← Chapters

ထူးဆန်းသောမျက်လုံး

Vol. 49 Ch. 577

ထူးဆန်းသောမျက်လုံး

Vol. 49 Ch. 577

ကောင်းကင်မှ ငုံ့ကြည့်သော် မိုင်ထောင်ပေါင်းများစွာ အချင်းဝက်အတွင်း ဆေးအိုးကိုးပါး မြို့တော်သည် အလင်းမိုး၏ ဗဟိုချက်ဖြစ်နေ၏။

ထိုသို့သော ဖြစ်စဉ်ပြောင်းလဲမှု အပေါ် လူတိုင်းသတိထားမိသည်မှာ သဘာဝပေပင်။

“ ကြည့်စမ်း ... ဒီအလင်းမိုးတွေက ဆေးအိုးကိုးပါးမြို့တော်ကိုဆီ ဘာလို့ ဦးတည် နေရတာလဲ။ ”

လူအချို့မှ အံ့သြပြီး သံသယဝင်လာ၏။

“ ဧကရာဇ်ရှ လုပ်နေတာ ဖြစ်မယ်။ ”

“ မဟာတာအိုက ဆေးအိုးကိုးပါး မြို့တော်အတွင်းသွားပြီဆိုတော့ ငါတို့အတွက် အခွင့်အရေးက ဘယ်မှာလဲ။ ”

“ သွားကြရအောင် တော်ဝင်မိသားစုက ဒီအခွင့်အရေးကြီးကို လက်ဝါးကြီးအုပ်ထားဖို့ ခွင့်မပြုနိုင်ဘူး။ ”

တစ်ချိန်တည်းမှာပင် ကျင့်ကြံသူ အများအပြားသည် အရပ်ရပ်မှ မြို့တော်ဆီသို့ ပြေးလွှားလာကြသည်။

“ အစ်ကိုစု၊ ငါမထိန်းနိုင်တော့ဘူး။ ”

ရုတ်တရက် လေထုအလယ် ဝမ်ရှင်းကျောက်မှ အဆင့်ချိုးဖြတ်ရန် ပြင်ဆင်တော့၏။

“ စိတ်မပူနဲ့ ငါမင်းကို ကာကွယ်ပေးမယ်။ ”

စုရီမှ ခေါင်းညိတ်လိုက်သည်။ ရောင်ဝါများပွင့်ထွက်ကာ အဝတ်အစားများ တဖျပ်ဖျပ် ခတ်လာတော့၏။

ကျင့်ကြံအပေါ် ဖိနှိမ်ထားနိုင်ခြင်း မရှိတော့ဘဲ အငွေ့အသက်သည် မီးတောင်ကဲ့သို့ ရုတ်တရက် ထွက်ပေါ်လာခြင်းပေပင်။

ထက်မြက်သော ဓားတစ်လက် ကောင်းကင်သို့ တက်လာသည်။ ထိုဓားနှင့်အတူ တိမ်တိုက်များ တိတ်တဆိတ် စုရုံးလာ၏။

“ ဂျိန်း ... ။ ”

မိုးခြိမ်းသံများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးအနှံ့ အပျက်သဘောဆောင်သော ဘေးအန္တရာယ်၏ အရိပ်အယောင် ရစ်သိုင်းလာ၏။

နေဝင်ရီတရောအချိန်သည် အမှောင်ကန့်လန့်ကာနှင့်တူသည်။ ညနေ့ခင်း၌ ကြယ်များကို မြင်နိုင်ပြီး လမ်းမများပေါ်သို့ အလင်းမိုးများ ဖွဲဖွဲကျဆင်းနေ၏။

“ ဝိညာဉ် ကပ်ဘေး။ ”

ဝိညာဉ်တာအိုနယ်ပယ် ကပ်ဘေးသည် ရုတ်တရက် ကမ္ဘာကြီးကို ဖရိုဖရဲဖြစ်လာစေပြီး တင်းကြပ်သော လေထုများခံစားလိုက်ရ၏။

“ ဒီအချိန်မှာ ... အဆင့်ချိုးဖြတ် လိုက်တာဟာ တာအိုစွမ်းအားကို လုံလောက်စွာ စုပ်ယူနိုင်စေလိမ့်မယ်။ ”

“ ဂျိန်း ... ။ ”

