← Chapters

တုနှိုင်းမဲ့

Vol. 49 Ch. 585

တုနှိုင်းမဲ့

Vol. 49 Ch. 585

သမိုင်းတစ်လျှောက် ကျင့်ကြံသူများ ဘဝသည် သေခြင်းနှင့်ရှင်ခြင်းကြား ဆံခြည်မျှင် တစ်မျှင်မျှသာ ခြား၏။

အဆင့်တိုင်းသည် ဘဝနှင့်သေခြင်းဆိုင်ရာ စမ်းသပ်မှုများကို ကျော်လွှားကာ ကောင်းကင် ကပ်ဘေး ခံစားရပေမည်။

ဝိညာဉ်တာအို ကျင့်ကြံသူများသည် ၎င်းတို့၏ဒုက္ခများအတွင်း ကြုံတွေ့ခဲ့ရသည့် အန္တရာယ်များအကြောင်း နှလုံးသားထဲ၌ နက်ရှိုင်းစွာ တည်ရှိနေ၏။

ထို့ကြောင့် စုရီ၏ကပ်ဘေးကို မြင်ပြီးနောက်တွင် သူတို့သည် မည်မျှအားနည်း နေကြောင်း သိရှိကုန်သည်။

ဓားတစ်ချက်သည် ပေတစ်သိန်း လွှမ်းခြုံထားသော မိုးကြိုးများကို ဖျက်ဆီးနိုင် ချေ၏။ မယုံနိုင်စရာ ကောင်းလောက်အောင် ပေပင်။

“ ကောင်းကင်ဒုက္ခကို ဖြတ်ကျော်ဖို့ ဓားတစ်ချက်ပဲလိုတာလား အဲဒါကို အောင်မြင်ဖို့ အတွက် ... ဘယ်လို ကြောက်စရာကောင်းတဲ့ အုတ်မြစ်မျိုးလိုအပ်သလဲ။ ”

အဝေးမှ ကြည့်နေသော ဖူကြွယ်တစ်ယောက် သည်းမခံနိုင်တော့ဘဲ ညည်းတွားလိုက်တော့၏။

သူသည် ကောင်းကင်အလင်းနယ်မြေ၏ ဝိညာဉ်ကျွမ်းကျင်သူများအနက် ကျွမ်းကျင်သူ တစ်ဦးဖြစ်သည်။ သို့သော် စုရီထံမှ ပြသမှု စွမ်းရည်သည် လုံးဝထိတ်လန့်စရာပေပင်။

ထိုအချိန်တွင် လေထုအတွင်း လျှပ်စီးများ ပြည့်နှက်လာပြီး စုရီခန္ဓာကိုယ်အတွင်းသို့ စီးဝင် လာနေတော့သည်။

မြင်ကွင်းသည် ဒီရေကျချိန်တွင် ပြန်၍ကျဆင်းသွားသော ရေမျက်နှာပြင်ကဲ့သို့ စုရီဝန်းကျင်၌ ပျောက်ကွယ်နေ၏။

တစ်ဆက်တည်းမှာပင် စုရီ၏ တာအိုဝိညာဉ်နန်းတော်အတွင်း ပရမ်းပတာ ဖြစ်စဉ်များကဲ့သို့ စွမ်းအင်များ တဟုန်းဟုန်း တောက်လောင်လာသည်။

ကျင့်ကြံမှု၊ ခန္ဓာကိုယ်၊ တာအို၊ ချီနှင့် ဝိညာဉ်တို့သည် လျင်မြန်သောအသွင်ပြောင်းမှု ဖြစ်ပေါ်လာနေ၏။

“ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့် ... ။ ”

ဤသည်မှာ ဝိညာဉ်တာအိုနယ်ပယ်၏ ဒုတိယအဆင့်ပေပင်။ ထိုအဆင့်၌ အရာအားလုံး ပေါင်းစည်းပစ်ကာ ကောင်းကင်နိယာမများကို နားလည်ရန်ကြိုးစားရပေမည်။

