အထွတ်မြတ်တည်ရှိမှုများ
Vol. 26 Ch. 382
ဟွမ်း၏ ပြတ်သားသည့် အသွင်ကြောင့် ကျစ်ဟန်ယွဲ့က အနည်းငယ် အံ့ဩသွားသည်။ ဟွမ်း၏ ဆိုလိုရင်းကို နားမလည်ပေ။
သူမတို့အနေနှင့် ယွဲ့ဝူယောင်ကို ခက်ခဲအောင် ပြုလုပ်စရာ အကြောင်းမရှိဟု တွေးထားမိ၏။
သို့သော် ဟွမ်းက အလေးနက် ပြောဆိုနေခြင်း ဖြစ်သောကြောင့် သူမက လက်ခံလိုက်သည်။
“စိတ်ချပါ...၊ နန်းတော်သခင်ရဲ့ တပည့်ကို အခက်အခဲ မဖြစ်စေရပါဘူး...”
ဟွမ်းက ကျစ်ဟန်ယွဲ့ထံမှ ကတိစကားကို ကြားလိုက်ရပြီးနောက် သူ၏ လက်ကို ဝှေ့ယမ်းလိုက်၏။
ထိုအချိန်တွင် မမြင်နိုင်သည့် စွမ်းအင်နှစ်ခုက သူမတို့နှစ်ဦးအပေါ် လွှမ်းခြုံသွားပြီးနောက် မဟာမိတ်ဌာနမှ ပျောက်ကွယ်သွားသည်။
ဟွမ်းရှန့်နန်းတော်တွင် ယွဲ့ဝူယောင်၏ ကျင့်ကြံမှုကို ကျန်းချီချီက ဂရုတစိုက် စစ်ဆေးပေးနေ၏။
“ခက်တာက ဒီနည်းစနစ်ကို ပေါ်ပေါ်ထင်ထင် အသုံးပြုခွင့် မရှိတာပဲ...”
ကျန်းချီချီက အနည်းငယ် စိတ်ပျက်အားလျော့နေသည့် လေသံနှင့် ဆိုလိုက်၏။
သူမ သင်ကြားပေးနေသည်မှာ နှင်းလစံအိမ်၏ နည်းစနည်ဖြစ်နေသည်။ ထို့ကြောင့် ဟွမ်းရှန့်နန်းတော်အတွင်းမှ လွဲ၍ ပြင်ပတွင် အသုံးပြုနိုင်ခြင်း မရှိသေးပေ။
မဟုတ်ပါက ယွဲ့ဝူယောင်၏ တိုက်ခိုက်မှု ခွန်အားက ယခုထက် နှစ်ဆခန့် မြင့်မားနေမည်ဖြစ်သည်။
“အစ်မချီချီ...၊ နှင်းလစံအိမ်က ဘယ်လို ခွန်အားမျိုး ရှိတာလဲ...”
ယွဲ့ဝူယောင်က နယ်မြေဘုရင်၏ အထက်အဆင့်ကို မသိရှိတော့သောကြောင့် မေးခွန်းထုတ်လိုက်မိ၏။ သူမ၏ ဆရာဖြစ်သူကလည်း ရှင်းပြထားခြင်း မရှိပေ။
“အစ်မလဲ လင်းထျန်းဘုံက မထွက်ခွာဖူးတော့ အတိအကျ မသိဘူး...၊ နယ်မြေဘုရင်ရဲ့ အထက်အဆင့်ဆိုရင် အာကာသထဲမှာ သွားလာနိုင်စွမ်းရှိတယ်တဲ့...”
ကျန်းချီချီက တွေဝေစွာ ဆိုလိုက်၏။ သူမ၏ ဖခင်ကလည်း ထိုအကြောင်းနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းပြဖူးချင်း မရှိချေ။
ထို့နောက် တစ်စုံတစ်ခုကို စဉ်းစားမိသွားဟန်နှင့် အကြံပေးလိုက်၏။
“မင်းရဲ့ ဆရာကို မေးကြည့်သင့်တယ်...၊ သူသိရင် သိနိုင်မှာ...”
“မေးကြည့်ရမယ်...”
