စိတ်မြန်လက်မြန်
Vol. 26 Ch. 390
“ကျုပ်တို့ တခဏတာ စိတ်လွတ်သွားတာအတွက် ဗွေမယူပါနဲ့...”
ပိုင်ဟူအရှင်မြတ်က ချက်ချင်း တောင်းပန်မှုပြုလိုက်သည်။
“ပြသနာမရှိဘူး....၊ အဆင်ပြေရင် ကျုပ်ကို အဲ့ဒီလူအကြောင်း ပြောပြလို့ရမလား...၊ ပြီးတော့ လက်ရှိ အဖြစ်အပျက်တွေရောပေါ့...”
ဟွမ်းက ထိုနှစ်ဦးသိရှိနေသောကြောင့် မေးမြန်းလိုက်၏။
“ရပါတယ်...ရောင်းရင်း...၊ ကျုပ်တို့နဲ့ နတ်မိစ္ဆာ တိုက်ပွဲကွင်းပြင်ကို လိုက်ခဲ့ပါ...”
ရွှမ်းဝူက ဖိတ်ခေါ်လိုက်သည်။
“လောလောဆယ်...၊ ဒီလေဟာနယ်လမ်းကြောင်းကို ပိတ်ဆို့ဖိုလိုလိမ့်မယ်...”
ဟွမ်းက နတ်မိစ္ဆာများ ဝင်ရောက်လာနိုင်ပြီမို့ နောက်ထပ် ဝင်ရောက်လာမှုကို ဖြတ်တောက်ပစ်ရန် လိုအပ်ကြောင်း ပြောဆိုလိုက်သည်။
“ကျုပ်တို့က ဖြစ်ပေါ်လာတဲ့ လေဟာနယ်လမ်းကြောင်းတွေကို မပိတ်ဆို့နိုင်ဘူး...”
“ဒါ့ကြောင့်မို့ စောင့်ကြပ်မှုပဲ လုပ်နိုင်တယ်...၊ ပြီးတော့ ပျက်သုန်းခြင်းအရှင်မြတ်...ထားရစ်ခဲ့တဲ့ အကာအကွယ်က အားနည်းလာပြီ...”
ပိုင်ဟူ အရှင်မြတ်က စိတ်မကောင်းဖြစ်သည့် လေသံနှင့် ဆိုလိုက်၏။
ထို့နောက် စံအိမ်သခင်နှစ်ဦးကို လေဟာနယ်လမ်းကြောင်းတွင် စောင့်ကြည့်ရန် အကူအညီတောင်းခဲ့သည်။
စံအိမ်သခင်နှစ်ဦးက မငြင်းဆန်ပေ။
သူတို့ တက်နိုင်သည့် ဘက်မှ အကူအညီပေးရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
ထို့နောက် အရှင်မြတ်နှစ်ဦးက ဟွမ်းနှင့်အတူ နတ်မိစ္ဆာတိုက်ပွဲကွင်းပြင်သို့ ထွက်ခွာသွား၏။ ထိုနေရာသို့ ရောက်ရှိချိန်တွင် ဟွမ်းက စတင်မေးမြန်းလိုက်သည်။
“အဲ့ဒီနှစ်တွေက ဘာဖြစ်ခဲ့တာလဲ...”
“နတ်မိစ္ဆာတွေ မကျုးကျော်ခင်က ကျုပ်တို့ နတ်ဘုရားလောကကြီးက သာယာခဲ့တယ်...”
“အင်မော်တယ်အဆင့် ကျင့်ကြံသူတွေလဲ အများကြီးရှိပြီး ကြီးမြတ်သူတွေကလဲ ဒုနဲ့ဒေးပဲ..”
ပိုင်ဟူက သက်ပြင်းချကာ ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်သည်။
“ပြီးတော့ ဘုံတွေ အလွှာတွေက ဆက်စပ်နေပြီး တစ်ခုနဲ့တစ်ခုက သွားရောက်ဖို့ မခက်ခဲလှဘူး...”
“ဒါပေမဲ့ ကြောက်စရာကောင်းတဲ့ နတ်မိစ္ဆာတစ်ကောင် ဝင်ရောက်လာပြီးနောက်မှာ အေးချမ်းတဲ့ နတ်ဘုရားလောကက အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားတယ်...”
