ဒီတိုက်ပွဲကို တာဝန်ယူလိုက်ပါ့မယ်
Vol. 8 Ch. 103
“လူသား ကျင့်ကြံသူတွေတောင် ဒီနေရာကို သိနေတယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ ...”
အန်လင်းနှင့် အခြားသူများ ပေါ်ထွက်လာသည်အား မြင်ရသည့် အခါတွင် ငွေတောင်ပံဘုရင်သည် အလွန် အံ့အားသင့်လျက် ရှိနေပေသည်။
သို့သော်လည်း သူ့ကိုသူ လျင်မြန်စွာ ထိန်းချုပ်လိုက်နိုင်သည်။
သူတို့၏ အငွေ့အသက်များအား အာရုံခံမိသည့် အခါတွင် ဤလူသားကျင့်ကြံသူများသည် အမြင့်ဆုံးအနေဖြင့် တာအိုခန္ဓာ အဆင့် ၁၀ မျှသာလျှင် ဖြစ်ကြသည်ကို သိလိုက်ရသည်။
တစ်ဖက်တွင်မူ သူနှင့် ကြာပန်း နတ်ဆိုးဖားကြီးတို့သည် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အလယ်အဆင့်များ ဖြစ်ကြသည်။ လူသားများအား ကြောက်နေရန် မလိုအပ်ချေ။
“သေချင်လို့ ဒီနေရာကို ရောက်လာတာပေါ့ ဟုတ်လား ...” ငွေတောင်ပံဘုရင်သည် အထင်သေးစွာဖြင့် နှာမှုတ်လိုက်သည်။
သူ၏လက်များကို ဝှေ့ယမ်းလိုက်သည့် အခါတွင် ချီစွမ်းအင် အများအပြား စုပြုံလာပြီး လေဓားသွားများအား ဒေါသတကြီး ပစ်လွှတ်လိုက်လေသည်။
အန်လင်းသည် တောင်ခွင်းလက်သီးအား နောက်တစ်ကြိမ် အသုံးပြု လိုက်ပြန်သည်ကြောင့် လေဓားသွား အများစုသည် ပြိုပျက် သွားရသည်။ သို့သော်လည်း သူ၏ခံစစ်အား ဖြတ်ကျော်လာနိုင်သည့် လေဓားသွားအချို့ ရှိနေဆဲဖြစ်သည်။
“ကျောင်းသားလောင်ရေ ... မြန်မြန်လေး လုပ်ပါကွ ...” အန်လင်းမှ အော်ဟစ်လိုက်သည်။
လောင်ကျိပင်သည် အံကို တင်းတင်းကျိတ်ကာဖြင့် အရှေ့သို့ ပြေးသွားသည်။ သူ၏ လက်သီးများမှာ အနီရောင် တောက်ပလျက် ရှိနေပြီး လေဓားသွားများအား ထိုးနှက်နေလသည်။
ဘုန်း ဘုန်း ဘုန်း
လေဓားသွားများ ပြိုကွဲသွားသည့် နည်းတူ သူသည်လည်းပဲ ကြီးမားသည့် စွမ်းအားနှင့် ထိတွေ့မိသည့်ကြောင့် အနောက်သို့ ဆုတ်လိုက်ရသည်။
ငွေတောင်ပံဘုရင်သည် အနည်းငယ် တုန်လှုပ်လာလေသည်။ တာအိုခန္ဓာ အဆင့်မျှသာ ရှိနေသေးသည့် ကျင့်ကြံသူ အနည်းငယ်သည် သူ၏ တိုက်ခိုက်မှုအား တားဆီးနိုင်လိမ့်မည်ဟု မျှော်လင့်မထားချေ။
ထိုအချိန်မှာပင် စွန်းရှန့်လျန်၊ မုန့်ထျန်းနှင့် ကျုံးရုံရန်တို့သည် ငွေတောင်ပံဘုရင်၏ရှေ့တွင် ပေါ်လာလေသည်။ သူတို့သည် စွမ်းအားကြီးသည့် အင်မော်တယ် မန္တန်အမျိုးမျိုးအား အသုံးပြုကာ ဖိအား ပေးနေသည်ကြောင့် ငွေတောင်ပံဘုရင်မှာ ခေတ္တမျှ ဆွံ့အ နေမိသည်။
ဤသည်ကို အခွင့်အရေး ယူကာဖြင့် ရွှယ်ကျိုးမင်သည် သူ၏ အမဲလိုက်အဖွဲ့အား ဦးဆောင်ကာ လျှို့ဝှက်အဇူရာ စိတ်ဝိညာဉ် သွေးသစ်ပင်ထံ ပြေးသွားလေသည်။
ထိုအချင်းအရာအား မြင်သည့်အခါတွင် ငွေတောင်ပံ ဘုရင်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ကြာပန်းနတ်ဆိုး ...”
