ဗိမာန်နှင့် ပေါင်းစည်းခြင်း
Vol. 26 Ch. 379
အသံပိုင်ရှင်က ရွှမ်းလင်ထံမှ ထွက်ပေါ်နေသည့် အမူအယာများကို ငြိမ်သက်စွာစောင့်ကြည့်နေ၏။
ရွေးချယ်မှုက သူမအပေါ်တွင်သာ မူတည်သည်။ သူက တွန်းအား ပေးမည်မဟုတ်သည့် အလားပင်။
“ကျွန်မ ဘဝအသစ်ကို ရွေးချယ်လိုက်ရင် ဘာပြန်ပေးဆပ်ရမလဲ...”
ရွှမ်းလင်က စေ့စပ်စွာ စဉ်းစားပြီးနောက် မေးခွန်းထုတ်လိုက်၏။ အလကားရသည့် အကူအညီဆိုသည်က မရှိပေ။
သို့သော် အသံပိုင်ရှင်းက ရှင်းလင်းပြတ်သားစွာ ပြောလိုက်၏။
“မလိုဘူး...”
ရွှမ်းလင်က မမျှော်လင့်ထားသည့် အဖြေကြောင့် အံ့ဩသွားသည်။ တန်ကြေးတစ်ခုခုမပေးဆပ်ပဲ ဘဝသစ်ပေးအပ်မည့် အကြောင်းကို မယုံနိုင်ဖြစ်ရ၏။
ထို့နောက် သူမက မေးခွန်းပြောင်းကာ မေးလိုက်၏။
“ကျွန်မ...၊ ဒီဗိမာန်ရဲ့ အစောင့်အရှောက်ဝိညာဉ်ဖြစ်လာရင်ရော ဘာတွေပေးဆပ်ရမှာလဲ...”
“မင်းရဲ့ ဝိညာဉ်က ဒီဗိမာန်နဲ့ တသားတည်း ဖြစ်သွားလိမ့်မယ်...”
အသံပိုင်ရှင်က အသေအချာ ရှင်းပြလိုက်သည်။
“ရာသက်ပန် မင်းက ဒီဗိမာန်ကနေ မထွက်ခွာနိုင်မှာ မဟုတ်တော့ဘူး...၊ ဒီဗိမာန်ကို ထိန်းချုပ်ပြီး အဲ့ဒီလူ အတွက် အကူအညီပေးရလိမ့်မယ်...”
“အဲ့ဒီလူက...၊ ဟွမ်းလား...”
ရွှမ်းလင်က အတည်ပြုလိုသည့် အလားမေးလိုက်၏။
သို့သော် အသံပိုင်ရှင်ထံမှ မည်သည့်တုန့်ပြန်မှုမှ ထွက်ပေါ်မလာချေ။
‘မဟုတ်ဘူးလား...’
ရွှမ်းလင်က အနည်းငယ် တွေးရခက်သွားသည်။ သို့သော် အသံပိုင်ရှင် ရည်ညွှန်းသူက ဟွမ်းမှ လွဲ၍ မဖြစ်နိုင်ဟု ကောက်ချက်ချလိုက်၏။
ထို့နောက် သူမက မည်သည့်လမ်းကို ရွေးချယ်ရမည်ကို အတွေးနက်သွားသည်။
အချိန်အနည်းငယ်ကြာပြီးနောက်တွင် သူမက မေးခွန်းတစ်ခု ထပ်မံမေးမြန်းလိုက်၏။
“ကျွန်မ...၊ ဗိမာန်ရဲ့ အစောင့်အရှောက်ဖြစ်လာရင် နယ်မြေဘုရင်တစ်ဦးကို သတ်နိုင်တဲ့ ခွန်အားမျိုး ရနိုင်လား...”
ထိုမေးခွန်းက သူမ အသိရှိချင်ဆုံး အရာဖြစ်သည်။
“ရတယ်...၊ ဘယ်လို သက်ရှိဝိညာဉ်ပဲ ဖြစ်ဖြစ် ဒီဗိမာန်ထဲ ဝင်ရောက်ပြီးသွားရင် ပြန်ထွက်ခွာနိုင်စွမ်း မရှိဘူး...”
အသံပိုင်ရှင်က စိတ်ရှည်လက်ရှည်နှင့် ရှင်းပြလိုက်၏။
ထိုအချိန်တွင် ရွှမ်းလင်က ဆုံးဖြတ်ချက်ချပြီးဟန်နှင့် သူမ၏ ရွေးချယ်မှုကို ထုတ်ပြောလိုက်သည်။
“ကျွန်မ ဗိမာန်ရဲ့ အစောင့်အရှောက်ဖြစ်လာချင်တယ်...”
