ပျက်သုန်းခြင်းအရှင်မြတ်
Vol. 26 Ch. 389
ဟွမ်းက စံအိမ်သခင်နှစ်ဦး တိုက်ခိုက်ခံနေရမှုကို ဆက်လက်၍ မကြည့်နိုင်တော့ပေ။ သူက ရွှမ်းလုံပေတံကို ထုတ်ဖော်ကာ စတင်တိုက်ခိုက်ခဲ့၏။
ထို့ကြောင့် မြန်မြန်ဆန်ဆန်လှုပ်ရှားကာ စံအိမ်သခင်နှစ်ဦးကို တုပ်နှောင်ခံထားရသည့် လက်တံများကို ဖြတ်တောက်ပစ်လိုက်သည်။
အင်မော်တယ်နတ်မိစ္ဆာက ဟွမ်း၏ ရုတ်ချည်းဝင်ရောက်လာမှုကြောင့် တုန့်ပြန်ရန် အနည်းငယ် နောက်ကျသွား၏။
သူတုန့်ပြန်မှု ပြုမည့် အချိန်တွင် လက်တံအချို့ ဖြတ်တောက်ခံလိုက်ရပြီးဖြစ်သည်။
ထို့အပြင် ဟွမ်းက ရပ်နားခြင်း မရှိ၊ ဆက်လက်တိုက်ခိုက်နေ၏။
“လူသား...သေချင်နေတာလား...”
အင်မော်တယ်နတ်မိစ္ဆာက ဒေါသတကြီး အော်ဟစ်ကြိမ်းမောင်းလိုက်သည်။ သူ၏ ခြေလက်များကို ဆက်တိုက်ဆိုသလို ဖြတ်တောက် နေခြင်းပင်။
သူ၏ အရေခွံများက မာကျောလှသည့်ဟု အမြဲ ဂုဏ်ယူခဲ့ရသော်လည်း ထက်ရှခြင်းပင် မရှိသည့် ဓားတစ်လက်က ပိုင်းဖြတ်နေ၏။
နတ်မိစ္ဆာက အနည်းငယ် တုန်လှုပ်မှုကို ခံစားနေရသည်။
စံအိမ်သခင်နှစ်ဦးကလဲ ထိုအဖြစ်အပျက်ကို အံ့ဩနဘန်းဖြစ်ကာ ကြည့်ရှုနေမိ၏။
သူတို့နှစ်ဦးပေါင်းကာ တိုက်ခိုက်ခဲ့သော်လည်း နတ်မိစ္ဆာက တုပ်တုပ်မျှ မလှုပ်ခဲ့ချေ။ သို့သော် ယခုတွင်တော့ ဖိအားပေးကာ တိုက်ခိုက်ခံနေရပြီဖြစ်သည်။
“သေစမ်း..”
နတ်မိစ္ဆာက ဒေါသတကြီး အော်ဟစ်လိုက်ကာ သူ၏ ကျန်ရှိနေသည့် လက်တံအချို့နှင့် ဟွမ်းကို ထိုးစိုက်လိုက်၏။
“ရွှစ်...ရွှစ်...”
သို့သော် ဟွမ်းက ရွှမ်းလုံပေတံကို အသာဝှေ့ယမ်းလိုက်တိုင်း နတ်မိစ္ဆာ၏ လက်တံများက အပိုင်းပိုင်းပြတ်တောက်သွားသည်။
‘ဘယ်လို...’
နတ်မိစ္ဆာက ထိတ်လန့်နေရပြီ ဖြစ်၏။ ထိုသို့ အခြေအနေမျိုး မမျှော်လင့်ထားပေ။
“ဘုန်း...”
သူတွေဝေနေစဉ်တွင် ဟွမ်းက မြန်ဆန်သည့် အလျင်နှင့် ရိုက်ချက်လိုက်ပြီ၏။
ရိုက်ချက်က ကြမ်းတမ်းလွန်းသောကြောင့် နတ်မိစ္ဆာ၏ ခန္ဓာကိုယ်က လွင့်စင်သွားကာ ဒဏ်ရာအပြင်းအထန်ရရှိသွားသည်။
သို့သော် ဟွမ်းက ရပ်နားခြင်း မရှိပေ။ မြန်ဆန်သည့် အရှိန်နှင့် နတ်မိစ္ဆာအနားတွင် ပေါ်လာပြန်၏။
ဆက်တိုက်ဆိုသလို နတ်မိစ္ဆာကို ဖိအားပေး တိုက်ခိုက်နေသည်။ အဆက်မပြတ် ရိုက်နှက် ခံနေရသောကြောင့် နတ်မိစ္ဆာ၏ ခန္ဓာကိုယ်က တဖြည်းဖြည်းနှင့် ယို့ယွင်းလာ၏။
“ဒီလူက ရှေးဟောင်းအင်မော်တယ်များလား...”