သက်တမ်းသည်လည်း တိုးလာပြီး အသက်စွမ်းအားမှာ အဆက်မပြတ် ပြန်လည် ဖြည့်တင်းပေးနိုင်စွမ်းရှိသည်။

တာအို၏ လျှို့ဝှက်ဆန်းကြယ်သော အမှန်တရားနှင့် လျှို့ဝှက်ချက်ကို တာအိုဝိညာဉ် နန်းတော်၌ စုစည်းရမည်ဖြစ်၏။

မိုးကြိုးတိမ်တိုက်များစွာသည် ကောင်းကင်တခွင် ပြန့်ကျဲလျက် အဆုံးတွင် ကောင်းကင်ကြီး ပုံမှန်ပြန်ဖြစ်လာသည်။

နေဝင်ရီတရောအချိန်၏ အမှောင်ထုအလွှာသည် ဝင်ရောက်နေချေပြီ။ လမင်းသည် ကောင်းကင်အထက်၌ ထွန်းလင်း နေပြီး ကြယ်များတောက်ပနေသည်။

လွန်ခဲ့သည့် ခုနစ်ရက်က စုရီသည် တာအိုမိုးရေကို စုပ်ထားသည်။ ယခု သူသည် ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ကာ လျှပ်စီးထံမှ အဆုံးမဲ့အသက်စွမ်းအားကို ဝါးမြို၏။

ထိုစွမ်းအားနှစ်ခုသည် တာအိုဝိညာဉ် နန်းတော်တွင်ပေါင်းစပ်ကာ အုတ်မြစ်အပေါ် ခိုင်ခံ့လာစေမည်။

“ ဟမ့် ... သူ့ရဲ့ကျင့်ကြံမှု မတည်ငြိမ်ခင် မြန်မြန်သတ်ရအောင်။ ”

ဟွမ်ရှောင်လင်၏ ရုတ်တရက် အော်ဟစ်သတိပေးသံကြောင့် လူအုပ်ကြီးမှာ အာရုံပြန်ရလာ၏။

ထို့နောက် ရှေးဟောင်းအင်အားစုဝင် (၁၂)ဦးကိုဦးဆောင်ကာ စုရီထံဝင်ရောက်သည်။ ကြောက်မက်ဖွယ်ကောင်းသော လူသတ်ရန် ရည်ရွယ်ချက်များ ပြည့်နှက်သွားတော့၏။

“ ကောင်းပြီ ... ငါတို့အားလုံး စုရီကို အရင်သတ်ရအောင် ... ပြီးတော့ မိုးပြာမျိုးစေ့ကို သိမ်းယူမယ်။ ”

ရှားကျစ်ပိုင်သည်လည်း သူနှင့်အတူ လိုက်ပါလာသော ဝိညာဉ်ပြောင်းလဲခြင်းအဆင့် ကျွမ်းကျင်သူများခေါ်ဆောင်ကာ စုရီအပေါ် ဝိုင်းရံလိုက်တော့၏။

တစ်ဖက်တွင် ဝမ်ကျုံးယန်က အနည်းငယ်တွေးတောလျက် တိုက်ပွဲအတွင်း ဝင်ရောက်လာသည်။

စုရီ၏ ကျင့်ကြံမှု တည်ငြိမ်သွားသော် အမှန်ပင် ကြောက်မက်ဖွယ်ကောင်းမည်ကို သူ ကောင်းကောင်းသိ၏။

ထိုသို့ ဖြစ်ပျက်လာသောအခါတွင် သူတို့အားလုံးသည် တစ်ဖက်လူ၏ ပြိုင်ဘက် မဖြစ်နိုင်တော့မည်ကို ကြောက်ချေသည်။

တစ်စုံတစ်ဦးသည် ကပ်ဘေးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်သည့် အချိန်သည် သူ့အတွက် ခွန်အားအနည်းဆုံးအချိန်ဖြစ်၏။

