နတ်မိစ္ဆာများကျုးကျော်မှု
Vol. 26 Ch. 385
ကျွင်းဝမ်နှင့် ချီစွေ့က ဟွမ်းဆီခုန်ဝင်လာပြီးနောက် သူတို့၏ ဓားကို နယ်မြေဘုရင်တစ်ဦး၏ ခွန်အားအပြည့်ခုတ်ပိုင်းချက်နှင့် ခုတ်ချလိုက်သည်။
သူတို့၏ ဒေါသကို မထိန်းနိုင်တော့ချေ။ ထို့အပြင် သူတို့နှစ်ဦးက ဤမြို့ငယ်ကို တလှည့်စီ အုပ်ချုပ်ကြခြင်း ဖြစ်သော်လည်း ယခုတွင် အဝေမတည့်ကာ ရိုက်နှက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။
သို့သော်လည်း နှစ်ဦးသားတိုက်ပွဲမှ အနိုင်အရှုံး မပေါ်ခြင်းက အလွန်စိတ်ပျက်နေပြီဖြစ်သည်။
ယခုတွင် သူတို့၏ စိတ်ပျက်မှုကို ဖြေဖျောက်ရန် ဟွမ်းက အချိန်ကိုက် ရောက်ရှိလာ၏။ ထို့ကြောင့် သူတို့အတွက် ‘အတော်ပဲ’ဟု တွေးထင်မိသွားကြသည်။
သို့သော် သူတို့တွေးထားသလိုဖြစ်မလာခဲ့ချေ။
“ဘယ်လို...”
သူတို့နှစ်ဦး၏ မျက်ဝန်းများပြုးကျယ်သွားသည်။ အကြောင်းမှာ သူတို့၏ ဓားများက လေထုကိုသာ ခုတ်ပိုင်းမိသွားသောကြောင့်ပင်။
ဟွမ်းက သူ၏ ခန္ဓာကိုယ်ကို အသာယာလှည့်ကာ ရှောင်တိမ်းလိုက်ခြင်း ဖြစ်သည်။ သူတို့ဓားနှင့် အနည်းငယ်သာ ကွာဝေးသည့် နေရာတွင် ရှိနေ၏။
နှစ်ဦးသား မျက်မှောင်ကြုတ်သွားသော်လည်း အတိုင်အဖောက်ညီလှသည့် အလား ထပ်မံ တိုက်ခိုက်လိုက်ကြသည်။ မည်သို့ပင်ဖြစ်စေ သူတို့က နယ်မြေဘုရင်များသာ ဖြစ်၏။
ထို့ကြောင့် ယခုအကြိမ်တွင် အသေအချာအာရုံစိုက်ကာ တိုက်ခိုက်လိုက်သည်။
သို့သော် သူတို့ ဟန်ပြင်နေချိန် ဝမ်းဗိုက်မှ နာကျင်မှုကို ခံစားလိုက်၏။
“ဘုန်း...၊ ဘုန်း...”
ကျွင်းဝမ်နှင့် ချီစွေ့တို့၏ ခန္ဓာကိုယ်များက အရှိန်ဟုန်မြင့် ပျံသန်းသွားရ၏။
“အား...”
သူတို့နှစ်ဦးက နာကျင်လွန်းသောကြောင့် အော်ဟစ်မိသွားသည်။ ဝမ်းဗိုက်မှ ‘တဆစ်ဆစ်’ နာကျင်မှုကို ခံစားနေရသည်။ သူတို့နှစ်ဦးက ဝမ်းဗိုက်ကို ဖိနိပ်ထားကာ လှုးလှိမ့်နေကြ၏။
“ကြီးမြတ်သူလား...”
လူငယ်နှစ်ဦးက အလွန်အမင်း ထိတ်လန့်သွားကြသည်။
သူတို့နှစ်ဦး၏ တိုက်ခိုက်မှုကို အသာယာတုန့်ပြန်နိုင်သူများမှာ ကြီးမြတ်သူများသာ ရှိ၏။ ထိုအကြောင်းကို တွေးမိရင် တုန်ယင်သွားကြသည်။
“မင်းတို့နှစ်ယောက်...၊ စကားအကောင်းပြောလို့ရပြီလား...”
