← Chapters

ဓားနတ်ဘုရား

Vol. 49 Ch. 584

ဓားနတ်ဘုရား

Vol. 49 Ch. 584

အစောပိုင်းတွင် ကြည့်ရှုသူများ၏ အသည်းနှလုံးသည် ယားယံလာပြီး စုရီအပေါ် အနည်းငယ် သံသယဝင်ခဲ့သည်။

နောက်ဆုံးတွင် ဝိညာဉ်ပြောင်လဲခြင်း အဆင့်မှ ကျင့်ကြံသူအများအပြား တပြိုင်နက် တိုက်ခိုက်လာခဲ့ကြခြင်းပေပင်။

ကောင်းကင်ဘုံ ဝိညာဉ်ကပ်ဘေးနှင့် ပေါင်းစပ်သော် အခြားမည်သူမဆို ခုခံနိုင်ရန် ရုန်းကန်ရပေလိမ့်မည်။

သို့သော် လက်တွေ့တွင် ရလဒ်သည် မျှော်လင့်ထားသည့်အတိုင်း လုံးဝမဟုတ်ခဲ့ချေ။ စုရီ လှုပ်ရှားသောအခါ လွှမ်းခြုံထားသော ဖြစ်စဉ်များအားလုံး ပြိုကျသွားသည်။

လျှပ်စီးနဂါးသည်ပင် ဖမ်းဆီးခြင်း ခံလိုက်ရ၏။

“ ဒါ ... ။ ”

ဟွမ်ရှောင်လင်၊ ရှားကျစ်ပိုင်နှင့် သူတို့၏ အပေါင်းအဖော်များခမျာ စိတ်လှုပ်ရှားနေသော အမူအရာများဖြင့် အေးခဲသွားကြသည်။

တစ်ဖက်လူသည် ဝိညာဉ်ထင်ရှားခြင်း အဆင့်တွင်သာရှိ၏။ ဤအမှုကို အောင်မြင်နိုင် သည်မှာ ယုံနိုင်စရာ မရှိချေ။

နဂါးကဲ့သို့သော လျှပ်စီးသည် စုရီ၏ ချုပ်ကိုင်မှုအောက်တွင် အပြင်းအထန် ရုန်းကန် နေခဲ့ရပြီး အဆုံး၌ ပျက်ပြယ်သွားသည်။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ဒုက္ခကိုရင်ဆိုင်ရာတွင် မည်သူမဆို ဟန့်တား ပိတ်ဆို့ထားရန် မဖြစ်နိုင်ချေ။ စိတ်ဝိညာဉ် ပြိုကွဲသွားနိုင်မည်။

အများစုမှာ အဆောင်ရတနာများဖြင့် ပြန်လည်ခုခံသည်။ စုရီကမူ လက်ချောင်းများ ဆုပ်ကိုင်လျက် လွယ်ကူလွန်းနေသည်။

ပြိုးပြိုးပြက်ပြက် လင်းလက်နေခဲ့သော ကပ်ဘေးဒုက္ခသည် အလင်းမှုန်များအလား ပြန့်ကျဲသွားတော့၏။

“ မြန်မြန် ... ။ ”

ဝမ်ကျုံးယွင်မှ အော်ဟစ်လိုက်သည်။ သူ့လက်များကို အဆက်မပြတ် ဝှေ့ရမ်းပြကာ နတ်ဆိုးများဟောက်သံများ တဟုန်ထိုး မြည်ဟည်းလာစေ၏။

“ ဒေါင် ... ဒေါင် ... ဒေါင် ... ။ ”

ခေါင်းလောင်းထံမှ အနက်ရောင် အသံလှိုင်းများသည် ဒီရေလှိုင်းများကဲ့သို့ စုရီထံ ရွေ့လျားသွားသည်။

ထိုအတောအတွင်း ဟွမ်ရှောင်လင် တို့သည်လည်း တိုက်ခိုက်လာခဲ့၏။ သို့သော် သူတို့သည် အလွန်သတိထားပြီး စုရီအနား မချဉ်းကပ်ဝံ့ချေ။

“ ဝူး ... ။ ”

ကောင်းကင်နှင့် မြေကြီး ပရမ်းပတာဖြစ်လာ၏။ မရပ်မနား လူသတ်ချင် စိတ်နှင့် တောက်ပနေသော ရတနာများ လေထဲ လွင့်ပျံလာတော့သည်။

