ဘက်ပေါင်းစုံမှ ရန်သူများ
Vol. 49 Ch. 582
‘အနီရောင်မြူ’သည် လောကီရေးရာနှင့် သက်ရှိများအားလုံးထံ ကိုယ်စားပြု၏။ သမိုင်း မှတ်တမ်းများသည် ခေတ်အဆက်ဆက် မှတ်တမ်းများဖြစ်သည်။
ဆိုလိုသည်မှာ လျှို့ဝှက်ချက်များကို စုဆောင်းကာ ဉာဏ်အလင်းရရှိရန် ကြံရွယ်ခြင်း ပေပင်။ ဤတာအိုကို လိုက်စားသူများသည် အလွန်ခက်ခဲလွန်းသောကြောင့် ရှားပါချေ၏။
၎င်းသည် ကြီးမားသော အားထုတ်မှု ပမာဏလိုအပ်ပြီး ဘဝတစ်ခုလုံး နှစ်မြှုပ်ကာ ကမ္ဘာကြီးကိုလှည့်ပတ်နေရပေမည်။
ယနေ့ခေတ် သမိုင်းမှတ်တမ်းများနှင့် ရှေးဟောင်းသမိုင်းမှတ်တမ်းများ နှိုင်းယှဉ်လျက် ပြောင်းလဲမှုများ ရှာဖွေရသည်။
ထို့ကြောင့် ဤလူများကို ကွန်ဖြူးရှပ် ဂိုဏ်းသားအဖြစ် ခေါ်ဆိုကြ၏။ စုရွှမ်ကြွယ်ဘဝ တစ်လျှောက် ထိုသို့သော ကျင့်ကြံသူများအပေါ် အတော်ပင် သဘောကျခဲ့သည်။
ကျင့်ကြံခြင်းလောက၏ ရှည်လျားသော သမိုင်းကြောင်းကို နောင်လာနောက်သားများမှ လေ့လာနိုင်ရန် အားထုတ်ပေးခြင်းမည်၏။
ထိုသို့သော အဖွဲ့အစည်းများသည် မိုးပြာတိုက်ကြီး၌ ပေါ်လာသည်မှာ အံသြစရာ ပေပင်။
“ မင်းရဲ့ ချင်းယွင်မျှော်စင်က ... သမိုင်းတာအိုကို လိုက်စားတဲ့အတွက် ဒီကနေ့ မိုးပြာတိုက်ကြီးအပေါ် မှတ်တမ်းအချို့ ရေးပြီးပြီထင်တယ်။ ”
“ ချင်းယါင်မျှော်စင်က ကမ္ဘာကြီးရဲ့ အပြောင်းအလဲတွေကို အမြဲစောင့်ကြည့်ပါတယ် ဒီကမ္ဘာပေါ်မှာ ငါတို့ချင်းယွင်မျှော်စင်ကာသာ အခြားလူတွေမသိနိုင်တဲ့ လျှို့ဝှက်ချက်တွေကို သိမြင်နိုင်မယ်။ ”
ဖူးချင်းယွင်မှ ပြန်ဖြေ၏။
“ ကောင်းပြီ မင်းတို့ရဲ့လျှို့ဝှက်ချက်ကို ငါစိတ်မဝင်စားဘူး ငါ့ရန်သူတွေပေါ်လာတဲ့အခါ မင်းငါ့ကို ကျေးဇူးပြုပြီး ... မိတ်ဆက် ပေးနိုင်မလား။ ”
“ ကောင်းပြီ ... ။ ”
ဖူချင်းယွင်မှ စိတ်သက်သာရာရစွာ သက်ပြင်းချ၏။ ခဏအကြာတွင် တောင်းဆိုမှု အကြောင်းအရာသည် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သတိထားမိလာသည်။
“ တာအိုမိတ်ဆွေ ... မင်းဘာလို့ သိချင်တာလဲ ... မင်းတစ်ခုခု စီစဉ်နေတာလား။ ”
“ ငါ့ကိုဖျက်ဆီးပြီး ငါ့ဘဏ္ဍာတွေကို သိမ်းဖို့ကြိုးစားနေတဲ့ သူတွေရှိတယ် ဒါကြောင့် အနည်းဆုံးတော့ သူတို့ရဲ့ဇာစ်မြစ်ကို ငါသိသင့်တယ် မဟုတ်လား။ ”
စုရီစကားကြောင့် ဖူချင်းယွင်တစ်ယောက် တိတ်ဆိတ်သွား၏။
