ရှန့်ယင်းမဟာမိတ်မြို့တော်
Vol. 26 Ch. 384
ကျယ်ပြောလှသည့် အာကာပြင်ကျယ်အတွင်း လေဟာနယ်ခွင်း ယာဉ်ပျံတစ်စင်းက အာကာသတွင်းနက်များကို ဖြတ်ကျော်ကာ ခရီးနှင်နေ၏။
“အရင်က ကမ္ဘာငယ်ရဲ့ တည်နေရာတွေကိုပဲ ကျယ်ပြောလှပြီလို့ ထင်ခဲ့တာ...”
ဟွမ်းက ယာဉ်ပျံအတွင်းမှ စစ်ဆေးကြည့်နေရင်း တီးတိုးရေရွတ်လိုက်၏။ သူ၏ မျက်စိတစ်ဆုံးတွင် ထူးခြားသည့် ရောင်စင်တန်းများက ကူးခတ်ပြေးလွှားနေသည်။
သို့သော် အချို့နေရာများတွင်တော့ မျက်စိတစ်ဆုံး အမှောင်ထုသာရှိသည့် တွင်းနက်များနှင့် ပြည့်နှက်နေ၏။
ဤအာကာပြင်ကျယ်တွင် ကျင့်ကြံသူများက မြူမှုန်တမျှသေးငယ်သွားစေသည်။
ဟွမ်းက အချိန်မဆွဲပဲ လင်းထျန်းဘုံမှ ထွက်ခွာလာခဲ့ပြီ ဖြစ်၏။ ဟွမ်းရှန့်နန်းတော်နှင့် ပတ်သက်၍ အရာအားလုံးကို စီမံပေးခဲ့ပြီးဖြစ်၏။ ထို့ကြောင့် သူက စိတ်ဖြောင့်ဖြောင့်နှင့် ထွက်ခွာလာနိုင်ခဲ့ခြင်း ဖြစ်သည်။
ဤမျှကျယ်ပြောသည့် အာကာပြင်ကျယ်တွင် ဟွမ်းက တစ်ကိုယ်တော်ရွက်လွင့်နေ၏။ သူ၏ အသွင်က အထီးကျန်ဖွယ်ကောင်းလှသည်။
သို့သော် ရှေ့တွင် ရင်ဆိုင်ရမည့်အရာများက သူ၏ တပည့်များ ပါဝင်ပတ်သက်စေလိုခြင်း မရှိပေ။
သူတို့အတွက် အကောင်းမွန်ဆုံးဖြစ်နိုင်မည့် လမ်းကြောင်းကို တည်ဆောက်ပေးခဲ့ပြီး ဖြစ်သည်။
သူတို့ကလည်း ကိုယ်ပိုင်ဘဝများနှင့် ရပ်တည်ကြရပေတော့မည်။ ထို့အပြင် သူတို့အတွက် တာဝန်အနေနှင့် ဟွမ်းရှန့်နန်းတော်ကို တိုးတက်လာအောင် ဆောင်ရွက်စေခဲ့၏။
ထို့နောက် သူ၏ လက်တွင်းရှိ နဂါးတစ်ကောင်၏ အသွင်ကို ထွင်းထုထားသည့် တံဆိပ်တုံးကို စစ်ဆေးကြည့်လိုက်သည်။
၎င်းကို ဟွားရှီးယင်က ပေးအပ်လိုက်ခြင်း ဖြစ်၏။ ထိုအရာက သူမတို့ မျိုးရိုးအစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်ခဲ့သော ရတနာဖြစ်ကာ ၎င်းကြောင့်ပင် ဟွားအိမ်တော်က ပြိုကွဲခဲ့ရခြင်း ဖြစ်သည်။
သို့သော် ဟွမ်းထွက်ခွာတော့မည့် အချိန်တွင် သူမက ဆုံးဖြတ်ချက် ချပြီးဟန်နှင့် ဟွမ်းကို ပေးခဲ့လိုက်ခြင်းဖြစ်သည်။
၎င်းထံမှ ရှေးကျသည့် အငွေ့အသက်များ ထွက်ပေါ်နေသော်လည်း အခြားထူးခြားချက် မရှိပေ။ မည်သို့ အသုံးဝင်သည်မှန်းလည်း မသိရချေ။
သို့သော် ဟွားရှီးယင်က မိုးပြာနဂါးဗိမာန်ကို ရှာဖွေတွေ့ရှိပါက အသုံးဝင်နိုင်သည်ဟု ဆိုခဲ့၏။
