သွေးစက်ညွှန်ရာ
Vol. 26 Ch. 380
“မဖြစ်နိုင်ဘူးကွ...”
အလောတကြီး ကန့်ကွက်သံက ပေါ်ထွက်လာ၏။ ထိုသူမှာ ထျန်းဟုန်ပင်။
လင်းရှန်တောင်ပေါ်တွင် ဟွမ်းရှန့်နန်းတော်တစ်ခုနှင့်ပင် လုံလောက်နေပြီဖြစ်၏။ မဟာမိတ်အဖွဲ့သာ ထပ်မံနေရာချပါက အသက်ပင် ထွက်သွားနိုင်သည်။
ဂိုဏ်းချုပ်များကလည်း အားကိုးလိုသည့် အကြည့်နှင့် ထျန်းဟုန်၏ နောက်မှ ရပ်တည်နေကြ၏။ ဟွမ်း၏ အစီအစဉ်သာ အောင်မြင်သွားပါက နေ့စဉ်နှင့်အမျှ လှေကားတစ်ထောင်ကို ဖြတ်သန်းနေရမည်မှာ ကျိန်းသေပင်။
ဝမ်မုန်ယွင်ကတော့ သက်ပြင်းသာ ချလိုက်မိ၏။
ထို့နောက် အခြေအတင် ဆွေးနွေးပြီးနောက် လင်းထျန်းမဟာမိတ်အဖွဲ့ဌာနချုပ်ကို တောင်ခြေတွင်နေရာချရန် သဘောတူညီမှုရသွားသည်။
ဟွမ်းက တွန့်ဆုတ်နေသော်လည်း အများနှင့်တစ်ယောက်မို့ လက်လျော့လိုက်ရ၏။
ဤသို့နှင့် လင်းထျန်းမဟာမိတ်က တရားဝင်အဖွဲ့အစည်းဖြစ်လာပြီး လင်းထျန်းနယ်မြေ၏ နေရာတိုင်းတွင် အဖွဲ့ခွဲများကို စတင် တည်ဆောက်လာခဲ့သည်။
ထိုအဖြစ်အပျက်များကို ပုံရိပ်နှစ်ခုက တိတ်တဆိတ် စောင့်ကြည့်နေ၏။
“ဒေါ်လေး...၊ အဲ့ဒီလူက နယ်မြေတစ်ခုလုံးကိုတောင် ပြောင်းလဲ နိုင်တဲ့ အထိ အာဏာသက်ရောက်နေတယ်...”
ကျစ်ရှင်းယီက တီးတိုး ပြောဆိုလိုက်၏။
“အဲ့ဒီလူရဲ့ လုပ်ရပ်နဲ့ ခွန်အားက အံ့အားသင့်စရာကောင်းလွန်းတယ်...”
ကျစ်ဟန်ယွဲ့က အသိအမှတ်ပြုဟန်နှင့် ခေါင်းညိတ်ပြလိုက်သည်။
သူမတို့က အခြေအနေများ တည်ငြိမ်လာပြီးနောက်တွင် ယွီလျန်မြို့တော်တွင် တိတ်တဆိတ် နေထိုင်ခဲ့ကြသည်။
သူမတို့က ယွဲ့ဝူယောင်အကြောင်း သိရှိလိုသော်လည်း ယွီလျန်မြို့မှ တိကျသည့် သတင်းကို မရှိခဲ့ချေ။
ထို့ကြောင့် သူမက ဟွမ်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို ယွီလျန်မြို့တော်မှ တိတ်တဆိတ် စုံစမ်းထားပြီးဖြစ်၏။
အံ့ဩရသည်က ထိုသူက လင်းထျန်းဘုံသို့ ရောက်ရှိသည်မှာ မကြာသေးသည့် ကျင့်ကြံသူဖြစ်နေသည်။
သို့သော် လင်းထျန်းနယ်မြေက ရက်အနည်းငယ်အတွင်း မထင်မှတ်ဖွယ်ကောင်းအောင် တိုးတက်သွား၏။
ထို့အပြင် နယ်မြေအတွင်းရှိ ကျင့်ကြံသူများက စည်းလုံးနေကြပြီး စိတ်ဝမ်းကွဲသည့် ကျင့်ကြံသူများ နည်းပါးသည်။
ထိုအရာက ကျစ်ဟန်ယွဲ့ကို ပို၍ အံ့ဩစေ၏။ သူမက နယ်မြေဘုရင်တစ်ဦးဖြစ်သော်လည်း နတ်လိပ်ပြာနယ်မြေရှိ အဖွဲ့အစည်းများအားလုံးကို ထိန်းချုပ်နိုင်စွမ်းမရှိပေ။
သို့သော် ဤသူက နယ်မြေတစ်ခုလုံးကိုပင် စုစည်းကာ မဟာမိတ်အဖွဲ့တစ်ခုပင် တည်ထောင်နိုင်၏။
“ဒေါ်လေး...၊ အဲ့ဒီမိန်းကလေးကို တွေ့ရအောင် တိုက်ရိုက်ပဲ သွားကြမလား...”