စံအိမ်သခင်နှစ်ဦး၏ စိတ်ထဲ တူညီသည့် အတွေးများ ဝင်ရောက်လာသည်။ သို့သော် သူတို့သိရှိထားသည့် ရှေးဟောင်းအင်မော်တယ် လေးဦးတွင် ဟွမ်း မပါဝင်ပေ။
ထိုအရာက သူတို့နှစ်ဦး၏ အတွေးများကို ကြပ်တည်းသွားစေ၏။
“မိုက်မဲတဲ့လူသား...”
နတ်မိစ္ဆာက အလွန်တရာမှ ဒေါသထွက်နေရပြီဖြစ်သည်။ ရှောင်တိမ်း၍လည်း မရ၊ ပြန်လည်တိုက်ခိုက်သော်လည်း အရာမထင်။
သူက လက်အောက်ငယ်သားများ၏ အသက်ကိုပင် စတေးကာ လေဟာနယ်လမ်းကြောင်းကို ချိုးဖြတ်လာခဲ့ခြင်းဖြစ်သည်။
သို့စော် အဖြူဝတ်နှင့် ကျင့်ကြံသူကြောင့် သေလုမြောပါး ဖြစ်လာခဲ့၏။
သူက ဤနေရာတွင် ဆက်လက်နေထိုင်၍ မဖြစ်နိုင်တော့ချေ။ သူသာသေဆုံးသွားပါက နှစ်ပေါင်းသန်းချီကြိုးစားမှုက အလကား ဖြစ်သွားနိုင်သည်။
ထို့နောက် ချက်ချင်း ဆိုသလို အဆိပ်များစွာကို ထုတ်လွှတ်လိုက်၏။
သူ၏ ခန္ဓာကိုယ်အနှံ့မှ ထွက်ပေါ်လာသည့် အဆိပ်ငွေ့များက တခဏ အတွင်း ဟွမ်းကို လွှမ်းခြုံသွားလေသည်။
ဟွမ်းက မျက်မှောင်ကြုတ်သွားရ၏။ အဆိပ်ငွေ့များက တိုက်စားနိုင်စွမ်းများ ပါဝင်နေပြီး သာမန်ကျင့်ကြံသူများအတွက် ခေါက်ခနဲ့ လဲကျသွားနိုင်ပေသည်။
ထို့ကြောင့် ဟွမ်းက သူ၏ ခန္ဓာကိုယ်ကို အနက်ရောင်မီးတောက်များနှင့် လွှမ်းခြုံလိုက်၏။ ထို့နောက် အဆိပ်ငွေ့များ ရှိရာသို့ မီးတောက်များနှင့် လောင်ကျွမ်းပစ်လိုက်သည်။
အနက်ရောင်မီးတောက်၏ လောင်ကျွမ်းမှုအောက်တွင် အဆိပ်ငွေ့များက ကြာရှည်စွာ ပျံ့လွင့်နိုင်ခြင်း မရှိတော့ချေ။
သို့သော် ဟွမ်းက မျက်မှောင်ကြုတ်သွား၏။ နတ်မိစ္ဆာက ဤအနားတွင် မရှိတော့ပေ။
ထိုအချိန်တွင် သူက ထွက်ပေါ်လာသည့် လေဟာနယ် အက်ကွဲကြောင်းအတွင်း ပြန်လည်ဝင်ရောက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
‘ငါမှတ်ထားမယ်...’
