← Chapters

မုန်တိုင်း ဗဟိုချက်

Vol. 49 Ch. 587

မုန်တိုင်း ဗဟိုချက်

Vol. 49 Ch. 587

ညအချိန်အခါဖြစ်သော်လည်း ဆေးအိုးကိုးပါးတားမြစ်ဝင်္ကပါ လည်ပတ်နေ သောကြောင့် အလင်းများဖြာထွက်နေ၏။

သွေးမြူများ လေထုအလယ် ပြည့်နှက်နေကာ ရတနာအပိုင်းအစများနှင့် အကြွင်းအကျန်များ ပြန့်ကျဲနေသည်။

ကြောက်မက်ဖွယ် ကောင်းသော သေခြင်းတရားပေပင်။ အဝေးမှ ကြည့်နေသူများ အားလုံး တုန်လှုပ်ခြောက်ခြားစွာဖြင့် အသက်ရှူ ရပ်ကုန်သည်။

ဤသည်မှာ ဝိညာဉ်ပြောင်းလဲခြင်း ကျွမ်းကျင်သူ (၂၅)ဦးကို လက်ဗလာဖြင့် သတ်ခြင်း ပေပင်။

ထိုရလာဒ်ကို မြင်သူမျှ မမျှော်လင့်နိုင်ချေ။ ‌ရွှေခေတ် ရောက်ရှိလာသည့်တိုင် ဝိညာဉ်တာအို နယ်ပယ်ဟူသည် ယနေ့မိုးပြာတိုက်ကြီးအတွက် အထွတ်အထိပ် တည်ရှိမှုဖြစ်၏။

သို့သော် လက်ရှိအချိန်၌ ဆေးအိုးကိုးပါး မြို့တော်တဝိုက် ထိုအဆင့် ကျွမ်းကျင်သူများ၏ သွေးများ မိုးရွာသလို ရွာကျလာသည်။

သူတို့အားလုံးကို သတ်ခဲ့သူသည် ကောင်းကင်ကပ်ဘေးဖြတ်ကျော်ကာ ဝိညာဉ် ပေါင်းစည်းခြင်း အဆင့်သို့ တက်ရောက် လာသည့် လူငယ်တစ်ယောက်ပေပင်။

“ စုရီ၊ မင်းလက်စားချေခံရမှာ မကြောက်ဘူးလား။ ”

ရုတ်တရက် အစောပိုင်းမှ ရှားကျစ်ပိုင်အသက်ကိုဝယ်ယူရန် ညှိနှိုင်းသည့် အသံက ထပ်မံထွက်ပေါ်လာပြန်၏။

“ ဟားဟားဟား ... လက်စားချေတာကို ကြောက်ရမှာလား ... မင်းပြောတာ မှန်တယ် လက်စားချေတာကို ကြောက်သင့်တယ် ဒါပေမယ့် ငါတော့မဟုတ်ဘူး ... ။ ”

စုရီက ဝိုင်ပုလင်းတစ်လုံး ထုတ်ယူကာ မော့သောက်သည်။ ထို့နောက် ဖူးချင်ယွင်ထံ လှည့်ကြည့်ကာ၊

“ ဒီနေ့ကိစ္စက ဒီလောက်နဲ့ ပြီးသွားမှာ မဟုတ်ဘူး။ ”

-ဟု ပြောကြားလိုက်၏။

ထိုစကားကြောင့် စုရီတစ်ယောက် ဤမတိုင်မီ ဖူချင်ယွင်ကို သူ့ရန်သူများနောက်ခံ မိတ်ဆက်ပေးရန် တောင်းဆိုခဲ့သည့်အပေါ် သတိရလာသည်။

နောက်ဆုံးတော့ အခြေအနေသည် ထိုစဉ်ကအလွန်အန္တရာယ်များသည့်အတွက် စုရီ အပေါ် သံသယဝင်ခဲ့ကြသည်။ ယခုမူ အမှန်ပင် ကမောက်ကမ ဖြစ်စေ၏။

စုရီသည်သာ ထိုအင်အားစုများကို လက်စားချေရန် ကြိုးပမ်းမည်ဆိုသော် မည်သူမျှ ဟန့်တားနိုင်မည်မဟုတ်ချေ။ မိုးပြာတိုက်ကြီး၌ သွေးချောင်းစီးမှု ဖြစ်ပေါ်လာပေမည်။

