ပြန်သွားဖို့ ငါအကြံပေးတယ်
Vol. 49 Ch. 579
နေဝင်ရီတရောအချိန်၌ အမှောင်များဝင်ရောက်လာပြီး ကောင်းကင်ရှိ ကြယ်ရောင်များ ပွင့်လာချေပြီ။
တစ်ဆက်တည်းမှာပင် မိုးပြာတိုက်ကြီး အနှံ့အပြားတွင် ဘေးဆိုးတိမ်လိပ်များ ထွက်ပေါ် လာနေတော့၏။
မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ဤအခိုက်အတန့်ကို ဖြတ်ကျော်ရန် ရွေးချယ်ပြီး ကပ်ဘေးခံယူကြခြင်းပေပင်။
အလွန်ကြီးကျယ်ခမ်းနားသော မြင်ကွင်းဖြစ်သည်။ မိုးကြိုးတိမ်တိုက်များ၊ မိုးခြိမ်းသံများ နေရာအနှံ့ ပြန့်ကျဲနေ၏။
တစ်ချိန်တည်းမှာပင် ကောင်းကင်ဒုက္ခ ခံယူသူများ အရေအတွက်သည် မြစ်ပြင်ပေါ်သို့ ဖြတ်ကူးနေသော ငါးကြင်းများကဲ့သို့ များပြားလွန်းနေသည်။
၎င်းတို့အနက် ထူးဆန်းစေသည်မှာ နတ်ဆိုးသန္ဓေသားတွင် ချိတ်ပိတ်ခံထားရသော ရွှမ်နင်သည် မူလတာအိုနယ်ပယ် ကောင်းကင် ကပ်ဘေးကို ကြုံတွေ့ရခြင်းဖြစ်၏။
“ ဂျိန်း ... ။ ”
ထူထဲပြီး ပြိုးပြိုးပြက်ပြက် လင်းလက်နေသော မိုးကြိုးတိမ်တိုက်များ ပြုတ်ကျလျက် နတ်ဆိုးသန္ဓေသားကို ထိမိသွားတော့သည်။
ရွှမ်နင်က တံဆိပ်များဖြင့် ၎င်းကို ပိတ်ဆို့ဖြိုခွဲကာ တစ်ခုပြီးတစ်ခု ဖြေရှင်းချေ၏။ ထိုမြင်ကွင်းက မျက်မမြင်အဖိုးအိုကို မနာလို ဖြစ်စေသည်။
“ တာအိုရွှမ်နင်က တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ ကံကြမ္မာတစ်ခု ပိုင်ဆိုင် ထားတာပဲ။ ”
နတ်ဆိုးသန္ဓေသားကဲ့သို့ ရတနာသည် အလွန်ရှားပါးသည့်ပြင် ၎င်း၌သန္ဓေတည်နေစဉ် ရွှေခေတ်ကျရောက်လာသည်မှာ တိုက်ဆိုင်ရန် ခက်ခဲလွန်းချေမည်။
ထို့ကြောင့် ဤကပ်ဘေးကို ကျော်လွှားပြီးနောက် ရွှမ်နင်ရရှိမည့် အကျိုး ကျေးဇူးများသည် စိတ်ကူးယဉ်နိုင်ခြင်းထက် လွန်ကဲနေသည်။
“ တာအိုမိတ်ဆွေ၊ မင်းက သိပ်ကြင်နာတတ်တာပဲ ဒါတွေက ငါ့ဆရာရဲ့ ကျေးဇူးတော်ကြောင့်ပါ ... ။ ”
နောက်ဆုံးသော ကပ်ဘေးကြီးကို ခံယူပြီးနောက် ရွှမ်နင်အသံမှာ သန္ဓေသားမှ ထွက်လာခဲ့၏။