ဟွမ်း၏ လေသံက အနည်းငယ်တင်းမာသွား၏။ အစောကအထိ သူတို့အတွက် အခွင့်အရေး ပေးခဲ့ပြီး ဖြစ်သည်။ သူ့ကို အတင်းအကြပ် တိုက်ခိုက်ခဲ့သောကြောင့် တုန့်ပြန်လိုက်ခြင်းဖြစ်၏။ မဟုတ်ပါက ရှေ့သို့ ရောက်နိုင်မည်မဟုတ်ပေ။
သို့သော် သူ၏ ခွန်အားကို အပြည့်အဝ အသုံးပြုခဲ့ခြင်း မရှိချေ။ မဟုတ်လျှင် ထိုလူငယ်များ ဒုက္ခရောက်သွားနိုင်ပေမည်။
“ကြီးမြတ်သူအရှင်...၊ ကျုပ်တို့ မသိလို့ စော်ကားခဲ့မိပါတယ်...”
လူငယ်နှစ်ဦးက ပြာပြာသလဲထလာကာ ပြောဆိုလိုက်၏။ ထိုလူငယ်ကို မောက်မာသူဟု ထင်ထားသော်လည်း သူတို့ကိုပင် ကြက်ကလေးငှက်ကလေး ရိုက်သလိုရိုက်နှက်သွားသည်။
သူတို့က တုန်လှုပ်မှုကို ခံစားနေရ၏။
“ဒါက...၊ ရှန့်ယင်းမဟာမိတ်မြို့တော် မဟုတ်ဘူးလား...”
ဟွမ်းက စကား ကောင်းကောင်း ပြောဆို၍ ရပြီဟု တွေးမိကာ သူ၏ လိုရင်းကို မေးလိုက်သည်။
“ကြီးမြတ်သူအရှင်...၊ ဒါက ရှန့်ယင်းမဟာမိတ်ဂြိုဟ်က မှန်ပါတယ်...၊ ဒါပေမဲ့ မဟာမိတ်မြို့တော်ကို သွားချင်တာဆိုရင် ရက်အနည်းငယ်လောက်သွားရဦးမှာပါ...”
ချီစွေ့က အကျိုးအကြောင်းရှင်းပြလိုက်၏။
ရှန့်ယင်းမဟာမိတ်မြို့တော်က ကျယ်ပြန့်လှသည်။ ဤနေရာက အစွန်အဖျားမြို့ငယ်များသာ ဖြစ်ကြောင်း ရှင်းပြ၏။
“ကြီးမြတ်သူအရှင်က အခုမှ မဟာမိတ်မြို့တော်ကို လာရောက်ဖူးတာထင်တယ်...၊ အရှင်...လိုအပ်ရင် ကျုပ်တို့က လမ်းပြပေးနိုင်ပါတယ်...”
ကျွင်းဝမ်၏ ပြောင်းလဲသွားသည့် လေသံက ပျားသကာ လူးထားသည့်အလား ချိုမြနေ၏။
ဟွမ်းက ထိုစကားများကြောင့် သူတို့နှစ်ဦးကို စေ့စေ့စပ်စပ်ကြည့်လိုက်သည်။ ပြောင်းလဲမှုက မြန်လွန်းလှ၏။
သို့သော် ကျွင်းဝမ်တို့၏ ပြောင်းလဲမှုက မလွန်ကျုးပေ။ နယ်မြေဘုရင်တစ်ဦးအနေနှင့် ကြီးမြတ်သူများကို စော်ကားမိပါက အသက်ရှင်ရန်လမ်းစပင် ပျောက်ကွယ်သွားနိုင်သည်။
ဟွမ်း၏ အကြည့်ကြောင့် ချီစွေ့က အလျင်အမြန် ရှင်းပြလိုက်၏။
“ကျုပ်တို့က...၊ ရှန့်ယင်းမဟာမိတ်ရဲ့ တပည့်တွေပါ...၊ မြို့ငယ်လေးတွေကို အုပ်ချုပ်ဖို့ တာဝန်ကျလို့...၊ ဒီနေရာကို ရောက်ရှိနေတာပါ...”
ရှန့်ယင်းမဟာမိတ်မှ တပည့်များက ဂြိုဟ်တစ်ခုလုံးပေါ်ရှိ မြို့ငယ်များကို အလှည့်ကျ တာဝန်ယူရလေ့ရှိသည်။
သို့မှသာ ကျယ်ပြန့်လှသည့် ဂြိုဟ်တစ်ခုလုံးတွင် တစ်စုံတစ်ရာ ပြသနာ ပေါ်ပေါက်လာပါက မဟာမိတ်များက အလျင်အမြန် ဖြေရှင်းနိုင်မည်ဖြစ်၏။
ဟွမ်းက နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် တက်ကြွနေသည့် လူငယ်နှစ်ဦးကြောင့် ငြင်းဆန်ခြင်း မပြုတော့ပေ။
“ဒါဆိုရင်တော့...၊ မင်းတို့ကို ဒုက္ခပေးရတော့မှာပဲ...”