“ ဒါဆို ငါတို့တွေ့မယ် ... ။ ”

အသံရှင်မှ တုန့်ပြန်သည်။ စုရီက စိတ်မဝင်စားတော့ဘဲ လက်နှစ်ဖက်ကို နောက်ပို့ လိုက်ကာ၊

“ ငါ့ကို တိုက်ချင်တဲ့သူတွေ ရှိသေးလား။ ”

-ဟု မေးမြန်းလိုက်၏။

“ ဝမ်လျူ ... ငါ့အတွက် ရှင်းလင်းရေးလုပ်ပေးပါ။ ”

အဆုံးတွင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ကုန်သဖြင့် သည်းမခံနိုင်တော့ဘဲ စုရီက အသံချန်ရစ်ကာ လေထုအလယ် ပျောက်ကွယ်သွားတော့သည်။

“ ဒီနေ့ရွှေခေတ်ရဲ့ အထွတ်အထိပ်မှာ စုရီကရပ်နေတယ် ဒါကြောင့် နောက်ထပ်လှိုင်း ရိုက်ခတ်လာဦးမှာ ငါကြောက်မိတယ်။ ”

“ မှန်တယ် ... မိုးပြာမျိုးစေ့က အရမ်းဆွဲဆောင်မှုရှိနေတယ် ... အမှောင်ထဲမှာ ဒါကိုလိုချင်တဲ့လူ ... ဘယ်လောက်တောင် ပုန်းအောင်နေကြမလဲ။ ”

“ ငါကတော့ ဒီနေ့ ရောက်ရှိလာတဲ့ အင်အားစုတွေအပေါ် စုရီဘယ်လို တုန့်ပြန်မလဲ အရမ်းသိချင်တယ်။ ”

“ စိတ်မပူနဲ့ ငါတို့ စုရီကို စောင့်ကြည့်ထားရင် ဒီလိုပွဲမျိုး မလွတ်စေရဘူး။ ”

“ မင်းသေချင်နေတာလား ဒီစုရီကို စောင့်ကြည့်ရအောင် မင်းမှာ ဘဝဘယ်နှစ်ဘဝ ရှိနေလို့လဲ။ ”

လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ပြီး ဆေးအိုးကိုးပါး မြို့တော်အတွင်း ဝင်ရောက်လာ တော့၏။

ယနေ့ညသည် ညည့်နက်နေပြီ ဖြစ်သော်လည်း ဝိုင်းဖွဲ့စကားပြောရန် မည်သူမျှ မငြင်းကြချေ။ စားသောက်ဆိုင်များအတွက် မိုးလင်းပေါက် စည်ကားသော ညပေပင်။

“ မရဏတရားစီရင်သူရဲ့ အာရုံကို ဖမ်းစားနိုင်တဲ့ တစ်စုံတစ်ယောက်က မျှော်လင့် ထားသလိုပါပဲ ဒီလောက် ကြီးစိုးတဲ့ လူငယ်ကို ငါ့ဘဝမှာ ပထမဆုံးအကြိမ် တွေ့ဖူးတာပါပဲ။ ”

နဝမမြောက်အကြီးအကဲ စကားကြောင့် စွေ့ကျင်းယန်မှ တစ်ယောက် တိတ်ဆိတ်နေ၏။ ရွယ်ယီက ခေါင်းညိတ်လိုက်ပြီး၊

“ ငါတို့ ကံကောင်းတယ် ... ။ ”

-ဟု ညည်းတွားလိုက်သည်။

“ ကြည့်ရတာ ... ဒီစုရီရဲ့ နောက်ခံက ထူးထူးခြားခြားဖြစ်ပုံရတယ်။ ”

နဝမမြောက်အကြီးအကဲမှ သက်ပြင်းချလျက် မှတ်ချက်ပေးလိုက်တော့၏။  မန်ပိုနန်းတော်၏ အမွေအပေါ် နားလည်နေကာ၊ စွေ့ဘိုးဘေး ကျောက်စိမ်းဆွဲသီးမှတ်မိသည်။