“ မင်းထင်နေတာ ဟုတ်တယ်၊ ငါက ရန်ငြိုးထားတတ်တဲ့ လူအမျိုးအစားပါ ... ငါ့ကို မကောင်းကြံတဲ့ အဖွဲ့ဝင်တိုင်းရဲ့ နာမည်တွေကို မှတ်ထားရမယ်။ ”
-ဟု စုရီက ဆက်ပြောသည်။
သူတို့နှစ်ယောက် စကားဝိုင်းကို ဖုံးကွယ်ရန်ဆန္ဒမရှိသဖြင့် စောင့်ကြည့်သူများမှာ ပြတ်ထင်စွာ ကြားနေရချေပြီ။
“ ဟား ဟား ဟား ... စုရီ၊ မင်းဒီနေ့ ဖြတ်ကျော်နိုင်မလား မကျော်နိုင်ဘူးလားဆိုတာ မသေချာသေးဘူး ဒါဆို မင်းလက်စားချေဖို့ စဉ်းစားနေတာ ရူးနေပြီလား။ ”
ရုတ်တရက် ကျယ်လောင်သော အသံနှင့်အတူ လူတစ်စု ပျံသန်းလာလေသည်။ အနည်းဆုံး ဆယ်ယောက်ခန့်ရှိ၏။ အမျိုးသား၊ အမျိုးသမီးနှင့် အသက်အရွယ် အမျိုးမျိုး ရောနှောပါဝင်သည်။
အဝတ်အစားများ အရောင်များသည် ကွဲပြားနေသော်လည်း ဝိညာဉ်ပြောင်းလဲခြင်း အဆင့် ရောင်ဝါမှာ တူညီနေ၏။
“ နတ်ဆိုးဟွမ်မျိုးရိုးနဲ့ ရှေးဟောင်း အင်အားစုတွေပဲ ... ။ ”
လူတိုင်း ရုန်းရင်းဆန်ခတ်ဖြစ်ကုန်၏။ စကြာဝဠာကျွန်းသို့ ယမန်နှစ်ခရီးစဉ်၌ စုရီသည် ဤရှေးဟောင်းဂိုဏ်းများ၏ ထူးချွန်သူ အများအပြားကို သတ်ပစ်ခဲ့သည်။
ဤနည်းဖြင့် ထိုအင်အားစုများကြား အာဃာတ ဖန်တီးထားတော့၏။ ထိုအချိန်တွင် ဖူချင်းယွင်က သူတို့ကို မိတ်ဆက်ပေးသည်။
“ တာအိုမိတ်ဆွေ ... သူတို့(၁၂)ဦးက ရှေးဟောင်းအင်အားစုဝင်တွေပါပဲ ... ရွှေခေတ် ဆင်းသက်ချိန်မှာ ဝိညာဉ်ပြောင်းလဲခြင်း အဆင့်ကို ဝင်ရောက်နိုင်ခဲ့ကြတယ် ...
... ဒါကြောင့် သူတို့အားလုံးက ထူးထူးခြားခြား အုတ်မြစ်ရှိပြီး တူညီသော နယ်ပယ်မှာ ... အခြားသူတွေထက် သာလွန်ပါတယ်။ ”
“ သူတို့ရဲ့ နာမည်တွေကို ... ငါစိတ်မဝင်စားဘူး သူတို့ဘယ်က လာတာလဲ ဆိုတာသာ ငါ့ကိုပြောပါ။ ”
စုရီမှ လက်ပြပြီး သူ့စကားကို နှောက်ယှက်လိုက်၏။
“ ဟားဟားဟား ... စုရီ၊ မင်းရဲ့ မိုးကြိုးဘေးဒုက္ခ စတင်ချိန်မှာ မင်းဒီလို ရိုင်းပြ နေဦးမလား ငါတို့ကြည့်မယ်။ ”
ဟွမ်မိသားစုမှ အဖြူဝတ် အမျိုးသားတစ်ဦးက မောက်မာလွန်းသော စုရီအသွင်ကြောင့် အေးစက်စွာ ရယ်မောလိုက်သည်။
သူ့နာမည်သည် ဟွမ်ရှောင်လင်ဖြစ်ပြီး ဤခရီးစဉ်ကို ဦးဆောင်လာသူ ဖြစ်လေသည်။ ဆံပင်နှင့် မျက်ဆံသည် မှင်ရောင်ကဲ့သို့ အနက်ရောင်ဖြစ်ပြီး အရပ်ရှည်ကာ ခံ့ညားသော အသွင်အပြင် ရှိ၏။