ရွှမ်းလင်က ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ခြင်းဖြစ်၏။
ဘဝသစ်ကို ရွေးချယ်ပါက သူမ၏ မှတ်ဉာဏ်ဟောင်းများ ပါရှိမလာပါက အေးဆေးသက်သာစွာနေနိုင်မည် ဖြစ်သည်။
သို့သော် သူမ ထိုသို့ မဖြစ်လိုပေ။ နယ်မြေဘုရင်ဟူအပေါ် သူမ၏ အငြိုးအတေးက ပြင်းထန်လှ၏။
“ကောင်းပြီ...”
အသံပိုင်ရှင်က ထိုသို့ ရေရွတ်ပြီးနောက် သူ၏ တည်ရှိမှုက မရှိခဲ့ဖူးသည့် အလားပျောက်ကွယ်သွားသည်။
ရွှမ်းလင်က အလွန်အံ့ဩနေရင်း စိတ်ရှုပ်ထွေးသွား၏။
‘ဗိမာန်အစောင့်အရှောက် လုပ်ဖို့ သဘောတူလိုက်ပြီလေ..၊ ဘယ်လိုဖြစ်လို့ ပျောက်သွားတာတုန်း...”
သူမ ထိုသို့ တွေးနေချိန်တွင် သေခြင်းစွမ်းအင်များက သူမ၏ ပတ်လည်တွင် စုဝေးဝန်းရံလာသည်။
ထို့နောက် သေခြင်စွမ်းအင်များကြောင့် သူမ၏ ခန္ဓာကိုယ်က လွင့်မြောသွား၏။
လွင့်မြောရင်း ဗိမာန်၏ အလွှာများကို ဖြတ်ကျော်ကာ ငါးလွှာမြောက်အထိ ရောက်ရှိသွားသည်။
ထိုအချိန်တွင် သူမ၏ ဝိညာဉ်က ဗိမာန်နှင့် စတင်ပေါင်းစည်းသည့် ဖြစ်စဉ်သို့ ရောက်ရှိသွား၏။
သေခြင်းစွမ်းအင်များ၏ လှုပ်ရှားမှု ရပ်တန့်လာချိန်တွင် သူမ၏ ဝိညာဉ်က ဗိမာန်တစ်ခုလုံးနှင့် ချိတ်ဆက်သွားသည်။
အနက်ရောင် သေခြင်းစွမ်းအင်လှိုင်းများက အချိန်ယူကာ သူမ၏ ခန္ဓာကိုယ်ကို လည်ပတ်စီးဆင်းနေ၏။
တဖြည်းဖြည်းနှင့် သေခြင်းစွမ်းအင်လှိုင်းများက ပါးလွှာလာကာ သူမ၏ ခန္ဓာကိုယ်က ပြန်လည်ထွက်ပေါ်လာသည်။
ထိုအချိန်တွင် သူမ မျက်ခုံးနှစ်ခုအကြားတွင် ဗိမာန်နှင့် တထေရာတည်း တူသည့် အမှတ်အသား တစ်ခု ပေါ်ထွက်လာ၏။
‘ဒီလောက်လွယ်ကူတာလား...’
ရွှမ်းလင်က မည်သည့်နာကျင်မှုကိုမျှ မခံစားခဲ့ရသောကြောင့် အံ့ဩသွား၏။ ရတနာများက အစွမ်းထက်လေ ပေါင်းစည်းသည့်သူက ပို၍ သက်ရောက်မှု ဒဏ်ကို ခံရလေဖြစ်သည်။
သို့သော် ရွှမ်းလင်က ထူးခြားသည့် ခံစားချက်တစ်ချို့သာ ဖြစ်ပေါ်ခဲ့ပြီး ခက်ခက်ခဲခဲ မလုပ်ဆောင်ခဲ့ရပေ။
‘အစွမ်းထက် ရတနာ တစ်ခု ဖြစ်ထိုက်တာပဲ...’