“ပြသနာမရှိပါဘူး...၊ ကြီးမြတ်သူအရှင့်ကို ကူညီခွင့်ရတာ ကျုပ်တို့အတွက် ကံကောင်းခြင်းပါပဲ...”
ချီစွေ့နှင့် ကျွင်းဝမ်က ဝမ်းသာအားရပြောဆိုလိုက်သည်။
ထို့နောက် သူတို့၏ လက်အောက်ငယ်သားများကို မှာကြားမှုအချို့ ပြုလုပ်ကာ ဟွမ်းနှင့်အတူ မဟာမိတ်မြို့တော်သို့ ထွက်ခွာသွားကြ၏။
“ကြီးမြတ်သူအရှင်...၊ နတ်မိစ္ဆာ တိုက်ပွဲကွင်းကို ဝင်ရောက်ချင်လို့ မဟာမိတ်မြို့တော်ကို ရောက်ရှိလာတာလား...”
ချီစွေ့က သွားရင်းလာရင်းနှင့် စပ်စုလိုက်သည်။
“နတ်မိစ္ဆာတိုက်ပွဲကွင်းကဘာလဲ...”
ဟွမ်းက ယခုမှကြားဖူးခြင်းဖြစ်ကြောင်း ပြောဆိုလိုက်၏။
“ကြီးမြတ်သူအရှင်က... ဒါတွေကို မသိဘူးလား...”
ချီစွေ့က အလွန်အံ့ဩသွားသည့် အသွင်ပင်။ ဟွမ်းက ခေါင်းခါယမ်းပြလိုက်၏။
“နတ်မိစ္ဆာတိုက်ပွဲကွင်းပြင် ဆိုတာက အာကာသတိုက်ပွဲတည်နေရာပဲ...”
“မကြာသေးခင်က ပြောင်းလဲသွားတဲ့ အခြေအနေတွေကြောင့် နတ်မိစ္ဆာတွေက ရုတ်တရက်ကျုးကျော်လာကြတယ်...”
“နတ်မိစ္ဆာတွေထဲမှာ အင်မော်တယ်အဆင့်တွေ မပါသေးပေမဲ့ ကြီးမြတ်သူအဆင့်တွေနဲ့ နယ်မြေဘုရင်တွေအဆင့်တွေက အရမ်းများပြားလွန်းတယ်...”
“ဒါကြောင့် မိုးပြာနဂါးဗိမာန်ရဲ့ အရှင်မြတ်က ကျင့်ကြံသူတွေကို အများအပြားဖိတ်ခေါ်ပြီး နတ်မိစ္ဆာတွေကို တိုက်ထုတ်နေတာ...”
“များသောအားဖြင့် ကြီးမြတ်သူတွေက လာရောက်ပူးပေါင်းကြတယ်...”
ကျွင်းဝမ်က အသေအချာ ရှင်းပြလိုက်၏။ ဟွမ်းကို နတ်မိစ္ဆာတိုက်ပွဲကွင်းသို့ ဝင်ရောက်ချင်သည်ဟု တွေးထင်ခဲ့သော်လည်း ထိုသို့ ဟုတ်ဟန်မရချေ။
‘နတ်မိစ္ဆာတွေလား...’
ဟွမ်းက ထူးခြားသည့် အခေါ်အဝေါ်ကြောင့် အံ့ဩသွားသည်။ ထို့နောက် ဤလူငယ်နှစ်ဦးက ကိစ္စအတော်များများ သိရှိနေဟန်ရှိသောကြောင့် မေးလိုက်၏။
“မိုးပြာနဂါးဗိမာန်ရဲ့ အရှင်မြတ်နဲ့ တွေ့ဆုံဖို့ လွယ်ကူသလား...”