စုရီမှ ရေရွတ်လိုက်၏။ သူ့စကားမဆုံးခင် မိုးကြိုးများ ဟိန်းဟောက်လျက် ကောင်းကင်မှ ပြုတ်ကျလာတော့သည်။

ထိုကဲ့သို့ ရုန်းရင်းဆန်ခတ်ဖြစ်မှုသည် ဆေးအိုးကိုးပါးမြို့တော်ရှိ လူအများအပြား၏ အာရုံကို စွဲဆောင်နေခဲ့သည်။

ဝမ်ရှင်းကျောက်မှ ကောင်းက်ငကို မော့ကြည့်ကာ ကြောက်ရွံ့ခြင်းမရှိဘဲ ကြုံးဝါး အော်ဟစ်လိုက်သည်။

“ ဂျိန်း ... ဒလိမ်းလိမ်း ... ။ ”

တိမ်တိုက်များအတွင်း တလှိမ့်လှိမ့် ဖြစ်နေသောမိုးခြိမ်းသံတွင် ချောက်ချားဖွယ်ရာ ဖျက်ဆီးခြင်း အငွေ့အသက်ပါ၏။

ဖြစ်စဉ်အပေါ် ခဏမျှစောင့်ကြည့်ပြီးနောက် စုရီအကြည့်များ ဆုတ်ခွာလိုက်၏။ ကပ်ဘေးမှာ အားကောင်းသော်လည်း ဝမ်ရှင်းကျောက်မှ ဖြေရှင်းနိုင်သည့် အဆင့်တွင်ရှိနေသည်။

“ တာအိုသခင် ... ဝမ်အာလည်း အဆင့်ချိုးဖြတ်တော့မယ်။ ”

များမကြာခင်မှာ ချင်းဝမ်က မဝံ့မရဲနှင့် ပြောကြားလာပြန်၏။ စုရီမှ ခေါင်းညိတ်ပြပြီး ဧကရာဇ်ရှနှင့် တခြားသူများကို၊

“ မင်းတို့ဒီမှာနေပါ ... ငါချင်းဝမ်ကို မြို့ပြင်ခေါ်ထုတ်သွားလိုက်မယ်။ ”

-ဟု မှာကြားလိုက်သည်။

စကားဆုံးသည်နှင့် မြို့တော် အပြင်ဘက်ဆီသို့ ဦးတည်လိုက်၏။ ချင်းဝမ်မှ နောက်ပါးမှ ကမန်းကတန်း လိုက်ပါသွားသည်။

ချင်းဝမ်နှင့် ဝမ်ရှင်းကျောက်တို့၏ ကောင်းကင်ကပ်ဘေးကြောင့် မြို့တော်အတွင် ထပ်မံ ဆူပူမှု မဖြစ်စေလိုချေ။

ချင်းဝမ်၏ အနီရောင်စကတ်သည် လေထဲတဖျပ်ဖျပ်လွင့်လျက် ကြော့ရှင်းသော ကောက်ကြောင်းပေါ်လွင်လာသည်။

“ ဂျိန်း ... ။ ”

ရုတ်တရက် မိုးကြိုးတိမ်တိုက်များ စုရုန်းလာချေပြီ။ ချင်းဝမ်မှ ကောင်းကင်ပေါ် မော့ကြည့်လိုက်၏။

ထူးဆန်းသော သွေးနီရောင် တိမ်တိုက်များသည် တောင်တန်းတစ်ခုအလား ကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်းရောင်ဝါများ ပြသလာတော့သည်။

“ မိုးကြိုးတိမ်တိုက်တွေဟာ သွေးမြူတွေနဲ့တူပြီး လာဗင်ဒါပန်းပွင့်ပုံသဏ္ဍာန် ပါလား ... ဒါက တစ္ဆေကျင့်ကြံသူတွေအတွက် အပြင်းထန်ဆုံး ကပ်ဘေးသုံးခုထဲကတစ်ခု။ ”

မျက်မမြင်အဘိုးအိုသည် ထိုမြင်ကွင်းကို အဝေးမှကြည့်ကာ မှတ်ချက်ပေးလိုက်သည်။ ကမ္ဘာကြီးတွင် တားမြစ်ကပ်ဘေးသုံးပါးအနက် တစ်ခုကို ဆောင်ကြဉ်းနိုင်သော တစ္ဆေသရဲမျိုး ရှားချေ၏။