ကြာပန်း နတ်ဆိုးဖားကြီးသည် နက်မှောင်သည့် အသားအရေ ရှိသော လူသား တစ်ဦးအသွင် ပြောင်းလဲသွားသည်။ သူခုန်လိုက်သည့် အခါတွင် မြေပြင်တွင် သိသာထင်ရှားသည့် ချိုင့်ကြီးတစ်ခု ဖြစ်ပေါ်လာစေသည်။ ထို့အပြင် သူ့ခန္ဓာကိုယ်သည် အမြောက်ဆံကဲ့သို့ ရွှယ်ကျိုးမင်တို့ထံ ပြေးဝင် သွားလေသည်။
“ခေါင်းဆောင်ရေ ... သတိထား ...” အဖွဲ့ဝင်တစ်ဦးသည် အော်ဟစ်ကာဖြင့် သတိပေးလိုက်သည်။
ရွှယ်ကျိုးမင်သည် ရှောင်တိမ်းရန် မဖြစ်နိုင်သည့် အတွက် သူ၏တိုက်ပွဲဝင် ပုဆိန်များဖြင့် ကြာပန်း နတ်ဆိုးဖားကြီးအား ရက်စက် ကြမ်းကြုတ်စွာ တိုက်ခိုက်လိုက်လေသည်။
“ဖားလက်ဝါး ...”
ကြာပန်း နတ်ဆိုးဖားကြီးသည် လက်ဝါးနှစ်ဖက်အား အသုံးပြုကာဖြင့် တိုက်ပွဲဝင် ပုဆိန်များ၏ တိုက်ခိုက်မှုအား ဖျက်ဆီးပစ်လိုက်သည်။ သူအသုံးပြုလိုက်သည့် ကြောက်မက်ဖွယ် စွမ်းအားသည် ရွှယ်ကျိုးမင်အား အနောက်သို့ဆုတ်ကာ သွေးပွက်ပွက် အန်စေသည်။
“အုံ အွမ် ...” ကြာပန်း နတ်ဆိုးဖားကြီးသည် ရုတ်တရက်ဆိုသလို သူ၏ပါးစပ်အား ဖွင့်ဟလိုက်သည်။
တိုက်ပွဲမှ ထွက်ပေါ်လာသည့် ပေါက်ကွဲမှုများသည် လေထုအား ပြင်းထန်စွာ တုန်ခါစေသည့် အတွက် အခြားသူများသည် နောက်သို့ ဆုတ်လိုက်ရပေသည်။
“ဟမ့် ... မင်းလိုမျိုး အားနည်းတဲ့ သူတစ်ယောက်က ဒီဖားကြီးရဲ့ ခံစစ်ကို ဖောက်နိုင်မယ်လို့ ထင်နေတာလား ... အိပ်မက် မက်နေလိုက် ...”
ဖားကြီးသည် ပြုံးဖြီးလိုက်ပြီးနောက် မျက်နှာတွင် အထင်အမြင် သေးမှုများ ယှက်သန်းနေပေသည်။
ထိုအချိန်မှာပင် အန်လင်းသည် ပြေးဝင်လာပြီး ကြာပန်း နတ်ဆိုးဖားကြီးအား သူ၏ မိစ္ဆာရှင်းဓားနှင့် ခုတ်လိုက်သည်။
“ဗလာအက်ကွဲ ခုတ်ချက် ...”
သူ၏လက်နှစ်ဖက်အား မြှောက်ကာဖြင့် ဦးခေါင်းတည့်တည့်ကို ခုတ်ချလိုက်လေသည်။
“ဟမ့် ... အမှိုက်သာသာ တိုက်ကွက်နဲ့များ ... ဒီဖားကြီးက မသိနားမလည်တဲ့ သူလို့များ မင်းထင်နေတာလား ... ကြည့်လိုက် ငါ့ရဲ့လက်ဝါးကို ဘယ်လို သုံးလိုက်မလဲ ဆိုတာ ... ဖားလက်ဝါး ...”