“မလွယ်ကူလောက်ဘူး...အရှင်...၊ ရှုပ်ထွေးတဲ့ အခြေအနေကြောင့် မိုးပြာနဂါးဗိမာန်က ကျင့်ကြံသူတွေက နတ်မိစ္ဆာတိုက်ပွဲကွင်းပြင်ကို ရောက်ရှိနေကြပြီ...၊ ဒါကြောင့် ဗိမာန်အရှင်မြတ်က အဲ့ဒီနေရာပဲ ရှိလိမ့်မယ်...”
ချီစွေ့က တွေးတွေးဆဆနှင့် ဆိုလိုက်၏။ ထို့နောက် တစ်စုံတစ်ခုကို တွေးမိဟန်နှင့် ဆက်လက် ပြောဆိုလိုက်သည်။
“ရှန့်ယင်းမြို့တော်မှာ တမန်တော် အချို့ ရှိသေးတယ်...၊ သူတို့က သုံးလတစ်ခါ ကျင့်ကြံသူတွေကို စုဆောင်းပြီး နတ်မိစ္ဆာတိုက်ပွဲကွင်းပြင်ကို ပို့ဆောင်ပေးတာ...၊ မိုးပြာနဂါးဗိမာန်အရှင်မြတ်ကိုတွေ့ချင်ရင်တော့ နတ်မိစ္ဆာတိုက်ပွဲကွင်းပြင်ကို သွားရောက်ဖို့ လိုလိမ့်မယ်...”
“နတ်မိစ္ဆာတွေက ဘယ်ကနေကျုးကျော်လာတာလဲ...”
ဟွမ်းက သိလိုစိတ်နှင့် မေးလိုက်သည်။
ရှင်းချန်ဖုန်းပြောဆိုခဲ့စဉ်က နတ်မိစ္ဆာများအကြောင်းမပါဝင်ချေ။ ထို့ကြောင့် ထိုကိစ္စများကို ဇဝေဇဝါဖြစ်နေ၏။
“နတ်မိစ္ဆာတွေက အခြားလောကတစ်ခုကနေ ကျုးကျော်လာတာလို့ ပြောတယ်...”
“သူတို့က လေဟာနယ် လမ်းကြောင်းတွေကို ထိုးဖောက်ဝင်ရောက်လာတာတဲ့...”
“အခြားသတင်းတွေကတော့ မသိရှိရသေးဘူး...”
ကျွင်းဝမ်က သူသိသမျှကို ရှင်းပြနေသည်။ ထိုအရာများက မိုးပြာနဂါးဗိမာန်က ထုတ်ဖော်ထားသည့် အချက်အလက်များဖြစ်၏။ ထို့ကြောင့် ရှန့်ယင်းမဟာမိတ်အတွင်းရှိ ကျင့်ကြံသူများ သိရှိနေကြသည်မှာ မထူးဆန်းပေ။
ဟွမ်းက နားလည်သည့် အသွင်နှင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူတို့ သုံးဦးက တိတ်ဆိတ်သွားကြပြီး ရှန့်ယင်းမဟာမိတ်မြို့တော်သို့ ဦးတည်နေကြ၏။
သုံးရက်တာမျှ ပျံသန်းပြီးနောက်တွင် ဟွမ်းက အစစ်အမှန်မြို့တော်ကြီးတစ်ခုကို တွေ့လိုက်ရသည်။
မဟာမိတ်မြို့တော်ဟုသာ ဆိုကြသော်လည်း တည်ဆောက်ထားသည့် အဆောက်အဦးများက မိုးမျှော်စင်များကဲ့သို့ မြင့်မားလှ၏။
ထို့အပြင် မြို့တော်၏ အဓိကလမ်းမကြီးက မျက်စိတစ်ဆုံးအထိရှိနေပြီး ကျယ်ပြန့်လှသည်။ ထို့အပြင် နယ်မြေသခင်များက အလွန်ပေါများလွန်းနေပြီး နယ်မြေဘုရင်များလည်း အတော်သင့်ရှိနေ၏။
ဟွမ်းက လူငယ်နှစ်ဦး၏ ဦးဆောင်မှုနှင့်အတူ မြို့အတွင်းသို့ ဝင်ရောက်လာသည်။ သူက မြို့၏ တည်ဆောက်ပုံနှင့် လည်ပတ်နေပုံတို့ကို တိတ်တဆိတ်ကြည့်ရှုရင်း မှတ်သားနေ၏။
ထိုအချိန်တွင် ဒေါသတကြီး မာန်မဲလိုက်သည့် အသံက ထွက်ပေါ်လာသည်။
“ရပ်စမ်း...”