ဗိမာန်အတွင်းမှအသံပိုင်ရှင်
Vol. 26 Ch. 378
ဟွမ်းက လင်းရှန်တောင်သို့ ရောက်ရှိသွားချိန်တွင် သူ၏ တပည့်များကို အနားယူစေခဲ့သည်။
ထို့နောက် သူတို့စုဆောင်းလာသည့် တပည့်လေးဦးကို ခန်းမအတွင်း မိန့်ခွန်းဆိုနေ၏။
“ငါ့ရဲ့ တပည့်တွေက ခေါ်ဆောင်လာခဲ့တာဖြစ်လို့ အများကြီး စစ်ဆေးစရာလိုမယ်မထင်ဘူး...”
“ဒါပေမဲ့...၊ ဟွမ်းရှန့်နန်းတော်ကို သစ္စာရှိဖို့ သတိရပါ...၊ ဟွမ်းရှန့်နန်းတော်ကနေ နှုတ်ထွက်ချင်ရင် မင်းတို့ကိုပေးအပ်ထားမယ့် အခွင့်အရေးတွေကို ပြန်ရုပ်သိမ်းမယ်...၊ ပြီးတော့ မင်းတို့ရဲ့ ကျင့်ကြံခြင်းကိုရော...”
ဟွမ်း၏ လေသံက ခါတိုင်းနှင့် မတူပဲ ထည်ဝါနေကာ ရှောင်းချန်အပါအဝင် တပည်ငါးဦး၏ နားတွင်း ပဲ့တင်ထပ်သွား၏။
ထိုစကားက ခက်ထန်လှသော်လည်း တပည့်များအတွက် ပေါ့ပျက်ပျက်မဖြစ်စေရန် တင်းကြပ်ခြင်းဖြစ်သည်။
“ဟုတ်ကဲ့ပါအရှင်...၊ တပည့်တို့ ဟွမ်းရှန့်နန်းတော်ကို ဘယ်တော့မှ သစ္စာမဖောက်ဖျတ်ပါဘူး...၊ ဖောက်ဖျတ်မိပါက...၊ ကပ်ဘေးမိုးကြိုးနဲ့ အတူ ပျက်သုန်းစေသား...”
တပည့်သစ်ငါးဦးက ပြိုင်တူ ကျမ်းကျိန်ချက်ပြုလိုက်၏။
“ကောင်းပြီ...၊ ရှောင်းချန် မင်းရဲ့ ဂျုနီယာတွေအတွက် အဆောင်ကို ခေါ်သွားပေးလိုက်...”
ဟွမ်းက အသိမှတ်ပြုဟန်နှင့် ခေါင်းညိတ်ကာ ရှောင်းချန်ကို ညွှန်ကြားချက်ပေးလိုက်သည်။
ရှောင်းချန်တို့ငါးဦးကို နန်းစောင့်တပည့်အဖြစ်သတ်မှတ်ပေးလိုက်ပြီးဖြစ်၏။
ထို့အပြင် ကျီးဟူကျိ၊ ခုန်းရှင်းအာနှင့် ရွှီယင်းအာတို့က အဆင့်မြင့် တပည့်များ ဖြစ်လာပြီဖြစ်သည်။ လင်းယိုဟန်နှင့် လော့ရွှယ်နင်တို့ကိုလည်း ချန်လှပ်ထား၍ မရပေ။
သူတို့ငါးဦးကို ဝမ်မုန့်ယွင် အတွက် အကူအညီရစေရန် အဆင့်အတန်းတိုးမြင့်ပေးလို၏။ သို့သော် ဝိညာဉ်နိုးထခြင်း သစ်သီးက မလုံလောက်သေးပေ။ သူက ထျန်းဟုန်နှင့် ကျန်းချီချီကို အသုံးပြုစေခဲ့သည်။
ကျန်းချီချီသာ အောင်မြင်သွားပါက နယ်မြေဘုရင်တစ်ဦး ထပ်မံ ထွက်ပေါ်လာမည်ဖြစ်၏။
နှမြောစရာကောင်းသည်က ထိုသစ်သီးက အကြိမ်ကြိမ်အသုံးပြု၍ မရခြင်းပင်။ ဒုတိယအကြိမ်တွင် အကျိုးအာနိသင်က သက်ရောက်ခြင်းမရှိဟု လင်းရှု့က ခြေဟန်လက်ဟန်နှင့် ရှင်းပြဖူးသည်။
‘အားနည်းချက် မရှိတဲ့ အရာဆိုတာ မရှိသလောက်ပဲ...’