ကြာပန်း နတ်ဆိုးဖားကြီးသည် နောက်တစ်ဖန် သူ၏လက်ဝါးများအား အသုံးပြုကာ ဓားနက်အား ရိုက်ချလိုက်ပြန်သည်။
ထို့နောက်တွင် စုတ်ပြဲသံ တစ်ခုနှင့်အတူ သူ၏ လက်နှစ်ဖက်မှာ ပြတ်တောက် သွားလေပြီ။
“အုံ အွမ် ...”
ကြာပန်း နတ်ဆိုးဖားကြီး၏ မျက်နှာတွင် ထိတ်လန့် တုန်လှုပ်မှုများ ပေါ်လာကာ သူသည် နာကျင်မှုကြောင့် အော်ဟစ်လိုက်သည်။
အန်လင်းသည် တစ်စက္ကန့်မျှပင် အချိန် ဖြုန်းမနေဘဲနှင့် သူ၏ဓားအား ကြာပန်း နတ်ဆိုးဖားကြီး၏ လည်ပင်းထံသို့ ခုတ်ချလိုက်ပြန်သည်။
“အုံ အွမ် ...”
ကြာပန်း နတ်ဆိုးဖားကြီးသည် ကြောက်ရွံ့ ထိတ်လန့်သွားပြီ ဖြစ်သည်။ သူ၏ လုံခြုံမှုမှလွဲ သူ့စိတ်ထဲတွင် မည်သည့်အရာမျှ မရှိတာ့ချေ။ ထို့ကြောင့် အနောက်သို့ မီတာရာပေါင်းများစွာ ဆုတ်ခွာလိုက်သည်။
ထို့နောက်တွင် ...
အလင်းကဲ့သို့ လျင်မြန်သည့် အရှိန်ဖြင့် အန်လင်းသည် သူ့ဘေးတွင်ရှိသည့် လျှို့ဝှက်အဇူရာ စိတ်ဝိညာဉ်သွေး သစ်ပင်ထံမှ အင်မော်တယ် သစ်သီး ၉ လုံးအား ခူးယူလိုက်ပြီး သိုလှောင်လက်စွပ် အတွင်း ထည့်သွင်းလိုက်သည်။
“ပြီးပြီ ... သွားကြမယ် ...” အန်လင်းသည် ရယ်မောကာဖြင့် ကျယ်လောင်စွာ အော်လိုက်သည်။
ကြာပန်း နတ်ဆိုးဖားကြီးသည် အသိပြန်ဝင်လာပြီးနောက် “ဘယ်သူမှ ထွက်ပြေးဖို့ မကြိုးစားနဲ့ ...” ဒေါသတကြီး အော်ဟစ်လိုက်သည်။
လောင်ကျိပင်နှင့် အခြားသူများသည် အတော်လေး ရုန်းကန်နေရခြင်း ဖြစ်သည်။ အန်လင်း၏ အော်သံအား ကြားလိုက်ရသည့် အခါတွင် သူတို့အားလုံးသည် အဆက်မပြတ် ဆုတ်ခွာလာကြသည်။
အင်မော်တယ်သစ်သီးများ ခူးယူခံလိုက်ကြကြောင်း သဘောပေါက် နားလည်သွားသဖြင့် ငွေတောင်ပံဘုရင်သည် သူ၏ မူလပုံစံသို့ ပြန်လည် ပြောင်းလဲလိုက်သည်။
ပေ ၅၀ အရွယ်အစားရှိ ငွေရောင်သိမ်းငှက်ကြီး အသွင် ပြောင်းလဲသွားပြီးနောက် လေပြင်းမုန်တိုင်းများ ဖန်တီးကာဖြင့် အန်လင်းတို့၏ လမ်းတွင်ရှိသည့် အရာများအား ဖျက်ဆီးပစ် နေလေသည်။
ဘုန်း
လေပြင်းမုန်တိုင်း ငါးခုသည် အန်လင်းတို့အား ဝန်းရံထားကြသည်။ သည့်နောက်တွင် ထိုလေပြင်း မုန်တိုင်းများသည် အလယ်ဗဟိုသို့ ဖြည်းညင်းစွာ ရွှေ့လျားလာပြီး အန်လင်းနှင့် အခြားသူများအား ခွဲခြားလိုဟန် ရှိသည်။
ကြာပန်း နတ်ဆိုးဖားကြီးသည် စတင်တိုက်ခိုက်လာပြီ ဖြစ်သည်။ သူ၏ကြီးမားသည့် ပါးစပ်ကြီးကို ဖွင့်ဟကာဖြင့် ကြောက်မက်ဖွယ် လေအမြောက်များ ပြုလုပ်ကာ အန်လင်းတို့ထံ ထွေးထုတ်နေလေလသည်။
“မင်းရဲ့ဓားက အရမ်းကို မြိနေတော့ကော ဘာလုပ်ရမှာလဲ ... မင်းနဲ့ ဝေးဝေးမှာ နေနေသရွေ့တော့ အေးဆေးပဲကွ ... အဝေးကနေ တိုက်ခိုက်ပြီး မင်းတို့အားလုံးကို တစ်ပုံစံတည်း သတ်ပေးမယ် ... အုံ အွမ် ...”
