက်ဝံ့ရင်တော့ ငါ့ကို အပြစ်မတင်ပါနဲ့။ ”
“ စိတ်မပူပါနဲ့ တာအိုမိတ်ဆွေ။ ”
ထိုသို့ပြောပြီးနောက် လေထဲရှိ ကျန်လေးယောက်ကိုခေါ်ကာ မြေပြင်ပေါ်သို့ ပြန်ဆင်းသွားခဲ့သည်။
“ ရှုံးပြန်ပြီ ... ။ ”
ဖူစုရုံမှ ခါးသီးသော အသွင်ဖြင့် လက်လျော့လိုက်တော့၏။ ထိုစဉ် ရုတ်တရက် မိုးကုပ်စက်ဝိုင်းအစပ်မှ တလိပ်လိပ် ထိုးတက် လာသော တိမ်ညိုများကို မြင်လာရသည်။
“ အဆင်သင့်ပြင်ထား ... စုရီကို သတ်ပစ်မယ့် ဘေးဆိုးကြီး လာနေပြီ။ ”
ဖူကြွယ် စကားဆုံးသည်နှင့် လူရိပ်များ ပျံသန်းလာသည်ကို သတိပြုမိသည်။ သူတို့သည် စုရီဒုက္ခကြုံချိန်၌ နှောက်ယှက်ရန် ကြံရွယ် ထားသူများပေပင်။
ဖူစုရုံက အကြီးအကဲဖူကြွယ်ထံ ပြန်ကြည့်၏။ ဖူကြွယ်၏ လက်နက်ချမှုသည် ထင်သလောက် မရိုးရှင်းကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။
“ ဓားငှားပြီး လူသတ်ဖို့ ကြိုးစားနေတာလား။ ”
ဖူစုရုံမှ မေးမြန်းလိုက်၏။ သို့သော် ဖူကြွယ်ကခေါင်းခါလျက်၊
“ မှားတယ် ... ငါက စုရီရဲ့ပြိုင်ဘက် မဟုတ်ဘူး အရှုံးကိုဝန်ခံတာက ရိုးသားပါတယ် အရေးအကြီးဆုံးက ငါ့ကြောင့် စုရီရဲ့ရန်သူတွေ အခွင့်အရေးရသွားမှာကို မလိုလားဘူး စောင့်ကြည့်ရအောင်။ ”
ထို့နောက် ခရမ်းရောင်လမြေခွေးမျိုးနွယ်မှာ ဆုတ်ခွာသွားကြသည်။ စုရီက တောင်ထိပ်ပေါ် ပြန်ဆင်းပြီး ကုလားထိုင်တွင် အနားယူ၏။
“ မင်းလည်း ဒီကနေထွက်သွားပြီး မျက်မမြင်အဘိုးကြီးနဲ့ သွားပူးပေါင်းသင့်တယ် အန္တရာယ်တစ်ခုခုကြုံလာရင် ... မြို့ထဲဝင်ပြီး ပုန်းနေလိုက်ပါ။ ”
စုရီက ဝမ်လျူကို စေလွှတ်လိုက်သည်။ မြို့ပြင်ဧရိယာ၌ အန္တရာယ် အငွေ့အသက်များ တဟုန်ထိုး တက်လာပြီး မုန်တိုင်း ကျရောက် တော့မည်ကို မည်သူမဆို သတိပြုနိုင်၏။
“ သခင်လေးစု မင်း ... အဆင်ပြေရဲ့လား။ ”
ဝမ်လျူမှ တုန့်ဆိုင်းလာသည်။
“ ဒီလိုဒုက္ခကို ဖြတ်သန်းရင်း ရန်သူကိုသတ်ရတာ ပျော်စရာပါပဲ မဟုတ်ရင် အနာဂတ်မှာ သူတို့ ဘယ်လောက်အထိ ဒုက္ခပေးမယ်ဆိုတာ ငါ မသိဘူး။ ”
စုရီမှ ပြန်ဖြေသည်။ ဤရက်ပိုင်းအတွင်း တောင်ထိပ်၌နေခဲ့သော်လည်း ပတ်ဝန်းကျင်ရှိ ဖြစ်ပျက်နေသမျှကို သူ သိ၏။
ဆေးအိုးကိုးပါးမြို့တော်အနီး သံသယဖြစ်ဖွယ်လူများ ပေါ်လာသည့်အပေါ် အကြမ်းဖျင်း ခန့်မှန်းနိုင်၏။
နောက်ဆုံး ခွဲခြမ်းစိတ်ဖြာမှုအရ မိုးပြာမျိုးစေ့သည် အလွန်ဆွဲဆောင်မှု ရှိချေပြီ။ ဝမ်လျူမှ စကားမဆိုတော့ချေ။
စုရီသည် သူ့ကိုယ်သူ ငါးစာအဖြစ် အသုံးပြုပြီး ဒုက္ခကိုအကြောင်းပြကာ လျှို့ဝှက် ရန်သူများအပေါ် သွေးဆောင်နေခြင်းဖြစ်၏။
