ချင်းလုံအရှင်မြတ်အသစ်
Vol. 26 Ch. 386
“မင်းတို့နှစ်ယောက်ကို အပြင်ဘက်က မြို့ငယ်တွေမှာ စောင့်ရှောက်ဖို့ တာဝန်ကျနေတုန်း မဟုတ်ဘူးလား...”
ရောက်ရှိလာသည့် လူရွယ်တစ်ဦးက ချီစွေ့နဲ့ ကျွင်းဝမ်ကိုကြည့်ရင်း မာန်မဲလိုက်သည်။
“စီနီယာအစ်ကို...၊ ကျုပ်တို့က မဟာမိတ်မြို့တော်ကို ကြီးမြတ်သူအရှင့်ကို ပို့ဆောင်ပေးရင်း ရောက်ရှိလာခဲ့တာပါ...”
ချီစွေ့က ထိုလူငယ်ကို ရိုသေစွာနှင့် ပြောလိုက်၏။ ထိုသူက မဟာမိတ်အဖွဲ့အစည်းရှိ တပည့်များ၏ စီနီယာခေါင်းဆောင်ဖြစ်သည်။ ထို့အပြင်သူက ကြီးမြတ်သူတစ်ဦးဖြစ်နေ၏။
ထို့ကြောင့်ပင် ချီစွေ့နှင့် ကျွင်းဝမ်က ရိုကျိုးနေကာ မလေးမစား မပြုရဲချေ။
စီနီယာအစ်ကိုဆိုသူက ဟွမ်းကို စစ်ဆေးကြည့်လိုက်၏။ သို့သော် ကြီးမြတ်သူတစ်ဦး၏ အရှိန်အဝါနှင့် ဟန်ပန်တို့ကို ပိုင်ဆိုင်ထားခြင်းမရှိသောကြောင့် မျက်မှောင်ကြုတ်သွားသည်။
ထို့နောက် လူငယ်နှစ်ဦးကိုကြည့်ရင်း ကြိမ်းမောင်းလိုက်၏။
“မင်းတို့လိမ်နေတာဆိုရင် ကြီးလေးတဲ့အပြစ်ဒဏ်ခံရမယ်...”
“ကျုပ်တို့ မလိမ်ပါဘူးစီနီယာအစ်ကို...”
လူငယ်နှစ်ဦးက ပြိုင်တူဖြေလိုက်၏။ စီနီယာအစ်ကိုက ခေါင်းညိတ်ကာ အသိအမှတ်ပြုလိုက်သည်။
ထိုသူများက သူ့အား လိမ်ညာရဲခြင်းတော့မရှိချေ။ သို့သော် ဟွမ်း၏ အသွင်က ထူးဆန်းနေသောကြောင့် စစ်ဆေးနေရခြင်းဖြစ်သည်။
ထို့နောက် သူက အတည်ပြုလိုသည့်အလား ဟွမ်းကို မေးလိုက်၏။
“ဒီကရောင်းရင်း...၊ နတ်မိစ္ဆာတိုက်ပွဲကွင်းပြင်ကို ဝင်ရောက်ချင်လို့လား...”
“ဟုတ်တယ်...”
ဟွမ်းက သွားရောက်လိုကြောင်း ဆိုလိုက်၏။
“ဒါဆို ရက်အနည်းငယ်စောင့်ဖို့လိုလိမ့်မယ်...၊ တိုက်ပွဲကွင်းပြင်ကို ပို့ဆောင်ပေးမဲ့ ယာဉ်ပျံက မရောက်သေးဘူး...”
စီနီယာအစ်ကိုက ရှင်းပြလိုက်၏။ ထို့နောက် သူက စကားကိုဆက်ပြောသည်။
“ဒါဆို ရောင်းရင်းအနေနဲ့၊ တမန်တော်ဆီမှာ စစ်ဆေးမှုခံယူဖို့ ကျုပ်ရဲ့ နောက်ကို လိုက်ခဲ့ပါ...”
“ကောင်းပြီ...၊ ပြသနာမရှိဘူး...”