ထိုဖား၏ မျက်လုံးထဲတွင် အလွန်တရာ မုန်းတီးနေခြင်းများ ရှိနေလေသည်။ သူ၏လက်များ ပြတ်တောက်သွားရသဖြင့် သေချာပေါက် လက်စားချေ ပေလိမ့်မည်။
ထိုအချိန်မှာပင် အဖွဲ့ဝင်များ အားလုံးတို့သည် အန်လင်းအနီးတွင် စုဝေးလာကြသည်။ စိတ်ဝိညာဉ်သားရဲ နှစ်ကောင် တစ်ပြိုင်နက်တည်း တိုက်ခိုက်နေသည်ကို မြင်ရသဖြင့် သူတိုသည် စိုးရိမ် ပူပန်လာကြတော့သည်။
“အစ်ကိုကြီးအန်လင်း ... ကျွန်တော်တို့ ဘာလုပ်ရမလဲ ...” လောင်ကျိပင်သည် စိုးရိမ်စွာဖြင့် မေးလိုက်သည်။
“ကျောင်းသားလောင်ရေ ... တိုက်ခိုက်ဖို့အတွက် ထိုက်တန်တဲ့ ပြိုင်ဘက် မရှိဘူးလို့ နင်ပြောခဲ့တယ် မဟုတ်ဘူးလား ... အခု နင့်အတွက် သက်သေပြဖို့ အချိန်ရောက်ပြီလေ ...” မုန့်ထျန်းသည် ထိုသို့ပြောကာဖြင့် ထွားကျိုင်းသည့် ထိုအမျိုးသားအား အရှေ့သို့ တွန်းပို့လိုက်သည်။
လောင်ကျိပင်၏ မျက်နှာသည် ရှုံ့မဲ့လာပြီးနောက် ချက်ချင်းဆိုသလို အန်လင်းအနီးသို့ တိုးကပ်သွားသည်။
“မကြောက်ပါနဲ့ ... ဝှက်ဖဲတွေ ရှိပါသေးတယ် ...” အန်လင်းသည် တည်ငြိမ်စွာ ပြုံးလိုက်ပြီး သူ၏ သိုလှောင်လက်စွပ် အတွင်းမှ အဆောင်လက်ဖွဲ့ တစ်ခုကို ထုတ်ယူလိုက်သည်။
“ဧရာမ ရေခဲနံရံ ...”
အန်လင်းသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် အဆောင်လက်ဖွဲ့အား သူ၏ချီစွမ်းအင်ဖြင့် အသက်သွင်းလိုက်သည်။
ချက်ချင်း ဆိုသလိုပင် ရေခဲနံရံ တစ်ခုသည် သူတို့အား လွှမ်းခြုံလာသည်။
ဘုန်း
လေပြင်းမုန်တိုင်းများနှင့် လေအမြောက်များသည် ရေခဲနံရံအား ရိုက်ခတ်မိကြပြီး ရေခဲများအား အက်ကွဲလာစေသည်။ ရေခဲစများ ထွက်ပေါ်လာသော်လည်း တိုက်ခိုက်မှုများသည် ရေခဲနံရံအား ထိုးဖောက်နိုင်ခြင်း မရှိသေးချေ။
“ပြေး ...” အန်လင်း အော်ဟစ်လိုက်သည်။
တိုက်ခိုက်မှု တစ်လှိုင်းအား တားဆီးပြီးနောက်တွင် ရေခဲနံရံသည် ပြိုကျသွားလေတော့သည်။
သူတို့၏ ရည်မှန်းချက် ပြီးမြောက်သွားပြီး ဖြစ်သဖြင့် ရန်သူများနှင့် ထိပ်တိုက်တွေ့ဆုံရန် အချိန်မဟုတ်ကြောင်း နားလည်ကြသည်။ သူတို့အားလုံးသည် အန်လင်း အနောက်သို့ လိုက်ကာ အဝေးသို့ ထွက်ပြေးကြလေသည်။
“အဲဒီကျင့်ကြံသူမှာ စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ပြုလုပ်ထားတဲ့ အဆောင်လက်ဖွဲ့ ရှိနေမယ်လို့ ဘယ်သူက ထင်မှာတဲ့လဲ ... ဒါပေမဲ့လည်း ဒီဘုရင်ကြီးရဲ့ လက်ထဲကနေ ပြေးမလွတ်ပါဘူးကွာ ...”