ဘေးတွင် ခေါင်းတလားထမ်း မျိုးရိုး၏ မျက်မမြင်အဖိုးအိုသည် အစေခံနေ၏။ သည့်ပြင် ပြသထားသော ခွန်အားဖြင့် ပေါင်းစပ်သော် အမှန်ပင် သာမန်မဟုတ်ချေ။

“ နဝမမြောက် အကြီးအကဲ ... သူက စုရွှမ်ကြွယ်ရဲ့ သားစဉ်မြေးဆက် ဖြစ်နိုင်မလား ငါတို့ သွားတွေ့ကြည့်ရအောင်။ ”

စွေ့ကျင်းယန်မှ စိတ်ရှုပ်ရှားလာ၏။ သူမ စကားကြောင့် နဝမမြောက် အကြီးအကဲခမျာ မျက်ခုံးပင့်လိုက်တော့သည်။

***

မိုးပြာခြံဝင်းအတွင်း တံစက်မြိတ်တွင် မီးအိမ်များ တလက်လက် တောက်ပနေသည်။ စုရီက လရောင်အောက် အနားယူကာ တွေးတောနေ၏။

ယနေ့တွင် ရန်ငြိုးများ၊ အမှားနှင့်အမှန် မည်သည့်အရာမဆို သူ့ကို စောင့်ကြိုနေသော ရန်သူများ ရှိပေမည်။

မိုးပြာမျိုးစေ့၏ အကြောင်းတရားနှင့် အကျိုးဆက်သည် သူ့ကို မုန်တိုင်းဗဟိုချက်၌ ရှိစေ၏။

“ ကောင်းပြီ ... ကျင့်ကြံမှုကို တည်ငြိမ်အောင် အရင်လုပ်ယူရအောင်။ ”

ကပ်ဘေးကို ဖြတ်ကျော်ကာ အောင်မြင်မှုတစ်ခုရရှိပြီးနောက် နယ်ပယ်သည် မတည်မငြိမ်ဖြစ်နေသည်။

ထို့ကြောင့် ထရပ်ကာ အခန်းထဲဝင်လျက် တရားထိုင်တော့၏။ စွမ်းအင်သည် မြစ်တစ်စင်း ကဲ့သို့ အတွင်းအင်္ဂါများနှင့် အပ်စိုက်မှတ်များထံ ဖြစ်ကာ စီးဆင်းနေသည်။

အဆုံးသည် ဝိညာဉ်နန်းတော်ဖြစ်၏။ သူတာအိုဝိညာဉ်နန်းတော်သည် ကောင်းကင် နန်းတော်နှင့် ဆင်တူပြီး အုံ့ဆိုင်းနေသော အလင်းရောင်များဖြင့် ဖုံးလွှမ်းနေသည်။

ထိုဝိညာဉ် နန်းတော်အတွင်း၌ မဟာတာအိုများ ပေါင်းစည်းနေသည့် မှုန်ပျပျ ကောက်ကြောင်း ပေါ်လာသည်။

ပုံသဏ္ဍာန်သည် ငရဲဘုံကိုးပါးဓားပုံစံရှိ၏။ မူလတာအိုနယ်ပယ်၌ ဖန်တီးထားသော ဒဏ္ဍာရီ အဆင့် တာအိုမျိုးစေ့သည် ပြိုင်ဘက်ကင်း ကမ္ဘာဦးတာအိုကို မွေးဖွားနေပြီဖြစ်သည်။

ဝိညာဉ်ထင်ရှားခြင်းအဆင့်သည် ဝိညာဉ်နန်းတော် တည်ဆောက်ရကာ ဝိညာဉ် ပေါင်းစည်းခြင်းအဆင့်တွင် တာအိုကို ပေါင်းစည်းရသည်။

ဤနည်းဖြင့် ဝိညာဉ်ပေါင်းစည်းခြင်း အဆင့်တွင် တာအိုစက်ဝန်းကို ရရှိနိုင်ပေမည်။ ထိုအချိန်၌ နားလည်ထားသော တာအိုအပေါ် မူတည်ကာ ခွန်အားကွာခြားပေမည်။

“ ဒီနေ့ ငါ့တာအိုကောက်ကြောင်းက တကယ့်ပြိုင်ဘက်ကင်းပဲ ... ငါ့အတိတ်ဘဝရဲ့ အဖိုးကြီးတွေသာသိရင် ရူးသွပ်ကုန်မှာ သေချာတယ်။ ”