ရွှမ်းလင်က မှတ်ချက် ပေးမိသွားသည်။
လက်ရှိတွင် သူမ၏ ဝိညာဉ်က ဗိမာန်တစ်ခုလုံးရှိ တည်ရှိ မှုများကို ခံစားနိုင်ပြီဖြစ်ပြီး အရာအားလုံးက သူမ၏ လက်ထဲတွင် ရှိနေသည့် အလားပင်။
ထို့ကြောင့် သူမက စိတ်ဝင်တစားနှင့် စူးစမ်းလေ့လာနေချိန်တွင် သူမ၏ နားတွင် တိုးလျသည့် ရေရွတ်သံတစ်ခုကို ကြားလိုက်ရ၏။
“ဗိမာန်ရဲ့ စွမ်းအင်တွေကို အပြည့်အဝ ရရှိအောင် အမြန်လုပ်ပါ....”
“ကျွန်မ ဘယ်လိုလုပ်ရမလဲ...”
ရွှမ်းလင်းက ချက်ချင်းဆိုသလို မေးခွန်းထုတ်လိုက်သော်လည်း မည်သည့် အသံမျှ ထပ်မံ ထွက်ပေါ်မလာတော့ချေ။
“စွမ်းအင်တွေ ပြည့်ဝအောင် လုပ်ရမှာလား...”
လက်ရှိတွင် ဟွမ်းက ထိုစကားကို သံယောင်လိုက်ကာ ရေရွတ်လိုက်သည်။
သူရှင်သန်ခဲ့သည့် သက်တမ်းတစ်လျှောက် မည်သည့် အသံမှ မကြားခဲ့ဖူးချေ။
‘ဖြစ်နိုင်တာက...၊ နတ်ဘုရားချုပ်နှောင်ခြင်း ဗိမာန်ကို ဖန်တီးခဲ့သူ ဖြစ်နေမလား...’
သူက တွေးလေ ရှုပ်ထွေးလေ ဖြစ်နေဆဲပင်။
‘အဲ့ဒီအသံပိုင်ရှင်က ရွှမ်းလင် အဘိုးကို တားဆီးခဲ့တဲ့ ပုံရိပ်ဖြစ်နိုင်မလား...’
သို့သော် မဖြစ်နိုင်သေးချေ။ နတ်ဘုရားချုပ်နှောင်ခြင်းဗိမာန်က သူနှင့် အတူ နိုးထလာခြင်းဖြစ်သည်။
ထို့အပြင် ရွှမ်းလင်က အစောင့်အရှောက်ဖြစ်လာသော်လည်း သူနှင့် ဗိမာန်၏ ဆက်သွယ်ချက်က ပြောင်းလဲ မသွားပေ။
‘လောလောဆယ်...၊ ဗိမာန်ကို အားဖြည့်နိုင်မဲ့ နည်းလမ်းကို ရှာဖွေရမယ်...’
ဟွမ်းက တွေးရ ခက်ခဲနေသည့် ကိစ္စများကို ဆက်လက်တွေးတောခြင်း မရှိတော့ပဲ လက်ရှိ လုပ်ဆောင်နိုင်မည့် ကိစ္စကိုသာ လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။
“မင်းလိုအပ်ရင်...၊ ကျို့ယင်နဲ့ ရှင်းချန်ဖုန်းကို လက်ထောက်အဖြစ် ခေါ်ထားလိုက်...”
ဟွမ်းက ရွှမ်းလင်ကို ကြည့်ရင်း ဆိုလိုက်၏။
သူက ကျို့ယင်နှင့် ရှင်းချန်ဖုန်းကို ချုပ်နှောင်ထားသော်လည်း တင်းကြပ်သည့် ဖိနှိပ်မှုများ မပြုထားတော့ပေ။
သို့သော် ပြင်ပလောကသို့ လွှတ်ပေးမည်မဟုတ်ပေ။
ထို့ကြောင့် ရွှမ်းလင်အတွက် အကူအညီရစေရန် စီစဉ်ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ်...”
ရွှမ်းလင်က နှစ်နှစ်ကာကာ ပြုံးပြရင်း ဆိုလိုက်၏။
သူမဘဝ၏ လွတ်လပ်ခွင့် ဆုံးရှုံးသွားပြီဖြစ်သော်လည်း မည်သည့် မျိုးနွယ်ဝင်မှ မရှိတော့သည့် သူမအဖို့ ဤနေရာက အဆင်ပြေလှသည်။
သူမ၏ အသက်ကို ဆက်လက်ထိန်းထားနိုင်ပြီး ရန်သူကိုလည်း လက်စားချေနိုင်ခဲ့ပြီဖြစ်၏။
ဟွမ်းက မငြင်းဆန်တော့ပဲ ခေါင်းညိတ်ကာ အသိအမှတ်ပြုလိုက်သည်။
ထိုအချိန်တွင် ရွှမ်းလင်က ထပ်မံပြောဆိုလိုက်၏။
“ကျွန်မ...၊ ဒီရက်ပိုင်းမှာ ဗိမာန်ကို လေ့လာထားပြီး...၊ အားလုံးနဲ့ ရင်းနှီးကျွမ်းဝင်အောင် ပြုလုပ်ထားလိုက်မယ်...”