ဤချဉ်းကပ်မှုသည် အန္တရာယ်များပြီး ရဲရင့်လွန်းသော်လည်း စုရီအတွက် အချိန်ကုန် သက်သာစေပေမည်။
ထို့ပြင် မထင်မှတ်ဘဲ တစ်ခုခု ဖြစ်သွားသော်လည်း ဆေးအိုးကိုးပါးမြို့တော်သို့ ပြေးဝင်ခြင်းဖြင့် လုံခြုံသွားနိုင်၏။
နေဝင်ချိန်သည် ကမ္ဘာမြေပေါ်သို့ အမှောင်များ ဆောင်ကျဉ်းလာသည်။ မြို့တော် အထက် ကောင်းကင်သည် လိမ္မော်ရောင် စွန်းထင်းနေ၏။
စုရီတည်ရှိနေရာ တောင်တန်းသည် မြို့တော်နှင့်ဝေးသော်လည်း ကျင့်ကြံသူများ အတွက် တစ်ချက်ပျံသန်းနေစရာ အကွာ အဝေးမျှသာ ဖြစ်သည်။
ကောင်းကင်မှ ငုံ့ကြည့်သော် မြို့တော်အပြင်တွင် နေရာအနှံ့ ပြန့်ကျဲနေသော လူရိပ်များကို မြင်နိုင်၏။
အလားတူပင် စုရီရှိနေသည့် တောင်ပေါ်တစ်နေရာ၌ ကြည့်ရှုနေသည့် လူ အချို့လည်း ရှိနေသည်။
“ ဆရာစုက တွင်းတူးပြီး ရန်သူတွေ ခုန်ဆင်းလာဖို့ စောင့်နေတာပဲ။ ”
မျက်မမြင်အဘိုးအိုက မှတ်ချက်ပေးပြီးနောက် ထူးဆန်းစွာ ပြုံးလျက်၊
“ ဝိညာဉ်ကပ်ဘေး ရောက်တဲ့အခါမှာ သေချာပေါက် တစ်ယောက်ပြီး တစ်ယောက် ခုန်ဆင်းလာကျလိမ့်မယ်။ ”
-ဟု ပြောကြားလိုက်၏။
“ ငါတို့ဘာလုပ်သင့်တယ် ထင်လဲ။ ”
ဧကရာဇ်ရှမှ စိုးရိမ်စိတ်ဖြင့် မေးမြန်းလိုက်သည်။ မျက်မမြင်အဖိုးကြီးက ပြုံးလျက်၊
“ ပွဲကြည့်ရအောင် ... ။ ”
-ဟု တုန့်ပြလေသည်။
ဧကရာဇ်ရှ ခမျာ အံ့အားသင့်သွားပြီး စကားမပြောနိုင်တော့ချေ။ ဤအဘိုးအိုသည် အမှန်ပင် စုရီအပေါ် မျက်ကန်းတစ္ဆေမကြောက် ယုံကြည်မှု ရှိနိုင်လွန်းနေ၏။
“ ဂျိန်း ... ။ ”
သူတို့စကားပြောနေစဉ်တွင် မိုးခြိမ်းသံသဲ့သဲ့များ ထွက်ပေါ်လာတော့သည်။ စက္ကန့်အနည်းငယ်မျှကြာသော် ကောင်းကင်အနှံ့ တိမ်တိုက်များ စုဖွဲ့လာ၏။
နေဝင်ချိန်သည် ထာဝရအမှောင်ညထဲ ကျဆင်းသွားလေသည်။ စုရီတည်ရှိရာအရပ်ကို ဗဟိုပြုလျက် ပေတစ်သောင်း အကွာအဝေး အတွင်းရှိ တောင်နှင့် မြစ်များအားလုံးကို တိမ်တိုက်များဖြင့် ဖုံးလွှမ်းသွား၏။
အထူးသဖြင့် ကမ္ဘာဖျက် ဘေးဆိုးကြီး ပေါ်လာတော့မည်ကဲ့သို့ ကြောက်မက်ဖွယ်ရာ ကောင်းသော ရောင်ဝါကို ခံစားနိုင်သည်။
ဝိညာဉ်တာအိုနယ်ပယ် နှောင်းပိုင်းရှိ အစွမ်းထက်သော ကျင့်ကြံသူများသည် ပင်လျှင် မောဟိုက်လာကာ အမူအရာ ရုတ်တရက် ပြောင်းလဲသွား၏။
“ ဘယ်လောက်အထိ ကြောက်စရာ ကောင်းတဲ့ ကပ်ဆိုးကြီးလဲ ... ဒီလိုရောင်ဝါရှိဖို့ ဘယ်လိုတောင် ပြင်းထန်လိုက်မလဲ။ ”
မျိုးဆက်ဟောင်းအချို့သည် ကြောက်ရွံ့တုန်လှုပ်လျက် ညည်းညူကုန်သည်။
“ ငါဝိညာဉ်ပေါင်းစည်းခြင်းအဆင့်ကို ... ဝင်ရောက်တုန်းက တွေ့ကြုံခဲ့ရတဲ့ ကောင်းကင် ဒုက္ခက ဒီထက်တောင် အားနည်းနေတယ် ...