နတ်မိစ္ဆာက ဟွမ်း၏ အသွင်ကို ကြည့်ရင်း ဒေါသအလွန်ထွက်နေရ၏။
ရှေးဟောင်အင်မော်တယ်များနှင့် အလှမ်းဝေးသည့် လမ်းကြောင်းတစ်ခုကို ရှာဖွေနိုင်ခဲ့သော်လည်း တုံးအလှသည့် လက်အောက်ငယ်သားများကြောင့် ကျင့်ကြံသူများ သတိထားမိသွားသည်။
သူက နှစ်ပေါင်းများစွာကြာ အချိန်နှင့် လူအင်အားများကို အသုံးပြုခဲ့ရသော်လည်း ရုတ်ချည်းပေါ်ထွက်လာသည့် လူသားကျင့်ကြံသူကြောင့် သေလုမြောပါး ဖြစ်သွားရသည်။
ထို့ကြောင့် သူ၏ အသက်ကို ထိန်းသိမ်းကာ ဆုတ်ခွာရန်ပြင်လိုက်၏။
ဟွမ်းက အလျင်အမြန်လိုက်ရန် ကြံရွယ်လိုက်သော်လည်း နတ်မိစ္ဆာက လေဟာနယ်အက်ကွဲကြောင်းအတွင်း ဝင်ရောက်နေပြီဖြစ်၏။
ထိုအချိန်တွင် မိုးခြိမ်းသံတမျှ ကျယ်သည့် အော်ဟစ်သံနှစ်ခု ထွက်ပေါ်လာသည်။
“လာချင်တိုင်းလာပြီး ပြန်ချင်တိုင်း ပြန်လို့ရမယ်ထင်နေလား...”
“ရွှီး...”
ထိုအသံနှင့်အတူ ကြီးမားလှသည့် လက်ကြီးနှစ်ဖက်က နတ်မိစ္ဆာဝင်ရောက်သွားသည့် လေဟာနယ်လမ်းကြောင်းကို ဆုတ်ဖြဲလိုက်သည်။
“ရှေးဟောင်းအင်မော်တယ်တွေ...”
နတ်မိစ္ဆာက တုန်လှုပ်သွားကာ လေဟာနယ်လမ်းကြောင်းမှ အလျင်အမြန် ခရီးနှင်နေ၏။ သို့သော် နောက်ကျသွားခဲ့သည်။
လက်ကြီးနှစ်ဖက်က သူ၏ ခန္ဓာကိုယ်ကို ဆုပ်ကိုင်ကာ လေဟာနယ်လမ်းကြောင်းမှ ဆွဲထုတ်လိုက်၏။
“ငါကိုလွှတ်စမ်း...”
နတ်မိစ္ဆာကာ အော်ဟစ်ကာ ကြိုးစားရုန်းကန်လိုက်သည်။ သို့သော် ကြီးမားသည့်လက်၏ မြဲမြံစွာ ဆုပ်ကိုင်ထားခံရမှုကြောင့် မလွတ်မြောက်တော့ချေ။
“ဂျွတ်...”
တင်းကြပ်လွန်းသည့် ဆုပ်ကိုင်မှုကြောင့် အရိုးကျိုးသံများ ပေါ်ထွက်လာသည်။
“အား...”
နတ်မိစ္ဆာက နာနာကျင်ကျင်နှင့် ဟစ်အော်လိုက်ရ၏။ ထိုအချိန်တွင် လက်ကြီးနှစ်ဖက်၏ ဆွဲထုတ်မှုကြောင့် လေဟာနယ်လမ်းကြောင်း၏ အပြင်ဘက်ကို ရောက်ရှိလာပြီး ရှေးဟောင်းအင်မော်တယ်နှစ်ဦးကို တွေ့လိုက်ရသည်။
“ရွှမ်းဝူ...၊ ဒီကောင်ကို မလွတ်မြောက်နိုင်အောင် ချုပ်နှောင်ထား...”
ပိုင်ဟူအရှင်မြတ်က နတ်မိစ္ဆာကို ရွှမ်းဝူအမြတ်ထံ ပေးအပ်လိုက်၏။ ကြမ်းကြမ်းတမ်းတမ်း ညှစ်ခြေထားခံရသောကြောင့် နတ်မိစ္ဆာ၏ အသွင်က ပျက်စီးလုနီပါးဖြစ်နေသည်။
ထို့အပြင် သူ၏ ခြေလက်များက ဟွမ်း၏ ဖြတ်တောက်မှုကို ခံစားရသောကြောင့် သူ၏ အသွင်က အလွန်အမင်း ဆိုးဝါးနေ၏။
“အရှင်မြတ်တို့...”
စံအိမ်သခင်နှစ်ဦးက အလျင်မြန် ရောက်ရှိလာပြီး ပိုင်ဟူတို့ကို နှုတ်ဆက်စကားဆိုလိုက်၏။
“ခင်ဗျားတို့ကို ကျေးဇူးတင်ရမှာပဲ...၊ ခင်ဗျားတို့သာ အချိန်မဆွဲထားပေးရင် ဒီကောင် လွတ်မြောက်သွားနိုင်တယ်...”
