မော့ရွှယ်အာ ထွက်ခွာသွားခြင်း
Vol. 26 Ch. 381
ဟွမ်းက သူ၏ ခန်းမတွင် နတ်ဘုရားချုပ်နှောင်ခြင်းဗိမာန်နှင့် ပတ်သတ်သည့် အကြောင်းအရာများကို တွေးတောနေမိသည်။
ရွှမ်းလင်က ဗိမာန်၏ အစောင့်အရှောက်ဖြစ်လာချိန်တွင် သူ၏ လက်ရှိ အမှတ်အသားက ပျောက်ကွယ်သွားခဲ့ပြီး ရွှမ်းလင်ထံ ရောက်ရှိသွားခဲ့၏။
သူနှင့် ဗိမာန်အကြားရှိ ဆက်နွယ်ချက်က ပြောင်းလဲ သွားခြင်း မရှိသော်လည်း ထူးဆန်းမှုကို ခံစားနေရသည်။
“ဟွမ်း...”
ဟွမ်းက အတွေးများနေစဉ် မော့ရွှယ်အာက ရုတ်တရက် ခန်းမအတွင်း ရောက်ရှိလာ၏။
“ကိစ္စရှိလို့လား...ရွှယ်အာ...”
ဟွမ်းက မော့ရွှယ်အာကို မေးလိုက်၏။ သူမ၏ အသွင်က အနည်းငယ်ထူးဆန်းနေသောကြောင့်ပင်။
မော့ရွှယ်အာက အလေးအနက် တွေးတောဟန်ပြု ပြီးနောက် ခွင့်တောင်းလိုက်၏။
“ကျွန်မ...လင်းထျန်းဘုံထဲ လှည့်ပတ်သွားလာချင်တယ်...”
သူမ၏ အသွင်က လေးနက်နေသည်။ ထို့အတွက် ဟွမ်းက အနည်းငယ် အံ့အားသင့်သွား၏။
သူမက တိတ်တဆိတ်သာ နေထိုင်ခဲ့ပြီး ယခုအချိန်တွင် လှည့်ပတ်သွားလာချင် နေသည်။ သို့သော် နန်းတော်ထဲ နေထိုင်သည်မှာ ကြာညောင်းလှပြီမို့ အပြင်လောကသို့ ထွက်ခွာချင်ဟန်ရှိ၏။
ထို့ကြောင့် ဟွမ်းက စစ်ဆေးခြင်း၊ တားမြစ်ခြင်း မပြုလုပ်ချေ။ သူမက လင်းထျန်းဘုံတွင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်းရှိနေပြီဖြစ်သည်။
“ကောင်းပြီ...၊ မဖြေရှင်းနိုင်တဲ့ ပြသနာ တစ်စုံတစ်ရာ ပေါ်လာရင် ငါ့ကို ချက်ချင်း အကြောင်းကြားလိုက်...”
ဟွမ်းက ခွင့်ပြုပေးလိုက်ပြီးနောက်တွင် သူ၏ စွမ်းအင်များ ထည့်သွင်းထားသည့် ကျောက်စိမ်းပြားတစ်ချပ်ကိုပါ မော့ရွှယ်အာကို ပေးအပ်လိုက်သည်။
မော့ရွှယ်အာက ရိုးရိုးရှင်းရှင်းပင် နှုတ်ဆက်စကားဆိုကာ ခန်းမအတွင်းမှ ထွက်ခွာသွား၏။
သူမ ထွက်ခွာလာချိန်တွင် သူမ၏ အမူအယာက အလွန်အမင်း တင်းကြပ်နေသည်။ ထွက်ခွာသွားသော်လည်း သူမက စိတ်နှင့်ကိုယ် ကပ်ဟန မရတော့ချေ။
ထို့အပြင် မည်သူ့ကိုမျှ နှုတ်ဆက်ခြင်းမရှိ၊ လင်းရှန်တောင်တန်းမှ တိတ်တဆိတ်နှင့်သာ ထွက်ခွာသွားသည်။ သူမ မည်သည့်နေရာသို့ ဦးတည်သွားသည်ကိုတော့ ဟွမ်းကိုယ်တိုင်ပင် မသိရချေ။
“ဒီမိန်းကလေးက ပိုပြီး ထူးဆန်းလာတယ်...”