အတွေးဖြင့် အပြုံးတစ်ပွင့်ပေါ်လာသည်။   ယနေ့ သူဖန်တီးနိုင်သော တာအိုသည် ကိုယ်ပိုင် တာအိုဖြစ်သည်။ ဤကမ္ဘာကြီးတွင် မည်သူမဆို နားလည်နိုင်သော အရာမဟုတ်ချေ။

ကမ္ဘာဦးတာအိုအတွက် အဓိပတိကောင်းကင်နန်းတော်နှင့် စကြာဝဠာ ဖြစ်စဉ်ကို နားလည်ရပေမည်။

သူ့ဝိညာဉ်နန်းတော်သည် အဓိပတိ ကောင်းကင်အဆင့်ဖြစ်ပြီး အပြန်အလှန်တာအို အပေါ် နားလည်ခြင်းဖြင့် သတ္တလောကကြီး အကြောင်း သိရှိလာချေပြီ။

ထို့ကြောင့် ကြုံတွေ့ခဲ့ရသော ကောင်းကင်ဒုက္ခသည် မကြုံစဖူးဖြစ်နေပြီး သူ့ကို ကျေနပ်စေခြင်းပေပင်။

“ ချင်းဝမ် ... ။ ”

သန်းခေါင်ယံအချိန်၌ စုရီတစ်ယောက် တရားထိုင်ရာမှ နိုးလာပြီး ချင်းဝမ်ကို ခေါ်ထုတ် လိုက်သည်။

ဘူးသီးခြောက်မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ချင်းဝမ်အသွင်ပေါ်လာ၏။

“ တာအိုသခင် ... အမိန့်ရှိပါ။ ”

“ ငါတို့ အချိန်ကျပြီ။ ”

“ တာအိုသခင် ... ။ ”

ချင်းဝမ်တစ်ယောက် မျက်လုံးများ ပြူးကျယ်သွားကာ ပါးပြင်များ နီမြန်းလာသည်။ ဤမျှ တိုက်ရိုက်ဆန်စွာ ပြောကြားလိမ့်မည်ဟု မမျှော်လင့်ထားချေ။

“ ငါနဲ့ချာကျင်ကို ... မင်းအကြိမ်ကြိမ် မြင်ခဲ့တာပဲ ဒါနဲ့ပတ်သက်ပြီး မင်းမှာမေးခွန်း ရှိသေးလား ... ။ ”

“ ငါ ... ။ ”

ချင်းဝမ်မှ ပြန်မဖြေနိုင်ချေ။ မိန်ကလေးတစ်ယောက်သည် ဤအချင်းအရာ အပေါ် မည်သို့သော နှလုံးသားဖြင့် ဆွေးနွေး နိုင်မည်မည်း။

“ နှစ်မွှာကျင့်ကြံခြင်းဆိုတာက ... စိတ်ခံစားချက်အပေါ် အခြေခံတယ် ... တာအိုနဲ့ လိုက်လျောညီထွေ ဖြစ်ရမယ် ... မင်းဆန္ဒမရှိရင် မေ့လိုက်ပါ။ ”

စုရီမှ ခေါင်းရမ်းကာ ပြောလိုက်တော့၏။ ချင်ဝမ်ခမျာ တုန်လှုပ်လာပြီး၊

“ တာအိုသခင် ... ချင်းဝမ်မှာလည်း ဆန္ဒရှိပါတယ် ဒါပေမယ့် ... ငါ ကြောက်တယ်။ ”

-ဟု ရှင်းပြသည်။

သို့မှသာ စုရီက ပြုံး၏။

“ ရုတ်တရက် ဖြစ်နေတယ်လို့ မင်းထင်နေတာလား လာ ... သောက်ရအောင် သောက်ရင်းနဲ့ ဒီအကြောင်း မင်းကို နည်းနည်းချင်း ပြောပြမယ်။”

ထို့နောက် ဝိုင်ခွက်နှစ်ခွက်ထုတ်ကာ လောင်းငှဲ့လျက် ပျင်းရိစွာ စောင့်စိုင်းလိုက်သည်။ ချင်ဝမ်က ခဏမျှ တုန့်ဆိုင်းနေရာမှ အဆုံးတွင် ထရပ်ကာ သူ့အနားလျှောက်လာ၏။

***

All Chapters