ဟွမ်းက သက်ပြင်းချလိုက်မိသည်။ ထို့နောက် ဝမ်မုန့်ယွင်ကို ညွှန်ကြားလိုက်ပြန်၏။
“မုန့်ယွင်...၊ ထျန်းဟုန် ဝိညာဉ်သစ်သီးစုပ်ယူတာပြီးသွားရင်...၊ နယ်မြေအရေးကိစ္စတွေကို သူ့ကို လက်လွဲလို့ရပြီ...”
“ပြီးတော့ ရှောင်ယကလဲ သူရဲ့ ဖခင်ကို အကူအညီပေးလိမ့်မယ်...”
“ကောင်းပါပြီအရှင်...၊ ဒါနဲ့ မဟာမိတ် ဌာနချုပ်အတွက် စဉ်းစားထားတဲ့ နေရာရှိလား...”
ဝမ်မုန့်ယွင်က နားလည်သည့် အသွင်နှင့် ဌာနအတွက် တည်နေရာကို မေးမြန်းလိုက်၏။
ဟွမ်းက စဉ်းစားထားပြီးသည့်အလား မတုန့်မဆိုင်း ဖြေလိုက်သည်။
“ကျိန်းသေပေါက် လင်းရှန်တောင်ထွတ်ပေါ်မှာပေါ့...”
သူက တလင်းပြင်ဖြစ်နေသည့် လင်းရှန်တောင်ထွတ်တွင် ဌာနချုပ်ကို ထားရှိလိုခြင်း ဖြစ်၏။ နောက်ကွယ်လေဟာနယ်တွင် ဟွမ်းရှန့်နန်းတော်ရှိနေသောကြောင့် အလွယ်တကူ လှုပ်ရှားနိုင်သည်။
ထက်ပိုင်းပြတ်နေသည့် လင်းရှန်တောင်ထွတ်လည်း တင့်တယ်သွားပေမည်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပင်။ ထိုအရာက အဆင်ပြေလှ၏။
ဝမ်မုန့်ယွင် “...”
‘အားလုံးက ကန့်ကွက်ကြမှာ ကျိန်းသေပဲ...’
အဘယ်ကြောင့် လှေကားတစ်ထောင်ကို နှစ်သက်နေမှန်း စဉ်းစား၍ မရချေ။
ဟွမ်းရှန့်နန်းတော်က အဝင်အထွက် နည်းသည်မို့ ပြသနာမရှိသော်လည်း မဟာမိတ်ဌာနချုပ်ဆိုလျှင် ကျင့်ကြံသူများစွာ ဝင်ချေ၊ ထွက်ချေပြုနေကြမည်ဖြစ်သည်။
သူတို့၏ တစ်နေ့တာက လှေကားတစ်ထောင်နှင့်သာ နှစ်ပါးသွားရနိုင်ဖွယ်ရှိ၏။
သူမက နန်းတော်သခင်ကို စကားပြောလိုစိတ် မရှိတော့ချေ။ ထိုသူ တွေးဆလိုက်သည့် အကြံတိုင်းက တစ်ခုမျှ အဆင်ပြေသည် မရှိ။
ဆက်လက်ပြောဆိုပါက သူမ ဒေါသထွက်လွန်း၍ အသက်တိုသွားနိုင်သည်။ အကြီးအကဲ နောက်ထပ်တစ်ဦး ရောက်ရှိလာရန်သာ မျှော်လင့်မိ၏။
ထို့နောက် လိုအပ်သည်များကို ပြုလုပ်ရန် ထွက်ခွာသွားတော့သည်။
ဟွမ်းကို နှုတ်ဆက်မှုပင် မလုပ်သွားချေ။
ဟွမ်း “...”
‘ငါ ဘာလုပ်မိလို့တုန်း...’
ဟွမ်းက စွံ့အသွား၏။ ထို့နောက် ဆက်လက် မတွေးတောတော့ပဲ နတ်ဘုရားချုပ်နှောင်ခြင်း ဗိမာန်အတွင်း ဝင်ရောက်သွားသည်။
ထိုနေရာ၌ နယ်မြေသခင်ဟူကို ချုပ်နှောင်လိုက်ပြီးနောက်တွင် ရွှမ်းလင်က အထိန်းအကွပ်မဲ့စွာ ပြိုလဲသွား၏။
သူမက လက်စားချေနိုင်သည်ဟု ယူဆ၍ရသော်လည်း ဖြစ်ပျက်ပြီးခဲ့သမျှ အရာအားလုံးက ဒဏ်ရာအဖြစ်ကျန်ရှိနေဆဲပင်။
ထိုဒဏ်ရာ၏ ရိုက်ခတ်မှုကြောင့် အော်ဟစ် ငိုကြွေးလုနီးပါးဖြစ်နေရသည်။
သူမ၏ မိသားစုက ပြန်မရနိုင်တော့ချေ။ ထို့အပြင် သူမကိုယ်တိုင်လည်း လူသားတစ်ယောက် မဟုတ်တော့ပေ။
မိနစ်အနည်းငယ်ကြာ တွေဝေပြီးနောက်တွင် သူမ၏ နောက်မှ ပုံရိပ်ကို ခံစားမိသွားသောကြောင့် ထရပ်လိုက်မိ၏။
“ဟွမ်း...”