ဟွမ်းက ထွက်ခွာသွားသည့် မော့ရွှယ်အာကိုကြည့်ရင်း မှတ်ချက်ပေးလိုက်မိ၏။
သို့သော် ထွေထွေထူးထူး တွေးမိခြင်းတော့ မရှိချေ။ မော့ရွယ်အာက သူ၏ လက်အောက်တွင် ကြီးပြင်းလာသူဟု သတ်မှတ်၍ ရပေမည်။
ထို့ကြောင့် သူမ၏ စိတ်နေစိတ်ထားကို သိရှိပြီး ဖြစ်သည်။ ထို့ကြောင့် သူမကို မည်သည့်စောင့်ကြည့်မှုမျှ ပြုလုပ်ခြင်း မရှိပဲ သွားလာခွင့်ပေးလိုက်၏။
ထိုအချိန်တွင် ဟွမ်း၏ ဆက်သွယ်ရေး အဆောင်မှ တုန်ခါမှု ဖြစ်ပေါ်လာသောကြောင့် စစ်ဆေးလိုက်သည်။။
ထိုသတင်းစကားကို စစ်ဆေးပြီးနောက်တွင် ဟွမ်းက စိတ်ဝင်စားသည့် အသွင်နှင့် ပြုံးလိုက်မိ၏။
“ဆက်ပြီးစောင့်ဆိုင်းဖို့ စိတ်မရှည်တော့တဲ့ပုံပဲ...”
ထိုသတင်းက ဟွားကျစ်ယင်ထံမှ ဖြစ်၏။
ဟွမ်းက ကျစ်ဟန်ယွဲ့တို့၏ တည်ရှိမှုကို သတိထားမိနေခဲ့သည်မှာ ကြာပြီဖြစ်သည်။
ထို့အပြင် ယွီလျန်မြို့တော်တွင် တည်းခိုနေခြင်းကြောင့် ဟွားကျစ်ယင်တို့ကို စောင့်ကြည့်စေခဲ့၏။
သူမက နယ်မြေဘုရင်တစ်ဦးဖြစ်နေပြီး ဇာစ်မြစ်ကို ဖုံးကွယ်ထားခြင်းကြောင့် သူမတို့၏ ရည်ရွယ်ချက်ကို မသိရှိရသေးပေ။
အချိန်များစွာ မကြာလိုက်ပေ။ လင်းရှန်တောင်တန်းသို့ လှပသည့် ပုံရိပ်နှစ်ခု ရောက်ရှိလာသည်။
သို့သော် သူမတို့နှစ်ဦးက တောင်တန်းပေါ် တက်ရောက်ကြမည့်အချိန်တွင် လင်းထျန်းမဟာမိတ်၏ အစောင့်များထံမှ တားဆီးခြင်း ခံလိုက်ရ၏။
“ကျွန်မတို့က...၊ ဟွမ်းရှန့်နန်းတော်သခင်နဲ့ တွေ့ဆုံချင်တယ်...”
ကျစ်ဟန်ယွဲ့က အစောင့်ကို ပြောလိုက်၏။
“မိန်းကလေးတို့ကို မဟာမိတ်ခေါင်းဆောင်နဲ့ တွေ့ဆုံဖို့ခေါ်သွားနိုင်ပါတယ်...၊ နန်းတော်သခင်နဲ့ တွေ့နိုင်၊ မတွေ့နိုင်က မဟာမိတ်ခေါင်းဆောင် ဆုံးဖြတ်ပေးပါလိမ့်မယ်...”
အစောင့်က တည်တည်ငြိမ်ငြိမ်နှင့်သာ အဖြေပေးလိုက်၏။
ထိုစကားကြောင့် ကျစ်ရှင်းယီက ဒေါသထွက်သွားဟန်ရသည်။
“ဟမ့်...”
သို့သော် ကျစ်ဟန်ယွဲ့က သူမကို အသာတားဆီးလိုက်၏။
ထို့နောက် သူမကို ဝင်ရောက်ပြောဆိုခြင်း မရှိစေရန် တားဆီးလိုက်သည်။ ဤနေရာက သူမတို့ နတ်လိပ်ပြာနယ်မြေမဟုတ်ပေ။ အပြောအဆိုကအစ ဂရုပြုရပေမည်။
ကျစ်ရှင်းယီက အလိုမကျဖြစ်သွားသော်လည်း ကျစ်ဟန်ယွဲ့၏ စကားကို နားထောင်လိုက်ရ၏။ ပြီးနောက် ကျစ်ဟန်ယွဲ့က အစောင့်ကို ကြည့်ရင်းဆိုလိုက်သည်။
“ဒါဆိုလဲ ကျွန်မတို့ကို မဟာမိတ်ခေါင်းဆောင်နဲ့ တွေ့ဆုံဖို့ ခေါ်ဆောင်သွားပေးပါ...”