အဓိက ဂိုဏ်းကြီးများရှိ ထိပ်တန်း ဘီလူးများသာ ပြီးမြောက်နိုင်မည်။ နီမြန်းသော လျှပ်စီးများ၊ မိုးခြိမ်းသံများသည် ကောင်းကင်ကို ဖြတ်၍ ပျက်စီးခြင်း၏ ရောင်ဝါကို ထုတ်လွှတ်လာ၏။

ထိုအချိန်တွင် ချင်းဝမ် မျက်လုံးများသည် ရေကဲ့သို့ကြည်လင်ပြီး စိတ်နေစိတ်ထားသည် မောက်မာမှုနှင့် အထီးကျန်မှု ပေါ်လွင်နေသည်။

“ ဂျိန်း ... ။ ”

စုရီက လက်နှစ်ဖက်နောက်ပို့ကာ ရပ်ကြည့်နေတော့၏။ တစ်ခါတစ်ရံ မြို့တော် အထက်ရှိ ဝမ်ရှင်းကျောက်ထံ ကြည့်သည်။

အချိန်ကြာလာသည်နှင့်အမျှ များစွာ စိတ်သက်သာရာ ရလာသည်။ မျှော်လင့်ထား သည့်အတိုင်း အမျိုးသမီးနှစ်ဦးစလုံးသည် ဤကပ်ဘေးအတွက် ပြင်ဆင်ပြီးဖြစ်၏။

သူမတို့ နှစ်ဦးကြုံတွေ့ရသော ကပ်ဘေးသည် အလွန်ရှားပါးပြီး ကြောက်စရာ ကောင်းသော်လည်း ရင်ဆိုင်နိုင်ကြသည်။

“ ဝှစ် ... ။ ”

ထိုစဉ် အလင်းတန်းများအလား မြို့တော်ဆီသို့ ပျံသန်းလာနေသည့် လူအများ အပြားကို သတိပြုမိလာ၏။ စုရီမှ မျက်မှောင်ကြုတ်လျက် များမကြာခင် နားလည်သွားသည်။

ဆေးအိုးကိုးပါးမြို့တော်တဝိုက်တွင် မဟာတာအိုမိုးရေသည် အထူထပ်ဆုံးဖြစ်သဖြင့် အခြားသူများအတွက် အကျိုးရှိပုံမရခဲ့ချေ။

ထို့ကြောင့် အလင်းမိုးများ၏ ဗဟိုချက်ဖြစ်သော မြို့တော်သို့ ပျံသန်းလာခြင်း ပေပင်။

“ ရပ် ... ဟိုမှာ စုရီရှိနေတယ်။ ”

တစ်စုံတစ်ယောက်က မြို့အပြင်ဘက် ကောင်းကင်အထက်တွင် ရပ်နေသောစုရီကို မြင်ပြီး အော်ဟစ်လိုက်၏။

“ ဒါက ခက်ပြီ ... ။ ”

ဟန့်တားသံနှင့်အတူ လူတိုင်းမြို့ထဲသို့ မဝင်ရဲတော့ချေ။ လေထဲရပ်တန့်နေသည့် စုရီထံ ကြည့်ပြီး မျက်နှာပြောင်းသွားသည်။

ထို့ပြင် အချိန်ကြာလာသည်နှင့်အမျှ မြို့တော်အနားတွင် လူအရေအတွက် တိုးပွား လာတော့၏။

သို့သော် အစမှအဆုံးတိုင် မည်သူမျှ မြို့တံခါးနား မချဉ်းကပ်ရဲချေ။ ခဏအကြာတွင် တစ်စုံတစ်ယောက်က သည်းမခံနိုင်တော့ဘဲ၊

“ သခင်လေးစု၊ ငါတို့ အခွင့်အရေးရှိလား။ ”

-ဟု တိုးဖျော့စွာ မေးမြန်းလာ၏။

ထိုမေးခွန်းနှင့်အတူ လူတိုင်း၏ အကြည့်များသည် စုရီထံသို့ရောက်ရှိလာသည်။ စုရီမှ ခေါင်းညိတ်ပြလိုက်၏။ ယင်းသည် ကောင်းချီးတစ်ခုပေပင်။