ယွဲ့ဝူယောင်လည်း နားလည်ဟန်နှင့် ခေါင်းညိတ်လိုက်၏။ သူမ၏ ဆရာ မသိသည့်အရာ မရှိသလောက်ပင်။
သို့သော် သူမတို့၏ လေ့ကျင့်ရေးကွင်းသို့ ဝင်ရောက်လာသည့် ဟွမ်း၏ ခြေလှမ်းများက ‘တုန့်ခနဲ’ ရပ်တန့်သွားရသည်။
နယ်မြေဘုရင်အထက်တွင် မည်သည့် အဆင့်ရှိနေသည်ကို သူမသိပေ။ ထို့အပြင် ဝိညာဉ် သန္ဓေသားကိုပင် ဖော်ဆောင် နိုင်ခြင်း မရှိသေးသူဖြစ်၏။
“ဆရာ...”
ယွဲ့ဝူယောင်က ဟွမ်းကို သတိထားမိသွားသောကြောင့် နှုတ်ဆက်လိုက်၏။ သို့သော် သူ၏ နောက်တွင် မမြင်ဖူးသည့် အမျိုးသမီးနှစ်ဦး လိုက်ပါလာသည်ကို တွေ့လိုက်ရသည်။
ယွဲ့ဝူယောင်အတွက် အနည်းငယ် ထူးဆန်းသွား၏။
သို့သော် ကျန်းချီချီက ဖုံးကွယ်ထားသည့် ကျစ်ဟန်ယွဲ့၏စွမ်းအင် တစ်စွန်းတစ်စကို ခံစားမိသွားသောကြောင့် အတိအကျ မဟုတ်သော်လည်း မှန်းဆချက်တစ်ချို့ ပေါ်ထွက်လာသည်။
ထိုအချိန်တွင် ကျစ်ဟန်ယွဲ့၏ မိတ်ဆက်စကားကြောင့် ယွဲ့ဝူယောင်၏ ခန္ဓာကိုယ်လေးက တုန်လှုပ်သွား၏။
နတ်လိပ်ပြာမျိုးနွယ်ဟူသည်ကို သူမ၏ မိခင်ထံမှ ကြားခဲ့ဖူးသည်။ ယခုတွင် နတ်လိပ်ပြာမျိုးနွယ်ဝင်များ ရောက်ရှိလာမှုက အလွန်အမင်း မှင်သက်ရသည်။ ထိုသို့ ရောက်ရှိလာမည်ဟု မမျှော်လင့် ထားပေ။
သို့သော် တခဏအတွင်း သူမ၏ အသွင်က ပြန်လည် တည်ငြိမ်သွား၏။
ကျစ်ဟန်ယွဲ့က ယွဲ့ဝူယောင်၏ အမူအယာကို အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။ သို့သော်လည်း မိတ်ဆက်စကားဆိုပြီးနောက် သူမက အနည်းငယ် အလောတကြီးဖြစ်နေသည့်အလား တောင်းဆိုလိုက်၏။
“မိန်းကလေးယွဲ့...၊ စိတ်မရှိရင် မင်းရဲ့ စွမ်းအင်တစ်ချို့ကို စစ်ဆေးခွင့်ပေးနိုင်မလား...”
“ရှင်...၊ ဒါက..”
ယွဲ့ဝူယောင်က အံ့အားသင့်သွား၏။
“တောင်းပန်ပါတယ်...၊ ငါက အလောတကြီး ပြုမှုမိသွားတယ်..”
ကျစ်ဟန်ယွဲ့က ထိုအချိန်မှ သတိကပ်မိသွားကာ အားနာမိသွားသည်။ သူမ၏ အပြုအမူက အနည်းငယ် လွန်ကျုးသွား၏။
သို့သော် သူမ၏ အပြစ်ဟု မဆိုသာပေ။ အကြောင်းမှာ ယွဲ့ဝူယောင်နှင့် မျက်နှာချင်းဆိုင်မိခိုက်တွင် သူမ၏ မျိုးဆက်သွေးစွမ်းအင်ချင်း ရင်းနှီးကျွမ်းဝင်မှုက ပိုမိုသိသာလာသော ကြောင့်ပင်။
“ကျွန်မ...”
ယွဲ့ဝူယောင်က တွေဝေသွား၏။ ကျစ်ဟန်ယွဲ့က သူမ၏ မိခင်ဖြစ်သူနှင့် ဆက်နွယ်နေမှန်း သဘောပေါက်သွားပြီး ဖြစ်သည်။ သို့သော် သူမအကြောင်း သိရှိသွားပါက မည်သို့ သဘောထားမည်မှန်း သေချာ မသိရပေ။
သူမက အကြံတောင်းလိုသည့် အသွင်နှင့် ဟွမ်းကို ကြည့်လိုက်မိ၏။
“မင်း...စိတ်ဆန္ဒ ဆုံးဖြတ်လို့ရတယ်...၊ တစ်ခုခုဖြစ်လာရင် ဆရာက နတ်လိပ်ပြာမျိုးနွယ်တစ်ခုလုံးဆီကနေ ဖြေရှင်းချက်တောင်းမယ်...”