ပိုင်ဟူအရှင်မြတ်က ကျေးဇူးတင်သည့် အကြည့်နှင့် ကြည့်လိုက်၏။ သူတို့က နတ်မိစ္ဆာ ထွက်ပေါ်လာချိန်တွင် အလျင်အမြန်ရောက်ရှိလာသော်လည်း အနည်းငယ် ဝေးကွာသောကြောင့် ကြန့်ကြာနေသည်။
သူတို့ရောက်ရှိချိန်တွင် နတ်မိစ္ဆာက ထွက်ပြေးလုနီးနီး ဖြစ်နေခဲ့၏။ ထိုအရာက သူတို့နှစ်ဦးကို အံ့ဩရစေသည်။ နတ်မိစ္ဆာများက ကျုးကျော်ပြီးသည်နှင့် ထွက်ပြေးတက်ခြင်း မရှိချေ။
သူတို့၏ သဘာဝက လူသားများကို ဖျက်ဆီးရန်သာဖြစ်၏။
သို့သော် ဤတစ်ကောင်ကတော့ အမြီးကုပ်၍ ထွက်ပြေးရန် ကြိုးစားနေသည်။ ထို့ကြောင့် စံအိမ်သခင်နှစ်ဦးကို ကျေးဇူးတင်ရခြင်း ဖြစ်၏
သည်။
“မခံယူဝံ့ပါဘူး...၊ နတ်မိစ္ဆာကို ထွက်ပြေးအောင် ခြောက်လှန့်နိုင်တာ ကျုပ်တို့ မဟုတ်ပါဘူး...”
ကြယ်ပြာသခင်က အလျင်အမြန် ငြင်းပယ်လိုက်၏။
“အဲ့ဒီလူငယ်ကြောင့်သာ မဟုတ်ရင် ကျွန်မတို့တောင် သေဆုံးသွားနိုင်တယ်...”
နှင်းလသခင်မကလည်း အမှန်အတိုင်း ဝင်ရောက်ပြောဆိုလိုက်သည်။ သူတို့နှစ်ဦးက ဟွမ်းကို ညွှန်ပြနေကြ၏။
အရှင်မြတ်နှစ်ဦးက အံ့အားသင့်သွားရသည်။ ထို့ကြောင့် စိတ်ဝင်တစားနှင့် ဟွမ်းကို ကြည့်လိုက်မိ၏။
“ဒီအသွင်က...”
ဟွမ်း၏ ပုံရိုပ်ကို တွေ့မြင်လိုက်ချိန်တွင် အသက်မဲ့သွားသည့် အလား အေးခဲကုန်သည်။
‘ပြန်ပြီး ရှင်သန်လာတာလား...’
‘သူ သေဆုံးသွားပြီ မဟုတ်ဘူးလား...’
အရှင်မြတ်နှစ်ဦးက အိမ်မက်အလား ခံစားနေရကာ သူတို့၏ အမြင်အာရုံက ထင်ယောင်ထင်မှား ဖြစ်နေလားဟုပင် တွေးထင်မိသွားသည်။
သူတို့၏ နှုတ်ကို မထိန်းနိုင်တော့ပဲ ဟွမ်းကို ခေါ်ဆိုလိုက်မိသွား၏။
“ပျက်သုန်းခြင်းအရှင်...”
ဟွမ်းက ထိုနှစ်ဦး၏ အသွင်ကြောင့် မျက်မှောင်ကြုတ်သွားရသည်။ သူဤတစ်ကြိမ်တွင်လည်း လူမှားခြင်း ခံနေရပြန်၏။
ထို့နောက် သက်ပြင်းချကာ အမှန်ပြင်ပေးလိုက်သည်။
“ကျုပ်က အဲ့ဒီလူမဟုတ်ဘူး...”
“ဘယ်လိုဖြစ်နိုင်မှာလဲ...”
ရွှမ်းဝူအရှင်မြတ်က စိတ်နှင့်ကိုယ် မကပ်သည့်အလား ရေရွတ်မိသွား၏။
“ရွှမ်းဝူ...၊ အသိဝင်တော့...၊ တကယ်ပဲ အဲ့ဒီလူမဟုတ်ဘူး...”
ပိုင်ဟူအရှင်မြတ်က ဟွမ်းကို စေ့စေ့စပ်စပ်ကြည့်ပြီးနောက် အတည်ပြုပေးလိုက်၏။ ထို့အပြင် ထိုသူက သေဆုံးသွားခဲ့ပြီး ဖြစ်သည်။
ဖုန့်ဟွမ်ကဲ့သို့ ပြန်လည်မွေးဖွားနိုင်သည့် စွမ်းအင်မျိုးလည်း ပိုင်ဆိုင်သူ မဟုတ်ချေ။