“ ကောင်းပြီ ... အခုချိန်ကစပြီး အုတ်မြစ်အတွက် တရားထိုင်ပါ ... ဝိညာဉ် ပေါင်းစည်းခြင်းဆေးကို သန့်စင်ဖို့ မမေ့နဲ့။ ”
စုရီမှ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ ထို့နောက် မျက်မမြင်အဘိုးကြီးထံပြန်ကြည့်ပြီး၊
“ မင်းလည်း တရားထိုင်တဲ့အခါ ဝိညာဉ်ပေါင်းစည်းခြင်းဆေးလုံးကို သန့်စင်ပါ ဒါက မင်းရဲ့ဝိညာဉ်ကိုခိုင်မာလာစေမယ်။ ”
-ဟု အမိန့်ပေးသည်။
မျက်မမြင်အဘိုးအိုမှ ခေါင်းညိတ် သဘောတူသည်။ စုရီက ရီရွှမ်ထံ အာရုံရောက် သွား၏။
“ မင်း ... ဘယ်လောက်ကြာကြာ စုပ်ယူနေဦးမှာလဲ။ ”
“ ဒီအလင်းမိုးတွေ ရပ်သွားတဲ့အထိ ငါစုပ်ယူနိုင်တယ် ဒါပေမယ့် ဒီလိုလုပ်တာက ငါ့တာအိုခန္ဓာကိုယ်ကို အချိန်အကြာကြီး သန့်စင်ရလိမ့်မယ်။ ”
“ ကောင်းပါတယ် ... အဲဒါက ငါ့ကို ထပ်ပြီးဒုက္ခမဖြစ်အောင် ကယ်တင်ပေးနေတာပဲ ဒါမှ ငါနားပူသက်သာမှာ ... ။ ”
“ ယောက်ဖ ငါ ... ။ ”
“ လုံလောက်ပြီ ... သွားပြီးတော့ တရားထိုင်ပြီး ဝိညာဉ်ပေါင်းစည်းခြင်းဆေးကို သန့်စင်ပါ ဒီအလင်းမိုးတွေက ပြီးလုနီးနေပြီ မင်းအခု အမြန်မရပ်ဘဲနေရင် အုတ်မြစ်ကို တည်ဆောက်ဖို့ ခက်သွားလိမ့်မယ်။ ”
ရီရွှမ်မှ ချက်ချင်း ပါးစပ်ပိတ်သွားသည်။ စုရီ ပြောသည်မှာ မမှားချေ။ ဖြစ်စဉ်သည် (၁၅)မိနစ် မျှသာ ကျန်ရှိပေတော့သည်။
ထို့ကြောင့် တာအိုအုတ်မြစ်ကို စုစည်းထားသင့်ချေပြီ။ ဘေးဆိုး တိမ်တိုက်များ တဟုန်ထိုး တက်လာပြီး ကောင်းကင်တခွင် လေပြင်းများ စုဖွဲ့ကုန်သည်။
“ ဝုန်း ... ဂျိန်း ဒလိမ်းလိမ်း။ ”
မိုးခြိမ်းသံများ ဆူညံလျက် လေဟာနယ်ပြိုကျနေသော မြင်ကွင်းများမှာ အလွန်အံ့မခန်းပေပင်။ ထိုမြင်ကွင်းကို ကြည့်ပြီး မြို့တော်အတွင်း သူ့ကပ်ဘေးကို ခံယူရန် စိတ်ကူးကို စုရီမှ စွန့်လွှတ်လိုက်၏။
အချိန်ကြာလာသည်နှင့်အမျှ အလင်းမိုးများတဖြည်းဖြည်း မှိန်ဖျော့သွားပြီး ကြယ်များပျောက်ကွယ်သွားသည်။
ညခင်းအချိန် ကျရောက်လာပြီဖြစ်၏။ ဘေးဆိုးတိမ်တိုက်များသည် နေရာတိုင်းတွင် လူးလိမ့်နေသည်။
အဆင့်ချိုးဖြတ်နေသည့် ကျင့်ကြံသူ အရေအတွက်သည် လျော့မသွားဘဲ အချိန်ကြာ သည်နှင့်အမျှ ပိုများလာ၏။
