နှုတ်ဆက်ခြင်း
Vol. 26 Ch. 383
“မင်း...မင်းက...တကယ်ပဲ ယွီတျယ်ရဲ့သမီးပဲ...”
ကျစ်ဟန်ယွဲ့က အံ့ဩတုန်လှုပ်သည့် လေသံနှင့် ရေရွတ်မိသွား၏။ သူမ၏ ခန္ဓာကိုယ်ပင် အလွန်အမင်း တုန်ယင်နေသည်။
ကျစ်ယွီတျယ်က သူမနှင့် ညီမ တော်စပ်သူဖြစ်ပြီး တစ်ချိန်က အမှောင်ဝိညာဉ်မျိုးနွယ်က အန့်လျန်နှင့် နေရာချထားရန် နတ်လိပ်ပြာမျိုးနွယ်အကြီးအကဲနှင့် မျိုးနွယ်ခေါင်းဆောင်က ဆောင်ရွက်ခဲ့ကြ၏။
ထိုစဉ်က သူမက ကန့်ကွက်ခဲ့သော်လည်း မျိုးနွယ်ခေါင်းဆောင်၏ စကားကို လွန်ဆန်နိုင်ခြင်း မရှိခဲ့ပေ။
ထို့ကြောင့်ပင် ကျစ်ယွီတျယ်က နတ်လိပ်ပြာမျိုးနွယ်မှ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။
နောက်ပိုင်းတွင် ကျစ်ယွီတျယ်ကို နေရာအနှံ့ရှာဖွေခဲ့ကြသော်လည်း သတင်းအစအနပင်မရခဲ့ချေ။
ထို့အတူ အမှောင်ဝိညာဉ်မျိုးနွယ်မှလည်း အန့်ယွမ်နှင့် အန်လျန်တို့လည်း ပျောက်ကွယ်သွားသည်ဟု ကြားသိခဲ့ရသည်။
ထိုအချင်းအရာအတွက် မျိုးနွယ်ကြီးနှစ်ခုက အကြိတ်အခဲ ဖြစ်ခဲ့ကြသော်လည်း ပေါ်ပေါ်ထင်ထင် ဆန့်ကျင်မှု ပြုကြခြင်းတော့ မရှိခဲ့ချေ။
အခြားနယ်မြေဘုရင်များရှိသည့် မျိုးနွယ်များမှ ဝင်ရောက်အခွင့်ကောင်းယူမည်ကို စိုးရိမ်သောကြောင့်ပင်။
သို့သော် ဆက်ဆံရေးကတော့ တင်းမာသွားကြ၏။
ယခု ကျစ်ဟန်ယွဲ့အနေနှင့် ယွဲ့ဝူယောင်က ကျစ်ယွီတျယ်၏ သမီးဖြစ်ကြောင်း သိရှိလိုက်ချိန်တွင် တည်ငြိမ်မှုက ပျက်ယွင်းသွားခဲ့သည်။
ထို့နောက် သူမက ကျစ်ယွီတျယ်ကို မတွေ့ရှိသောကြောင့် အလျင်စလိုမေးမိသွား၏။
“သူမကရော...”
ယွဲ့ဝူယောင်၏ အသွင်က အနည်းငယ် စိတ်ပျက်သွားဟန်နှင့် ခေါင်းခါယမ်းပြလိုက်သည်။ သူမက နှုတ်မှ ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိပေ။
ထိုအချိန်တွင် ကျစ်ဟန်ယွဲ့၏ မျက်ဝန်းများမှ မျက်ရည်များ စီးကျလာခဲ့သည်။ တစ်လျှာက်လုံး ကျစ်ယွီတျယ်နှင့် တစ်ချိန်ချိန် ပြန်တွေ့နိုင်မည်ဟူသည့် မျှော်လင့်ချက်နှင့် ဖြတ်သန်းလာခဲ့ခြင်းဖြစ်၏။
သို့သော် ထိုသို့ မဖြစ်နိုင်တော့ချေ။ ကျစ်ဟန်ယွဲ့က မလှုပ်မယှက် ငြိမ်သက်သွားတော့သည်။
တစ်ဖက်ရှိ ကျန်းချီချီက ထိုအချင်းအရာများ အတွက် စိတ်မကောင်းဖြစ်မိသွား၏။ အနည်းဆုံးတော့သူမက မိဘဖြစ်သူများနှင့် နေထိုင်ခွင့်ရခဲ့သေးသည်။ သို့သော် ယွဲ့ဝူယောင်ကတော့ ငယ်စဉ်ကတည်းကပင် အထီးကျန်ဆန်စွာ ကြီးပြင်းလာရသူဖြစ်သည်။
“ဝူယောင်...၊ ငါတို့ နတ်လိပ်ပြာမျိုးနွယ်ကို လိုက်ခဲ့...”