ခဏကြာကြည့်ရှုပြီးနောက် ဟွမ်းက တံဆိပ်တုံးကို သိမ်ဆည်းလိုက်သည်။
ထို့နောက် ရှင်းချန်ဖုန်း၏ ညွှန်ပြချက်အရ ရှန့်ယင်းမဟာမိတ်မြို့တော်သို့ သွားရောက်ရမည်ဖြစ်၏။
ရှန့်ယင်းမဟာမိတ်မြို့တော်က ကြီးမားသည့် ဂြိုဟ်တစ်ခုပေါ်တွင် တည်ရှိနေပြီး မိုးပြာနဂါးကြယ်နယ်မြေ၏ ဗဟိုချက်မြို့တော်ဖြစ်သည်။
ရှန့်ယင်းမြို့သို့ ဂြိုလ်အသီးသီးမှ ကျင့်ကြံသူများ လာရောက်လေ့ရှိကြပြီး ဂြိုလ်များစွာရှိ ထိပ်သီးကျင့်ကြံသူများ၏ စုဝေးရာ မြို့တော်ဖြစ်သည်။
ထို့အပြင် မိုးပြာနဂါးဗိမာန်မှ တမန်တော်များက ထိုနေရာသို့ တိတ်တဆိတ်လာ ရောက်တက်ကြ၏။
ထိုမျှမကသေး၊ သူတို့နှစ်သက်သည့် ပါရမီရှင်မျိုးတွေ့ရှိပါက ခေါ်ဆောင်သွားတက်သည်ဟု ဆိုသည်။
သို့သော် တမန်တော်များက ထင်ထင် ပေါ်ပေါ် နေထိုင်ကြခြင်းမရှိချေ။
ဟွမ်းက တစ်လခန့်မျှ အထီးကျန်စွာ ဖြတ်သန်းပြီးနောက် ရှန့်ယင်းမဟာမိတ်မြို့တော်၏ ပိုင်နက်အတွင်း ရောက်ရှိလာသည်။
ထို့နောက်သူက လေဟာနယ်ခွင်းယာဉ်ပျံကို သိမ်းဆည်းလိုက်ပြီးနောက် ရှန့်ယင်မြို့တွင်းသို့ ဦးတည်ကာ ဝင်ရောက်သွား၏။
ဟွမ်းက ပတ်ဝန်းကျင်ကို လေ့လာရင်း လူစည်ကားရာ နေရာများကို စစ်ဆေးခြင်း ပြုနေသည်။
‘တောင်တန်း.. တစ်ခုထက် အခြားတစ်ခုက ပိုမြင့်တက်တယ်ဆိုတာ အမှန်ပဲ...’
အကြောင်းမှာ နယ်မြေသခင်အများအပြားကို တွေ့မြင်နေရသောကြောင့်ပင်။ မြင့်မားသည့် နေရာသို့ ရောက်ရှိလာတိုင်း သူကြုံတွေ့ခဲ့ဖူးသည့် အထွတ်ထိပ်များက သာမန်အဖြစ်သာ တည်ရှိသွားသည်။
ထို့နောက် သူ၏ လာရောက်မှု အကြောင်းအရင်းကို အကောင်အထည်ဖော်ရန် ကြိုးစားလိုက်၏။
သူ၏ ရည်ရွယ်ချက်မှာ မိုးပြာနဂါးဗိမာန်မှ တမန်တော်ဆိုသူများနှင့် တွေ့လိုသောကြောင့်ပင်။
သို့သော် သူ၏ မျက်မှောင်ကြုတ်သွားမိ၏။ ရှန့်ယင်းမဟာမိတ်မြို့တော်က အကြီးမားဆုံး မြို့တော်ဟု သိရှိထားပြီးဖြစ်သော်လည်း ထင်သလောက် မကြီးမားဟု တွေးမိသွားသည်။
သူက သံသရများနှင့် လျောက်လှမ်းလာရင်း ရှေ့တွင် အဖွဲ့နှစ်ခုက တိုက်ခိုက်နေကြ၏။ အဖွဲ့နှစ်ခုဟုဆိုသော်လည်း ထိပ်ဆုံးမှ ကျင့်ကြံသူနှစ်ဦးသာ တိုက်ခိုက်နေကြခြင်းဖြစ်သည်။
ကျန်သူများက ထိုနှစ်ဦး၏ တိုက်ပွဲကို စောင့်ကြည့်နေကြခြင်းဖြစ်သည်။
“ကျွင်းဝမ်...၊ ဒီနှစ်အတွက် မင်းတို့ ကျွင်းအိမ်တော်က လက်လျော့လိုက်ကွ...”