“မင်းကို...ဒုက္ခပေးရတော့မယ်...”
ဟွမ်းက အားတုံ့အားနာလေသံနှင့် ဆိုလိုက်၏။ ထို့နောက် သူတို့နှစ်ဦး အနည်းငယ်ဆွေးနွေးပြီးနောက်တွင် ဟွမ်းက ဗိမာန်အတွင်းမှ ထွက်ခွာသွားသည်။
ထိုအချိန်တွင် ရွှမ်းလင်၏ အကြည့်များက ရီဝေသွား၏။
‘ဒီဘဝမှာတော့...၊ ကျွန်မတို့က မဖြစ်နိုင်တော့ဘူး...’
‘ဒါပေမဲ့...၊ တနည်းတဖုံနဲ့ ရှင့်အနား ရှိနေရတာလဲ အတိုင်းအဆမဲ့ ဝမ်းသာမိတယ်...’
ရွှမ်းလင်က သူမ၏ စိတ်တွင်း တီးတိုးရေရွတ်နေ၏။ သူမ၏ အမူအယာက အလွန်အမင်း ဝမ်းနည်းနေဟန်ရသည်။
ဗိမာန်၏ အစောင့်အရှောက်အဖြစ် သဘောတူခဲ့သည်မှာ ထိုအချက်လည်း ပါဝင်နေနိုင်၏။
ထို့နောက် သူမက ကျို့ယင်တို့ရှိရာသို့ ဦးတည်သွားတော့သည်။
အချိန်များက တဖြည်းဖြည်းနှင့် ကုန်ဆုံးလာကာ ထျန်းဟုန်ပင် နယ်မြေသခင်တစ်ဦးဖြစ်လာခဲ့၏။
ထို့အပြင် မဟာမိတ်၏ ဖွဲ့စည်းခြင်းကလည်း အတော်ပင် ခရီးရောက်လာခဲ့ပြီဖြစ်သည်။
ထို့ကြောင့် ယနေ့တွင် ဂိုဏ်းချုပ်လေးဦးက ရောက်ရှိနေကာ မဟာမိတ်နှင့် ပတ်သတ်သည့် ကိစ္စများကို ဆွေးနွေးနေကြ၏။
“နန်းတော်သခင်...မဟာမိတ်ကို ဘယ်လို ဖွဲ့စည်းဖို့ စဉ်းစားထားလဲ...”
ယင်ထျယ်ဟုန်က ဦးစွာ မေးခွန်းထုတ်လိုက်၏။
ဟွမ်းက အားလုံးကို တစ်ချက်ခြုံကြည့်လိုက်ပြီးနောက် သူ၏ အစီအစဉ်များကို စတင်ပြောကြားလိုက်သည်။
“ပထမဆုံးအနေနဲ့...၊ ဒီနယ်မြေကို လင်းထျန်းနယ်မြေလို့ ပြောင်းလဲသုံးစွဲမယ်...”
လျှပ်စီးမျိုးနွယ်က မရှိတော့ပေ။ ထို့ကြောင့် လျှပ်စီးနယ်မြေဟု ဆက်လက်ခေါ်ဆိုရန် မသင့်လျော်ပေ။
ဂိုဏ်းချုပ်များက နားလည်သည့် အသွင်နှင့် ခေါင်းညိတ်လိုက်ကြသည်။ ထိုသို့ ပြောင်းလဲ ခြင်းအတွက် သင့်လျော်လှ၏။
“ပြီးတော့ မဟာမိတ်က လင်းထျန်းမဟာမိတ်ဖြစ်လိမ့်မယ်...”
ဂိုဏ်းချုပ်များက လက်ခံဆဲပင်။ ထိုအရာက လင်းထျန်းဘုံအတွက် အသိအမှတ်ပြုရာလည်း ရောက်၏။
သို့သော် ဟွမ်း၏ နောက်ဆက်တွဲ စကားကြောင့် ထျန်းဟုန်အပါအဝင် ဂိုဏ်းချုပ်များအားလုံး အေးခဲကုန်ကြသည်။
“ကျုပ်...လင်းထျန်းမဟာမိတ် ဌာနချုပ်ကို လင်းရှန်တောင်ထွတ်မှာ နေရာချချင်တယ်...”