ငွေတောင်ပံသိမ်းငှက်သည် တောင်ပံများအား ဖြန့်ကြက်လိုက်ပြီးနောက် ကြောက်မက်ဖွယ် အမြန်နှုန်းနှင့် အန်လင်းတို့ထံ ထိုးဆင်းလာတော့သည်။
မမျှော်လင့်စွာပင် အန်လင်းလက်ထဲတွင် အဆောင် လက်ဖွဲ့တစ်ခု ပေါ်လာပြန်သည်။
“တိမ်တိုက်နဂါး ချုပ်နှောင်မှု ...”
အန်လင်းသည် ကျယ်လောင်စွာ အော်ပြီးနောက် အဆောင်လက်ဖွဲ့အား အသက်သွင်းလိုက်သည်။
ဤအဆောင်လက်ဖွဲ့သည် တာအိုရောင်းရင်း တိမ်တိုက်စူးစမ်းမှ လက်ဆောင်ပေးလိုက်ခြင်း ဖြစ်ပြီး အားကောင်းသည့် ချုပ်နှောင်နိုင်စွမ်းရည်အား ပိုင်ဆိုင်လေသည်။
အဆောင်လက်ဖွဲ့အား အသက်သွင်းပြီးသည်နှင့် ကောင်းကင်တွင် တိမ်တိုက်နဂါး နှစ်ကောင် ထွက်ပေါ်လာပြီး ငွေတောင်ပံဘုရင်၏ တောင်ပံများအား ချုပ်နှောင်လိုက်လေသည်။
“နောက်ထပ် အဆောင်လက်ဖွဲ့ ရှိနေသေးတယ် ဟုတ်လား ...”
တိမ်တိုက်နဂါးများ၏ ချုပ်နှောင်ထားခြင်း ခံရသည့် ငွေတောင်ပံဘုရင်သည် အန်လင်းအားကြည့်ကာ ဒေါသပုန်ထလျက် ရှိသည်။
ထိုအချိန်မှာပင် ကြီးမားသည့် ပုံရိပ်တစ်ခုသည် ကောင်းကင်မှ ဆင်းသက်လာသည်။
ကြာပန်း နတ်ဆိုးဖားကြီးသည် အန်လင်းတို့အား သူ၏ ကြီးမားလှသည့် ခန္ဓာကိုယ်ကြီးဖြင့် ပြားကပ်အောင် ဖိကြိတ်လို့နေသည်။
“အုံ အွမ် ... သေပေတော့ လူသားတွေ ...”
ဖား၏မျက်နှာတွင် ရက်စက်သည့် အပြုံးတစ်ခု ပေါ်လာပြီး ရှည်လျားသည့် လျှာကြီးအား ထုတ်လိုက်သည်။
ဘန်း
ရုတ်တရက် ဆိုသလို ငွေသံတုတ် တစ်ချောင်းသည် ဖားကြီး၏ ဦးခေါင်းပေါ်သို့ ကျရောက်လာသည်။
တိုက်ခိုက်မှုတွင် ပါဝင်သည့် စွမ်းအားသည် ဖားကြီးအား အဝေးသို့ လွင့်ထွက်သွားစေသည်။ သူ့ပါးစပ်မှာလည်း ပိတ်သွားကာ လျှာအရှည်ကြီးအား ကိုက်လျက် ရှိနေလေသည်။
“အုံ အွမ် ...”
