နန်းတော်တပည့်အသစ်လေးဦး
Vol. 26 Ch. 376
ကျန့်မုလျန်က သူ၏ သားကို ဆွဲခေါ်ကာ တစ်ခဏအတွင်း လျှပ်စီးနယ်မြေမှ ပျောက်ကွယ်သွားသည်။
“အဖေ...အဲ့ဒီလူက ဘယ်လို စွမ်းအားမျိုးရှိနေတာလဲ...”
ကျန့်ကျင်းမော့၏ တုန်လှုပ်မှုက အရှိန်မပြယ်သေးချေ။ အထွတ်ထိပ်တည်ရှိမှု နယ်မြေဘုရင်တစ်ဦးက ပြန်လည်တုန့်ပြန်နိုင်မှုပင် မလုပ်နိုင်ခဲ့ချေ။
“သူ့ရဲ့ ခွန်အားက နယ်မြေဘုရင်တွေရဲ့ အထက်မှာရှိလိမ့်မယ်...၊ ဒါပေမဲ့ အဲ့ဒီလို တည်ရှိမှုမျိုးကို မကြုံတွေ့ဖူးဘူး...”
ကျန့်မုလျန်က မောဟိုက်နေသည့် လေသံနှင့် ဆိုလိုက်၏။ ထိုသူ၏ ထူးဆန်းသည့် ဗိမာန်က လွန်စွာ ကြောက်မက်ဖွယ်ကောင်းနေသည်။
“အဖေ..ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ...”
ကျန့်ကျင်းမော့က စိုးရိမ်စိတ်များကာ မေးခွန်းထုတ်လိုက်၏။
“အရင်ဆုံး...၊ နတ်ဓားဝိညာဉ်နယ်မြေကိုပြန်ကြစို့...၊ ပြီးမှ တိတ်တဆိတ် အဲ့ဒီလူအကြောင်းစုံစမ်းကြမယ်...၊ ပြီးတော့ အမှောင်ဝိညာဉ်မျိုးနွယ်ကိုလဲ ဒီသတင်းပို့ပေးရမယ်...”
ကျန့်မုလျန်က သူ၏ အစီအစဉ်များကို ပြောဆိုလိုက်၏။ ထို့နောက် ယာဉ်ပျံတစ်စင်းကို ထုတ်ယူလိုက်ကာ နတ်ဓားဝိညာဉ်နယ်မြေသို့ ဦးတည်သွားကြသည်။
ကျန့်မုလျန်၏ ထွက်ပြေးမှုက ဟွမ်း၏ အမြင်အာရုံမှ မလွတ်မြောက်ခဲ့ချေ။ သို့သော် တားမြစ်လိုက်ခြင်းတော့မရှိပေ။
သို့မှသာ ဟွားရှီးယင်က သက်ပြင်းချလိုက်မိ၏။ ဟွားကျစ်ယင်နှင့် တိုက်ပွဲကို ရင်တထိတ်ထိတ်နှင့် ကြည့်ရှုနေခဲ့ရသည်။
လျှပ်စီးနယ်မြေမှ ဂိုဏ်းချုပ်များက ဒဏ်ရာရရှိနေသည့် ကောင်းကင်ကျားမျိုးနွယ်များ၏ ဝိညာဉ်သန္ဓေသားကို ချုပ်နှောင်လိုက်ကြ၏။
ထိုသူများက ထပ်မံ ဖိနှိပ်နိုင်စွမ်း ရှိတော့မည် မဟုတ်သော်လည်း ယခင်က သူတို့အား အလွန်အမင်း ဖိနှိပ်ထားခဲ့သူများဖြစ်သည်။ ထို့ကြောင့် ယတိပြတ် ခွင့်လွှတ်ရန် မတွေးတောကြပေ။
လောကကြီးက နိုင်ရစားစတမ်းပင်။ သူတို့မြင့်မားစဉ်က ဖိနှိပ်နိုင်ခဲ့သော်လည်း နိမ့်ကျသွားသည့် အခါတွင် ထိုအရာများအတွက် ပြန်လည်ပေးဆပ်ရပေမည်။
“နန်းတော်သခင်...၊ ကျေးဇူးတင်ပါတယ်...”
ဟွားကျစ်ယင်က ဟွမ်း၏ အနားသို့ အလျင်အမြန်ရောက်ရှိလာကာ ဦးညွှတ်လိုက်၏။
“ဒီကိစ္စမှာ ကျုပ်ဘာမှ မလုပ်လိုက်ရပါဘူး...”