ဟွမ်းက သဘောတူလိုက်ပြီးနောက် စီနီယာအစ်ကို၏ နောက်သို့ လိုက်ပါသွား၏။
နတ်မိစ္ဆာတိုက်ပွဲကွင်းပြင်က ကြယ်နယ်မြေလေးခု ဆုံးစည်းရာ ဗဟိုချက်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။
တိုက်ပွဲကွင်းပြင်ဟု ခေါ်ဆိုရခြင်း အကြောင်းအရင်းမှာ ဗဟိုချက်တွင် ကြီးမားသည့် လေဟာနယ် အက်ကွဲကြောင်းကြီး ရှိနေပြီး ထိုနေရာကို ဝန်းရံကာ အကာအကွယ်များ တည်ဆောက်ထားရသောကြောင့်ပင်။
၎င်းမှ နတ်မိစ္ဆာများ ကျုးကျော်ဝင်ရောက်လာခြင်း ဖြစ်ပြီး ပြန်လည်ပိတ်ဆို့ရန် ခက်ခဲနေကြခြင်းပင်။
ထို့အပြင် သက်ဆိုင်ရာကြယ်နယ်မြေများ၏ အရှင်မြတ်များက စောင့်ကြပ်နေကြပြီး အင်အားကြီး နတ်မိစ္ဆာများ ဝင်ရောက်လာပါက ဖြေရှင်းရန် အသင့်ပြင်ဆင်ထားကြ၏။
နတ်မိစ္ဆာတိုက်ပွဲကွင်းပြင်ရှိ ဆွေးနွေးသည့် ခန်းမအတွင်းတွင် အမျိုးသားနှစ်ဦးရှိနေသည်။
အမျိုးသားတစ်ဦးက ချောမောသည့် အသွင်နှင့်ရှိနေပြီး ထူးခြားစွာနှင့် အဖြူရောင်ဝတ်စုံကို ဆင်မြန်းထား၏။ သူက ပိုင်ဟူအရှင်မြတ်ဖြစ်ပြီး တည်ကြည်လေးနက်သည့် လေသံနှင့် မေးခွန်းထုတ်လိုက်၏။
“ဖုန့်ဟွမ်အရှင်မြတ်ကို ဘာကြောင့် မတားဆီးလိုက်တာလဲ...”
“သူက ပြန်လည်မွေးဖွားခဲ့တာတောင် အရင်လို စိတ်မြန်လက်မြန်ရှိနေတုန်း...၊ ငါရော မင်းရောက တားနိုင်မယ်ထင်နေလား...”
အနက်ရောင်ဝတ်စုံဝတ်ထားသည့် လူရွယ်က သက်ပြင်းချကာ ပြောဆိုလိုက်၏။ သူက ရွှမ်းဝူအရှင်မြတ်ဖြစ်ပြီး သူ၏ လေသံအရ မတက်သာလို့ ခွင့်ပြုလိုက်ရသည့်အလားပင်။
ထိုစကားကြောင့် ပိုင်ဟူအရှင်မြတ်က သက်ပြင်းချလိုက်မိ၏။ ထို့နောက် သူက စကားလမ်းကြောင်းလွဲကာ ဆိုလိုက်သည်။
“ငါတို့ အင်မော်တယ်အဆင့် ကျင့်ကြံသူတွေကို ထပ်ပြီး ဖိတ်ခေါ်နိုင်မှဖြစ်မယ်...၊ နတ်မိစ္ဆာတိုက်ပွဲကွင်းက ပြိုကျသွားရင် ကြယ်နယ်မြေလေးခုလုံး ပျက်စီးသွားရလိမ့်မယ်....”
ရွှမ်းဝူအရှင်မြတ်က သဘောတူသည့်အလား ခေါင်းညိတ်ကာ ဆိုလိုက်၏။ နတ်မိစ္ဆာများက ရုတ်ချည်း ဝင်ရောက်ကျုးကျော်လာခြင်းကြောင့် အခြေအနေများ ရှုပ်ထွေးကုန်သည်။
တကယ်တမ်းတွင်တော့ နတ်မိစ္ဆာများက လေဟာနယ်ဝင်ပေါက်ကို အမြဲတိုက်ခိုက်နေခဲ့ခြင်းဖြစ်၏။ သို့သော် အတားအဆီးက ခိုင်မာလွန်းသောကြောင့် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရသည်။
သူတို့၏ တိုက်ခိုက်မှုများနှင့် အချိန်၏ တိုက်စားမှုတို့ကြောင့် အတားအဆီးက လျော့ရဲလာကာ လေဟာနယ် ဝင်ပေါက်ဖြစ်ပေါ်လာခဲ့ခြင်းပင်။
“ချင်းလုံရဲ့ ကြယ်နယ်မြေက နှင်းလသခင်မနဲ့ ကြယ်ပြာသခင်က လာရောက်ဖို့သဘောတူထားတယ်...၊ ပြီးတော့ ငါ့ရဲ့ ကြယ်နယ်မြေက အင်မော်တယ် နှစ်ယောက်ကိုလည်း စောင့်ကြည့်ဖို့ အမိန့်ပေးထားတယ်...”