သို့တိုင် စုရီက သူ့အပေါ် ပြောင်ပြောင်တင်းတင်း လျစ်လျူရှုကာ ကောင်းကင်ပေါ် မော့ကြည့်သည်။
စုရီအမြင်တွင် ဤလူတစ်စုသည် ခုန်ပေါက်နေသော ခွေးများထက်သာလွန်ခြင်း အနည်းငယ်မျှပင် မရှိချေ။
မိုးကြိုးတိမ်တိုက်များသည် ကောင်းကင်တခွင် ပေတစ်သိန်းတိုင်အောင် ဖုံးလွှမ်းသွားလေသည်။
အချိန်ကြာလာသည်နှင့်အမျှ ဘေးဥပဒ်၏အငွေ့အသက်သည် ပို၍ပို၍ သိပ်သည်းလာ၏။ ယင်းသည် ပေါက်ကွဲမည့် အရိပ်အယောင် မပြသေးချေ။ ထပ်မံ စုဆောင်းနေဆဲဖြစ်သည်။
ထို့ကြောင့် ဤကပ်ဘေးသည် မည်မျှ ကြောက်စရာကောင်းသော ဒုက္ခမျိုးဖြစ်မည်ကို တွေးကြည့်၍ပင် မရတော့ချေ။
တစ်ဖက်တွင် စုရီသည် သူတို့အပေါ် လျစ်လျူရှုလိုက်သောအခါ ဟွမ်ရှောင်လင်နှင့် အဖွဲ့ခမျာ အမူအရာများ ဆိုးရွားလာသည်။
သို့သော် သူတို့အားလုံးသည် အဝေးတွင် ရပ်နေဆဲဖြစ်၏။ မည်သူမျှ တိုက်ခိုက်ရန် ဆန္ဒ မရှိသေးချေ။
ကပ်ဘေးကျဆင်းချိန်တွင် နှောက်ယှက်ခြင်းဖြင့်သာ တစ်ဖက်လူအပေါ် စိတ်ဝိညာဉ် ပြိုလဲစေလို၏။
“ ဟား ဟား ဟား ... စုရီ ... မင်းရဲ့မိုးပြာမျိုးစေ့ကို ကမ်းလှမ်းသရွေ့တော့ ဒီပြဿနာကနေ လွတ်မြောက်အောင် ငါတို့ကူညီပေးပါ့မယ်။ ”
ရုတ်တရက် နောက်ထပ် လူရိပ်များ ထပ်မံ ပျံသန်းလာသည်။ အရေအတွက် (၁၀)ယောက် ဖြစ်ချေ၏။
တစ်ဦးစီသည် ဝိညာဉ်ပြောင်းလဲခြင်း အဆင့်တွင်ရှိကာ ဦးဆောင်သူသည် ခရမ်းရောင် ၀တ် လူငယ်ပေပင်။
သူ့နောက်ကျောတွင် ရှေးဟောင်း ဓားတစ်လက် လွယ်ထားပြီး ရောင်ဝါသည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေ၏။
“ သူတို့က ကောင်းကင်ဓားခန်းမ၊ ကောင်းကင်ဝိညာဉ်ဂိုဏ်းနဲ့ ကြယ်တာရာဂိုဏ်း တွေရဲ့ ကျွမ်းကျင်သူတွေပါ ... သူတို့အားလုံး အခြားကမ္ဘာက လာတယ် ... ။ ”
ဖူချင်းယွင်က အသစ်ရောက်ရှိလာသော လူဆယ်ဦးကို မိတ်ဆက်ပေး၏။ ဤတစ်ကြိမ်၌ နောက်ခံနှင့် ကျင့်ကြံမှုကိုသာ ပြောပြခဲ့ပြီး နာမည်များအပေါ် ကျော်လွှားလိုက်သည်။
“ မင်းတို့လို လူမိုက်တွေက ... မိုးပြာမျိုးစေ့ကိုပိုင်ဆိုင်ဖို့ မထိုက်တန်ပါဘူး။ ”
သို့တိုင် စုရီမှ စိတ်ဝင်စားခြင်း မရှိချေ။ ဤမထီမဲ့မြင်တုန့်ပြန်မှုကြောင့် အခြားကမ္ဘာ့မှ ကျွမ်းကျင်သူများ အားလုံး မျက်နှာများ ပျက်ယွင်းကုန်သည်။
“ မေ့လိုက်ပါ၊ သေတော့မယ့်လူနဲ့ ငြင်းခုံနေစရာ မလိုပါဘူး။ ”