ခဏအကြာတွင် အစောင့်၏ လမ်းညွှန်မှုနှင့် အတူ ထျန်းဟုန်ရှိရာသို့ ရောက်ရှိလာ၏။
ထျန်းဟုန်က ကျစ်ဟန်ယွဲ့ကို တွေ့မြင်လိုက်ချိန်တွင် အံ့ဩသွားသည်။ ထိုအမျိုးသမီးထံမှ သန်မာသည်ဟူသည့် ခံစားချက်မျိုး ထွက်ပေါ်နေ၏။
ထို့အပြင် ကျစ်ဟန်ယွဲ့၏ အဆင့်ကို ခံစားနိုင်ခြင်းမရှိသော်လည်း နယ်မြေဘုရင်တစ်ဦးဖြစ်မည်ဟု တွေးထင်လိုက်သည်။
ထို့နောက် သူက ဦးစွာ မေးမြန်းခြင်းပြုလိုက်၏။
“မိန်းကလေးရဲ့ လာရင်း အကြောင်းကိစ္စကို သိချင်ပါတယ်...”
“ကျွန်မက...၊ နန်းတော်သခင်နဲ့ တွေ့ချင်တာ...”
ကျစ်ဟန်ယွဲ့က လိုရင်းကိုသာ ဆိုလိုက်၏။
ထိုစကားကြောင့် ထျန်းဟုန်က အံ့ဩသွားသော်လည်း ချက်ချင်းဆိုသလို အတွေးများစွာ ဝင်ရောက်လာသည်။
‘လင်းထျန်းဘုံမှာ ရှောင်ဟွမ်းက ကျော်ကြားလာပြီဆိုတာကို သူ့ကိုလာရှာတဲ့ မိန်းကလေးတွေက သက်သေပြနေတာပဲ...’
‘မဆိုးဘူး...၊ ဒီမိန်းကလေးရဲ့ ရုပ်ရည်အသွင်အပြင်က ခယ်မလေးဖြစ်ဖို့ အရည်အချင်းပြည့်မှီတယ်...’
‘နောက်ငါးနှစ်လောက်ဆို တူလေးတစ်ယောက်၊ တူမလေးတစ်ယောက်...၊ မဆိုးဘူး...ဟားဟား...’
ထျန်းဟုန်က ချက်ချင်းဆိုသလို လိုရာကိုသာ ဆွဲတွေးလိုက်၏။ တွေးရင်း အရူးတစ်ယောက်လိုရယ်မောမိသွားသည်။ သူ၏ အတွေးကမ္ဘာထဲမှ တော်တော်နှင့် ရုန်းထွက်နိုင်ပုံမရသေးချေ။
ထိုအဖြစ်အပျက်ကို ကျစ်ဟန်ယွဲ့က ကြည့်နေရင်း စွံ့အသွား၏။ သူမတို့၏ ရှေ့တွင် အရူး တစ်ယောက်လို ရယ်မောနေသည်။
‘ကျပ်မပြည့်တဲ့ကောင်ကိုတောင် မဟာမိတ်ခေါင်းဆောင် ခန့်ထားတာ အံ့ဩတယ်...’
တိတ်တဆိတ် စောင့်ကြည့်နေသည့် ဟွမ်းက မနေနိုင်တော့ပဲ ထွက်ပေါ်လာရ၏။ ထိုအကောင်က အဘယ်ကြောင့် ရုတ်တရက် သောက်ရူးလိုဖြစ်သွားမှန်း နားမလည်နိုင်တော့ပေ။
“ကျုပ်ကို ဘာကိစ္စနဲ့ တွေ့ချင်တာလဲ...”
ကျစ်ဟန်ယွဲ့နှင့် ကျစ်ရှင်းယီ၏ အာရုံက ထျန်းဟုန်အပေါ်မှ ချက်ချင်း ရုတ်သိမ်းသွားကြသည်။
ထို့နောက် ဟွမ်းကို ကြည့်လိုက်ကြ၏။ သူမတို့နှစ်ဦးက ယခုမှ ဟွမ်းကို အနီးကပ်မြင်တွေ့မိလိုက်ချိန်တွင် ဟွမ်း၏ အသွင်ကြောင့် အလွန်မှင်သက်သွားကြသည်။
“နန်းတော်သခင်...”