ဟွမ်းက တည်ငြိမ်သည့် လေသံနှင့်သာ ဆိုလိုက်၏။
သို့သော် ဟွမ်း၏ စကားကြောင့် ကျစ်ဟန်ယွဲ့က တုန်လှုပ်သွားရသည်။ ထိုသူက ဤမျှ ခက်ထန်မည်ဟု မထင်ထားခဲ့ပေ။
“ဟုတ်ကဲ့ပါဆရာ...”
ယွဲ့ဝူယောင်က ဟွမ်း၏ စကားကြောင့် ဆုံးဖြတ်ချက် ချလိုက်ပြီးဖြစ်သည်။
ထို့နောက် ဟွမ်းက သူမတို့၏ စကားဝိုင်းကို ဆက်လက် နားထောင်ခြင်း မရှိတော့ပဲ ထွက်ခွာသွား၏။
ဟွမ်းရှန့်နန်းတော်အတွင်းဖြစ်နေသည့်အပြင် ကျန်းချီချီလည်း ရှိနေခြင်းကြောင့် စိတ်ပူစရာမရှိချေ။
ထို့အပြင် သူမတို့ လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ရန် ထားရစ်ခဲ့ခြင်း ဖြစ်သည်။
သူ့အနေနှင့်က လုပ်ဆောင်စရာတာဝန်တစ်ခုပေါ်ထွက်လာ၏။ ၎င်းက နယ်မြေဘုရင်၏ အထက်အဆင့်က မည်သည့်အရာဖြစ်သည်ကို သိရှိစေရန်ပင်။
ထို့ကြောင့် ပြင်ပဂြိုဟ်မှလာသည့် ရှင်းချန်ဖုန်းကို မေးမြန်းရမည်ဖြစ်သည်။ မဟုတ်ပါက တပည့်များရှေ့တွင် မျက်နှာ ပျက်ရပေမည်။
သူက တခဏအတွင်း နတ်ဘုရားချုပ်နှောင်ခြင်း ဗိမာန်သို့ ရောက်ရှိသွားသည်။
“အရှင်...ရောက်ရှိလာပြီလား...”
ကျို့ယင်က ချိုမြနေသည့် လေသံနှင့် နှုတ်ခွန်းဆက်လိုက်၏။ သူ၏ ဘေးတွင် ရှင်းချန်ဖုန်းလည်း ရှိနေသည်။ သူ၏ အမူအယာသည်တော့ ကပ်ဖားယပ်ဖား မလုပ်လိုသည့်အလားပင်။
ရွှမ်းလင်က သူတို့နှစ်ဦးကို အလွှာသုံးလွှာအထိ လွပ်လပ်စွာ သွားလာခွင့်ပေးထားသောကြောင့် ပျော်ရွင်နေမိကြ၏။ မဟုတ်ပါက ပထမအလွှာတွင်သာ ရှိနေရပြီး မွန်းကြပ်သည်ဟု ခံစားမိကြသည်။
“ဒါက ဘယ်နေရာတုန်း...”
ဟွမ်းက ဗိမာန်၏ ပြောင်းလဲမှုကို အံ့ဩလွန်း၍ စွံ့အနေမိ၏။
ယခင်က မှိုင်းပြပြအလင်းရောင်သာ ရှိခဲ့ပြီး တည်နေရာတစ်ခုလုံးက မွန်းကြပ်စေသည့် ခံစားချက်မျိုးကို ပေးစွမ်းသည်။
သို့သော် ယခုတွင် အလင်းရောင်က တောက်ပနေပြီး သေခြင်းအငွေ့အသက်များက ထူထူထည်းထည်း မရှိတော့ပေ။ ထို့အပြင် အလွှာတိုင်းတွင်လည်း ပြိုးပြိုးပျက်ပျက် အလင်းများနှင့်တောက်ပနေ၏။
ရက်ပိုင်းမျှနှင့် ဤမျှပြောင်းလဲသွားမည်ဟု မထင်ထားခဲ့ပေ။
“ဒါကို သခင်မက အချိန်ပေးပြီး ပုံဖော်ထားတာပါ...”