ကျစ်ရှင်းယီက ထပ်မံအကြံပြုလိုက်၏။ သူမက တိတ်တဆိတ် စောင့်ဆိုင်းနေရခြင်းကို စိတ်မရှည်တော့ပေ။
ထို့ကြောင့် လင်းရှန်တောင်တန်းသို့သာ တိုက်ရိုက်သွားချင်တော့သည်။
“သွားကြတာပေါ့...”
ကျစ်ဟန်ယွဲ့က သဘောတူလိုက်၏။ ထို့နောက် သူမတို့နှစ်ဦးက ယွီလျန်မြို့မှ ပျောက်ကွယ်သွားသည်။
ထိုအချိန်တွင် သူမတို့ ပျောက်ကွယ်သွားရာ တည်နေရာတွင် ဟွားကျစ်ယင်က ပေါ်ထွက်လာ၏။ သူမက ကျစ်ဟန်ယွဲ့တို့ကို စောင့်ကြည့်နေခြင်းပင်။
ထို့နောက် သူမက ဆက်သွယ်ရေးအဆောင်တစ်ခုကို စွမ်းအင်များ စီးဆင်းစေလိုက်သည်။
ထိုအချိန်တွင် ကျန့်မုလျန်တို့သားအဖက အမှောင်နယ်မြေအတွင်းသို့ရောက်ရှိလာကြ၏။
ကျန့်မုလျန်က ဖြစ်ပျက်သမျှကို အမှောင်ဝိညာဥ်မျိုးနွယ်အား အသိပေးလိုခြင်းဖြစ်သည်။
“နယ်မြေဘုရင်ကျန့်...၊ ကျုပ်တို့မျိုးနွယ်ခေါင်းဆောင်က အနည်းငယ်အလုပ်ရှုပ်နေလို့ပါ...”
အမှောင်ဝိညာဥ်မျိုးနွယ်၏ အကြီးအကဲ တစ်ဦးက အရိုအသေပေးကာ ဆိုလိုက်၏။
“ကျုပ်ပြောမဲ့ ကိစ္စက အရေးကြီးတယ်...၊ နယ်မြေဘုရင်ဟူက အသတ်ခံလိုက်ရပြီ...”
ကျန့်မုလျန်က လိုရင်းကိုသာ ပြောလိုက်သည်။ သူ့အနေနှင့် အမှောင်နယ်မြေဘုရင်နှင့် တွေ့ဆုံရမှ ဖြစ်ပေမည်။ နယ်မြေဘုရင်ဟူ သေဆုံးခြင်းက လင်းထျန်းဘုံတစ်ခုလုံး လှုပ်ခတ်သွားနိုင်ပြီး အပြောင်းအလဲ များစွာ ဖြစ်ပေါ်လာနိုင်သည်။
“ဒါက...၊ နယ်မြေဘုရင်ကျန့်....၊ ရက်အနည်းလောက်စောင့်ဆိုင်းပေးပါ...၊ မျိုးနွယ်ခေါင်းဆောင်က အရေးကြီးအရာကို လုပ်ဆောင်နေလို့ပါ...”