“ပြင်ပက ဝင်လာမဲ့ နတ်မိစ္ဆာတွေလဲ ကြောက်ရွံ့ရပေမဲ့ တကယ်ကြောက်စရာအကောင်းဆုံးက ကြယ်နယ်မြေလေးခုအောက်က တည်ရှိမှုပဲ...”
ပိုင်ဟူအရှင်မြတ်က သက်ပြင်းချကာ ပြောဆိုလိုက်၏။ ထိုအချိန်တွင် လှပသည့် ပုံရိပ်တစ်ခုက သူတို့နှစ်ဦး ဆွေးနွေးရာ ခန်းမအတွင်း ဝင်ရောက်လာသည်။
“စီနီယာတို့...”
ကြည်လင်သည့် အသံလေးက သူတို့နှစ်ဦး၏ ဆွေးနွေးမှုကို နှောက်ယှက်လိုက်၏။
ပိုင်ဟူအရှင်မြတ်နှင့် ရွှမ်းဝူ အရှင်မြတ်တို့က အသံလာရာသို့ ကြည့်ရှုလိုက်ချိန်တွင် အပြာရောင်ဝတ်စုံလေးနှင့် ကျော့ရှင်းစွာ လျှောက်လှမ်းလာသည့် အမျိုးသမီးကို တွေ့လိုက်ရသည်။
“မင်းက...၊ ချင်းလုံရဲ့ အမွေခံပဲ...”
ပိုင်ဟူအရှင်မြတ်က ထိုအမျိုးသမီးကို ကြည့်ရင်း မှတ်ချက်ပေးလိုက်၏။ ထို့နောက် သူတို့၏ စိတ်တွင် ဝမ်းနည်းမှုလှိုင်းတချို့ ဖြတ်ပြေးသွားသည်။
ချင်းလုံအရှင်မြတ်က ဆိုရွားသည့် ဒဏ်ရာများမှ သက်သာလာခြင်း မရှိတော့ပဲ သေဆုံးသွားခဲ့ပြီဖြစ်၏။ သူတို့နှင့် ရှေးယခင်ကတည်းက သိကျွမ်းလာသူများဖြစ်ကာ အရင်းနှီးဆုံးမိတ်ဆွေများ ဖြစ်ခဲ့ကြသည်။
ထို့နောက် ရွှမ်းဝူအရှင်မြတ်က အတွေးများကို မောင်းထုတ်ကာ ထိုအမျိုးသမီးကိုကြည့်ရင်း ဖော်ရွေစွာ ပြောလိုက်သည်။
“ငါတို့ရဲ့ နာမည်တွေပဲ ခေါ်ရင် အဆင်ပြေပါတယ်...၊ စီနီယာလို့ ခေါ်စရာမလိုဘူး...”
“ကျွန်မ မဝံ့ရဲပါဘူး...”
သူမက အရိုအသေပြုရင်းဆိုလိုက်၏။ သူမကို ဟွမ်းသာ တွေ့လျင်တော့ ချက်ချင်းမှတ်မိသွားနိုင်ပေမည်။
အကြောင်းမှာ သူမက ကမ္ဘာငယ်မှ အဆင့်တက်ပြီးချိန်တွင် လေဟာနယ်ကွဲကြောင်းမှ စုပ်ယူခြင်း ခံလိုက်ရသည့် စုန့်ချင်းဖြစ်နေသောကြောင့်ပင်။
သို့သော် သူမက ယခင်ကထက် တည်ငြိမ်နေကာ ကြီးမြတ်သည့် အသွင်ဆောင်နေပြီး သူမ၏ ခန္ဓာကိုယ်မှလည်း ထူးခြားသည့် အရှိန်အဝါများကို ထုတ်ဖော်ထားသည်။
စုန့်ချင်းက ထိုသို့ ခေါ်ဆောင်သွားခံရချိန်တွင် အလွန်အမင်း ထိတ်လန့်နေခဲ့သည်။ သူမ တစ်ခါမျှ မရောက်ဖူးသည့် နေရာစိမ်းတစ်ခုကို ရောက်ရှိသွားခြင်း ဖြစ်ပြီး အရာအားလုံးက စိမ်းသက်နေခဲ့၏။
လေဟာနယ်၏ အခြားဘက်တွင် မိုးပြာနဂါးဗိမာန်သို့ ရောက်ရှိသွားခြင်းဖြစ်ပြီး အိုမင်းနေသည့် ချင်းလုံအရှင်မြတ်နှင့် တွေ့ဆုံခဲ့ရ၏။
