အင်မော်တယ်အဆင့်နတ်မိစ္ဆာ
Vol. 26 Ch. 388
“ဒီနတ်မိစ္ဆာတွေက ခံနိုင်ရည် မြင့်မားလွန်းနေတယ်...”
ကြယ်ပြာသခင်က အခြေအနေကို စူးစမ်းကာ မှတ်ချက်ချလိုက်၏။ အင်မော်တယ်တစ်ဦး၏ တိုက်ခိုက်မှုက ကြီးမြတ်သူအဆင့်များ ခံနိုင်ရည်ရှိသည့် အရာမဟုတ်ပေ။
သို့သော် နတ်မိစ္ဆာများက ဒဏ်ရာတစ်ချို့ရရှိရုံသာ ဖြစ်ခဲ့ပြီး ကြီးကြီးမားမား ထိခိုက်ခြင်း မရှိပေ။ ထိုအချိန်တွင် သူတို့က ဒေါသတကြီး အော်ဟစ်ကုန်ကြ၏။
အော်သံများက စူးရှလွန်းသောကြောင့် စံအိမ်သခင်နှစ်ဦးက မျက်မှောင်ကြုတ်သွားသည်။
ထို့အပြင် နတ်မိစ္ဆာများ၏ အော်သံကြောင့် ကျင့်ကြံသူများ၏ စိတ်များရှုပ်ထွေးကုန်ကာ တုန်တုန်ယင်ယင် ဖြစ်ကုန်ကြ၏။
ထိုအချိန်တွင် နတ်မိစ္ဆာများ၏ နောက်ရှိ လေဟာနယ်က ကြမ်းတမ်းစွာ တုန်ခါသွားပြီးနောက် အက်ကွဲကြောင်းငယ်တစ်ခု ပေါ်ထွက်လာသည်။
“ဒါက...”
စံအိမ်သခင်နှစ်ဦး ကြက်သေသေသွားကြ၏။
အကြောင်းမှာ ထိုအက်ကွဲကြောင်းမှ ကြောက်မက်ဖွယ် လက်တံများ တိုးထွက်လာသောကြောင့်ပင်။
ထိုလက်တံများက ရှည်လျားစွာ ဆန့်ထွက်လာပြီး နတ်မိစ္ဆာသုံးကောင်၏ ခန္ဓာကိုယ်များကို ထိုးစိုက်သွား၏။
“ဝေါင်း...”
နတ်မိစ္ဆာများက နာနာကျင်ကျင်နှင့် ဟစ်အော်လိုက်ရသည်။ သို့သော် ရုန်းကန်ခြင်း မရှိပဲ ထိုလက်တံများ၏ ဆွဲရာ နောက်သို့ လိုက်ပါသွား၏။
လက်တံများက ထွက်ပေါ်လာရာ အက်ကွဲကြောင်းငယ်အထိ နတ်မိစ္ဆာများကို ဆွဲခေါ်သွားပြီးနောက် ထူးဆန်းသည့် စွမ်းအင်လှိုင်းတချို့ကို ထုတ်ဖော်လိုက်သည်။
“ဝုန်း...၊ ဝုန်း...၊ ဝုန်း...”
ကမ္ဘာမြေတုန်ဟီးမတက် မြည်သံကျယ်ကြီး ထွက်ပေါ်လာ၏။ လက်တံများက ထုတ်လွှတ်လိုက်သည့် စွမ်းအင်လှိုင်းကြောင့် နတ်မိစ္ဆာသုံးကောင် ပေါက်ကွဲသွားကြခြင်းပင်။
“ဒါက...”
