← Chapters

ရောက်ရှိလာသည့် နတ်မိစ္ဆာများ

Vol. 26 Ch. 387

ရောက်ရှိလာသည့် နတ်မိစ္ဆာများ

Vol. 26 Ch. 387

“ကျွန်မ...၊ ချိတ်ပိတ်စည်းရှိတဲ့ နယ်မြေကို သွားရောက်ချင်တယ်...”

စုန့်ချင်းက အရှင်မြတ်နှစ်ဦးကို တောင်းဆိုလိုက်၏။ ထိုကိစ္စကို အစောကတည်းက စဉ်းစားထားပြီးဖြစ်သည်။

“မဖြစ်နိုင်ဘူး...”

ပိုင်ဟူနှင့် ရွှမ်းဝူက အလျင်စလိုတားမြစ်လိုက်ကြသည်။ သူတို့က ခွင့်မပြုလိုသည့် အလားပင်။

“မင်းက ခုမှ ရှေးဟောင်းအင်မော်တယ်ဖြစ်ခါစပဲရှိသေးတယ်...၊ ချိတ်ပိတ်နယ်မြေက အန္တရာယ်များလွန်းတယ်...၊ တစ်ချက်သတိလက်လွတ်ဖြစ်သွားတာနဲ့...၊ နတ်မိစ္ဆာရဲ့ လှည့်စားမှုထဲ ကျရောက်သွားနိုင်တယ်...”

ပိုင်ဟူက ရှင်းပြလိုက်၏။ နတ်မိစ္ဆာကို ချိတ်ပိတ်ထားသော်လည်း ချိတ်ပိတ်စည်းက လျော့ရဲနေပြီဖြစ်သည်။ ထို့ပြင် နတ်မိစ္ဆာကို အပြည့်အဝ ဖိနှိပ်ထားနိုင်ခြင်း မရှိတော့ချေ။

ယခုအချိန်တွင် ရှေးဟောင်းအင်မော်တယ်တစ်ဦး ဆုံးရှုံးရပါက အနာဂတ်အတွက် ရင်လေးစရာ အခြေအနေသို့ ကျရောက်သွားတော့မည်။

ထို့ကြောင့် တားမြစ်နေကြခြင်းဖြစ်သည်။ သို့ပေမဲ့ စုန့်ချင်းက ပြန်လည်ချေပကာ တောင်းဆိုလိုက်၏။

“တိုက်ခိုက်ရေးကွင်းမှာက အရှင်မြတ်နှစ်ဦးရှိပေမဲ့ ချိတ်ပိတ်နယ်မြေမှာ ဖုန့်ဟွမ်အရှင်မြတ်တစ်ဦးပဲ ရှိနေတယ်...၊ ကျွန်မ သေးငယ်တဲ့ အကူအညီပဲ ဖြစ်ဖြစ်ပေးချင်လို့ပါ...”

“ပြီးတော့...၊ ပြင်ပ နတ်မိစ္ဆာတွေကို တားဆီးနိုင်ရင်တောင်...၊ ကြယ်နယ်မြေထဲ ရှိတဲ့ နတ်မိစ္ဆာ လွတ်မြောက်သွားရင် ကြီးမားတဲ့ ကပ်ဘေးက ရှောင်လွှဲနိုင်မှာ မဟုတ်ဘူး...”

စုန့်ချင်းက ဖြစ်နိုင်ချေများကို သုံးသပ်ပြကာ အရှင်မြတ်နှစ်ဦးကို ရှင်းပြလိုက်သည်။

“ဒါက...”

ပိုင်ဟူနှင့် ရွှမ်းဝူတို့ တုန့်ပြန်စကားဆိုရန်ခက်ခဲသွား၏။

ဖုန့်ဟွမ်က ချိတ်ပိတ်စည်းကို အားဖြည့်ရန် ထွက်ခွာသွားခြင်းဖြစ်သည်။ သို့သော် အောင်မြင်မည်ဟု အတိအကျ မဆိုနိုင်ပေ။

ရှေးဟောင်းအင်မော်တယ်နှစ်ဦး၏ အားဖြည့်မှုနှင့်ဆိုလျင်တော့ အချိန်အနည်းငယ် ဆွဲထားနိုင်လောက်မည်ဟု တွေးမိသွားသည်။

“ဒါပေမဲ့...၊ သတိထားပါ...၊ အဲ့ဒီ နတ်မိစ္ဆာသာ လွတ်မြောက်သွားရင် ဒီလောကကြီးက ပျက်သုန်းသွားလိမ့်မယ်...၊ ပြီးတော့ ငါတို့ ရှေးဟောင်းအင်မော်တယ်လေးဦးက အဲ့ဒီမိစ္ဆာကို အချိန်အကြာကြီး ထိန်းထားနိုင်မှာ မဟုတ်ဘူး...”