“အဲ့ဒီနတ်မိစ္ဆာကို ချုံးချိလို့ခေါ်တယ်...”
ချုံးချိ၏ ခွန်အားက အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။ သူ၏ ခြေတစ်ချက်နှင့် နယ်မြေများ ကြေမွကာ ကျင့်ကြံသူများ သေဆုံးခဲ့ရ၏။
ထို့အပြင် သူ၏နောက်မှ ပါရှိသည့် နတ်မိစ္ဆာများက များပြားလှပြီး နတ်ဘုရားလောကအတွက် ကြီးမားသည့် ကပ်ဘေးတစ်ခုကျရောက်လာခဲ့သည်။
ထိုကပ်ဘေးတွင် အင်မော်တယ်များစွာ ကျဆုံးခဲ့ရပြီး သေကြေကြသည့် ကြီးမြတ်သူများလည်း မနည်းမနောပင်။
ထိုကပ်ဘေးကို အရှင်မြတ်လေးဦးက ဝိုင်းဝန်းတားဆီးခဲ့ကြ၏။ သို့သော် ချုံးချိ၏ ကြောက်မက်ဖွယ်ခွန်အားအောက်တွင် သေလုမြောပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် ဖုန့်ဟွမ်အရှင်မြတ်က သေဆုံးသွားသည် အထိ ဒဏ်ရာရခဲ့၏။ သို့သော် ဖုန့်ဟွမ် အရှင်မြတ်တွင် ပြန်လည်မွေးဖွားနိုင်သည့် စွမ်းရည်ကြောင့် ရှင်သန်နိုင်ခဲ့သည်။
သို့သော် ချင်းလုံအရှင်မြတ်ကတော့ ဒဏ်ရာများကြောင့်ပင် ကြွေလွင့်ခဲ့ရ၏။
“အဲ့ဒီအချိန်မှာ တိတ်တဆိတ် နေထိုင်ခဲ့တဲ့ ပျက်သုန်းခြင်းအရှင်မြတ်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်...”
ပိုင်ဟူက ဝမ်းနည်းသည့် လေသံနှင့် ဆက်လက်ပြောဆိုနေသည်။
ပျက်သုန်းခြင်းအရှင်မြတ်က တစ်ကိုယ်တော်ကျင့်ကြံသူဖြစ်ပြီး လောကီအရေးများတွင် ဝင်ရောက်စွက်ဖက်တတ်သူ မဟုတ်ပေ။
သို့သော် ချုံးချိ၏ ကပ်ဘေးတွင်တော့ လူသားကျင့်ကြံသူများဘက်မှ ရပ်တည်ကာ ဝင်ရောင်တိုက်ခိုက်ခဲ့သည်။
ပျက်သုန်းခြင်းအရှင်မြတ်၏ ခွန်အားက အလွန်သန်မာ၏။ ချုံးချိနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပြီး ဖိအားပင် ပေးနိုင်ခဲ့သည်။ သို့သော် ချုံးချိကို အပြီးတိုင် သုတ်သင်၍ မရပေ။
မည်သို့ပင် တိုက်ခိုက်ပါစေ ချုံးချိက သေဆုံးသွားခြင်း မရှိခဲ့ချေ။ သူ၏ ဒဏ်ရာများက အလျင်အမြန် ပြန်ကောင်းလာပြီး ခံနိုင်ရည်ကလည်း အလွန်မြင့်မားနေသည်။
ထို့အပြင် နတ်မိစ္ဆာများ အဆက်မပြတ် ဝင်ရောက်လာမှုကြောင့် အားနည်းလာသည့် နတ်ဘုရားလောကမှ ကျင့်ကြံသူများက ကြာရှည်စွာ ထိန်းထားနိုင်ခြင်း မရှိတော့ပဲ နယ်မြေများ ဘုံများ၏ ပျက်စီးမှုများကလည်း များပြားလာသည်။
ထို့အပြင် ပျက်သုန်းခြင်း အရှင်မြတ်နှင့် ချုံးချိတို့၏ တိုက်ခိုက်မှုကြောင့် ကြယ်နယ်မြေများစွာ ပြိုကွဲကုန်၏။