သန်မာသည့် အသွင်နှင့် လူငယ်တစ်ဦးက အော်ဟစ်လိုက်ရင်း ကြီးမားကာ လေးလံလှသည့် ဓားကြီးနှင့် ရိုက်ချလိုက်သည်။
“ကလန်...”
ကျွင်းဝမ်ဆိုသည့် လူငယ်က သူကိုင်ဆောင်ထားသည့် ဓားရှည်နှင့် တားဆီးလိုက်ရာ သတ္တုချင်း ထိခတ်မှုကြောင့် မီးပွားများ ပေါ်ထွက်လာ၏။
ကျွင်းဝမ်ကလည်း ဒေါသတကြီး ပြန်ပြောလိုက်သည်။
“ချီစွေ့...၊ မင်းတို့ ချီအိမ်တော်က နောက်ဆုတ်သင့်တာ ကြာပြီကွ...”
“အဲ့ဒီစကားကို ငါ့ကို အနိုင်ယူနိုင်မှ ပြောကွ...”
ချီစွေ့က ဒေါသထွက်လာဟန်နှင့် ဓားကြီးနှင့် ခုတ်ပိုင်းလိုက်၏။
“ဟမ့်...”
ကျွင်းဝမ်ကလည်း ခေလှသူ မဟုတ်ပေ။ ရှည်လျားလွန်းသည့် ဓားကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်နိုင်နေပြီး ချီစွေ့၏ ကြမ်းတမ်းသည့် တိုက်ခိုက်မှုများကို အသာအယာ တုန့်ပြန်နေနိုင်သည်။
အချိန်ကြာမြင့်လာသော်လည်း သူတို့နှစ်ဦးအကြားတွင် အရှုံးနှင့် အနိုင် မဆုံးဖြတ်နိုင်သေးချေ။
“ဘယ်လို သောက်ရူးတွေပါလိမ့်...၊ လမ်းလယ်ခေါင်ပိတ်ပြီး ရန်ဖြစ်နေကြတာ...”
ဟွမ်းက စိတ်တွင်း ရေရွတ်လိုက်မိ၏။ သူက တိုက်ပွဲပြီးဆုံးမည့် အချိန်ကို စောင့်ဆိုင်းနေသော်လည်း နေ့ဝက်မျှ ကြာမြင့်သွားသည်အထိ အပြောင်းအလဲ မရှိသေးချေ။
ထို့ကြောင့် စိတ်မရှည်တော့သည့်အဆုံး အခြားလမ်းမှ ရှောင်ကွင်းသွားရန် ဆုံးဖြတ်လိုက်သည်။
သူက ယခုမှ ရှန့်ယင်းမြို့တော်သို့ ရောက်ရှိခြင်းဖြစ်၏။ ပြသနာများစွာ ရင်မဆိုင်လိုပေ။
သို့သော် အဖွဲ့နှစ်ခု၏ ကျင့်ကြံသူများထံမှ အကြည့်များက သူ့အပေါ်ကျရောက်လာသည်ကို ခံစားမိသွားသည်။
ထို့အတူ တိုက်ခိုက်နေကြသည့် လူငယ်နှစ်ဦးထံမှ ဒေါသတကြီး အော်ဟစ်သံကို ကြားလိုက်ရ၏။
“မင်း...ဘာပြောလိုက်တယ်ကွ...”
ဟွမ်း “...”
‘ငါ့စိတ်ထဲက ပြောလိုက်တာ မဟုတ်ဘူးလား...’
ဟွမ်းကိုယ်တိုင် စွံ့အသွား၏။ ထိုသူများ၏ တုန့်ပြန်ပုံအရ သူ၏ စိတ်တွင်းမှ ရေရွတ်လိုက်ခြင်း မဟုတ်မှန်း နားလည်သွားသည်။
ထိုလူငယ်နှစ်ဦးက သူထံသို့ ဒေါကြီးမောကြီးနှင့် အလျင်အမြန် ချည်းကပ်လာကြ၏။
‘သောက်ကျိုးနည်း...’