အကြီးအကဲ၏ အမူအယာက ချက်ချင်းပြောင်းလဲသွား၏။ ထိုသတင်းက အလွန် အရေးကြီးလှသည်။ ထို့ကြောင့် မျိုးနွယ်ခေါင်းဆောင်ရှိရာသို့ အလျင်အမြန် သွားရောက်လိုက်၏။
အမှောင်မျိုးနွယ်ခေါင်းဆောင် အန့်ချင်းရှောင်က ထူးဆန်းသည့် ရောင်ဝါများနှင့် ပြည့်နှက်နေသည့် ယဇ်ပုလ္လင်ထက်တွင် ရှုပ်ထွေးသည့် လက်ဟန်များကို ပြုလုပ်ထားသည်။
သူ၏ ရှေ့တွင် သွေးစက်တစ်စက်က လွင့်မြောနေပြီး ဦးတည်ရာမျိုးစုံကို ပြသနေ၏။
ထို့ကြောင့် အန့်ချင်းရှောင်က သူ၏ လက်ဟန်များကို ဆက်တိုက်ပြောင်းလဲကာ ၎င်းသွေးစက်ကို စွမ်းအင်များနှင့် ရစ်ပတ်စေသည်။
သို့သော် သွေးစက်က ယခုအချိန်အထိ တိကျစွာ ပြောင်းလဲခြင်း မရှိသေးချေ။ သူက လက်လျော့ဟန်မရပဲ ဆက်တိုက်ဆိုသလို စွမ်းအင်များကို စီးဆင်းနေစေ၏။
ရက်အနည်းငယ်ကြာသွားပြီးနောက်တွင် သွေးစက်က စတင်ပြောင်းလဲလာသည်။ ၎င်းက ဦးတည်ချက်မဲ့ လှုပ်ရှားနေခြင်းလမဟုတ်တော့ပဲ တည်နေရာတစ်ခုကိုသာ တသတ်မှတ်တည်း ညွှန်ပြနေ၏။
ထိုအချိန်တွင် အန့်ချင်းရှောင်၏ မျက်လုံးများက ၎င်းသွေးစက်၏ ညွှန်ပြသည့် တည်နေရာသို့ ကြည့်ရှုလိုက်သည်။
‘ကောင်းကင်ကျားနယ်မြေဘက်ကလား...’
‘သွေးစွမ်းအင်က ဘာကြောင့် မထင်မရှားဖြစ်နေပါလိမ့်...’
အန့်ချင်းရှောင်က တိတ်တဆိတ် အတွေးများစွာ ဝင်ရောက်လာ၏။
ထိုအချိန်တွင် သူ၏ ခန်းမတံခါးပွင့်သံကြားလိုက်ပြီးနောက် အကြီးအကဲဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။
အကြီးအကဲက အန့်ချင်းရှောင်၏ အသွင်ကြောင့် ချက်ချင်းမေးခွန်းထုတ်လိုက်၏။
“ခေါင်းဆောင်...၊ ရှောင်ယွမ်ရဲ့ တည်နေရာကို သိရပြီလား...”
“ကောင်းကင်ကျားနယ်မြေမှာ ညွှန်ပြနေတယ်...၊ ရှောင်လျန်ရဲ့ သွေးစက်ကတော့ လှုပ်ရှားမှုကင်းမဲ့နေပြီ...”
အန့်ချင်းရှောင်က ဝမ်းနည်းသည့် လေသံနှင့် ဆိုလိုက်၏။
မျိုးနွယ်နှစ်ခုပေါင်းစည်းရန် အန့်လျန်ကို နတ်လိပ်ပြာမျိုးနွယ်မှ ကျစ်ယွီတျယ်နှင့် စေ့စပ်ကြောင်းလမ်းခဲ့သည်။
သို့သော် ထိုအရာကြောင့်ပင် မျိုးနွယ်နှစ်ခုလုံးက လူငယ်များ ဆုံးရှုံးခဲ့ရ၏။ ထို့အပြင် အမှောင်ဝိညာဉ်မျိုးနွယ်က လူငယ်နှစ်ယောက်လုံး ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။
အန့်ချင်းရှောင်က ထိုအရာ အတွက် အလွန်အမင်း နောင်တရနေ၏။ သူတို့၏ အတင်းအကြပ်စီစဉ်မှုများ မရှိခဲ့ပါက ယခုအချိန်တွင် မျိုးနွယ်နှစ်ခုလုံးက ပို၍ အားကောင်းနေမည်ဖြစ်သည်။
သို့သော်လည်း အန့်ယွမ်၏ သွေးစက်က နှစ်ပေါင်းများစွာ ငြိမ်သက်နေပြီးနောက် ပြန်လည်လှုပ်ရှားလာခဲ့၏။
ထို့ကြောင့် အန့်ချင်းရှောင်က အလွန်အမင်း ပျော်ရွှင်သွားကာ အန့်ယွမ်၏ တည်နေရာကို စုံစမ်းနေခြင်း ဖြစ်သည်။
သို့သော် အားအလွန်နည်းနေပြီး သွေးစွမ်းအင်က ပျောက်ကွယ်လိုက် ပေါ်ထွက်လာလိုက် ဖြစ်နေ၏။ ထို့ကြောင့် အန့်ချင်းရှောင်က အချိန်များစွာ အသုံးပြုကာ စစ်ဆေးနေခြင်းဖြစ်သည်။
အန့်ယွမ်၏ သတင်းကို ကြားပြီးနောက် အကြီးအကဲက အံ့ဩသွား၏။ ထို့နောက် သူရောက်ရှိလာသည့် အကြောင်းအရင်းကို ပြောဆိုလိုက်သည်။
“မျိုးနွယ်ခေါင်းဆောင်...၊ နယ်မြေဘုရင်ဟူ သေဆုံးသွားပြီတဲ့...၊ နယ်မြေဘုရင်ကျန့်က အလောတကြီးနဲ့ သတင်းပို့ထားတယ်...”