ထို့ကြောင့် ချုံးချိကို အပြတ်မရှင်းနိုင်သည့် ပျက်သုန်းခြင်း အရှင်က သူလုပ်ဆောင်နိုင်သည့် နည်းလမ်းများကို စဉ်းစားခဲ့ရသည်။
သို့သော် နောက်ဆုံးရလဒ်က သူ၏ အသက်နှင့် စွမ်းအင်များကို နတ်ဘုရားလောကကြီးနှင့် ပေါင်းစည်းစေရန်ဖြစ်၏။
ထိုအကြောင်းကို မည်သူ့ကိုမျှ တိုင်ပင်ခြင်း မရှိပဲ တစ်ဦးတည်း ဆုံးဖြတ်ကာ ကြယ်နယ်မြေများ၏ အောက်သို့ ချုံးချိကို ဆွဲချသွားခဲ့သည်။ နတ်မိစ္ဆာများကို နတ်ဘုရားလောကမှ နှင်ထုတ်ကာ ချုံးချိကို ချိတ်ပိတ်ခဲ့ခြင်းပင်။
သူ၏ ဝိညာဉ်နှင့် နတ်ဘုရားလောကကို အကာကွယ်တည်ဆောက်ပေးကာ သူ၏ စွမ်းအင်များနှင့် ချုံးချိကို ချိတ်ပိတ်စည်းတစ်ခု ဖန်တီးကာ ပိတ်လှောင်ခဲ့သည်။
သူ၏ လုပ်ဆောင်မှုက သက်ရောက်မှု ကြီးမားခဲ့၏။ ချုံးချိက ပျက်သုန်းခြင်းအရှင်၏ စွမ်းအင်ဖိအားများမှ ရုန်းမထွက်နိုင်တော့ပဲ ချိတ်ပိတ်မှု အတွင်း ကျရောက်သွားခဲ့ရသည်။
ဤသို့နှင့် ပျက်သုန်ခြင်း အရှင်ပျောက်ကွယ်သွားမှုနှင့် အတူ နတ်ဘုရားလောကက တဖြည်းဖြည်း ပြည်လည်ငြိမ်သက်လာခဲ့၏။
သို့သော် အချိန်၏ တိုက်စားမှုနှင့် အတူ ချိတ်ပိတ်မှုက အားနည်းလာပြီး ချုံးချိ၏ ရုန်းကန်မှုက တစ်နေ့ထက်တစ်နေ့ ခွန်အားကောင်းလာခဲ့သည်။
ထို့ပြင် လောက၏ အပြင်ဘက်မှ နတ်မိစ္ဆာများကလည်း ချုံးချိကို ချိတ်ပိတ်မှုမှ လွတ်မြောက်စေရန် ကြိုးစားနေကြ၏။
သူတို့က လောကအတွင်း ထိုးဖောက်ဝင်ရောက်ရန် နှစ်ပေါင်းသန်းချီကြာအောင် ကြိုးစားနေကြခြင်းဖြစ်သည်။
ပျက်သုန်းခြင်းအရှင်၏ ကာကွယ်မှုက အားနည်းလာခြင်းနှင့် အတူ နတ်မိစ္ဆာများ၏ ထိုးဖောက်မှုက အားကောင်းလာ၏။
“ဒီနှုန်းအတိုင်း ဆက်သွားရင်...၊ မကြာခင် ချုံးချိက လွတ်မြောက်လာတော့မယ်...”
ရွှမ်းဝူက ခက်ခဲသည့် လေသံနှင့် ဆိုလိုက်၏။ ချုံးချိသာ လွတ်မြောက်လာပါက သူတို့ထံတွင် တားဆီးနိုင်စွမ်း မရှိတော့ပေ။ ထို့အပြင် ရှေးယခင်က ဒဏ်ရာများက ကောင်းမွန်လာသော်လည်း အပြည့်အဝ ကောင်းမွန်ခြင်း မရှိသေးချေ။
ဟွမ်းက အဖြစ်မှန်များကို သိရှိလာချိန်တွင် သူ၏ သွေးများ ဆူပွက်လာသည့် အလား ခံစားလိုက်ရသည်။ နတ်ဘုရားလောက အတွက် ပျက်သုန်းခြင်းအရှင်မြတ်က များစွားရင်းနှီး၍ ကာကွယ်ပေးခဲ့၏။
ထို့နောက် ဟွမ်းက အရှင်မြတ်နှစ်ဦးကို ကြည့်ကာ မေးမြန်းလိုက်သည်။
“ချုံးချိကို ဘယ်နေရာမှာ ချိတ်ပိတ်ထားတာလဲ...”