ဖားကြီးသည် မြေပြင်ပေါ်သို့ ပြုတ်ကျပြီးနောက် သူ၏ မျက်လုံးများတွင် မျက်ရည်စများ ရစ်ဝိုင်း နေလေသည်။
ယခုလို တိုက်ခိုက်ဝံ့သူမှာ စိတ်ဝိညာဉ်တောင်မှ ရွှေမျက်လုံးမျောက်မင်း သာလျှင် ဖြစ်သည်။
“အရှက်မရှိတဲ့မျောက် ... မင်းက ထွက်ပြေးရဲတယ်ပေါ့ ...” မဟာနွားမင်းသည် သံတုတ်တစ်ခုအား လက်တွင်ကိုင်ကာ မျောက်နောက်သို့ လိုက်လာသည်။
ငွေတောင်ပံဘုရင်၏ မျက်လုံးများမှာ ပြူးကျယ်လာလေသည်။ “အကျည်းတန်မျောက်မင်း ... ခင်ဗျား ရူးများသွားတာလား ... ခင်ဗျားရဲ့ အင်မော်တယ်သစ်သီးတွေကို ခူးယူသွားတာက လူသားကျင့်ကြံသူတွေလေ ... ဘာလို့များ ကြာပန်း နတ်ဆိုးဖားကြီးကို တိုက်ခိုက်ရတာတုန်း ...”
ရွှေမျက်လုံးမျောက်မင်းသည် ငွေသံတုတ်အား လက်တစ်ဖက်တွင် ကိုင်ဆောင်ကာ အန်လင်းထံသို့ မျက်နှာမူလိုက်သည်။ “ငါ့အင်မော်တယ်သစ်သီးတွေကို ဘယ်သူတွေ ခိုးယူသွားတယ်ဆိုတာ ငါသိပြီးသား ...”
“ဒါပေမဲ့လည်း ငါ့ရဲ့ အင်မော်တယ် သစ်သီးတွေကို ငါက မသုံးနိုင်မှတော့ လူသားကျင့်ကြံသူတွေ လက်ထဲ ရောက်ရှိသွားတာက ညီအစ်ကိုချင်း သစ္စာဖောက်တဲ့ ရွံရှာဖွယ် ကောင်တွေလက်ထဲ ရောက်ရှိသွားတာထက် ပိုကောင်းတယ် ...”
ထိုသို့ပြောရင်းနှင့် အန်လင်းအား ကြည့်ကာ “ကောင်လေး ... ငါပြောတာ မကြားဘူးလား ... မြန်မြန် ပြေးပေတော့ ... ဒီတိုက်ပွဲကို ငါကြည့်လုပ်လိုက်မယ် ...”
ထိုအချိန်တွင် ငွေတောင်ပံဘုရင်သည် တိမ်တိုက်နဂါးများထံမှ လွတ်မြောက်သွားပြီ ဖြစ်သည်။ မဟာနွားမင်းနှင့် ပူးပေါင်းကာဖြင့် အန်လင်းထံသို့ ခုန်အုပ်လိုက်သည်။
သိမ်းငှက်တောင်ပံများမှ ထွက်ပေါ်လာသည့် လေဓားသွားများသည် အရာအားလုံးကို ဆုတ်ဖြဲနိုင်သည်ဟု ခံစားရပြီး နွားမင်း၏ သံတုတ်မှနေ ကြောက်မက်ဖွယ် အနက်ရောင် အငွေ့အသက်များ ထုတ်လွှတ်လာလေသည်။
ယင်းတို့၏ အငွေ့အသက်များသည် ပေါင်းစပ်သွားပြီးနောက် အန်လင်းထံသို့ ဦးတည်လျက် ရှိနေသည်။
ငွေသံတုတ်အား လက်တွင်ကိုင်ဆောင်လျက် အကျည်းတန်မျောက်မင်းသည် အန်လင်းအား သူ့အနောက်သို့ ပို့ဆောင်လိုက်ပြီးနောက် ခုခံတားဆီးလိုက်သည်။ နေရောင်ခြည်သည် သူ့နောက်ကျောတွင် ရှည်လျားသည့် အရိပ်တစ်ခု ကျရောက်စေသည်။
သူသည် မြဲမြံစွာ ရပ်တည်နေပြီးနောက် အဆိုပါ ပုံရိပ်နှစ်ခုအား အေးစက်စွာ ကြည့်လိုက်သည်။
ယခုအခါတွင် သူသည် ရဲစွမ်းသတ္တိနှင့် ကြောက်ရွံ့မှု ကင်းနေချေပြီ။ သူ့စိတ်ဝိညာဉ်သည်ကား အရှုံးမပေး လိုတော့ချေ။
***