“ကျွန်မအတွက် အခုလို လုပ်ပေးခဲ့တာ အတွက် ကျေးဇူးတင်ပါတယ်...”
ဝမ်းနည်းမှုများ မလျော့ပါးသေးသည့် လေသံနှင့် ဆိုလိုက်၏။
“ဟိုအရင်ကတည်းက ငါနဲ့မင်း အကြားက ကတိပဲ...၊ အဲ့ဒါအတွက် ပြန်လုပ်ပေးရုံပဲ...”
ဟွမ်းက ကျေးဇူးတင်ရန် မလိုအပ်သည့်လေသံနှင့် သာဆိုလိုက်၏။ သူ့အတွက် ပေးထားသည့် ကတိကိုသာ တည်အောင်လုပ်ပေးခြင်းဖြစ်သည်။
အပြင်အလှန်အနေနှင့် ကမ္ဘာငယ်မှ ကျင့်ကြံသူများကို သူမ အတက်နိုင်ဆုံး စောင့်ရှောက်ပေးခဲ့သည်ကို သိရှိရပြီးဖြစ်၏။
ထိုအရာအတွက် မည်သည့် ကျေးဇူးတင်စကားမှ မလိုအပ်ပေ။
“မဟုတ်ဘူး...၊ ရှင့်ကြောင့် မဟုတ်ရင် ဒီနေရာမှာ ရပ်တည်ခွင့် ရှိတော့မယ်မထင်ဘူး...”
ရွှမ်းလင်က အခိုင်အမာဆိုလိုက်၏။ သူမ၏ ပြတ်သားလှသည့် အသွင်ကြောင့် ဟွမ်းက ထပ်မံပြောဆိုရန် အခွင့် အရေးမရတော့ချေ။
ရွှမ်းလင်၏ ဤနေရာသို့ ရောက်ရှိချိန်က သေခြင်းစွမ်းအင်များကို စုပ်ယူနေခဲ့သည်မှာ အံ့ဩစရာမရှိတော့ချေ။
သူမက နတ်ဘုရားချုပ်နှောင်ခြင်း ဗိမာန်နှင့် တသားတည်း ဖြစ်တည်သွားကာ ဗိမာန်၏ အစောင့်အရှောက် ဖြစ်လာခဲ့သည်။
သို့သော် ဟွမ်းက အသေအချာ နားမလည်သေးသောကြောင့် မေးခွန်းထုတ်လိုက်၏။
“မင်းက ဘယ်လိုလုပ် ဗိမာန်ရဲ့ အစောင့် အရှောက် ဖြစ်လာတာလဲ...”
“ဒါက...”
“ကျွန်မ ဒီဗိမာန်ထဲရောက်တဲ့အချိန်မှာ ပျက်ပြယ်တော့မဲ့ ကျွန်မရဲ့ ဝိညာဉ်ကို သေခြင်းစွမ်းအင်တွေက ထိန်းသိမ်းပေးသွားတယ်...”
“ကျွန်မရဲ့ အသိစိတ်က လွင့်မြောနေပြီမို့ သေခြင်းစွမ်းအင်တွေကို အလျင်အမြန် စုပ်ယူနိုင်စွမ်း မရှိခဲ့ဘူး...”
“ကံကောင်းစွာနဲ့ ရှင်အသုံးပြုပေးသွားတဲ့ သစ်သီးရဲ့ စွမ်းအင်ကြောင့် ကျွမ်မဝိညာဉ်က တဖြည်းဖြည်း အားပြည့်လာပြီး သေခြင်းစွမ်းအင်တွေကိုစုပ်ယူနိုင်တာ...”
ရွှမ်းလင်က ဖြစ်ကြောင်းကုန်စင်ကို မနားတမ်းရှင်းပြနေ၏။ သူမအတွက် အံ့အားသည့်ရသည့် အရာက ယခုမှ စတင်ပေမည်။
“ကျွန်မ သေခြင်းစွမ်းအင်တွေနဲ့ အပြည့်အဝ ပေါင်းစည်းသွားချိန်မှာ ထူးဆန်းတဲ့ အသံတစ်ခုကို ကြားလိုက်ရတယ်...”