စုရီက မိုးပြာရင်ပြင်မှထွက်ပြီး မြို့ပြင်တောင်တန်းတစ်နေရာသို့ ရောက်ရှိ သွားသည်။ ကမ္ဘာမြေကြီးတစ်ခုလုံး ဆိတ်သုဉ်းပြီး အထီးကျန်နေ၏။
ရံဖန်ရံခါတွင် အဝေးမှ မိုးခြိမ်းသံများ ပဲ့တင်ထပ်နေသည်ကို ခပ်သဲ့သဲ့ကြားနေရသည်။ တောင်ထိပ်ပေါ်တွင် တစ်ယောက်တည်း ထိုင်လျက် တိတ်တဆိတ် ခံစားနေ၏။
ယနေ့သည် ရွှေခေတ်၏ ပထမဆုံးနေ့ဖြစ်သော ဧပြီလ၊ (၄)ရက်နေ့ ဖြစ်သည်။
ဤနေ့တွင် ကြယ်များသည် နေ့လည်ခင်းတွင်ပေါ်လာပြီး ကောင်းကင်မှ မိုးဖွဲဖွဲကျလာကာ အရာခပ်သိမ်းကို အပြောင်းအလဲ ဖြစ်ပေါ်စေ၏။
ကမ္ဘာပေါ်ရှိ တောင်များ၊ မြစ်များနှင့် အရာခပ်သိမ်းတို့သည် တာအိုမူလစွမ်းအားဖြင့် ပြည့်နှက်လာသည်။
အရာအားလုံး မကြုံစဖူး အုံကြွမှုတစ်ခု အဖြစ် ဖော်ပြနိုင်၏။ နောင်လာမည့် နှစ်များတွင် မယုံကြည်နိုင်လောက်သော အရာများစွာ ပေါ်ပေါက်လာပေဦးမည်။
တစ်ချိန်တည်းမှာပင် ကမ္ဘာကြီးသည် မှန်းဆမရသော အကျပ်အတည်းသို့ ကျရောက် သွားမည်ဖြစ်၏။
ညလေပြေသည် ညင်သာစွာ တိုက်ခတ်နေပြီး ဝိညာဉ်စွမ်းအင်များ၏ အရိပ်အမြွက်ကို သယ်ဆောင်လာသည်။
အနီးနားရှိ ကျောက်ဆောင်များ အက်ကွဲကြောင်းများ စသည်တို့၌ မြက်ရိုင်းများ ပေါက်လာသည်ကို နူးညံ့စွာ ခံစားနေရ၏။
သေးငယ်ပြီး နူးညံ့သော အဝါရောင် ပန်းပွင့်လေးများမှာ သာမန်မျက်စိဖြင့်မြင်သော အရှိန်အဟုန်ဖြင့် ကြီးထွားလာပြီး လေပြေတွင် ယိမ်းထိုးနေသည်။
“ နှစ်ပေါင်း (၃၀၀၀၀) အမှောင် တားမြစ်စွမ်းအား ပြီးတဲ့နောက် ဒီကမ္ဘာကြီးဟာ နောက်ဆုံးတော့ သာယာဝပြောမှုကို ပြန်ရလာပြီ ...
... ဒါပေမယ့် ဒီနေ့ကစပြီးတော့ ... အဲဒီသာယာဝပြောမှုဟာ တဖြည်းဖြည်း ပြန် ဆုတ်ယုတ်လာလိမ့်မယ် အဆုံးမှာ တိုက်ကြီး တစ်ခုလုံး ဆိတ်သုဉ်းလိမ့်မယ်။ ”
တစ်ကိုယ်တည်းရေရွတ်လျက် ဘူးသီးခြောက်အတွင်းမှ စပျစ်ရည်များကို မော့သောက်ပြီး၊
“ နေနဲ့လလို သက်တမ်းမျိုး ပိုင်ဆိုင်တယ်ဆိုတဲ့ ဧကရာဇ်မင်းတွေတောင် ထာဝရ မတည်မြဲနိုင်ဘူးလား ...