သူ၏ အသွင်က ပိုင်ဟူတို့နှင့် မတူညီပဲ ကြွေလွင့်တော့မည့် သစ်ရွက်ကဲ့သို့ ညိုးနွမ်းလျော့ရဲနေသည်။
နောက်တွင် ချင်းလုံအရှင်မြတ်က အကျိုးအကြောင်းများကို ရှင်းပြခဲ့၏။ သူ၏ အခြေအနေက အတော်ပင် ဆိုးဝါးနေခဲ့သည်။
သူက အမွေခံတစ်ဦး ရှာဖွေနေပြီး စုန့်ချင်းက သူ၏ အမွေကို ဆက်ခံရန်သင့်လျော်ကြောင်း ပြောဆိုခဲ့သည်။ ထို့အပြင် သူမ၏ စိတ်နေစိတ်ထားက အထွတ်ထိပ်ခေါင်းဆောင်တစ်ဦးဖြစ်ရန် သင့်လျော်လှ၏။
စုန့်ချင်းက ယုံကြည်နိုင်ရန် ခက်ခဲနေသော်လည်း ချင်းလုံအရှင်မြတ်၏ အခြေအနေနှင့် အမွေခံတစ်ဦးရှိလာမှ ကျရောက်လာမည့် အန္တရာယ်များကို ကြယ်နယ်မြေများက တားဆီးနိုင်မည်ဟု ဆိုခဲ့သည်။
သူမက အချိန်ယူကာ စဉ်းစားပြီးနောက်တွင် အမွေခံတစ်ဦးဖြစ်လာရန် သဘောတူညီခဲ့၏။ မည်သို့ အန္တရာယ်များ ကျရောက်လာမည်ကို မသိရှိသော်လည်း ကျင့်ကြံသူများကို ကာကွယ်ရန် ဆုံးဖြတ်ခဲ့ခြင်းပင်။
ထို့နောက် မိုးပြာနဂါးဗိမာန်သို့ ရောက်ရှိစဉ်ကတည်းက ချင်းလုံ၏ အမွေအနှစ်များကို လေ့လာနေခဲ့သည်။
နှစ်ပေါင်း ခုနှစ်ဆယ်နီးနီးကြာမြင့်ပြီးနောက် ချင်းလုံက သေဆုံးတော့မည့် ဆဲဆဲဖြစ်လာ၏။ ထိုအချိန်တွင် သူ၏ သွေးအဆီအနှစ်ကို စုန့်ချင်းထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ကာ သူမကို ချင်းလုံအရှင်မြတ် ဖြစ်လာစေသည်။
ထို့နောက်တွင် ချင်းလုံအရှင်မြတ်က အသက်စွမ်းအင်များကို ဆက်လက်ထိန်းထားနိုင်ခြင်း မရှိတော့ပဲ ကြွေလွင့်သွားရတော့၏။
သို့သော် စုန့်ချင်းက အန္တရာယ်ကျရောက်နေပြီဖြစ်သည့် ကြယ်နယ်မြေအတွက် ထိုသတင်းကို မထုတ်ပြန်ခဲ့ပေ။ မဟုတ်ပါက ကျင့်ကြံသူများ ရုတ်ရုတ်သဲသဲဖြစ်လာကာ စိတ်ဓာတ်များ ကျဆင်းလာနိုင်သည်။
ထို့ကြောင့် သူမက တိတ်တဆိတ်နှင့်သာ ကာကွယ်ထိန်းချုပ်ထားပြီး လူလုံးထွက်ပြခြင်း မရှိချေ။
စုန့်ချင်းက ရွှမ်းဝူနှင့် ပိုင်ဟူတို့ကို မေးမြန်းလိုက်၏။
“စီနီယာတို့...၊ ဖုန့်ဟွမ်အရှင်မြတ်က ဘယ်နေရာကို ထွက်ခွာသွားတာပါလဲ...”
“ဖုန့်ဟွမ်က နတ်မိစ္ဆာကို ချိတ်ပိတ်ထားတဲ့ ကြယ်နယ်မြေရဲ့အောက်မှာ...၊ ချိတ်ပိတ်စည်းကို အားဖြည့်ဖို့ ကြိုးစားနေလိမ့်မယ်...”
ပိုင်ဟူက စုန့်ချင်းကို ရှင်းပြလိုက်၏။