ဆိုလိုသည်မှာ ထိုသူ၏စွမ်းအားသည် အသွင်ကူးပြောင်းမှုကို ခံနေရသည်။ ၎င်းအပေါ် ချောမွေ့စွာ မထိန်းချုပ်နိုင်သေးချေ။ ထိုအချိန် နှောက်ယှက်ခံရသော် ရလာဒ်ပြောင်းနိုင်၏။

ဝိညာဉ်ပြောင်းလဲခြင်း ကျွမ်းကျင်သူ အယောက်နှစ်ဆယ်ကျော် ပူးပေါင်းခြင်းသည် မည်မျှ ကြောက်စရာကောင်းမည်ကို တွေးကြည့်နိုင်၏။

ကောင်းကင်နှင့်မြေကြီး တုန်ခါလျက် ရောင်ဝါများသည် ကောင်းကင်အမှောင်ထုကို လင်းထိန်လာစေသည်။

ဓားများ၊ ခေါင်းလောင်းများ၊ လှံများ၊ ကျောက်စိမ်းသပိတ်များ၊ ဝိညာဉ်ရတနာများ စသည်တို့ လေထဲ ပျံဝဲလာ၏။

လေဟာနယ်တစ်ခုလုံး တုန်ရင်နေသည်။ တောင်များ၊ မြစ်များ၊ သစ်ပင်နှင့် မြက်ပင်များ အားလုံးဖိအားကို မခံနိုင်ဘဲ အမှုန့်အဖြစ်သို့ ပြောင်းလဲကုန်သည်။

သူတို့အားလုံး၏ အစောပိုင်း တိုက်ခိုက်မှုသည် တစ်ဖက်လူ၏ ဝိညာဉ်အပေါ် အနှောက်အယှက်ပေးရန်သာ ရည်ရွယ်၏။

အဘယ့်ကြောင့်ဆိုသော် ကောင်းကင်ကပ်ဘေး၏ သက်ရောက်မှု ခံရမည်ကို စိုးရိမ်သောကြောင့်ပေပင်။

ယခုမူ သူတို့အားလုံးသည် စုရီနှင့် အနီးကပ်တိုက်ပွဲဆင်နွှဲရန် ဆန္ဒရှိနေပြီ ဖြစ်၏။ ထို့ကြောင့် စွမ်းအားများသည် အစောပိုင်း တိုက်ခိုက်မှုများထက် သာလွန်သည်။

“ ဟမ့် ... ။ ”

သို့သော် အရပ်ရပ်မှ ပြိုကျလာသော တိုက်ခိုက်မှုများထံမျက်နှာမူကာ စုရီက လှောင်ပြုံးဖြင့် မော့ကြည့်၏။

“ ဒါကိုတိုက်ခိုက်မှုလို့ ခေါ်တာလား ... ရယ်စရာကောင်းလိုက်တာ ပိုးဖလံတွေက မီးနဲ့ ကစားချင်နေတာပဲ။ ”

ထို့နောက်တွင် မဟာတာအိုသည် အလင်းစက်ဝန်းများအလား ဖြည်းညှင်းစွာဖြင့် လှည့်ပတ်လာသည်။

၎င်းသည် ကောင်းကင်မှ ဆင်းသက်သော ကြိတ်ဆုံနှင့်တူပြီး အိပ်မက်ဆန်ဆန်အလင်းများ ထုတ်ပေးတော့၏။

“ ဝူး ... ။ ”

တစ်ဖက်တွင် ရတနာများစွာသည် ကြောက်မက်ဖွယ် စွမ်းအားများစွာနှင့်အတူ သူ့အပေါ် ပြိုကျလာပြီဖြစ်သည်။

“ ..... ။ ”

သို့သော် ရတနာများနှင့် ဖြစ်စဉ်များအားလုံးသည် အလင်းစက်ဝန်းနှင့် ပေတစ်ရာအကွာ၌ ရပ်တန့်သွားခဲ့သည်။ အနည်းငယ်မျှပင် ထပ်၍မတိုးနိုင်ချေ။

“ ခရစ် ... ။ ”

“ ဝုန်း ... ။ ”