“ ကျေးဇူးတင်ပါတယ် ဆရာစု ... ။ ”

“ ကျေးဇူးတင်ပါတယ် ဆရာစု ... ။ ”

“ မြန်မြန်လာကြ ... ဒီမှာဆရာစုနဲ့အတူ တာအိုကိုသိမ်းပိုက်ဖို့ ကြိုးစားတဲ့အခါ ဘယ်သူမှ အပြစ်ကျူးလွန်ဝံ့တော့မှာ မဟုတ်ဘူး ... ဒါက ငါတို့အတွက် ကောင်းချီးပါပဲ။ ”

ထို့နောက်တွင် လူအုပ်ကြီးသည် မြို့တော်အတွင်း ပဋိပက္ခများ မဖန်တီးဝံ့ကြဘဲ ကိုယ်ပိုင်အရည်အချင်းများအပေါ် အခြေခံ၍ တာအိုအလင်းများ စုပ်ယူတော့သည်။

အကြောင်းပြချက်သည် ရှင်း၏။ စုရီစိတ်မချမ်းသာအောင် လုပ်မိသွားမည်ကို သူတို့ စိုးရိမ်နေခြင်းပေပင်။

အချိန်များ ကုန်လွန်နေသည်။ လက်ဖက်ရည်တစ်အိုး ကြိုချက်ရန် အကြာတွင် ဝမ်ရှင်းကျောက်သည် ဒုက္ခကိုအောင်မြင်စွာ ကျော်လွှားနိုင်ခဲ့၏။

များမကြာမီ ချင်းဝမ်သည်လည်း နောက်ဆုံးသော မိုးကြိုးဒုက္ခနှင့် ရင်ဆိုင်လာ ရသည်။

သို့သော် ဤနောက်ဆုံး မိုးကြိုး ဘေးဒုက္ခသည် အလွန်ထူးဆန်းနေ၏။ ၎င်းသည် ပေတစ်ရာခန့် သွေးရောင်ရေဝဲကြီးအဖြစ်သို့ ပြောင်းလဲသွားခြင်းပေပင်။

“ ဒါဘယ်လို ဝိညာဉ်ကပ်ဆိုးကြီးလဲ။ ”

စုရီမှ မျက်လုံးပြူးသွား၏။ ချင်းဝမ်သည် ပြီးခဲ့သည့်နှစ်တွင် မဟာရှ သွားရာလမ်းတွင် ကပ်ဘေးကို ရင်ဆိုင်ခဲ့ဖူးသည်။

ထိုအချိန်က အလားတူ တားမြစ်ကပ်ဆိုးကြီးလည်း ကျဆင်းခဲ့သည်။ ယင်းကြောင့် ဆေးအိုးကိုးပါး မြို့တော်အပြင်သို့ ခေါ်ထုတ်လာခြင်းပေပင်။

“ ဟမ့် ... ။ ”

ဤအခိုက်တွင် တစ်စုံတစ်ခုကို ခံစားမိသွားသဖြင့် ချင်းဝမ်ဆီသို့ ရုတ်တရက် ပြန်ကြည့်လိုက်၏။

ချင်းဝမ်တစ်ဝိုက်တွင် ထူးဆန်းသော တောင်တန်းများနှင့် မြစ်များ ပေါ်လာလေသည်။ တောင်နှင့်မြစ်များသည် ကောင်းကင်ပြင်မှ ဇောက်ထိုးကျနေ၏။

အနီးကပ်ကြည့်သော် ထိုပုံစံသည် ထူးဆန်းပြီး လျစ်လျူရှုထားသော မျက်ဝန်းနှင့် တူနေသည်။

တောင်တန်းနှင့်၊ မြစ်ချောင်းများကို ကျောထောက်နောက်ခံပြုထားကာ ဗဟိုတွင် မျက်ဆန်သည် တွင်းနက်ကြီးဖြစ်၏။

ဤသည်မှာ ချင်းဝမ်၏ လျှို့ဝှက် ဆန်းကြယ်သောစွမ်းအားပေပင်။ ထိုစွမ်းအားမှာ ချင်းဝမ်၏ အလားအလာဖြစ်ချေ၏။ ၎င်းကို ဒုတိယအကြိမ် တွေ့မြင်ရခြင်းပေပင်။

***

All Chapters