← Chapters

မိတ်ဆွေအစစ်အမှန်

Vol. 26 Ch. 377

မိတ်ဆွေအစစ်အမှန်

Vol. 26 Ch. 377

“မင်းတို့ လျှပ်စီးမျိုးနွယ် ပျက်စီးမှုက ငါနဲ့ ဘယ်လိုမှ မပတ်သတ်ဘူးကွ..”

နယ်မြေသခင်ဟူက နာကျင်မှုများကြားမှ အံကြိတ်လိုက်ရင်း ပြောဆိုလိုက်၏။ ဤဗိမာန်၏ ဆိုးရွားသည့် အငွေ့အသက်များက သူ၏ ဝိညာဉ်ကို ‘တစိမ့်စိမ့်’ တိုက်စားနေသည်။

“ရှင်နဲ့ မပတ်သတ်ဘူး...ဟုတ်လား...၊ ရှင့်ရဲ့ ဖိနှိပ်မှုကြောင့်မဟုတ်ရင် ကျွန်မရဲ့ အစ်မက သေဆုံးရမှာ မဟုတ်ဘူး...၊ ကျွန်မရဲ့ အဘိုးလည်း မျိုးနွယ်တွင်း သတ်ဖြတ်မှုကြောင့် သေဆုံးရမှာ မဟုတ်ဘူး...၊ ဒါတောင် ရှင်နဲ့ မသက်ဆိုင်ဘူးလား...”

ထိုစကားကို ဒေါသတကြီး ပြောဆိုသူမှာ ရွှမ်းလင် ဖြစ်နေတော့၏။

သူမ နိုးထလာခဲ့ပြီဖြစ်သည်။ သူမ မသေဆုံးခင်က နယ်မြေဘုရင်ဟူကို သတ်ဖြတ်လိုသည့် ဆန္ဒက မပြီးမြောက်နိုင်ဟု ခံစားမိခဲ့၏။ သို့သော် ကံကြမ္မာက တကြော့ပြန် အခွင့် အရေးပေးခဲ့ပြီဖြစ်သည်။

“ဟမ့်...၊ မင်းတို့လောဘနဲ့ မင်းတို့ အချင်းချင်း ပြန်ပြီး သတ်ဖြတ်ကြတာ မဟုတ်ဘူးလား...၊ အဲ့ဒါက ငါနဲ့ သက်ဆိုင်ရောလားကွ...”

နယ်မြေဘုရင်ဟူက သည်းမခံနိုင်တော့ပေ။ ဒေါသတကြီး ပြန်လည်တုန့်ပြန်၏။

“ရှင်...၊ ကျွန်မ အစ်မကို သေဆုံးစေခဲ့တုန်းကရော ရှင်နဲ့ မသက်ဆိုင်ဘူးလား...၊ ကျွန်မကို ကိုယ်လုပ်တော်အဖြစ် ခစားဖို့ ကြေညာချက်ထုတ် တုန်းကရော ရှင်နဲ့ မသက်ဆိုင်ဘူးလား...”

ရွှမ်းလင်၏ ဒေါသများက အလွန်မြင့်မားလာသည်။ ဒေါသကြောင့် သူမ၏ ဝိညာဉ် ပတ်လည်တွင် သေခြင်းအငွေ့အသက်များက သိပ်သည်းစွာ စုဝေးလာ၏။

“ဒါက...”

နယ်မြေဘုရင်ဟူက အနည်းငယ် တုန့်ဆိုင်းသွားသည်။ ပြန်လည်ခွန်းတုန့်ပြန်ရန် စကားစ ရှာမရပေ။

သူတို့၏ သဘောသဘာဝအရ ရမက်ဆန္ဒက ပြင်းထန်သည်မှာ သဘာဝပင်။

ရွှမ်းလင်၏ အစ်မဖြစ်သူက အလွန်လှပခဲ့၏။ ရွှမ်းလင်ထက်ပင် ပြီးပြည့်စုံသည့် ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ခဲ့သူ ဖြစ်သည်။

ထိုစဉ်က နယ်မြေဘုရင်ဟူက ရွှမ်းလင်၏ အစ်မဖြစ်သူကို မြင်မြင်ချင်း ဘဝင်ကျသွားခဲ့၏။ ထို့ကြောင့် သူက အမိန့်အာဏာနှင့် ဖိနှိပ်ကာ သူမကို ကိုယ်လုပ်တော်အဖြစ် ကောက်ယူခဲ့သည်။

ရွှမ်းလင်အစ်မ၏ အိမ်မက်ဆိုးက ထိုမှ စတင်ခဲ့ရ၏။ အလိုရမက်ပြင်းထန်သည့် နယ်မြေဘုရင်ဟူ၏ လက်အောက်မှ သူမ မည်သို့မျှ မရှောင်တိမ်းနိုင်ခဲ့ပေ။