ကျစ်ဟန်ယွဲ့က သတိကပ်လာပြီးနောက်တွင် ယွဲ့ဝူယောင်ကိုကြည့်ကာဆိုလိုက်၏။ ကျစ်ယွီတျယ် မရှိတော့လျင်တောင် သူမ ချန်ရစ်ထားခဲ့သည့် ယွဲ့ဝူယောင်ကို စောင့်ရှောက်ပေးရမည်ဖြစ်သည်။
“ကျွန်မ...၊ မလိုက်ဘူး...”
ယွဲ့ဝူယောင်က စဉ်းစားမှုပင် မပြုပဲ ပြတ်ပြတ်သားသား ငြင်းဆိုလိုက်၏။ သူမအနေနှင့် လဲ့အိမ်တော်တွင် နေထိုင်ပြီးချိန်မှစ၍ သူမနှင့် သင့်လျော်ခြင်း မရှိသည့် နေရာများတွင် နေထိုင်လိုခြင်း မရှိပေ။
ကျစ်ဟန်ယွဲ့ထံမှ စိတ်ရင်းမှန်သည့် ခံစားချက်မျိုး ရရှိနေသော်လည်း မျိုးနွယ်ကဲ့သို့ နေရာမျိုးတွင် များပြားလှသည့် ကျင့်ကြံသူများစွာနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
ထိုအရာက သူမအတွက် အဆင်ပြေမည်မဟုတ်ပေ။
“ဒါက...”
ကျစ်ဟန်ယွဲ့က အံ့ဩသွား၏။ ထိုသို့ ယတိပြတ် ငြင်းဆန်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူမက အကျိုးအကြောင်းရှင်းပြကာ လက်ခံလာအောင် ပြုလုပ်ချင်သော်လည်း ယွဲ့ဝူယောင်၏ အသွင်က အလွန်ပြတ်သားနေသည်။
ထို့နောက် ကျစ်ဟန်ယွဲ့က သူမ အလောကြီးစွာ လုပ်ဆောင်၍ မရကြောင်းကို တွေးမိသွား၏။ မည်သို့ပင်ဖြစ်စေ ယွဲ့ဝူယောင်အတွက် အချိန်ပေးရဦးမည်ဖြစ်သည်။
နတ်ဘုရားချုပ်နှောင်ခြင်း ဗိမာန်တွင် ဟွမ်းက ရှင်းချန်ဖုန်းထံမှ အချက်အလက်များကို မှတ်သားနေ၏။
ထို့အပြင် အထွတ်အမြတ်တည်ရှိမှုများ အကြောင်း ကြားသိရပြီးချိန်တွင် ထိုသူများနှင့် တွေ့ဆုံချင်မိလာသည်။
ထို့ကြောင့် ဟွမ်းက ဆက်လက်မေးခွန်းထုတ်လိုက်၏။
“အဲ့ဒီသူတွေကို တွေ့ချင်ရင် ဘယ်မှာ သွားပြီး ရှာဖွေရမလဲ...”
“သူတို့ကို ကျုပ်တို့လိုသာမာန်တည်ရှိမှုတွေက တွေ့ဆုံနိုင်ခြင်း မရှိဘူး...”
“အနီးစပ်ဆုံးဖြစ်တဲ့ မိုးပြာနဂါးဗိမာန်တောင် သူတို့ ခွင့်ပြုချက် မရှိပဲ ဗိမာန်ထဲ ဝင်ရောက်နိုင်စွမ်း မရှိဘူး...”
ရှင်းချန်ဖုန်းက အတိအကျပြောဆိုလိုက်၏။ ထိုအကြောင်းအရာများက ရှေးယခင်ကတည်းက လက်ဆင့်ကမ်းလာသည့် အရာများဖြစ်သော်လည်း ယခုအချိန်အထိ ရှေးဟောင်းအင်မော်တယ်များကို မြင်တွေ့ဖူးခြင်း မရှိသေးချေ။
“အဲ့ဒီလောက် လျှို့ဝှက်တာလား...”