ဟွမ်းက ခေါင်းခါယမ်းကာဆိုလိုက်၏။ သူ့အနေနှင့် တပည့်များကို အနိုင်ကျင့်နေသည့် နယ်မြေဘုရင်ဟူကိုသာ ဖြေရှင်းခဲ့ခြင်းပင်။
“နန်းတော်သခင်...ရောက်မလာခဲ့ရင်...၊ ယွီလျန်မြို့တော်တစ်ခုလုံး ပျက်စီးသွားနိုင်တယ်...”
ဟွားကျစ်ယင်က ထပ်မံပြောဆိုလိုက်၏။
ဟွမ်းက အသိမှတ်ပြုဟန်နှင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ့တွင် နောက်ပိုင်းကိစ္စများ ကျန်ရှိနေသေးသောကြောင့် ထွက်ခွာရန် နှုတ်ဆက်လိုက်၏။
“ဒီကကိစ္စတွေကို...ဂိုဏ်းချုပ်တို့လက်ထဲအပ်ခဲ့လိုက်တော့မယ်...၊ ကျုပ်မှ ကိစ္စအချို့ ရှိနေသေးလို့ ခွင့်ပြုပါဦး...”
“စိတ်ချပါ...နန်းတော်သခင်...ကျုပ်တို့ ဖြေရှင်းပြီးတာနဲ့...လင်းရှန်တောင်ကို လိုက်လာခဲ့ပါ့မယ်..”
ယန်ကျီးဝေ့က လေးစားစွာနှင့် အဖြေပေးလိုက်၏။ သူ၏ အထင်ကြီးမှုများက ပို၍ တိုးပွားလာပြီဖြစ်သည်။
ထို့နောက် ဟွမ်းက တပည့်များကို ခေါ်ဆောင်ကာ သူ၏ ယာဉ်ပျံရှိရာသို့ သွားရောက်လိုက်၏။
ယာဉ်ပျံအတွင်းတွင် လူငယ် လေးဦးခန့်ရှိနေပြီး သူတို့၏ အမူအယာများက အမျိုးစုံဖြစ်ပေါ်နေသည်။
ထိုလူငယ်များက လုရှင်းယန်တို့ စုစောင်းလာသည့် တပည့်များ ဖြစ်ကြပြီး တိုက်ပွဲနှင့် မသက်ရောက်စေရန် ယွီလျန်မြို့နှင့် အနည်းငယ် အလှမ်းကွာသည့် တည်နေရာတွင် နေရာချထားခဲ့၏။
သို့သော် ထိုနေရာက ယွီလျန်မြို့အတွင်း ဖြစ်ပျက်နေမှုများကို တိတိကျကျ မြင်တွေ့ရသည်။
သူတို့၏ စီနီယာများက ဤသို့ အစွမ်းထက်လွန်းသည်ကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရ၏။
နယ်မြေဘုရင်တစ်ဦးကို အနိုင်မယူနိုင်သော်လည်း ရင်ဆိုင်တိုက်ခိုက်နိုင်သည်က အတော်ပင် အံ့ဩဖွယ်ကောင်းနေသည်။
ထို့အပြင် ပို၍ အံ့ဩဖွယ်ကောင်းသည်က နန်းတော်သခင်ဖြစ်၏။ ထွက်ပေါ်လာပြီး တခဏအတွင်း နယ်မြေဘုရင်တစ်ဦးက သေဆုံးသွားရ၏။
အခြားဂိုဏ်းကြီးများ၏ ခေါင်းဆောင်များကပင် လေးစားမှုပြသနေရသူဖြစ်ဦးဖြစ်သည်။ ထိုအရာများက သူတို့အား အသစ်ဆန်းဖြစ်စေ၏။
သူတို့က လုရှင်းယန်တို့နှင့် လိုက်လာရသည်ကို အလွန်ပင် ကံကောင်းသည်ဟု မှတ်ယူလိုက်ကြကာ ပျော်ရွှင်နေမိသည်။
ထို့အထဲမှ အပျော်ရွှင်ရဆုံးသူက ဟိုင်တုယီပင်ဖြစ်နေ၏။ သူက အစေခံအဖြစ်မှ ဟွမ်းရှန့်နန်းတော်၏ တရားဝင်တပည့်တစ်ဦးဖြစ်လာပြီဖြစ်သည်။
“အရှင်...”