ပိုင်ဟူက စုန့်ချင်း၏ စကားကို ငြင်းပယ်နိုင်ခြင်း မရှိသောကြောင့် သတိပေးစကားဆိုကာ သဘောတူလိုက်၏။

“အဲ့ဒီနတ်မိစ္ဆာက ကြမ်းတမ်းလွန်းတယ်...၊ အဲ့ဒီလူသာ မရှိခဲ့ရင် ဒီလောကကြီး ပျက်စီးသွားတာကြာပြီ...”

ရွှမ်းဝူက အနည်းငယ် လေးတွဲသည့် လေသံနှင့် ဆိုလိုက်၏။ ထို့နောက် ဝမ်းနည်းဟန်နှင့် ဆက်လက်ပြောဆိုလိုက်သည်။

“အဲ့ဒီလိုကျင့်ကြံသူမျိုး ထပ်ပြီး ပေါ်ပေါက်လာဖို့ မျှော်လင့်မိတယ်...”

ထိုစကားကို ဆိုရင်း အရှင်မြတ်နှစ်ဦးက ငြိမ်ကျသွား၏။ သူတို့က လောကကြီး၏ အထွတ်ထိပ်များ ဖြစ်ကြသော်လည်း ထိုစဉ်ကတည်းက နတ်မိစ္ဆာများကို ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပေ။

အထွတ်ထိပ် အဆင့်ဖြစ်နေသော်လည်း ရှေးဟောင်းအင်မော်တယ်ထက် ကျော်လွန်သည့် ဖြစ်တည်မှုမျိုး မရောက်ရှိနိုင်ခဲ့ချေ။

ထိုအရာက သူတို့လမ်းစဉ်၏ အဆုံးသတ်ပင်။ သူတို့နှစ်ဦး အတွေးများနေစဉ် စုန့်ချင်း၏ တည်ငြိမ်သည့် စကားသံကို ကြားလိုက်ရ၏။

“အဲ့ဒီလိုကျင့်ကြံသူမျိုး မကြာခင်ရောက်ရှိလာလိမ့်မယ်...”

“ဘယ်လို...”

အရှင်မြတ် နှစ်ဦးက ထိုစကားကြောင့် အလွန်အံ့ဩသွားသည်။ သူတို့၏ မျက်ဝန်းများက ပြူးကျယ်နေပြီး မယုံနိုင်ဖြစ်နေကြသည့် အသွင်ပင်။

ထို့နောက် အလောတကြီး လေသံနှင့် မေးလိုက်၏။

“အဲ့ဒီသူက ဘယ်သူလဲ...”

သို့သော် စုန့်ချင်းက အရှင်မြတ်နှစ်ဦး၏ မေးခွန်းကို အပြုံးနှင့်သာတုန့်ပြန်လိုက်သည်။ ထို့နောက် သူမက ချိတ်ပိတ် နယ်မြေသို့ ထွက်ခွာသွားတော့၏။

တစ်ဖက်ရှိ မဟာမိတ်မြို့တော်တွင် ကျင့်ကြံသူများ စုဝေးနေကြသည်။ ဤနေ့တွင် တမန်တော်များက နတ်မိစ္ဆာတိုက်ပွဲ ကွင်းပြင်သို့ ပို့ဆောင်ပေးရန် ပြင်ဆင်နေကြခြင်း ဖြစ်သည်။

ထိုအထဲတွင် ဟွမ်းလည်း ပါဝင်နေ၏။ တမန်တော်က ဟွမ်း၏ အဆင့်ကို ဝေခွဲမရခဲ့ပေ။ သို့သော် သူ့တွင် မိုးပြာနဂါးဗိမာန်မှ တံဆိပ်တုံး ရှိနေသောကြောင့် အသိမှတ်ပြုမှုကို ရရှိခဲ့သည်။

ထိုတံဆိပ်တုံးက ချင်းလုံအရှင်မြတ်ကိုယ်တိုင် ပေးအပ်ထားသည့် တံဆိပ်တုံးဖြစ်ကြောင်း သိရှိခဲ့၏။ ထို့ကြောင့် ဟွမ်းကို အင်မော်တယ်များနှင့် အတူ ခေါ်သွားသည်။

အင်မော်တယ်အဆင့် ကျင့်ကြံသူနှစ်ဦးနှင့် အတူ ကြီးမြတ်သူများစွာလည်း ပါဝင်နေ၏။

“ရောင်းရင်းက ဘယ်ဂြိုဟ်က အင်မော်တယ်များလဲ...”