ဟွမ်းက အံ့ဩမိသွား၏။ အကောင်အထည်ဖော်ပြခြင်း မရှိသော်လည်း နာမည်နှင့်တင် လွှမ်းမိုးထားနိုင်သည်။
“ရှေးအချိန်တုန်းက ကြီးမားတဲ့ တိုက်ပွဲကြီး ဖြစ်ပွားခဲ့ဖူးတယ်လို့ မှတ်တမ်းတစ်ချို့ရှိတယ်...၊ ဒါပေမဲ့ အတိအကျ ရေသားထားတာ မဟုတ်တော့ အဖြစ်အပျက်တွေအားလုံးကို မသိရဘူး...”
“အဲ့ဒီနောက်မှာ ရှေးဟောင်းအင်မော်တယ်တွေ ပျောက်ကွယ်သွားပြီး ဒီလောကကြီးက ဆုတ်ယုတ်လာခဲ့တာ...”
ရှင်းချန်ဖုန်း ဤမျှအထိ သိရှိနေခြင်းက ကြယ်ပြာစံအိမ်တွင် ရာထူးမြင့် တစ်ဦးဖြစ်နိုင်မည်ဟု တွေးမိသွားသည်။ သူ၏ အချက်အလက်များက မတိကျသော်လည်း အတော်များများ သိလိုက်ရ၏။
ဟွမ်းက လင်းရှု့ ပြောခဲ့သည့် စကားအချို့နှင့် ဆက်စပ်ပြီးနောက်တွင် ဤလောကတွင် ပေါ်ထွက်လာသည့် အင်အားကြီး ရန်သူများအကြောင်းကို တွေးမိသွားသည်။
ထိုရန်သူကို အပြီးတိုင်ရှင်းလင်းနိုင်ခဲ့ခြင်း မရှိသေးပေ။ လင်းရှု့ကလည်း ထိုရန်သူများ ပြန်လည်နိုးထလာနိုင်သည်ဟု ဆိုခဲ့ဖူး၏။
သို့သော် ရန်သူက မည်သူဖြစ်သည်နှင့် မည်သို့ရင်ဆိုင်ရမည်ဆိုသည့် နည်းလမ်း သူ့တွင် သိရှိမနေချေ။
‘ငါ..မိုးပြာနဂါးဗိမာန်ကို ရှာတွေ့ဖို့ လိုနေပြီ...’
သို့မှသာ အကြောင်းစုံ ရှင်းလင်းသွားနိုင်သည်။ ဟွမ်းက လင်းထျန်းဘုံ၏ အခြေအနေများက တည်ငြိမ်လာပြီ ဖြစ်သောကြောင့် အခြားဂြိုဟ်များထံ သွားရောက်ရန် ဆုံးဖြတ်လိုက်၏။
ထို့နောက် ရွှမ်းလင်ရှိရာ ငါးလွှာမြောက်သို့ ဝင်ရောက်လိုက်သည်။ ထိုအချိန်တွင် ရွှမ်းလင်၏ ဝိညာဉ်က လွင့်မြောနေဟန်ရှိပြီး သူမ၏ စွမ်းအင်များက ဗိမာန်တစ်ခုလုံးကို လွှမ်းခြုံရန် ကြိုးစားနေ၏။
သူမ ထံမှ သေခြင်းစွမ်းအင်များက အမျှတန်းများ အဖြစ်ပြောင်းလဲသွားကာ ဗိမာန်၏ အထပ်တိုင်းကို ကွန်ယက်သဖွယ် ပြုလုပ်နေသည်။
“သူမက ထင်ထားတာထက် ကြိုးစားတာပဲ...”