“ ဒလိန်းလိန်း ... ဂျိန်း ... ။ ”

တစ်ချိန်တည်းမှာပင် မိုးကြိုးတိမ်တိုက်အတွင်း နက်ရှိုင်းသောအရပ်၌ လျှပ်စီးကြောင်းများ စုရုံးနေချေပြီ။

“ ဂျိန်း ... ။ ”

တောက်ပလွန်းပြီး အရောင်အသွေး စုံလင်လှသော အလင်းတန်းတဖျပ်ဖျပ်ခတ်ကာ ကမ္ဘာပေါ် ဆင်းသက်လာသည်။

လူတိုင်းသည် နှလုံးသားများ တင်းကျပ်လာသဖြင့် ခြွင်းချက်မရှိ အမူအရာ ပြောင်းလဲကုန်၏။

အဝေးမှကြည့်နေသည့်တိုင် သူတို့နှလုံးသား၌ ဖော်မပြနိုင်သော စိတ်ပျက် အားငယ်မှုများ ပြည့်နှက်လာချေပြီ။

ဧကရာဇ် အဆင့်အောက် မည်သူမျှ ဤတိုက်ခိုက်မှုများအပေါ် ခုခံနိုင်စရာနည်းလမ်း မရှိချေ။

စုရီတစ်ယောက် မျက်နှာအေးစက်ပြီး ဓားတစ်လက်ကဲ့သို့ အဆုံးမဲ့ ရောင်ဝါများကို ထုတ်ဖော်လိုက်၏။

ကောင်းကင်ကိုးပါးနှင့် အရပ်မျက်နှာ ဆယ်ပါးသို့ ဖောက်ထွင်း ဝင်ရောက်နိုင်သော ဓားတစ်လက်နှင့်တူသည်။

လွတ်လပ်ပြီး အထိန်းအကွပ်မဲ့သော ရောင်ဝါပေပင်။ ဤကပ်ဘေးကို အချိန်အတော် ကြာအောင် စောင့်ဆိုင်းနေခဲ့ရသည်။

ထို့ကြောင့် တုန့်ဆိုင်းခြင်းမရှိ လေထဲပျံတက်လိုက်ပြီး ရုတ်တရက် သူ့လက်ကို မြှောက်ကာ လေထဲရိုက်ချလိုက်သည် ။

မှုန်ဝါးဝါး ကမ္ဘာဦးတာအိုကျက်သရေ ထွက်ပေါ်လာ၏။ ပြိုင်ဘက်ကင်း တာအိုဖြင့် ဖွဲ့စည်းထားသော လက်ဖဝါးကြီးတစ်ဖက် ပေပင်။

ယင်းသည်ကမ္ဘာကြီးကို ဖြိုခွင်းလိုသော ရည်ရွယ်ချက်ဖြင့် ကောင်းကင်မှ ဖန်တီးလိုက် သကဲ့သို့ ခံစားရစေသည်။

ဝိညာဉ်တာအိုနယ်ပယ်အတွင်း ဝင်ရောက်ပြီးနောက် ကျင့်ကြံမှုကို အပြည့်အဝ ထုတ်ဖော်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်၏။

“ ဝူး ... ။”

လက်ဖဝါးသွားရာ လမ်းတစ်လျောက် လေစီးကြောင်းများ ဝရုန်းသုန်းကား လွင့်စင်ကာ အလင်းများ ဖြာထွက်‌နေသည်။

“ ဘောင်း ... ဘောင်း ... ။ ”

ဝိညာဉ်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများရတနာများနှင့် တိုက်ခိုက်မှုများ အားလုံး ဆပ်ပြာပူဖောင်းများကဲ့သို့ ပေါက်ထွက်ကာ ပြန့်ကျဲကုန်၏။

ယင်းသည် ထိတ်လန့်စရာ မြင်ကွင်းတစ်ခုပေပင်။ သူ့လမ်းရှိ အရာရာတိုင်း ပြိုလဲကျကုန်သည်။

“ ဖျစ် ဖျစ် ဖျစ် ... ။ ”

သို့သော် အကျိုးဆက်အနေဖြင့် လျှပ်စီးရေတံခွန်သည် စုရီအပေါ် ပြိုကျသွား ချေပြီ။ ကောင်းကင်နှင့် မြေကြီးအနှံ့ အဖြူရောင် အလင်းများဖြင့် ဖုံးလွှမ်းသွား၏။