ကျစ်ဟန်ယွဲ့က ချက်ချင်း အသိဝင်လာပြီးနောက် နှုတ်ဆက်လိုက်၏။ မဟာမိတ်ခေါင်းဆောင် မျက်နှာရူးနှင့် စာလျင်တော့ အများကြီး တည်ငြိမ်ကာ ကြည့်ကောင်းသည်။
ထို့နောက် သူမကိုယ်သူမ ဦးစွာ မိတ်ဆက်လိုက်၏။
“ကျွန်မက နတ်လိပ်ပြာမျိုးနွယ်ရဲ့ နယ်မြေဘုရင်ကျစ်ဟန်ယွဲ့ပါ...၊ ဒါက ကျွန်မရဲ့ တူမလေး ကျစ်ရှင်းယီပါ...”
“နတ်လိပ်ပြာမျိုးနွယ်လား...”
ဟွမ်းက အံ့ဩသွားကာ သံယောင်လိုက် ရေရွတ်မိသွား၏။
“ဘယ်လို...”
ထိုအသံကြားမှ ထျန်းဟုန်ကလည်း အိမ်မက်မှ လန့်နိုးလာသည့်အလား ထိတ်လန့်သွားသည်။
သူတို့နှစ်ဦး၏ တုန့်ပြန်မှုကြောင့် ကျစ်ဟန်ယွဲ့က အနည်းငယ် အံ့ဩသွား၏။ ထိုသို့ ပြင်းထန်သည့် တုန့်ပြန်မှုမျိုး ထွက်ပေါ်လာမည်ဟု မထင်ထားမိချေ။
ဟွမ်းက အံ့ဩမှုကို ချိုးနှိမ်လိုက်ပြီးနောက် လိုရင်းကိုသာ မေးလိုက်သည်။
“လာရင်းကိစ္စကို ပြောပါ...”
“ကျွန်မ...နန်းတော်သခင်ရဲ့ အကြီးဆုံးတပည့်အကြောင်းသိချင်လို့ပါ...”
ကျစ်ဟန်ယွဲ့က အလေးအနက်နှင့် ဆိုလိုက်၏။ ယွဲ့ဝူယောင်က ဟွမ်းရှန့်နန်းတော်မှ ထွက်ခွာချိန်တွင် ချည်းကပ်၍ မေးမြန်းစုံစမ်းရန် ကြံရွယ်ထားသော်လည်း တစ်ကြိမ်မျှပင် ထွက်မလာခဲ့ချေ။
အခြားတပည့်များက နယ်မြေအနှံ့သို့ လှည့်ပတ်ကာ တာဝန်များ လုပ်ဆောင်နေသော်လည်း သူမက တစ်ကြိမ်မှ မထွက်ခွာပေ။
ထိုအရာက သူမတို့ကို လမ်းဆုံးသို့ တွန်းပို့စေသည်။ သူမတို့တွင် ဟွမ်းရှန့်နန်းတော်သို့ လည်ပတ်သည်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။
ဟွမ်းက ကျစ်ဟန်ယွဲ့၏ စကားကို ကြားပြီးနောက်တွင် အလွန်အမင်း အံ့ဩဟန် မရှိတော့ချေ။
သူမ နတ်လိပ်ပြာ မျိုးနွယ်မှ ဖြစ်သည်ကို သိရှိလိုက်ပြီးနောက်တွင် ဆက်စပ် တွေးတော၍ ရသွား၏။
ယွဲ့ဝူယောင်၏ မိခင်ဖြစ်သူ ကျစ်ယွီတျယ်က နတ်လိပ်ပြာမျိုးနွယ်မှ ဖြစ်သည်။ ထို့ကြောင့် သူမတို့က ယွဲ့ဝူယောင်နှင့် ထူးခြားသည့် ဆက်နွယ်မှုကို ခံစားမိဟန်ပင်။
ဟွမ်းက အနည်းငယ်တွေးတောလိုက်၏။ သူမတို့ကို ယွဲ့ဝူယောင်နှင့် တွေ့ဆုံပေးရန် မခက်ခဲသော်လည်း ကျစ်ယွီတျယ်၏ သမီးဖြစ်သည်ကို သိရှိပါက မည်သို့ တုန့်ပြန်မည်မှန်း မသိရသေးချေ။
ထို့နောက် ဟွမ်းက ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် ကျစ်ဟန်ယွဲ့ကို ကြည့်ကာ ဆိုလိုက်၏။
“ယောင်အာနဲ့ တွေ့ခွင့်ပေးနိုင်တယ်...၊ ဒါပေမဲ့ ကျုပ်ရဲ့ တပည့်ကို ခက်ခဲအောင်ပြုလုပ်မယ် ဆိုရင်တော့ ခွင့်လွှတ်မှာ မဟုတ်ဘူး...”