ထိုစဉ်က သူမက အလယ်လတ်လွှာကျင့်ကြံသူတစ်ဦးမျှသာ ရှိသေး၏။

သူမ နည်းမျိုးစုံနှင့် ရှောင်လွှဲရန်ကြိုးစားခဲ့သော်လည်း မလွှတ်မြောက်ခဲ့ချေ။ နောက်ဆုံးတွင် ကောင်းကင်ကျားဗိမာန်မှ ထွက်ပြေးရန် ဆုံးဖြတ်လိုက်တော့၏။

သို့သော် နယ်မြေသခင်များစွာ ရှိသည့် ထိုနေရာမှ လွှတ်မြောက်နိုင်စွမ်း မရှိခဲ့ချေ။

ဗိမာန်ကို ကျော်လွန်၍ ထွက်ပြေးနိုင်ခြင်းမရှိပဲ ဖမ်းချုပ်ခံလိုက်ရသည်။

နယ်မြေသခင်များသည် သူမက ကိုယ်လုပ်တော်တစ်ဦးဖြစ်သောကြောင့် တင်းကြပ်သည့် တုပ်နှောင်မှုမျိုး မလုပ်ရဲခဲ့ပေ။

၎င်းက စိတ်ထွက်ပေါက် လိုအပ်နေသည့် သူမအတွက် အခွင့်အရေး ဖြစ်သွားခဲ့ရသည်။ ချက်ချင်းဆိုသလို သူမ၏ ဝိညာဉ် သန္ဓေသားကို ဖြိုခွဲ ပစ်ခဲ့ကာ အဆုံး စီရင်မှု လုပ်သွားခဲ့၏။

နယ်မြေဘုရင်ဟူက ထိုအချင်းအရာအတွက် အလွန်ဒေါသ ထွက်ခဲ့ရသည်။ သို့သော် လျှပ်စီးမျိုးနွယ် အပေါ် အပြစ်ရှာ၍ မဖြစ်နိုင်ပေ။

ထို့ကြောင့် လျှပ်စီးနယ်မြေအတွက် တမန်တော်ရာထူး ယူဆောင်ထားသည့် ဟူချင်းဝမ်က ရွှမ်းလင်ရှိသေးကြောင်းကို လျှောက်တင်ခဲ့သည်။

ထို့နောက်တွင် ရွှမ်းလင်၏ အစ်မသေဆုံးမှုနှင့် အတူ လျော်ကြေးအနေနှင့် အရင်းအမြစ်များစွာ ပေးအပ်ခဲ့၏။

လျှပ်စီးမျိုးနွယ်ဝင်များက အထွန့်တက်ချင်သော်လည်း သူတို့ လက်လှမ်း မမှီနိုင်သည့် အရင်းအမြစ်များဖြစ်နေသည်မို့ မည်သို့မျှ တုန့်ပြန်ခြင်းမရှိတော့ပေ။

ထို့အပြင် ရွှမ်းလင်လည်း ကောင်းကင်ကျားဗိမာန်သို့ ဝင်ရောက်ကာ ကိုယ်လုပ်တော်တစ်ဦး ဖြစ်လာရမည်ဟု ကြေညာခဲ့သည်။

၎င်းအတွက် အရင်းအမြစ်များ ထပ်မံပေးအပ်မည်ဟု ဆို၏။

ထိုအရာက လျှပ်စီးမျိုးနွယ်များအတွက် ထပ်မံမက်မောစရာ အခွင့်အလမ်းဖြစ်ကာ မဆိုင်းမတွ သဘောတူညီခဲ့ကြသည်။

မျိုးနွယ်ခေါင်းဆောင်၏ ဆုံးဖြတ်ချက်ကိုပင် ဂရုမစိုက်ကြတော့ချေ။ အရင်းအမြစ်များ ရရှိရေးကသာ အရေးကြီးပေသည်။

ထိုမှ စ၍ ရွှမ်းလင်အတွက် ငရဲခန်းက စတင်ခဲ့တော့၏။

“ငါ...ငါ့ရဲ့ အမှားတွေအတွက် ဒူးထောက်ပြီး တောင်းပန်ပါတယ်...၊ ငါ့ကို လွှတ်ပေးမယ်ဆိုရင် ရှေ့လျှောက် ဘဝတစ်ခုလုံး သခင်မလေးရွှမ်းလင်အပေါ် အပြစ်အကြွေး ပြန်ပြီးဆပ်ပါ့မယ်...”

နယ်မြေဘုရင်ဟူက ပူပန်မှုကြီးစိုးနေသည့် လေသံနှင့် တောင်းဆိုလိုက်၏။

“ဟား...ဟား...၊ ကျွန်မမှာ ဘဝဆိုတာ မရှိတော့ဘူး...၊ ရှင့်ရဲ့ အပြစ်အကြွေးကို ဒီနေရာမှာပဲ ဆပ်လိုက်တော့...”