စံအိမ်သခင်နှစ်ဦးက မယုံကြည်နိုင်သည့် မျက်ဝန်းများနှင့် ကြည့်ရှုနေမိသည်။ မည်သို့ အဖြစ်အပျက်များ ဖြစ်ပျက်နေသည်ကို နားမလည်နိုင်သေးပေ။
ပေါက်ကွဲမှုများ တည်ငြိမ်သွားချိန်တွင် သေးငယ်သည့် လေဟာနယ်အက်ကွဲကြောင်းက အတော်လေးကြီးမားသွားသည်။
ထိုသို့ ကြီးမားသွားမှုနှင့် အတူ ရုန့်ရင်းကြမ်းတမ်းသည့် အရှိန်အဝါနှင့် နတ်မိစ္ဆာ တစ်ကောင်ပေါ်ထွက်လာ၏။
၎င်း၏ ခန္ဓာကိုယ်က အလွန်ကြီးမားလှပြီး ခန္ဓာကိုယ်အောက်ပိုင်းတွင် ပင့်ကူတစ်ကောင်ကဲ့သို့ များစွာသည့် ခြေထောက်များ ပါရှိနေသည်။
ထို့အပြင် မျက်နှာက အလွန်ပင် ဆိုးဝါးသည့်အသွင်နှင့် ရှည်လျားသည့် ဦးချိုနှစ်ချောင်းပါရှိသေးသည်။ ထို့အပြင် အလွန်မွန်းကြပ်ဖွယ် အငွေ့အသက်များ ထုတ်လွှတ်ထားပြီး စံအိမ်သခင်နှစ်ဦးကိုပင် စိတ်မသက်မသာ ဖြစ်စေ၏။
“အင်မော်တယ်အဆင့်လား...”
နှင်းလသခင်မက ထိုနတ်မိစ္ဆာကိုကြည့်ရှုရင်း တုန်ယင်သည့် လေသံနှင့် ရေရွတ်မိသွား၏။
အင်မော်တယ်နတ်မိစ္ဆာ၏ ခြေချောင်းများက ရှေ့သို့လှမ်းလိုက်တိုင်း လေဟာနယ်က အက်ကွဲသွားရသည်။
“အမှိုက်လူသားတွေ...၊ သေစမ်း...”
သူက စံအိမ်သခင်နှစ်ဦးကို တွေ့ရှိလိုက်ချိန်တွင် ကြမ်းကြုတ်စွာ အော်ဟစ်လိုက်၏။
ထို့နောက် သူ၏ ခြေချောင်းနှစ်ချောင်းနှင့် သူတို့ကို ခုတ်ပိုင်းသည့် အသွင် ပြုလုပ်လိုက်သည်။ မွန်းကြပ်ဖွယ်အငွေ့အစက်များနှင့် စွမ်းအင်လှိုင်းနှစ်ခုက စံအိမ်သခင်နှစ်ဦးထံ တိုးဝင်သွား၏။
“သေစမ်း...”
စံအိမ်သခင်နှစ်ဦးက သတိကပ်သွားကာ ချက်ချင်းဆိုသလို တုန့်ပြန်တိုက်ခိုက်လိုက်သည်။
“ဝုန်း..၊ ဝုန်း...”
သူတို့၏ လက်နက်များနှင့် စွမ်းအင်လှိုင်းနှစ်ခုကို တားဆီးလိုက်၏။
‘ဒီစွမ်းအား...’
စံအိမ်သခင်နှစ်ဦးက အနည်းငယ်တုန်လှုပ်သွားသည်။ အင်မော်တယ်နတ်မိစ္ဆာက သူတို့နှင့် အဆင့်တူနေသော်လည်း ခွန်အားက ထင်ထားသည်ထက် သန်မာလွန်းနေသည်။
“နှင်းလသခင်မ အချိန်မဆွဲနဲ့တော့...”
ကြယ်ပြာသခင်က ဦးဆောင်မှုပြုကာ ကြယ်စင်တန်းကို ထုတ်ဖော်လိုက်၏။
သူ၏ နောက်တွင် ကြယ်တာယာခုနှစ်လုံးပေါ်ထွက်လာသည်။ ၎င်းကြယ်စင်တန်းက တစ်လုံးပြီးတစ်လုံး လင်းလက်လာကာ ခုနှစ်ခုလုံး ကြယ်အလင်းများနှင့် တောက်ပလာသည်။
“ပေါင်းစည်းစမ်း...”
သူက စွမ်းအင်များကို မချွင်းမချန်ထုတ်သုံးကာ ကြယ်တာယာခုနှစ်လုံးကို ပေါင်းစည်းလိုက်၏။
ထိုအချိန်တွင် လင်းလက်နေသည့် ကြယ်စင်တန်းများက တစ်ခုနှင့်တစ်ခုယှက်နွယ်သွားကာ ကြီးမားလှသည့် ဂြိုဟ်တစ်ခုအသွင်သို့ ပြောင်းလဲသွားသည်။
နှင်းလသခင်မသည်လည်း မခိုကပ်ပေ။ သူမ၏ မျက်ဝန်းများက အဖြူရောင်အလင်းတန်းများထွက်ပေါ်လာကာ နောက်တွင် ကြီးမားသည့် လတစ်စင်း ပေါ်ထွက်လာစေ၏။
သူမ၏ ဆံနွယ်များက လေမတိုက်ပဲ လွင့်မြောနေပြီး ပတ်ဝန်းကျင်ရှိလေထုက အေးခဲသွားသည်။
“သွားစမ်း...”