“ဘယ်လို...”
မထင်မှတ်ထားသည့် သတင်းကြောင့် အန့်ချင်းရှောင်က ပို၍ အံ့ဩရ၏။ နယ်မြေဘုရင်များ၏ သက်တမ်းများက ရှည်လျားပြီး သေဆုံးရန် မလွယ်ကူပေ။
ထို့အပြင် အခြားနယ်မြေဘုရင်တစ်ဦးက သတ်ဖြတ်ရန်လည်း မဖြစ်နိုင်ပေ။
အန့်ချင်းရှောင်က မည်သို့မျှ တွေးမရသည့် လေသံနှင့် မေးခွန်းထုတ်လိုက်၏။
“ဘယ်လိုဖြစ်တာလဲ...”
“နယ်မြေဘုရင်ကျန့်က အသေးစိတ်ကို မပြောဘူး...၊ မျိုးနွယ်ခေါင်းဆောင်ကို စောင့်နေတယ်...”
အကြီးအကဲက ပြန်လည်တင်ပြလိုက်၏။
“နယ်မြေဘုရင်ကျန့်ကို ခန်းမထဲ ဖိတ်ကြားခဲ့...”
အန့်ချင်းရှောင်က အကြီးအကဲကို အမိန့်ပေးလိုက်သည်။ ထို့နောက် သူက အန့်ယွမ်၏ သွေးစက်ကို သိမ်းဆည်းလိုက်ပြီးနောက် ထိုနေရာမှ ထွက်ခွာသွား၏။
“နယ်မြေဘုရင်ကျန့်...”
“နယ်မြေဘုရင်အန့်...”
အန့်ချင်းရှောင်နှင့် ကျန့်မုလျန်က အပြန်အလှန် နှုတ်ဆက်လိုက်ကြ၏။
ထို့နောက် ကျန့်မုလျန်က အချိန်မဆွဲတော့ပဲ ဖြစ်ပျက်ခဲ့သမျှကို ရှင်းပြပြောဆိုလိုက်သည်။
အကြောင်းစုံ သိရှိပြီးနောက်တွင် အန့်ချင်းရှောင်က အတွေးနက်သွား၏။
ထိုအရာက ကျန့်မုလျန်ပြောဆိုခြင်း မဟုတ်လျှင် ယုံနိုင်မည်မဟုတ်ပေ။ ထိုမျှ လွန်ကဲသည့် စွမ်းအားပိုင်ရှင်မျိုး မကြုံဖူးသောကြောင့်ပင်။
“ကျုပ်တို့...ကောင်းကင်ကျားနယ်မြေကို သွားကြည့်ဖို့ လိုပြီ...”
အန့်ချင်းရှောင်က တီးတိုးရေရွတ်လိုက်၏။ သူက မဖြစ်မနေ သွားရပေမည်။ အန့်ယွမ်၏ သွေးစက်က ကောင်းကင်ကျားနယ်မြေကို ညွှန်ပြထားသောကြောင့်ပင်။
ကျန့်မုလျန်က တွေဝေသွား၏။ သူက ၎င်းဗိမာန်၏ စွမ်းအင်များကို ကြောက်ရွံ့နေဆဲပင်။ နယ်မြေဘုရင်ဖြစ်ခဲ့သည့် တစ်လျောက်လုံး ပထမဆုံးအကြိမ် ကြောက်ရွံ့မိခြင်းဖြစ်သည်။