ရွှမ်းလင်က ဒေါသများ ရောပြွန်းနေသည့် လေသံနှင့် ရယ်မောလိုက်သည်။

သူမက သေဆုံးသွားပြီးဖြစ်၏။ နယ်မြေဘုရင်ဟူကဲ့သို့ ဝိညာဉ်နုတ်ယူခံရခြင်းမျိုး မဟုတ်ပေ။ သူမက အသက်စွမ်းအင်နှင့် ပျက်တောက်ခဲ့ပြီးဖြစ်သည်။

နယ်မြေဘုရင်ဟူက ဤနေရာမှ ပြင်ပသို့ ထွက်ခွာသွားပါက ခန္ဓာကိုယ်တစ်ခုကို ပြန်လည်သိမ်းယူကာ ရှင်သန်နိုင်စွမ်း ရှိသေး၏။

သို့သော် ရွှမ်းလင်က ထိုသို့ မဖြစ်နိုင်တော့ချေ။ သူမ၏ ဝိညာဉ် နိုးထလာရေးအတွက် သေခြင်းစွမ်းအင်များက ထောက်ပံ့ပေးထားရသောကြောင့်ပင်။

ဤနေရာမှ ထွက်ခွာသွားပါက တခဏအတွင်း အခိုးအငွေ့များကဲ့သို့ လွင့်ပြယ်သွားတော့မည်။

“သခင်မလေးရွှမ်းလင်...”

နယ်မြေဘုရင်ဟူက ထပ်မံတောင်းဆိုရန်ပြင်လိုက်သော်လည်း ရုတ်ချည်းထိတ်လန့်သွားရသည်။

“ဒါဘာလုပ်မလို့လဲ..”

နယ်မြေဘုရင်ဟူက ကြောက်လန့်တကြားနှင့် အော်ဟစ်ရင်း ရုန်းကန်လိုက်၏။

အကြောင်းမှာ ရွှမ်းလင်က နယ်မြေဘုရင်ဟူကို မမြင်တွေ့လိုတော့သောကြောင့်ပင်။

သူမ၏ ပတ်လည်တွင်ရှိနေသည့် သေခြင်းစွမ်းအင်များနှင့် ရစ်ပတ်ကာ နယ်မြေဘုရင်ဟူကို ဖျစ်ညစ်လိုက်၏။

“အား...”

နယ်မြေဘုရင်ဟူက ကွဲစရာ အဆုပ်မရှိသော်လည်း အဆုပ်ကွဲလုမတက် ကျယ်လောင်သည့် အသံနက်ကြီးနှင့် အော်ဟစ်လိုက်သည်။

‘တဆစ်ဆစ်’ နာကျင်စရာ အသွေးအသားမရှိသော်လည်း ဝိညာဉ်၏ နာကျင်ရသည့် ဝေဒနာက ပြင်းထန်လွန်း၏။

“သခင်မလေး...သခင်မလေး...”

“ကျုပ်ကိုလွှတ်ပေးပါ...”

နာကျင်နေမှုများ အကြားမှ နယ်မြေဘုရင်ဟူက အတင်းအကြပ် ကြိတ်မှိတ်ကာ တောင်းပန်လိုက်ရ၏။

နယ်မြေဘုရင်တစ်ဦး အနေနှင့် အသက်ရှင်ရေးအတွက် ဤသို့ တောင်းဆိုမှု ပြုရမည်ဟု မထင်ထားခဲ့ပေ။

သို့သော် အသက်ဘေး ကျရောက်နေချိန်တွင် အသက်နှင့် ယှဉ်လျှင် မည်သည့် အရာမျှ အရေး မပါတော့ပေ။

သို့သော် ရွှမ်းလင်ထံတွင် မည်သည့် ခံစားချက်မျှ မရှိပဲ အသက်မဲ့နေသည့် မျက်ဝန်းများနှင့်သာ ကြည့်ရှုနေ၏။

ဤလုပ်ရပ်ကြောင့် သေဆုံးသွားသူများကို ပြန်လည်ခေါ်ဆောင်၍ မရတော့သော်လည်း သေဆုံးမှုများအတွက် တာဝန်ရှိသူကို ပေးဆပ်စေခွင့် ရပြီဟု ဖြေသိမ့်လိုက်ရသည်။

ထို့နောက် သူမက နတ်ဘုရားချုပ်နှောင်ခြင်းဗိမာန်၏ အချုပ်ခန်းအဖြစ်သတ်မှတ်ထားသည့် ပထမ အလွှာသို့ နယ်မြေဘုရင်ဟူကို ပစ်ထည့်လိုက်၏။

“ဘုန်း...”