“အဲ့ဒီတုန်းက တိုက်ပွဲက ဖုန့်ဟွမ်ရဲ့ ကြယ်နယ်မြေမှာ အများဆုံးဖြစ်ခဲ့တာ...၊ ဒါကြောင့် ဖုန့်ဟွမ်ကြယ်နယ်မြေရဲ့ အောက်ထဲမှာ ချိတ်ပိတ်ထားခဲ့တာ...”
ရွှမ်းဝူက ပြောပြလိုက်၏။
“ကျုပ်ကို လမ်းညွှန်ပေးပါ...”
ဟွမ်းက တည်ငြိမ်သည့် လေသံနှင့် တောင်းဆိုလိုက်သည်။
“ဘယ်လို...”
အရှင်မြတ်နှစ်ဦးက အလွန်အမင်း ထိတ်လန့်သွား၏။ ထိုလူငယ်က ခွန်အားကောင်းသော်လည်း ချုံးချိကဲ့သို့ တည်ရှိမှုမျိုးကို တာဝန်ယူနိုင်မည်ဟု မထင်ထားချေ။
ထို့အပြင် ရှေးဟောင်းအင်မော်တယ်များကိုပင် အကျပ်အတည်းဖြစ်စေသည့် ချုံးချိက သာမန်ကျင့်ကြံသူများဆိုလျင် တစ်ချက်မျှသာ တိုက်ခိုက်ရန် လိုအပ်သည်။
“ရောင်းရင်းလေး...၊ ချုံးချိရဲ့ ချိတ်ပိတ်ထားတဲ့ တည်နေရာကို သွားမယ်ဆိုရင်တောင် အကျိုးထူးမယ်မထင်ဘူး...”
ပိုင်ဟူအရှင်မြတ်က တားဆီးလိုက်၏။ ထိုသို့ လူငယ်မျိုးကို အကျိုးမဲ့ လုပ်ရပ်များ မလုပ်စေလိုပေ။ ထို့အပြင် သူ၏ အသွင်က ပျက်သုန်းခြင်းအရှင်မြတ်၏ အသွင်နှင့် ဆင်တူနေသော်ကြောင့် သူတို့က အမြင်ကောင်းများ ရှိနေသည်။
ထို့အပြင် ချိတ်ပိတ်နယ်မြေက အန္တရာယ်များလှ၏။
“ကျုပ်က အခြေအနေတချို့ကို လေ့လာချင်ရုံပါပဲ...၊ ကျုပ်ခွန်အားနဲ့ ကြီးကြီးမားမား အန္တရာယ်ကျရောက်ရင်တောင် ရှောင်တိမ်းနိုင်ပါတယ်...”
ဟွမ်းက ယုံကြည်မှုရှိရှိဆိုလိုက်၏။
သူ့ကိုယ်သူ အထင်ကြီးခြင်း မဟုတ်ချေ။ ထိုသို့ ယုံကြည်ချက်ရှိခြင်း ဖြစ်သည်။ ထို့ပြင် သူက ထိုနေရာသို့ သွားရောက်ရမည်ဟု မသိစိတ်က နှိုးစော်နေ၏။
“ဒါက...”
အရှင်မြတ်နှစ်ဦးက ပင်ပန်းသည့်အလား ခံစားလိုက်ရသည်။ လူငယ်များက စိတ်မြန်လက်မြန် ရှိလွန်း၏။ ရှေ့ရက်ကတင်ပဲ ရွှမ်းလုံ၏ အမွေခံက ချိတ်ပိတ်နယ်မြေသို့ သွားလိုကြောင်း ခွင့်တောင်းခဲ့သည်။
သို့သော် သူမက ရှေးဟောင်းအင်မော်တယ် အဆင့်ရောက်နေပြီမို့ တင်းတင်းကြပ်ကြပ် မတားမြစ်ခဲ့ပေ။
သို့သော် ဟွမ်း၏ ခွန်အားက ရှေးဟောင်းအင်မော်တယ်ဖြစ်မဖြစ် မဝေခွဲနိုင်သေးပေ။ ထို့ကြောင့် သူတို့က တွေးပူနေရ၏။
သို့သော် ဟွမ်း၏ အသွင်က ဆုံးဖြတ်ချက် ချပြီးဟန်နှင့် ပြတ်သားနေသည်။