အဆုံးတွင် စုရီသည် ကောင်းကင်၌ ရွေ့လျားနေသော အထီးကျန်တောင်တန်းကြီး အလား ထိုတိုက်ခိုက်မှုတိုင်းကို အလွယ်တကူ ပျက်ပြယ်စေလိုက်သည်။

ဤအရာအားလုံးကို စကားလုံးများဖြင့် ဖော်ပြနေရသောကြောင့်သာ အချိန်အနည်းငယ် ယူခဲ့ရခြင်းပေပင်။

“ ဟမ့် ... အခု ငါ့အလှည့်ပဲ။ ”

အမှန်တွင် အသက်တရှိုက်စာအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်၏။ ထို့နောက် စုရီသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ကာ ပြိုက်ဘက်များရှေ့ ‌ချက်ချင်းရွေ့လျားတော့သည်။

“ ရွှပ် ... ။ ”

တစ်ဆက်တည်းမှာပင် လက်ချောင်းမှ ချီဓားတစ်လက် ရေတံခွန်ကဲ့သို့ ပြေးထွက်သွား လေသည်။ ပြင်းထန်ပြီး ရပ်တန့်မရနိုင်သော ဓားရည်ရွယ်ချက်သည် လေဟာနယ်ကို အကွဲအပြဲများ ဖြစ်ပေါ်လာစေ၏။

“ မကောင်းတော့ဘူး။ ”

ထိုဓား၏ ပစ်မှတ်ထားခံရသော လူအချို့သည် ဦးရေပြားများ ယားယံလာကာ တွန့်ဆုတ်မနေဝံ့တော့ဘဲ ကာကွယ်ရေး ရတနာများကို အသက်သွင်းလိုက်သည်။

“ ဘောင်း ... ဘောင်း ဘောင်း ။ ”

သို့သော် စက္ကူတစ်ရွက်ကဲ့သို့ ထိုရတနာများအားလုံး ဖြတ်ကျော်သွားခဲ့၏။

“ ရွှပ် ... ရွှပ် ... ရွှပ် ... ။ ”

တိုက်ခိုက်မှုတစ်ခုမျှသာ ဖြစ်သော်လည်း ဝိညာဉ်ပြောင်းလဲခြင်းအဆင့် ကျွမ်းကျင်သူ ငါးဦးခမျာ တစ်ပြိုင်နက်တည်း ခုတ်ဖြတ်ခံလိုက်ရသည်။

ခန္ဓာကိုယ်များကို အပိုင်းပိုင်းပြတ်လျက် အဆုံးမရှိသော ဓားရည်ရွယ်ချက်များကြားတွင် ဝိညာဉ်သည်ပင် အစိတ်အစိတ်အမွှာမွှာ ကွဲအက်သွားတော့၏။

လတ်ဆတ်သော သွေးများသည် ရေတံခွန်ကဲ့သို့ ပြန့်ကျဲနေပြီး ကောင်းကင်တခွင် အနီရောင်ပက်ဖြန်းလာသည်။

ဤမျှစွာသော ဘက်ပေါင်းစုံမှ တိုက်ခိုက်မှုများအားလုံးသည် ဝါးကိုဖြတ်သည့် ပုဆိန်ကဲ့သို့ ဖြတ်ကျော်ခံရကာ ငါးဦးစလုံး သတ်ပစ်ခံလိုက်ရချေပြီ။

“ မြန်မြန် ... မင်းတို့ရဲ့ဝှက်ဖဲကို ထုတ်ပါ။ ”

ဟွမ်ရှောင်လင်မှ အော်ငေါက်လိုက်၏။ သေဆုံးသွားသော ကျွမ်းကျင်သူငါးဦးသည် သူ့ အဖွဲ့ဝင်များဖြစ်သည်။

ထိုဆုံးရှုံးမှုသည် သူ့နှလုံးသွေးများကို ယိုစီးကျစေတော့၏။ လူတိုင်းမှာ သတိပေးစရာ မလိုအောင် အန္တရာယ်ကို သတိထားမိချေပြီ။