“ သေပြီလား ... ။ ”

တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်မေးမြန်းသံများ ကျယ်လောင်လာ လေသည်။ ဧရိယာတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်၏။

ဟွမ်ရှောင်လင်၊ ရှားကျစ်ပိုင်နှင့် ဝမ်ကျုံးယန်တို့အားလုံး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။

အစောပိုင်းတွင် စုရီ၏ လက်ဖဝါးချက်ဖြင့် ဖြိုဖျက်ခံလိုက်ရသောအခါ သူတို့နှလုံးသားများ တုန်လှုပ်သွားခဲ့၏။

ကံကောင်း ထောက်မစွာဖြင့် ထိုပူးပေါင်းတိုက်ခိုက်မှုသည် တစ်ဖက်လူကို အနှောင့်အယှက်ဖြစ်စေခဲ့ပြီး မိုးကြိုးအပေါ် ရှောင်ချိန်မရခဲ့ချေ။

“ မိုးပြာမျိုးစေ့ ... သူ့မှာ ရှိနေတာက ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်ဆိုတာ မမှားပါဘူး ဒါပေမယ့် စိတ်မကောင်းစရာပဲ။ ”

ဝမ်ကျုံးယန်က သက်ပြင်းချလျက် ရေရွတ်လိုက်၏။ ပြိုင်ဘက်ကင်းသော ပါရမီရှင် တစ်ပါး ကောင်းကင်ကပ်ဘေး၌ ကျဆုံးသွားချေပြီ။

ဤစုရီသည်သာ ကောင်းကင်ဒုက္ခကို အောင်မြင်စွာကျော်လွှားနိုင်သော် မည်သို့မည်ပုံ ဖြစ်လာမည်ကို တွေးဆ၍မရချေ။

“ အားလုံး အဆင်သင့်ပြင်ထား။ ”

ယခုမူ ထိုသို့ဖြစ်မလာတော့ချေ။ လူတိုင်းသည် လျှပ်စီးများ ပျက်ပြယ်တော့မည့် အချိန်ကိုစောင့်ဆိုင်းလျက် မိုးပြာမျိုးစေ့လုယူရန် ပြင်ဆင်လိုက်ကြသည်။

“ မဟုတ်ဘူး ... ။ ”

တစ်ဖက်တွင် အဖြူရောင် လျှပ်စီးများထံကြည့်ကာ ဝမ်ရှင်းကျောက်ခမျာ ထိတ်လန့်သွား၏။ ဧကရာဇ်ရှနှင့် ကျန်သူများ သည်လည်း ထိုနည်းလည်းကောင်းပေပင်။

“ အစ်ကိုစု ... ။ ”

သို့သော် လူတိုင်း၏ မယုံကြည်နိုင်သော အကြည့်များအောက်တွင် လူရိပ်တစ်ရပ် ပြန်၍ ထွက်ပေါ်လာတော့၏။

ကျောက်စိမ်းရောင်ဝတ်ရုံနှင့် ဆံပင်များ လေထဲတဖျပ်ဖျပ်လွင့်ပြီး တာအိုကျက်သရေများ ဖြာထွက်နေသည်။

တဆက်တည်းမှာပင် မိုးကြိုးတာအို အသက်ဝင်လျက် ပြန့်ကျဲနေသော လျှပ်စီးများ အပေါ် ဝါးမြိုတော့၏။

“ ဒါ ... ။ ”

စုရီသည် အသက်ရှင်ရုံမျှသာမက ဒဏ်ရာပင်လုံးဝမရှိချေ။ အနီးကပ်ကြည့်သော် ရောင်ဝါသည် ယခင်ထက် ပို၍ သိပ်သည်း နေသည်ကို မြင်နိုင်၏။

“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ … ။ ”

မရေမတွက်နိုင်သော ကြည့်ရှုနေသူများ အံ့အားသင့်သွားကာ မှင်သပ်ကုန်တော့သည်။ ဝမ်ကျုံးယန်အပြုံးမှာ အေးခဲပြီး တုန်လှုပ်မှုနှင့် ဒေါသများ ဝင်ရောက်လာ၏။