တပည့်သစ်များက ဟွမ်းကို နှုတ်ဆက်လိုက်၏။
ဟွမ်းက အသိမှတ်ပြုဟန်နှင့် ခေါင်းညိတ်လိုက်ကာ သူတို့၏ အခြေအနေများကို စစ်ဆေးကြည့်လိုက်သည်။
အရမ်းပါရမီ ထူးချွန်သူများ မပါရှိချေ။ သို့သော် အားလုံးထဲတွင် အသက်ငယ်ဆုံးဟု ထင်ရသည့် လူငယ်လေးသည် အနည်းငယ် အစွမ်းအစ ရှိဟန်ရ၏။ သူက အလယ်လတ်လွှာ သို့ပင်ရောက်ရှိနေပြီဖြစ်သည်။
ထိုလူငယ်လေးက ကျင်းချန်ဖြစ်ပြီး ရွှေငှက်မွှေးမြို့တော်မှ မြို့တော်သခင်၏ သားဖြစ်နေ၏။ သို့သော်လည်း လုရှင်းယန်တို့နှင့် လိုက်ပါလိုသည်ဟု ဆိုကာ နည်းမျိုးစုံနှင့် ခွင့်တောင်း၍ လိုက်ပါလာခဲ့သည်။
ထို့နောက် ဟွမ်းက ယာဉ်ပျံကို ထိန်းချုပ်ကာ လင်းရှန်တောင်တန်းသို့ ဦးတည်သွားတော့၏။
“နယ်မြေဘုရင်ဟွား...”
ဟွားကျစ်ယင်ကိုလည်း ဂိုဏ်းချုပ်များက လေးစားမှုပြလိုက်သည်။
“ဂိုဏ်းချုပ်တို့...ကျွန်မကို အရင်ကအတိုင်းပဲ ဆက်ဆံပါ...”
ဟွားကျစ်ယင်က ဂုဏ်မောက်မှု မရှိပဲ ဆိုလိုက်၏။
“နယ်မြေဘုရင်တစ်ဦးကိုတော့ ကျုပ်တို့က လေးစားမှုပြရမှာ အမှန်ပဲ...”
ယင်ထျယ်ဟုန်က လက်မခံနိုင်သည့်အလားဆိုလိုက်၏။ သူတို့၏ နယ်မြေက တိုးတက်လာတော့မည်ဖြစ်သည်။ နယ်မြေဘုရင်တစ်ဦးနှင့် တုနှိုင်းမဲ့ စွမ်းအားကို ပိုင်ဆိုင်ထားသည့် ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွက်လာသောကြောင့်ပင်။
ထို့နောက် ဂိုဏ်းချုပ်များက ကောင်းကင်ကျား မျိုးနွယ်များကို ဆက်လက်စီမံနေသည်။
ထို့နောက် ဟွားကျစ်ယင်က သူမ၏ အစ်မကို တီးတိုးပြောဆိုလိုက်၏။
“အစ်မ...၊ အဲ့ဒီရတနာကို... ဟွမ်းရှန့်နန်းတော်သခင်ကို ပြသသင့်လား...”
ထိုအရာ၏ တည်ရှိမှုက ကျန်းမုလျန်ကြောင့် ပေါ်ထွက်သွားပြီဖြစ်သည်။
ဆက်လက်ဖုံးကွယ်ထားခြင်းထက် ဟွမ်းကဲ့သို့ စွမ်းအားနှင့်သူမျိုး ထံထုတ်ဖော်ပြသထားကာ အကူအညီတောင်းခံထားခြင်းက ပို၍သင့်လျော်နိုင်မည်ဟု တွေးတောမိသောကြောင့်ပင်။
မဟုတ်ပါက ဟွမ်းရှန့်နန်းတော်က ဤကိစ္စတွင် ဝင်ရောက် ပတ်သက်မည်က မသေချာသောကြောင့်ပင်။
“ကိစ္စတွေ ပြီးသွားရင်... လင်းရှန်တောင်ကို သွားကြတာပေါ့....”
ဟွားရှီးယင်လည်း မငြင်းဆန်ပေ။ အကြောင်းမှာ ဟွမ်းထံမှ အနိုင်ကျင့်ဖိနှိပ်လိုသည့် ခံစားချက်မျိုး မခံစားရသောကြောင့်ပင်။
ထို့အပြင် ကျန့်မုလျန်က လက်လျော့မည်မဟုတ်ပေ။ ကောင်းကင်ကျားမျိုးနွယ်က ဆုတ်ယုတ်သွားသော်လည်း အင်းအားကြီးမျိုးနွယ်သုံးခုက ကျန်ရှိနေဆဲပင်။
ထိုအဖြစ်အပျက်များကို ကောင်းကင်ထက်ရှိ လေဟာနယ်အတွင်းမှ ပုံရိပ်နှစ်ခုက ကြည်ရှုနေသည်။
“ဒေါ်လေး...ခရမ်းရောင်ရေခဲစွမ်းအင် သုံးသွားတဲ့ မိန်းကလေးက ရင်းနှီးသလိုနဲ့ မသေချာဘူး...”