... နောက်ဆုံးမှာတော့ ဧကရာဇ်တွေရဲ့ သက်တမ်းဟာလဲ အကန့်အသတ်ရှိနေတယ် ငါ ဒီထက် ပိုမြင့်တဲ့လမ်းကို ရှာရမယ်။ ”
-ဟု ပြတ်သားစွာ ကြုံးဝါးလိုက်၏။ အချိန်များ တရွေ့ရွေ့ ကုန်လွန်လာသည်။ စုရီ တည်ရှိရာ တောင်ထိပ်တွင် မြက်ပင်များနှင့် ဖုံးအုပ်လာပြီဖြစ်၏။
သို့တိုင် သူ့ကပ်ဘေး မရောက်သေးချေ။ ထိုနေရာတွင်ထိုင်နေပြီး ကြယ်များ ရွေ့လျားမှု၊ နေ့နှင့်ည ပြောင်းလဲမှုနှင့် တောင်နှင့်မြစ်များ သဘာဝကို တိတ်တဆိတ် ကြည့်နေသည်။
ဝမ်ရှင်းကျောက်နှင့် တခြားသူများက တစ်ယောက်ပြီးတစ်ယောက် သူ့ကို လိုက်ရှာပြီး ရောက်လာကြသည်။
စုရီက ပြုံးပြီး တာအိုနှင့် သဘာဝတရားကြီးကို ရှုမှတ်နေသောကြောင့် ပြန်သွားရန် လက်ပြလိုက်၏။
ဤနည်းဖြင့် စိတ်လှုပ်ရှားလာပါက အဆင့်ကိုဖြတ်ရန် အခွင့်အရေး ရရှိလာနိုင်မည်။ ထိုနည်းလမ်းသည် အခြားလူများအတွက် ထူးထူးဆန်းဆန်း ဖြစ်သော်လည်း စုရီကို အနှောက်အယှက် မပေးတော့ချေ။
နောက်ပိုင်း အချိန်များတွင် ဆေးအိုးကိုးပါးမြို့တော်သည် တက်ကြွလာပြီး နယ်ပယ် ဖြတ်ကျော်သူ အရေအတွက် နည်းပါးလာခဲ့သည်။
“ နှစ်သောင်းနဲ့ချီပြီး မြုံနေတဲ့ ဗုဒ္ဓလှိုဏ်ဂူကြီးမှာ ရတနာအကြွင်းအကျန်တွေ ထွက်လာပုံရတယ် အလင်းနဲ့မီးလျှံတွေက ကောင်းကင်ကို လှုပ်ခါနေပြီး ... ဗုဒ္ဓကျမ်းစာ ရွတ်ဆိုသံတွေလည်း ပဲ့တင်ထပ်နေတယ်။ ”
“ ဟမ့် သရဲဒိုမိန်းမှာလည်း ... လျှို့ဝှက်ဆန်းကြယ်တဲ့ တောင်တန်းကြီးတစ်ခု မြေပြင်ကနေ ထွက်ပေါ်လာနေတယ်။ ”
အမျိုးမျိုးသော ဖြစ်ရပ်ဆန်းများသည် ကမ္ဘာတစ်ဝှမ်းတွင်ဖြစ်ပေါ်လာပြီး မရေမတွက် နိုင်သော အုံကြွမှုများ ရှိလာ၏။
ထိုကမ္ဘာ့နေရာ အနှံ့အပြားက ရုန်းရင်းဆန်ခတ် အခြေအနေများနှင့်ယှဉ်သော် ဆေးအိုးကိုးပါးမြို့တော်သည် အေးချမ်းနေခဲ့သည်။
ဤမြို့တော်သည် မဟာရှ တော်ဝင်မိသားစု၏ နယ်မြေဖြစ်ပြီး စုရီကဲ့သို့ ဒဏ္ဍာရီဆန်ဆန် ဘီလူးတစ်ကောင်မှ စောင့်ကြပ်နေ၏။
ထို့ကြောင့် ဤရက်များအတွင်း မြို့တော်၌ရွေ့ပြောင်းနေထိုင်ရန် ကျင့်ကြံသူများ ရောက်ရှိလာခဲ့ကြသည်။
ဧပြီလ၊ (၁၁)ရက်။ ရွှေခေတ်၏ သတ္တမမြောက်နေ့။ နေဝင်ရီတရောအချိန်အခါ။ ဝမ်လျူမှ တောင်တန်းပေါ်သို့ ကမန်းကတန်း ရောက်ရှိလာပြီး၊
“ တာအိုစု ... ဖူစုရုံပြန်ရောက်နေပြီ ဒီတစ်ခါတော့ ဝိညာဉ်ပြောင်းလဲခြင်း အဆင့် ကျွမ်းကျင်သူတွေပါ ပါလာတယ်။ ”
“ အခု ဘယ်မှာလဲ။ ”
ဝမ်လျူမှ ပြန်လည် ဖြေကြားတော့မည့် အချိန်တွင် လူအချို့ ပျံသန်း ဆင်းသက်လာနေ သည်ကို မြင်လိုက်ရသည်။
ခေါင်းဆောင်သည် ဖူစုရုံဖြစ်ပြီး သူမဘေးတွင် အဝါရောင်အဝတ်အစားများနှင့် ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦးလိုက်ပါလာ၏။
သူတို့နှစ်ဦးနောက်ပါးတွင် အမျိုးသား သုံးဦးနှင့် အမျိုးသမီးတစ်ဦး လိုက်ပါလာကာ ဝိညာဉ်ပြောင်းလဲခြင်းအဆင့် ရောင်ဝါများ ထုတ်ဖော်ပြသထားကြလေသည်။
“ မင်းတို့ ... ။ ”
ထိုမြင်ကွင်းကြောင့် ဝမ်လျူမှ မျက်နှာရုတ်တရက် ပြောင်းလဲသွားသည်။
“ ဟားဟားဟား ... အကြီးအကဲဝမ် ငါတို့မင်းနောက်ကနေ လိုက်လာခဲ့မိတာကို စိတ်မရှိပါနဲ့ ... ။ ”
ဖူစုံရုံမှ ရယ်မောလျက် တုန့်ပြန်၏။
“ ဒီမှာ မယုံနိုင်စရာ ကောင်းအောင် ယုတ္တိကင်းမဲ့လှတဲ့ ပါရမီရှင်တစ်ပါး ရှိနေတာပဲ သခင်လေးစု ငါတို့ပြန်တွေ့ကြပြီ ... ငါမင်းကို မိတ်ဆက်ပါရစေ ...