မျက်ခုံးနှစ်ခုအကြားတွင် ကြယ်အမှတ်အသား ပါရှိသည့် လူရွယ်က ဟွမ်းကို မေးလိုက်၏။ သူက ကြယ်ပြာစံအိမ်သခင်ဖြစ်သည်။

ဟွမ်း၏ ဝိသေသက ထူးခြားနေကာ တွေ့ဆုံဖူးခြင်း မရှိသောကြောင့် စပ်စုလိုက်ခြင်းဖြစ်သည်။

“လင်းထျန်းဘုံ...”

ဟွမ်းက သာမန်ကာ လျှံကာ စကားနှင့်သာ အဖြေပေးလိုက်၏။

“လင်းထျန်းဘုံလား...”

ကြယ်ပြာသခင်က တွေဝေသွား၏။ ထိုသို့ နာမည်မျိုးနှင့် ရင်းနှီးနေခြင်း မရှိပေ။ ဆက်လက်တွေးတောခြင်း မရှိတော့ပဲ သူ့ကိုယ်သူ မိတ်ဆက်ပြီးနောက် အခြားအမျိုးသမီးတစ်ဦးကိုလည်း ညွှန်ပြကာ မိတ်ဆက်ပေးလိုက်၏။

“သူမက နှင်းလသခင်မလေ...၊ နှင်းလစံအိမ်ရဲ့ ခေါင်းဆောင်တစ်ယောက်ပဲ...”

နှင်းလသခင်မက မလှုပ်မယှက်နှင့်သာ ရှိနေပြီး ကြယ်ပြာသခင်၏ စကားများကို မကြားသည့်အလားပင်။ သူမ၏ ခန္ဓာကိုယ်တွင် အေးခဲသည့် လေထုနှင့် ဝန်းရံထား၏။

သူတို့နှစ်ဦးက နတ်မိစ္ဆာတိုက်ပွဲကွင်းပြင်တွင် အင်မော်တယ်အဆင့်များ လိုအပ်နေခြင်းကြောင့် ရောက်ရှိလာကြခြင်းဖြစ်သည်။

သို့သော် ဟွမ်းက ထိုနှစ်ဦးကြောင့် သူ၏ မျက်ဝန်းများ အနည်းငယ် မှေးကျဉ်းသွားသည်။ လောကကြီးက ကျယ်ပြောလှသော်လည်း ထိုသူနှစ်ဦးနှင့် ဆုံတွေ့နေရ၏။

သို့သော် ထိုနှစ်ဦးက လင်းထျန်းဘုံကို မသိရှိနေသောကြောင့် စိတ်အေးသွားသည်။ မဟုတ်ပါက အလုပ်များပေလိမ့်မည်။

တခဏအတွင်း သူ၏ အမူအယာက ပြန်လည်တည်ငြိမ်သွားပြီး ထိုနှစ်ဦးကို စိတ်မဝင်စားတော့သည့် အသွင် ဖြစ်တည်သွား၏။ ထို့ကြောင့် ယာဉ်ပျံအတွင်း တိတ်ဆိတ်သွားသည်။

ဤသို့နှင့် သူတို့၏ ယာဉ်ပျံက တစ်ပတ်ကျော်ကြာ လေဟာနယ်ကို ဖြတ်သန်းနေသည်။ ထိုအချိန်တွင် ကြီးမားသည့် စွမ်းအင်လှိုင်းက ယာဉ်ပျံကို ထိမှန်သွားသောကြောင့် ကျင့်ကြံသူများ မျက်မှောင်ကြုတ်ကုန်ကြ၏။

“နတ်မိစ္ဆာတွေ...”

ယာဉ်ပျံကို ထိန်းချုပ်ထားသည့် ကျင့်ကြံသူက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ကြယ်ပြာသခင်နှင့် နှင်းလသခင်မက ရုတ်ချည်းဆိုသလို ယာဉ်ပျံ၏ အပြင်သို့ ထွက်ခွာသွားကာ စစ်ဆေးလိုက်ကြ၏။

ထိုအချိန်တွင် ကြောက်မက်ဖွယ်အသွင်နှင့် သားရဲကြီးများက သူတို့၏ ယာဉ်ပျံကို တိုက်ခိုက်နေခြင်းပင်။ ၎င်းတို့က သုံးကောင်ခန့်ရှိနေပြီး ကြီးမြတ်သူအဆင့်၏ အရှိန်အဝါများ ပေါ်ထွက်နေသည်။

“ဒါက...၊ ဒီကောင်တွေ ဘယ်လို လွတ်ထွက်လာတာလဲ...”