“အား...”

နယ်မြေဘုရင်ဟူက နာကျင်လွန်းသဖြင့် လူးလွန့်နေရသည်။

“ဒီတစ်ရောက်လာတဲ့ ကောင်က တိရိစ္ဆာန်ပဲကွ...”

ကျို့ယင်က နယ်မြေသခင်၏ အသွင်ကို ကြည့်ရင်း မှတ်ချက်ပေးနေ၏။

“ကျုပ်...ဒီဝိညာဉ်ရဲ့ အသွင်ကို အနည်းငယ် ရင်းနှီးနေတယ်...”

ရှင်းချန်ဖုန်းက လူးလှိမ့်နေသည့် ပုံရိပ်ကို တွေးတောနေဟန်နှင့် ဆိုလိုက်သည်။

“မင်းနဲ့ မိတ်ဆွေဟောင်းတွေ ဖြစ်ရလိမ့်မယ်...၊ မကောင်းတဲ့ ကောင်တွေပဲ ဒီနေရာကို ရောက်လာရတာလေ...”

ကျို့ယင်က ရှင်းချန်ဖုန်းကို ရွံ့ရှာသည့် အကြည့်နှင့် ကြည့်ရင်း ဆိုလိုက်၏။

ရှင်းချန်ဖုန်း “...”

‘ခင်ဗျားက ကောင်းတာလုပ်လို့ ဒီထဲရောက်လာတာလား...’

သို့သော် ရှင်းချန်ဖုန်းက အသံထွက်၍ မပြောဆိုရဲပေ။ ဝိညာဉ်ချင်း အတူတူတောင် ကျို့ယင်က သန်မာနေသည်။

“ဘုန်း...”

သို့သော် ရှင်းချန်ဖုန်းက လွင့်စင်သွားရ၏။

“ကျုပ် ဘာမှ မပြောရသေးဘူးလေ...”

သူက ငိုချင်နေသည့် လေသံနှင့် ပြောလိုက်ရသည်။ သို့သော် ကျို့ယင်က ဒေါသလေသံနှင့် ပြောဆိုလိုက်၏။

“မင်း မျက်လုံးကြည့်လိုက်တာနဲ့ ငါ့ကို ဘာပြောချင်နေမှန်း ရိပ်မိတယ်ကွ...”

ရှင်းချန်ဖုန်း “...”

‘မျက်လုံးနဲ့တောင် ဆဲလို့မရဘူးလား..’

ထို့နောက် သူတို့နှစ်ဦး၏ အာရုံက ရုန်းကမှုအားပျော့သွားသည့် နယ်မြေဘုရင်ဟူထံ ပြန်လည်ရောက်ရှိသွားသည်။

“ဒီကောင်...ဒီကောင်က...ကောင်းကင်ကျားမျိုးနွယ်ရဲ့ နယ်မြေဘုရင်ပဲ...ဟား...ဟား...၊ သောက်ကျင့်မကောင်းတဲ့ကောင် တစ်ချိန်ချိန် ငါ့နောက်လိုက်လာရမယ်ဆိုတာ သိပြီးသား...”

ရှင်းချန်ဖုန်းက နယ်မြေဘုရင်ဟူ၏ အသွင်ကို တွေ့မြင်သွားပြီးနောက် အားရဝမ်းသာရယ်မောလိုက်၏။

နယ်မြေဘုရင်ဟူနှင့် နှစ်ပေါင်းများစွာသိကျွမ်းခဲ့ခြင်းကြောင့် သူ၏ အကြောင်းကို အတော်အတန်သိထားပြီးဖြစ်သည်။ ရှင်းချန်ဖုန်း၏ မျက်နှာက ထိန်းမရတော့ပေ။

ဤဗိမာန်အတွင်း ရောက်ရှိစဉ်မှစ၍ ယခုအချိန်က အပျော်ရွင်ဆုံးအချိန်ဖြစ်သည်မှာ ကျိန်းသေပင်။

မိတ်ဆွေအစစ်မှန်များကသာ ပျော်ရွှင်မှုကို ဝေမျှကြသည်ဟူသည့်စကားမှာ မှန်နိုင်ဖွယ်ရှိသည်။

ကိုယ်တစ်ယောက်တည်း ဒုက္ခရောက်သည်ထက် ကိုယ့်အပေါင်းအသင်းများပါ ဒုက္ခရောက်လာလျင် ဒုက္ခရောက်ခြင်းက ထင်သလောက် မဆိုးလှဟု ထင်ရဖွယ်ရှိ၏။

ကျို့ယင် “...”

‘ဒီကောင့် ဦးနှောက်ကပါ ချွတ်ယွင်းသွားတာလား...’

All Chapters