... တကယ်တော့ ဒီကပ်လေးက ဝိညာဉ်ပြောင်းလဲခြင်းအဆင့် ကပ်ဘေးအဆင့် ရောက်ရှိနေပြီ။ ”
ဖူကြွယ်မှ ထိတ်လန့်စွာ မှတ်ချက်ပေးသည်။
သူ့အနားတွင် ဖူစုရုံနှင့်အဖွဲ့သည်လည်း မျက်နှာများ အရောင်ပြောင်းလျက် နှလုံးသား တုန်ခါသွားတော့၏။
တစ်ချိန်တည်းမှာပင် အနားဝန်းကျင်ရှိ မရေမတွက်နိုင်သော လူများစွာက လှုပ်ရှားရန် အသင့်ဖြစ်နေပြီဖြစ်သည်။
စုရီက ကုလားထိုင်မှ ထရပ်လိုက်ကာ လက်ကိုနောက်ပို့ထားပြီး ကောင်းကင်ယံသို့ မော့ကြည့်၏။
သေချာသည်မှာ ဤကပ်ဘေးသည်လည်း တားမြစ်စွမ်းအားများဖြင့် ပြည့်နှက်ပြီဖြစ်သည်။ ယခင်ဘဝ နှစ်ပေါင်း(၁၈၀၀၀၀) အတွေ့အကြုံ နှင့် သုံးသပ်ကြည့်ရမည်ဆိုသော် ‘မကြုံစဖူး’အဆင့် ဖြစ်၏။
သို့သော် မစိုးရိမ်ချေ။ ဤနေ့ကို စောင့်မျှော်နေသည်မှာ ကြီးကျယ်ခမ်းနားသော ကမ္ဘာကြီးစတင်ကတည်းက လေးရက်ရှိနေပြီ ဖြစ်သည်။
“ တာအိုစု ... မင်းသတ္တိကောင်းတယ် ဒီမှာလူတွေအများကြီးရှိနေတယ်ဆိုတာ မင်း သိနေတာတောင် ဒုက္ခကိုခံယူဝံ့တယ် ချီးကျူးစရာပါပဲ။ ”
ရုတ်တရက် စိတ်လှုပ်ရှားမှုများ ထုံမွှန်းနေသော သံတစ်သံနှင့်အတူ ပေတစ်ရာ အကွာတွင် လူရိပ်တစ်ရိပ်ပေါ်လာသည်။
ဤသည်မှာ ကွန်ဖြူးရှပ်၀တ်စုံနှင့် ခေါင်းပေါ်တွင် ကြာသရဖူ ဆင်မြန်းထားသော ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦးဖြစ်၏။
“ မင်းက ဘယ်သူလဲ ... ။ ”
စုရီမှ မေးသည်။
“ ချင်းယွင်မျှော်စင်က ဖူချင်းယွင် ... ။ ”
အမျိုးသားမှ ပြန်မဖြေချေ။ လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တော့သည်။ ဤသည်မှာ ‘မိုးပြာကြယ်ပွင့်စာရင်း’ကို ဖန်တီးခဲ့သော ချင်းယွင်မျှော်စင်သခင်ပေပင်။
“ မင်းက ငါ့ရန်သူလား။ ”
“ တာအိုစု ... မင်းနားလည်မှုလွဲနေပြီ ငါဒီနေ့တိုက်ပွဲကို ကြည့်ဖို့လာတာပါ သက်သေ ဆိုလည်း မမှားပါဘူး။ ”
စုရီက အနည်းငယ်စဉ်းစားပြီး၊
“ မင်းရဲ့လမ်းက အနီရောင်မြူနှင့် အစိမ်းရောင်သမိုင်းတာအိုကို လေ့ကျင့်နေတာ မဟုတ်လား။ ”
-ဟု မေးမြန်းလိုက်၏။
ဖူချင်းယွင်တစ်ယောက် အလွန် အံ့အားသင့်သွားသကဲ့သို့ စိတ်လှုပ်ရှားလာကာ၊
“ တာအိုစု ... မင်းမျက်စိကောင်းတယ်။ ”
-ဟု ဝန်ခံလိုက်တော့သည်။
***