စံအိမ်သခင်နှစ်ဦးက ပြိုင်တူဟစ်အော်လိုက်ပြီးနောက် အင်မော်တယ်နတ်မိစ္ဆာကို ကြယ်တစ်စင်း၊ လတစ်စင်းနှင့် ဖိနှိပ်လိုက်တော့၏။
ကြမ်းတမ်းလှသည့် ဂြိုဟ်နှစ်ခုက မြန်ဆန်သည့် အရှိနှင့် အင်မော်တယ် နတ်မိစ္ဆာထံ ဝင်ရောက်သွားသည်။
“သေချင်နေတာ...”
အင်မော်တယ် နတ်မိစ္ဆာက ပြန်လည် ဟိန်းဟောက်လိုက်၏။
ထို့ပြင် သူ၏ ရှေ့တွင် ထက်ရှသည့် လက်တံများစွာ ထွက်ပေါ်လာကာ ကြယ်နှင့်လကို တားဆီးရန်ကြိုးစားလိုက်သည်။
“ဝုန်း...”
“ဝုန်း...”
ကြယ်နှင့်လ၏ မြန်ဆန်လှသည့် အရှိန်ကြောင့် တခဏအတွင်း အင်မောတယ်နတ်မိစ္ဆာ၏ လက်တံများကို ထိမှန်သွား၏။
“ဝုန်း...”
ပေါက်ကွဲမှုက မရပ်တန့်ပေ။ အဆက်မပြတ် ထွက်ပေါ်နေပြီး လေထုတစ်ခုလုံး ရှုပ်ထွေးသွားသည်။
စံအိမ်သခင်နှစ်ဦးက မောပန်းနေသည့် မျက်ဝန်းများနှင့် ရှုပ်ထွေးနေသည့်လေထုကို ကြည့်နေမိ၏။
အင်မော်တယ်နတ်မိစ္ဆာကို အပြတ်ရှင်းရန် သူတို့၏ အကြမ်းတမ်းဆုံး တိုက်ကွက်များ ဖြစ်သည့် နည်းစနစ်များနှင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
တဖြည်းဖြည်းနှင့် လေထုက တည်ငြိမ်လာချိန်တွင် ‘ခရက်’ ဟူသည့် အသံနှင့် အတူ လက်တံနှစ်ခုက စံအိမ်သခင်နှစ်ဦးထံ အလျင်အမြန် ရောက်ရှိလာ၏။
“မဟုတ်သေးဘူး...”
စံအိမ်သခင်နှစ်ဦးက ထိတ်လန့်သွားသည်။ ချက်ချင်းဆို သလို ကာကွယ်လိုက်သော်လည်း လက်တံမှ ကြောက်မက်ဖွယ် စွမ်းအင်များကြောင့် နောက်သို့ လွင့်စင်သွားကြရ၏။
“ဘုန်း...”
‘ဒီခွန်အားက...’
သူတို့နှစ်ဦးက ဇဝေဇဝါ ဖြစ်သွားရသည်။ လက်တံမှ ခွန်အားက အလွန်အမင်း သန်မာနေသောကြောင့်ပင်။
အနည်းဆုံးတော့ သူတို့၏ တိုက်ခိုက်မှုများကို ကာကွယ်ထားရသောကြောင့် အားနည်းနေသင့်သည်။ သို့သော် တစ်စက်မျှ အားနည်းဟန် မရချေ။
“အမှိုက်လူသားတွေ...”
အင်မော်တယ် နတ်မိစ္ဆာက အထိအခိုက်မရှိသည့် ခန္ဓာကိုယ်နှင့် ထွက်ပေါ်လာ၏။ သူ၏ ခန္ဓာကိုယ်တွင် ခြစ်ရာတစ်ခုမျှပင် ရှိမနေချေ။
“မဖြစ်နိုင်တာ...”