( ကောင်းကင်ဘုံသည် ဤလူယုတ်မာကို မသတ်နိုင်သည်လော။ )

“ ဟား ဟား ဟား ... ။ ”

စုရီက ရယ်မောလိုက်လေသည်။ ထို့နောက် ကောင်းကင်ပေါ် မော့ကြည့်ပြီး၊

“ အဆုံးသတ်ဖို့ အချိန်တန်ပြီ ... ။ ”

-ဟု ရေရွတ်လိုက်သည်။

သူသည် ဤနေရာတွင် ခုနစ်ရက်ကြာ ငြိမ်သက်စွာထိုင်ပြီး တစ်စုံတစ်ရာအဖြေရှာရန် ကြိုးစားနေခဲ့၏။

ယင်းသည် သူ့ကပ်ဘေး၌ တားမြစ်စွမ်းအားတစ်ခု ပါ၀င်လာခြင်း ရှိ၊မရှိကို တွက်ဆနေခြင်းပေပင်။

သူ့အုတ်မြစ်သည် မည်မျှပင် ပြိုင်ဘက်ကင်းပါစေ ကောင်းကင်ဘုံ ခွင့်ပြုချက် အတွင်း၌သာ ရှိသင့်သည်။

ထို့ကြောင့် ၎င်းကို အံတုလိုသော တစ်စုံတစ်ယောက်အတွက် အကြောင်းရင်းမှာ ရိုးရိုးရှင်းရှင်းပင် သေခြင်းဖြစ်ချေ၏။

လက်ရှိအချိန်၌ ထိုမှန်းဆချက် မှန်ကန်ကြောင်း ကောင်းကင်နဂါးဘေးဒုက္ခမှ သက်သေပြလာသည်။

“ ဂျိန်း ... ။ ”

မိုးကြိုးတိမ်တိုက်များ လှိုင်းထလာပြီး လျှပ်စီးကြောင်းများသည် ပို၍ပို၍ကြောက်စရာ ကောင်းလာ၏။

ပြိုးပြိုးပြက်ပြက် လင်းလက်နေသော ဖျက်ဆီးခြင်း အငွေ့အသက်များ လေထုအတွင်း ရစ်သိုင်းကာ လူတိုင်းကို စိတ်ပျက်စေသည်။

ဤဒုက္ခသည် မည်သည့်အဆင့်သနည်း။ အဘယ်ကြောင့် ဤမျှ ပြင်းထန်လွန်းသနည်း။ အထက်ပါမေးခွန်းအတွက် အဖြေမရှိချေ။

“ အရပ်ဆယ်မျက်နှာကို ဖြတ်သန်းသွားလာနိုင်တဲ့ ဓားတစ်လက် ငါ့မှာ ရှိတယ်။ ”

လျှပ်စီးနဂါးသည် ရေတံခွန်ကဲ့သို့ စက္ကန့်အနည်းငယ်ကြာအောင် ပြိုကျလာပြန်၏။ ဤတစ်ကြိမ်တွင် စုရီသည် လက်ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။

“ ရွှပ် ... ။ ”

ဓားချီတစ်စင်း ပျံတက်သွား၏။ ၎င်းဓားချီထွက်ပေါ်လာချိန်၌ ကောင်းကင်နှင့် မြေကြီးမှာ ရုတ်တရက် တိတ်ဆိတ်သွားပြီး အရာအားလုံး မှေးမှိန်သွားခဲ့သည်။

မိုင်ပေါင်း တစ်သိန်းကျော် ဖြန့်ကျက်ထားသော မိုးကြိုးတိမ်တိုက်များမှာ ချက်ချင်း ကွဲထွက်သွား၏။

“ ဝုန်း ... ။ ”

ထို့ကြောင့် တိမ်တိုက်များအတွင်း နက်ရှိုင်းသောအရပ်ရှိ လျှပ်စီးရေဝဲကြီးသည် နှစ်ပိုင်းပြတ်ကာ ပြန့်ကျဲသွားသည်။

ဤမြင်ကွင်းသည် ကောင်းကင်ခွဲဖွင့်ပြီး ကမ္ဘာမြေကိုအုပ်မိုးထားသော ကံကြမ္မာအပေါ် ဖယ်ရှားပေးနေသည့် ဓားနတ်ဘုရားတစ်ပါးနှင့် တူနေခဲ့ချေပြီ။

***

All Chapters