ဟွမ်း၏ အသွင်ကြောင့် ကျို့ယင်က ရှင်းပြလိုက်ပြန်၏။
ဟွမ်း “...”
‘ချုပ်နှောင်ခြင်းပါတဲ့ ဗိမာန်က နေချင်စဖွယ်ဗိမာန်ဖြစ်နေပြီ...’
ဟွမ်းက စိတ်ဓာတ်ကျသွား၏။ အဘယ်ကြောင့် မပျင်းမရိ ဤသို့ ပြုလုပ်လိုက်သည်မှန်း နားမလည်နိုင်ပေ။
ထို့နောက် ဗိမာန်ကို အာရုံမစိုက်တော့ပဲ ရှင်းချန်ဖုန်းကို ကြည့်လိုက်၏။
“မင်းကို မေးစရာရှိတယ်...”
“ဘာမေးချင်တာလဲ...”
ရှင်းချန်ဖုန်းက အောက်ကျို့ရန် အတော်ခက်ခဲနေဟန်ရသည်။ ထိုအချိန်တွင် ကျို့ယင်က စူးရှသည့် အကြည့်နှင့် ကြည့်လိုက်၏။
ရှင်းချန်ဖုန်းက အနည်းငယ် တုန်ယင်သွားပြီးနောက် စကားသံကို ပြောင်းလဲလိုက်သည်။
“မေးလိုရာမေးပါ အရှင်...”
“နယ်မြေဘုရင်ရဲ့ အထက်မှာ ဘာအဆင့်ရှိလဲ...”
ဟွမ်းက လိုရင်းကိုသာ မေးလိုက်တော့၏။
ရှင်းချန်ဖုန်းက ခက်ခဲသည့် အရာမဟုတ် သောကြောင့် အလျင်အမြန် အဖြေပေးလိုက်သည်။
“နယ်မြေဘုရင်အထက်မှာ ကြီးမြတ်သူ၊ အင်မော်တယ်၊ ရှေးဟောင်းအင်မော်တယ်ဆိုပြီး အဆင့်ကြီး သုံးခုရှိတယ်...”
“ရှေးဟောင်းအင်မော်တယ်တွေက ရှားပါးလွန်းတဲ့ တည်ရှိမှုတွေ၊ ကျုပ်ကြားဖူးသလောက်ဆို အထွတ်အမြတ် တည်ရှိမှု လေးဦးပဲ အဲ့ဒီအဆင့်ကို ရောက်ရှိနေတာ...”
“အထွတ်အမြတ်တည်ရှိမှုလား...အဲ့ဒါက ဘယ်သူတွေလဲ...”
ဟွမ်းက သတင်းအချက်အလက်များကို ဆက်လက်မေးမြန်းလိုက်သည်။
ရှင်းချန်ဖုန်းက သူသိသမျှကို ပြန်လည် ရှင်းပြလိုက်၏။
“သူတို့က ရွှမ်းဝူအရှင်မြတ်၊ ပိုင်ဟူအရှင်မြတ်၊ ချင်းလုံအရှင်မြတ်နဲ့ ဖုန့်ဟွမ်အရှင်မြတ်တို့ပဲ...”
ထို့နောက် ရွှမ်းဝူအရှင်မြတ်က လိပ်နက်ဗိမာန်၏ အရှင်သခင်ဖြစ်ပြီး ပိုင်ဟူအရှင်မြတ်က ကျားဖြူဗိမာန်၏ အရှင်သခင်ဖြစ်ကြောင်း ရှင်းပြလိုက်သည်။
ထို့အပြင် သူတို့လက်ရှိတည်နေရာက မိုးပြာနဂါးဗိမာန်၏ အရှင်စသခင်ဖြစ်သည့် ချင်းလုံအရှင်မြတ်၏ လက်အောက်တွင်တည်ရှိနေကြောင်း ရှင်းပြလိုက်၏။
ထို့အပြင် ဖုန့်ဟွမ်အရှင်မြတ်၏ လက်အောက်တွင် မည်သည့် ဂြိုဟ်မျှ ထိန်းသိမ်းထားခြင်း မရှိသော်လည်း လောကကြီးကို ကာကွယ်မှုပြုနေကြောင်းရှင်းပြပြောဆိုလိုက်သည်။
“သူတို့က ဒီလောကကြီးရဲ့ ရှုထောင့်တစ်ခုစီကနေ တာဝန်ယူပြီး ကာကွယ်ထားကြတယ်...”