ကြယ်ပြာသခင်က မည်သို့မျှ မယုံနိုင်ဖြစ်သွားသည်။ အဆင့်တူဟု သိရှိထားသော်လည်း အင်မော်တယ်နတ်မိစ္ဆာက သူတို့နှစ်ယောက်ပေါင်း တိုက်ခိုက်မှုအောက်တွင် ဒဏ်ရာပင် မရရှိခဲ့ချေ။
မယုံနိုင်မှုများနှင့် ပြည့်နှက်နေ၏။
“သေစမ်း...”
အင်မော်တယ်နတ်မိစ္ဆာက လက်တံများနှင့် ထပ်မံ၍ တိုက်ခိုက်လိုက်ပြန်သည်။
၎င်း၏ တိုက်ခိုက်မှုကို စံအိမ်သခင်နှစ်ဦးက အသည်းအသန် ရှောင်တိမ်းနေရပြီး လက်တံများက အဆက်မပြတ် ဝင်ရောက်နေသောကြောင့် သူတို့၏ လှုပ်ရှားနိုင်စွမ်းက အကန့်အသတ်သို့ ရောက်ရှိလာ၏။
‘ဒီတိုင်းဆိုရင် သေကုန်တော့မယ်...’
ကြယ်ပြာသခင်က ဦးနှောက်ကို အလျင်အမြန် အလုပ်ပေးလိုက်ပြီးနောက် တိုက်ကွက်ကို ထပ်မံ ထုတ်ဖော်ရန် ကြိုးစားလိုက်သည်။
“ဘုန်း...”
သို့သော် လက်တံတစ်ချောင်းက မထင်မှတ်ထားပဲ ဝင်ရောက်လာမှုကြောင့် ရှောင်တိမ်းခွင့် မရလိုက်ချေ။
သူ၏ ခန္ဓာကိုယ်က အဝေးသို့ လွင့်စင်သွားသည်။
ထိုအချိန်တွင် အခြားလက်တံတစ်ခုက သူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်ကာ ချုပ်နှောင်လိုက်၏။
“ဘုန်း...”
ကြယ်ပြာသခင်က ရုန်းကန်ကာ ၎င်းလက်တံကို ဖျက်ဆီးရန် ကြိုးစားလိုက်သော်လည်း အလွန်သန်မာကာ တင်းတင်းကြပ်ကြပ် ချုပ်နှောင်ထားသောကြောင့် ရုန်းထွက်ရန် မစွမ်းသာတော့ပေ။
“ခလွမ်း...”
တစ်ဖက်ရှိ အကာအကွယ်ပြုထားသည့် နှင်းလသခင်မ၏ ရေခဲအလွှာများက ပြိုကွဲကုန်က ကြယ်ပြာသခင်ကဲ့သို့ ချုပ်နှောင် ခံလိုက်ရသည်။
“ငါတို့တော့ သွားပြီ...”
သူတို့ နှစ်ဦး၏ စိတ်တွင်း ပြာယာခပ်သွားရသည်။ အကြောင်းမှာ အခြားလက်တံများက သူတို့၏ ခန္ဓာကိုယ်များကို ဦးတည်ကာ လာရောက်နေသောကြောင့်ပင်။
သူတို့နှစ်ဦး မည်မျှပင် ရုန်းကန်ပါစေ အင်မော်တယ်နတ်မိစ္ဆာ၏ လက်မှ မလွတ်မြောက်တော့ချေ။
လက်တံများက သူတို့၏ ခန္ဓာကိုယ်ကို ထိမှန်တော့မည့် အချိန်တွင် ကျယ်လောင်သည့် ပေါက်ကွဲသံများ ပေါ်ထွက်လာ၏။
“ဘုန်း...”
“ဘုန်း...”
ပေါက်ကွဲသံများက အဆက်မပြတ် ထွက်ပေါ်နေပြီး စံအိမ်သခင်နှစ်ဦးကို တုပ်နှောင်ထားသည့် လက်တံများ ပျက်စီးသွားသည်ကို ခံစားမိသွားကြသည်။
“ဒါက...”
အချုပ်အနှောင်မှ လွတ်မြောက်လာသည့် စံအိမ်သခင်နှစ်ဦးက သူတို့ရှေ့ရှိ မြင်ကွင်းကို မယုံနိုင်သည့် အကြည့်များနှင့် မှင်သက်စွာ ကြည့်ရှုနေမိ၏။