ကျစ်ရှင်းယီက တွေဝေဟန်နှင့် ပြောဆိုလိုက်၏။ ထိုမိန်းကလေးက သူမထက် ငယ်ရွယ်ဟန်ရသော်လည်း စွမ်းအားက သာလွန်နေသည်ဟု ခံစားမိသည်။
သူမတို့ လျှပ်စီးနယ်မြေသို့ ရောက်ရှိလာပြီး မကြာခင်တွင် နယ်မြေဘုရင်ဟူက ဒေါသတကြီးနှင့် တိုက်ပွဲများ စတင်ခဲ့သည်ကို ခံစားမိသွားကြသည်။
ထို့ကြောင့် သူမတို့နှစ်ဦးက အလျင်အမြန် ရောက်ရှိလာ၍ တိုက်ပွဲကို စောင့်ကြည့်နေခဲ့ကြခြင်းဖြစ်၏။
“သူမ အသုံးပြုတဲ့ စွမ်းအားတွေက နတ်လိပ်ပြာမျိုးနွယ်နဲ့ မသက်ဆိုင်ဘူး၊ ဒါပေမဲ့ နတ်လိပ်ပြာအငွေ့အသက်တွေ ရောနှောနေတယ်..”
ကျစ်ဟန်ယွဲ့က အသေအချာ ခွဲခြမ်းစိတ်ဖြာပြီးနောက် ကောက်ချက်ချလိုက်၏။ ထိုမိန်းကလေးက လွန်စွာမှ အံ့အားသင့်ဖွယ်ကောင်းသည်။
သို့သော် သေချာသည့် ရလာဒ်တော့ မရရှိခဲ့ပေ။
သူမက ယွဲ့ဝူယောင်နှင့် ရင်းနှီးသည့် ခံစားချက်ကြောင့် နယ်မြေဘုရင်ဟူ၏ ပိုင်နက်အတွင်း ကျရောက်သွားချိန်တွင် တားဆီးပေးရန် ဆုံးဖြတ်ခဲ့၏။
သို့သော် ဝတ်ရုံဖြူနှင့် လူငယ်ပေါ်ထွက်လာမှုကြောင့် သူမ ရပ်တန့်ခဲ့ရသည်။
ထို့အပြင် ဝတ်ရုံဖြူနှင့်လူက ရှင်းချန်ဖုန်းမဖြစ်နိုင်ကြောင်း ခန့်မှန်းမိ၏။ မဟုတ်ပါက နယ်မြေဘုရင်ဟူကို ရိုက်သတ်လိုက်မည်မဟုတ်ပေ။
ထိုအရာက သူမ ဝင်ရောက်လှုပ်ရှားရန် တွန့်ဆုတ်စေခဲ့သည်။
“ဒေါ်လေး...၊ အဲ့ဒီပုဂ္ဂိုလ်ရဲ့ တည်နေရာကို စုံစမ်းပြီး သွားရောက်လည်ပတ်ကြမလား...”
ကျစ်ရှင်းယီက အနည်းငယ် တွေးတောပြီးနောက်ဆိုလိုက်၏။ သူမက ယွဲ့ဝူယောင်အကြောင်း သိရှိလိုခြင်းပင်။
“လောလောဆယ်တော့ ဒီနယ်မြေမှာ အခြေအနေကို စောင့်ကြည့်ရအောင်...၊ အဲ့ဒီလူအကြောင်း စုံစမ်းပြီးမှ သွားကြမယ်...”
ကျစ်ဟန်ယွဲ့က သဘောတူသော်လည်း အလျင်စလိုမပြုပေ။ တစ်ဖက်သူ၏ ခွန်အားက သာလွန်နေသည်။
ထို့နောက် သူမတို့၏ လေဟာနယ်က ငြိမ်သက်သွားကာ ထိုနေရာမှ ပျောက်ကွယ်သွားကြ၏။
“အား...”
နတ်ဘုရားချုပ်နှောင်ခြင်း ဗိမာန်ထဲတွင် နယ်မြေဘုရင်ဟူက ပြင်းပြင်းပြပြ နာကျင်နေသောကြောင့် အသံနက်ကြီးနှင့် အော်ဟစ်နေရသည်။