... ဒါငါ့မျိုးရိုးရဲ့ အကြီးအကဲဖူကြွယ် ... ဝိညာဉ်ပြောင်းလဲခြင်းအဆင့် နှောင်းပိုင်းကို ရောက်နေပါပြီ ...
... သူ့ရဲ့ ခွန်အားက အရမ်းပြင်းထန်တဲ့ အတွက် ငါတို့တိုက်ကြီးမှာဆိုရင် ထိပ်ဆုံး(၅)ဦး အဆင့်ဝင်ပါတယ်။ ”
စုရီက ခရမ်းရောင်လမြေခွေးမျိုးနွယ်စုမှ အကြီးအကဲဆိုသူထံ တစ်ချက်ကြည့်လိုက်ပြီး၊
“ မင်းဒီတစ်ကြိမ် ပြင်ဆင်လာသလိုပဲ။ ”
-ဟု မှတ်ချက်ပေး၏။
“ ဟားဟားဟား ... သခင်လေးစုလို လူတစ်ယောက်အတွက် ငါတို့ဒီလောက်အထိ ပြင်ဆင်လာရတာ မလွန်ပါဘူး။ ”
ဖူစုရုံမှ ပြောကြားလိုက်တော့၏။ သူမမျက်ဝန်းများတွင် ယုံကြည်မှုအပြည့်အဝ ရှိနေသည်။
“ ခရမ်းရောင်လမြေခွေးမျိုးရိုးရဲ့ ဧကရာဇ်တစ်ပါးလာခဲ့ရင်တောင် မိန်းကလေး ချင်းယွမ်ကို ခေါ်သွားနိုင်မှာ မဟုတ်ဘူးလို့ ငါ သတိပေးခဲ့တယ်မဟုတ်လား ...
... မင်းတတ်နိုင်သမျှ ... ဒီကနေ အမြန်ဆုံးထွက်ခွာသွားဖို့ ငါအကြံပေးချင်တယ် မဟုတ်ရင် ငါ့ကို မယဉ်ကျေးဘူးလို့ မပြောနဲ့။ ”
စုရီမှ မတုန်မလှုပ် တုန့်ပြန်၏။ လူတိုင်းမျက်ခုံးပင့်ကုန်သည်။ ဤကလေးသည် အမှန်ပင် မောက်မာလွန်း၏။ အကြီးအကဲ ဖူကြွယ်မှ တည်ငြိမ်စွာဖြင့်၊
“ တိုက်ပွဲကသာ ရလဒ်ကို ပေးတယ် မဟုတ်လား ဘာလို့ ငါတို့ စကားတွေပြောပြီး အချိန်ဖြုန်းနေရတာလဲ။”
-ဟု ဝင်ရောက် ပြောကြားလာသည်။
သူ့စကားတွင် အထင်သေးခြင်း၊ မောက်မာခြင်း၊ ကြောက်ရွံခြင်း အလျင်းမရှိဘဲ တည်ငြိမ်နေချေပြီ။
စုရီက ကြိမ်ကုလားထိုင်ပေါ်တွင် ထိုင်လျက်ဖြင့် အဝေးမှနေဝင်ချိန်ကို စိတ်အေး လက်အေး ကြည့်နေတော့၏။
***