ကြယ်ပြာသခင်က အံ့ဩတကြီး ရေရွတ်မိသွား၏။ ထိုသားရဲများက နတ်မိစ္ဆာတိုက်ပွဲကွင်းတွင်သာ ပေါ်ထွက်လာရမည်ဖြစ်သည်။

သို့သော် ယခုတွင် လောကအတွင်း ရောက်ရှိနေပြီဖြစ်၏။

နှင်းလသခင်မ၏ မျက်ဝန်းအိမ်များက ကြုံ့ဝင်သွားသည်။

“ဝေါင်း...”

စံအိမ်သခင်နှစ်ဦးကို တွေ့မြင်လိုက်ချိန်တွင် နတ်မိစ္ဆာသားရဲ သုံးကောင်က ချက်ချင်းဆိုသလို ပြေးဝင်လာ၏။

သူတို့၏ အလျင်က မြန်ဆန်သောကြောင့် တခဏအတွင်း စံအိမ်သခင်နှစ်ဦးအနီးရောက်ရှိလာသည်။

နှင်းလသခင်မက တည်ငြိသည့် အသွင်နှင့် သူမ၏ လက်ကို ဝှေ့ယမ်းလိုက်၏။ သူမအတွက် နတ်မိစ္ဆာများက ပြိုင်ဘက် မဟုတ်ပေ။

“ခရက်...”

နတ်မိစ္ဆာသုံးကောင် ဝင်ရောက်လာသည့် လမ်းကြောင်းတစ်ခုလုံး အေးခဲသွားသည်။ ၎င်းတို့က အေးစက်လှသည့် ရေခဲအလွှာများကြား ချုပ်နှောင်ခံလိုက်ရ၏။

ထိုအချိန်တွင် ကြယ်ပြာသခင်က ရုတ်ချည်းပေါ်ထွက်လာကာ အေးခဲနေသည့် နတ်မိစ္ဆာများကို ကြယ်စင်တန်းတစ်ခုနှင့် ပစ်လွှတ်လိုက်သည်။

စီတန်းထားသည့် ကြယ်သုံးစင်းက မြန်ဆန်သည့် အရှိန်နှုန်းနှင့် နတ်မိစ္ဆာများကို ထိန်မှန်သွား၏။

“ဝုန်း...၊ ဝုန်း...၊ ဝုန်း..”

ကြယ်သုံးစင်းတွင် ကြီးမားသည့် အဖျက်စွမ်းအင်များ ပါဝင်နေသောကြာင့် နတ်မိစ္ဆာများကို ထိမှန်သွားသည်နှင့် တပြိုင်နက် ကျယ်လောင်သည့် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

အေးခဲနေသည့် ရေခဲအလွှာများက ပျက်စီးကုန်ပြီး အေးခဲခံထားရသည့် နတ်မိစ္ဆာသုံးကောင်၏ ခန္ဓာကိုယ်များ ပျက်စီးကုန်၏။

“ရှင့်ရဲ့ တိုက်ခိုက်မှုက အားပျော့လိုက်တာ...”

နှင်းလသခင်မက ကြယ်ပြာသခင်ကို ကြည့်ရင်း ခနဲ့လိုက်၏။

အကြောင်းမှာ နတ်မိစ္ဆာများက ထိခိုက်သွားသော်လည်း မသေဆုံးကြသေးပေ။

သို့သော် ကြယ်ပြာသခင်က မျက်မှောင်ကြုတ်သွားရ၏။ သူ၏ တိုက်ခိုက်မှုက မပျော့ညံပေ။ နတ်မိစ္ဆာများ၏ ခံနိုင်ရည်က မြင့်မားနေခြင်းပင်။

“ဝေါင်း...”

ထိုအချိန်တွင် ဒဏ်ရာရရှိသွားသည့် နတ်မိစ္ဆာများက စူးရှသည် အော်သံကို အဆက်မပြတ် ထုတ်ဖော်လိုက်၏။

ထိုအချိန်တွင် သူတို့၏ နောက်မှ လေဟာနယ်က ကြီးမားသည့် တုန်ခါမှု ဖြစ်ပေါ်လာသည်။

All Chapters