ဟွမ်းက သူမ၏ လုပ်ဆောင်မှုများကို တိတ်တဆိတ် စောင့်ကြည့်နေပြီး ဗိမာန်၏ အပြောင်းလဲများကို စစ်ဆေးကြည့်နေသည်။
ရွှမ်းလင်က ဝိညာဉ်ခန္ဓာကိုယ်သာ ရှိသော်လည်း တဖြည်းဖြည်းနှင့် လူသားခန္ဓာကိုယ်ကဲ့သို့ ပြောင်းလဲလာ၏။
ရက်အနည်းငယ်ကြာသည်အထိ ရွှမ်းလင်၏ လုပ်ဆောင်မှုက မပြီးဆုံးသေးသောကြောင့် ဟွမ်းက ဗိမာန် အတွင်းမှ ထွက်ခွာလာသည်။
ထိုအချိန်တွင် ကျစ်ဟန်ယွဲ့တို့၏ တည်ရှိမှုကို မခံစားမိတော့ပေ။ ယွဲ့ဝူယောင်က လေ့ကျင့်မှုတွင်သာ အာရုံစိုက်နေသည်ကို တွေ့လိုက်ရသည်။
ထို့နောက် သူက ဂိုဏ်းချုပ်လေးဦးနှင့် ထျန်းဟုန်တို့ကို ခန်းမတွင် စုဝေးရန် ခေါ်ဆောင်လိုက်၏။ နန်းတော်၏ ခန်းမတွင် ဟွမ်း၏ တပည့်များလည်း ရောက်ရှိနေကြသည်။
“နန်းတော်သခင်...၊ ဘာအကြောင်း ကိစ္စရှိလို့ပါလဲ...”
အရေးကြီး ကိစ္စဟုတ်လျှင် အားလုံးကို စုဝေးမည်မဟုတ်ကြောင်း သိရှိထားသည်။
“ကျုပ်...၊ တစ်ခြားဂြိုလ်တွေဆီကို သွားရမယ့် အကြောင်းပေါ်ပေါက်လာလို့ လင်းထျန်းဘုံကနေ ခဏ ထွက်ခွာသွားရလိမ့်မယ်...”
ဟွမ်းက အားလုံးကိုတစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။
“ဘယ်လို...”
ခန်းမအတွင်းရှိ ကျင့်ကြံသူများ အားလုံးက အံ့ဩသွားကာ အမူအယာ အမျိုးမျိုး ပြောင်းလဲသွားကြသည်။
“နန်းတော်သခင်...တကယ်ပြောတာလား...”
ယန်ကျီးဝေ့က မယုံနိုင်သည့်လေသံနှင့် မေးခွန်းထုတ်မိသွား၏။
ဟွမ်းက စိတ်မရှိသည့်အလား ခေါင်းညိတ်ကာ အတည်ပြုလိုက်သည်။
လင်းထျန်းနယ်မြေတွင် နယ်မြေဘုရင်နှစ်ဦး ရှိနေပြီဖြစ်သောကြောင့် အခြားမျိုးနွယ်ကြီးနှစ်ခုနှင့် အင်အားချင်း မျှခြေဖြစ်လာပြီဖြစ်၏။ ထို့ကြောင့် စိတ်ပူစရာမလိုတော့ချေ။
ထို့အပြင် ဝိညာဉ်နိုးထခြင်းသစ်သီးကို အသုံးပြုထားသည့် သူ၏တပည့်များအနေနှင့် နယ်မြေဘုရင်အဆင့်ကို အချိန်တိုအတွင်း ရောက်ရှိလာပေမည်။
နောင်တွင်လင်းထျန်းနယ်မြေက အခြားနယ်မြေများထက် အင်အားအရာ သာလွန်သွားမည်မှာ အမှန်ပင်။
တပည့်များအတွက်လည်း စိတ်ပူစရာမလိုတော့ချေ။
ထို့ကြောင့် သူက တပည့်များကို ထားရစ်ကာ ရှေ့ဆက်လုပ်ဆောင်ရမည့် တာဝန်များကို ထမ်းဆောင်ရပေမည်။
“ဆရာ...”
တပည့်ငါးဦးက အလွန်အမင်း ဝမ်းနည်းသွားကြသည်။ သူတို့၏ ဆရာက သူတို့မပါပဲ မည်သည့်နေရာမျှ မသွားချေ။ ယခုတွင်တော့ သူတို့ဆရာ၏ နောက်သို့ လိုက်ပါခွင့် မရတော့ချေ။
သို့သော် သူတို့၏ စိတ်တွင်း တိတ်တဆိတ်ဆုံးဖြတ်ချက်ချကာ နောင်တစ်ချိန် ဟွမ်း၏ နောက်သို့ သူတို့၏ ကိုယ်ပိုင်အစွမ်းအစနှင့် သွားရောက်နိုင်ရမည်ဟု ဆုံးဖြတ်ချက်ချလိုက်ကြသည်။