ခရမ်းရောင်ဝတ် ဓားသမားလူငယ်က ခေါင်းခါလျက် ရေရွတ်လိုက်သည်။ သူ့အမည်မှာ ရှားကျစ်ပိုင်ဖြစ်ပြီး ကောင်းကင်ဓားခန်းမ၏ ပါရမီရှင်ဖြစ်၏။
ရှေးဟောင်း အဖွဲ့များနှင့် အခြားကမ္ဘာ့မှ ဂိုဏ်းကြီးသုံးခုစလုံးသည် စုရီကို စဉ်းတုံးပေါ်မှ ငါးတစ်ကောင်အဖြစ် ရှုမြင်နေချေပြီ။
စုရီက မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ ဝိုင်ပုလင်းကို မြှောက်ပြီး မော့သောက်လိုက်၏။ ထို့နောက် အဝေးသို့ ငေးကာ၊
“ မင်းဒီကိုရောက်နေပြီ အဲဒီမှာ ရပ်မနေနဲ့ ... ။ ”
-ဟု ပြောကြားလိုက်လေသည်။
“ ဟားဟားဟား .... တာအိုစုက ငါတို့ကို ဖိတ်ခေါ်နေတဲ့အတွက် သဘာဝအတိုင်း ငြင်းမှာ မဟုတ်ဘူး။ ”
ရုတ်တရက် ကြည်နူးဖွယ်ရယ်သံနှင့်အတူ လူသုံးယောက် တိမ်ပင်လယ်မှ ဆင်းသက်လာ လေသည်။
ခေါင်းဆောင်သည် ရှည်လျားသော အစိမ်းရင့်ရောင် ၀တ်စုံဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်၏။
ဆံပင်နှင့် မုတ်ဆိတ်မွေးသည် နက်မှောင်လျက် အသွင်အပြင်မှာ နူးညံ့သိမ်မွေ့ နေလေသည်။
ပိန်ပိန်ပါးပါး အဖိုးအိုတစ်ယောက်နှင့် အနက်ဝတ် အမျိုးသမီးတစ်ယောက် နောက်၌ လိုက်ပါလာ၏။
သုံးဦးစလုံးသည် ဝိညာဉ်ပြောင်းလဲခြင်း အဆင့် ရောင်ဝါများကို သိပ်သည်းစွာထုတ်ဖော် ထားလေသည်။
အထူးသဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသားပေပင်။ ထိုသူ လမ်းလျှောက်လာစဉ် ရွှေရောင်တာအိုကျက်သရေများ ထင်ရှားနေ၏။
တာအိုနိယာမများဖြင့် သူ့ကို ဖန်တီးထား သလိုပေပင်။ သို့ရာတွင် ဤလူများကို မည်သူမျှ မသိကြချေ။
သူတို့သည် သုံးဦးမျှသာ ဖြစ်သော်လည်း ရှေးဟောင်းအင်အားစုများနှင့် အခြားကမ္ဘာမှ ဂိုဏ်းများကို သတိဝင်လာစေသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဝိညာဉ်ပြောင်းလဲခြင်း နှောင်းပိုင်း ကျွမ်းကျင်သူ ဖြစ်၏။
“ တာအိုစု ... ဒီသုံးယောက်က ... ။”
ဖူချင်းယွမ်ခများ မည်သို့ မိတ်ဆက်ပေးရမှန်း မသိချေ။ ထိုစဉ် လူလတ်ပိုင်းအရွယ်အမျိုးသားမှ လက်ပြ နှုတ်ဆက်ပြီး၊
“ မိတ်ဆွေ ဒုက္ခအဖြစ်မခံပါနဲ့ ... ငါ့ကိုယ်ငါ မိတ်ဆက်ပေးမယ်။ ”
-ဟု ဆိုလျက် စုရီကိုပြုံးပြတော့သည်။
“ တာအိုမိတ်ဆွေ ... ငါ့နာမည် ဝမ်ကျုံးယန်လို့ခေါ်ပါတယ် ကောင်းကင်မြစ် နယ်မြေ မြောက်ပိုင်းရေခဲဓားနန်းတော်ရဲ့ အကြီးအကဲတစ်ယောက်ပါ ... ။ ”
-ဟု နှုတ်ဆက်လာတော့၏။
***