ဟွမ်းက နှုတ်ဖွာတတ်သူ မဟုတ်သော်လည်း အဘယ်ကြောင့် ထိုသို့ ပြောထွက်သွားသည်ကို နားမလည်နိုင်ပေ။
“ချွင်...”
အသွင်ကွဲပြားသည့် ဓားနှစ်လက်က သူ့ကို ချိန်ရွယ်လု နီးနီးဖြစ်လာသည်။
“မင်းဘယ်သူလဲကွ...၊ ချီအိမ်တော်ရဲ့ ကိစ္စကို ဝင်ရှုပ်ရဲတာလား...”
ချီစွေ့က ခက်ထန်သည့် လေသံနှင့် မေးခွန်းထုတ်လိုက်၏။
“ကျုပ်က...၊ ရှန့်ယင်းမြို့တော်ထဲ လှည့်ပတ်ကြည့်ရင်း မတော်တဆ တွေ့မိရုံ သက်သက်ပါပဲ...”
ဟွမ်းက ပြေရာပြေကြောင်းရှင်းပြလိုက်သည်။ သူ့အနေနှင့် လူငယ်များနှင့် အချင်းများကာ အချိန်မကုန်လိုပေ။
“လာနောက်နေတာလားကွ...၊ ဒီနေရာက ကျွင်းအိမ်တော်နဲ့ ချီအိမ်တော်ရဲ့ ပိုင်နက်ပဲ...၊ ဒါတောင် ရှန့်ယင်းမြို့တော်ကို လည်ပတ်တာဆိုပြီး လိမ်ညာရဲသေးတယ်လား...”
ကျွင်းဝမ်က ဒေါသတကြီး ပြောဆိုလိုက်၏။
“ဒါက...၊ ရှန့်ယင်းမဟာမိတ်မြို့တော် မဟုတ်ဘူးလား...”
ဟွမ်းက ထင်မှတ်မထားသည့် အဖြေကြောင့် အံ့ဩသွား၏။ သူ့အနေနှင့် ဤနေရာသို့ ရောက်ရှိလာစဉ်ကတည်းက ရှန့်ယင်းမြို့တော်ကို ရောက်ရှိပြီဟု တွေးထင်ထားခဲ့ခြင်း ဖြစ်သည်။
“မင်းပုံစံ ကြည့်ရတာ ဒီမြို့ကို အခုမှ ရောက်လာတဲ့ပုံပဲ...၊ ပြောစမ်း...၊ ဘယ်အိမ်တော်ကနေ သူလျှိုလာလုပ်တာလဲ...”
ချီစွေ့၏ မျက်ဝန်းများက လေးနက်သွားကာ ဟွမ်းကို စစ်စစ်ပေါက်ပေါက် မေးမြန်းလိုက်၏။
“ကောင်လေးတွေ...၊ ငါက ဒီမြို့ကမဟုတ်တာတော့ အမှန်ပဲ...၊ ငါ့ကို ရှန့်ယင်းမြို့တော်ကိုရောက်မဲ့ လမ်းကြောင်းကို ညွှန်ပြပေး...မင်းတို့ကို မနှောက်ယှက်တော့ဘူး...”
ဟွမ်းက ဖော်ရွေသည့် အပြုံးနှင့် ဆိုလိုက်၏။
“ဘာကွ...”
သို့သော် လူငယ်နှစ်ဦးက သူတို့ကို ကောင်လေးတွေဟု အခေါ်ခံ လိုက်ရသောကြောင့် ဒေါသမိုးမွှန်သွားကြ၏။
“ငါ့တို့ကို ကောင်လေးတွေလို့ ခေါ်ရအောင် မင်းကိုမင်း ဘယ်သူများ မှတ်နေလဲ...”
သူတို့က စိတ်မထိန်းနိုင်တော့ပဲ နယ်မြေဘုရင်အရှိန်အဝါများ ပေါ်ထွက်လာ၏။ ထို့နောက် လက်ထဲကဓားနှင့် ဟွမ်းကို ခုတ်ပိုင်းချလိုက်တော့သည်။
ဟွမ်းက ထိုနှစ်ဦး၏ တုန့်ပြန်ချက်ကြောင့် စိတ်ပျက်သွား၏။ လူငယ်များက ဤမျှအထိ ခက်ထန်လိမ့်မည်ဟု မထင်ထားမိပေ။
“ခက်တာပဲ...”