“ဘယ်လိုအသံမျိုးလဲ...”
ဟွမ်းက ထူးဆန်းသွားသောကြောင့် မေးလိုက်၏။ သူ၏ သက်တမ်းတစ်လျှောက် ဤနေရာတွင် လက်နက်အစုတ်များမှ လွဲ၍ အခွံမျှသာ..။
လက်နက်များပင် ယခင်က အဖိုးတန်သည်ဟု ယူဆကာ တပျော်တပါး သုံးစွဲခဲ့သည်။
သို့သော်လည်း ကျင်းလီရတနာအိမ်တော်မှ ထွက်ခွာလာပြီးနောက် သူ၏ စိတ်ဓာတ်များက အောက်ဆုံးအထိ ကျဆင်းခဲ့ရ၏။
အရောင်းစာရေးမလေး ဟွားယွီလင်က အမှိုက်အလား ပြောဆိုလိုက်ခြင်းက ပို၍ပင် ထိချက်ပြင်းခဲ့သည်။
၎င်းတို့က သာမန်လက်နက်များနှင့် မခြားတော့ပေ။
ဟွမ်းက ဤသို့ အခွံလွတ်ဖြစ်နေသည့် ဗိမာန်မှ အသံထွက်ပေါ်လာသည်ကို နားမလည်နိုင်ပေ။
ရွှမ်းလင်က အနည်းငယ် စဉ်းစားလိုက်ပြီးနောက် နားလည်လွယ်မည့် စကားလုံးများနှင့် ရှင်းပြလိုက်သည်။
“အသံက အရမ်းထူးခြားပြီး ရှေးဆန်လွန်းတယ်...၊ အသံမှာ ပါတဲ့ ဖိအားက ကျင့်ကြံသူတွေအားလုံးကို အရိုအသေပေးချင်စိတ် ဖြစ်သွားစေနိုင်တယ်...”
“ရုပ်အသွင်ကို ကျွန်မ ကြည့်နိုင်စွမ်း မရှိဘူး...၊ ဗလာကျင်းနေတဲ့ လေဟာနယ်လိုပဲ...”
“အဲ့ဒီအသံပိုင်ရှင်က...၊ ကျွန်မကို နတ်ဘုရား ချုပ်နှောင်ခြင်း ဗိမာန်ရဲ့ အစောင့် အရှောက်ဝိညာဉ်ဖြစ်ချင်လားမေးတယ်...”
ထိုစဉ်က ရွှမ်းလင်က ခက်ခဲသည့် အတွေးများနှင့် ဆုံးဖြတ်ချက်ချရန် မလွယ်ကူခဲ့ပေ။
အသံပိုင်ရှင်က သူမ အစောင့်အရှောက်ဝိညာဉ်မဖြစ်လိုပါက ဤနေရာမှ လွတ်မြောက်ခွင့်ပေးကာ ဘဝအသစ်ကို ထပ်မံပေးအပ်မည်ဟု ဆိုသည်။
“ကျွန်မ လွတ်မြောက်ခွင့်ရမယ်ဆိုရင် ဘယ်လိုဖြစ်လာမှာလဲ...”
ရွှမ်းလင်က တုန့်ဆိုင်းနေသည့် လေသံနှင့် မေးလိုက်၏။
“ဒီဗိမာန်ကနေ အေးအေးချမ်းချမ်း ထွက်သွားနိုင်မယ်...၊ သာမန်လူသားတစ်ယောက်လို ပြန်လည်မွေးဖွားခွင့်ရလိမ့်မယ်...၊ ဒါပေမဲ့ ဘယ်လိုဘဝမျိုးရရှိမလဲဆိုတာကတော့ ကံတရားအပေါ်မူတည်မယ်...”
အသံပိုင်ရှင်က အတက်အကျမရှိသည့် လေသံနှင့် ရှင်းပြလိုက်၏။
သို့သော် ရွှမ်းလင်က တုန့်ဆိုင်းသွားသည်။ ယခုဘဝတွင် မပြီးပြတ်သေးသည့် ကိစ္စများ ရှိနေသေး၏။
နောက်ထပ်ဘဝတစ်ခုသို့ ပြောင်းလဲရန် မကြိုးစားချင်သေးပေ။ သူမက နယ်မြေဘုရင်ဟူကို နာနာကျည်းကျည်း မုန်းတီးလှသည်။