“ သတ် ... ။ ”

တစ်ယောက်ပြီးတစ်ယောက် သူတို့၏ဝှက်ဖဲများထုတ်ဖော်လျက် ရူးသွပ်စွာ တိုက်ခိုက်လာခဲ့သည်။

ဤအဆင့်တိုက်ပွဲသည် တာအိုကျက်သရေကို ထုတ်ဖော်သောကြောင့် ထိမှန်သော် ကျောက်တောင်ကြီးများသည်ပင် အလွယ်တကူ ပျက်စီးသွားနိုင်မည်။

တိုက်ပွဲထံမှ ပြန့်ကားလာသော အဖျက်စွမ်းအားလှိုင်း တစ်ခုတည်းသည်ပင် ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲနေ၏။

တစ်ချိန်တည်းမှာပင် ထိုစွမ်းအင် အကြွင်းအကျန်လှိုင်းများ ရိုက်ခတ်ခံရမည်ကို စိုးရိမ်သဖြင့် ရပ်ကြည့်နေသူများမှာ ချက်ချင်း ဆုတ်ခွာလိုက်ကြသည်။

“ ခရစ် ... ။ ”

တိုက်ခိုက်မှုများ ရှုပ်ပွကုန်၏။ လေဟာနယ်ပျက်ပြယ်လျက် ကောင်းကင်နှင့် မြေကြီးကြား အလင်းရောင်များ ဆုံးရှုံးကာ အမှောင်ဖုံးလာသည်။

“ တိုက် ... ။ ”

ယင်းသည် ကြီးကျယ်ခမ်းနားသော ဖြစ်စဉ်ပေပင်။ တစ်ဖက်တွင် ဓားအလင်းသည် အမှောင်ထုကို လင်းထိန်စေပြီး ထက်ရှလွန်း ချေပြီ။

“ ဟမ့် ... ။ ”

“ မလုပ်နဲ့ ... ။ ”

ဤနည်းဖြင့် တစ်စုံတစ်ယောက်သည် တံစဉ်ဖြင့် ရိတ်သိမ်းခံရသော မြက်ပင်တစ်ပင် ကဲ့သို့ အပိုင်းပိုင်းပဲ့ကြွေကုန်သည်။

“ သတ် ... ။ ”

“ လူယုတ်မာ ... ။ ”

ထိတ်လန့်တကြား အော်ဟစ်ခြင်း၊ မုန်းတီးခြင်း၊ စိတ်ပျက်အားငယ်ခြင်း စသည့် အသံများ ထွက်ပေါ်လာတော့၏။

သူတို့အဖော် သေဆုံးခြင်းသည် ကြောက်မက်ဖွယ် မြင်ကွင်းပေပင်။ ထိုသူသည် အသားအပိုင်းအစအလား ဓားရောင်ဝါအောက်၌ နစ်မြုပ်‌ပျောက်ကွယ်သွားသည်။

အချိန်အနည်းငယ်အတွင်းမှာပင် ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူ (၁၀)ဦးကျော် သေဆုံးသွားတော့၏။

လက်နက်အပိုင်းအစများနှင့် အလောင်းအပိုင်းအစများသည် သွေးမြူများဖြင့် ရောနှောကာ ပဲ့ကြွေလွင့်ပါးကုန်သည်။

“ မင်းတို့ အလှည့်ရောက်ပြီ။ ”

စုရီမှ ရပ်တန့်ခြင်းမရှိဘဲ ဆံပင်များ တဖျပ်ဖျပ်လွင့်လျက် ကျန်လူများထံ မော့ကြည့် လိုက်တော့၏။

ထိုအကြည့်ဖြင့် အကြည့်ခံရသူများသည် ကြောက်ရွံ့ထိတ်လန့်မှုများ ခံစားလာခဲ့ရသည်။ နတ်ဘုရားတစ်ပါးမှ အပြစ်ပေးရန် ရောက်ရှိ နေသည်ဟု ထင်မှားလာစေတော့၏။

***

All Chapters