သဲလွန်စချန်ထားခြင်း
Vol. 40 Ch. 571
…
"ရှင်... ရှင် ကျွန်မကို ဘာတွေ ပြောနေတာလဲ။ ကျွန်မ ရှင့်ကို ဘယ်တုန်းက သူ့ကို သတ်ဖို့ ပြောခဲ့ဖူးလို့လဲ"
နဂါးမင်းသမီးသည် အာရန်၏ အပြုအမူကို ယခုအချိန်ထိ မယုံကြည်နိုင်သေးပေ။
အာရန်သည် ငရဲခွေးသခင်လေးကို သူ့သဘောနှင့်သူ သတ်ခဲ့ရုံသာမက ရန်သူများကိုပါ သူမထံသို့ မြှားဦးလှည့်စေခဲ့လေ၏။
သူသည် ထိုအရာနှင့်ပင် မလုံလောက်သေးသကဲ့သို့ သူမအား ထိုသို့လုပ်ဆောင်ရန် ညွှန်ကြားခဲ့သူဟုပင် စွတ်စွဲလိုက်သေးသည်။
သူမသည် အာရန်အား သူ၏ အသက်ကို ရင်း၍ပင် အဆုံးထိ တိုက်ခိုက်စေလိုခဲ့ပြီး သူ ပိုင်ဆိုင်သည့် လျှို့ဝှက်ချက်များ အားလုံးကိုလည်း ဖော်ထုတ်စေလိုခဲ့ခြင်းဖြစ်သည်။
သို့သော် သူသည် ထိုတိုက်ပွဲကို သူမထံသို့ မြှားဦးလှည့်လာစေခဲ့သည်။
အကယ်၍ အရာအားလုံးသည်သာ သူမ၏ အစီအစဉ်အတိုင်း ဖြစ်ပျက်ခဲ့ပါက အာရန်သည် သူမ၏ အကူအညီကို တောင်းခံခဲ့ရပေလိမ့်မည်။
သို့သော် ယခုမူ သူသည် သူမ၏ အကူအညီကို မလိုအပ်တော့သည့်အပြင် သူမသည်ပင် သူ၏ အရှုပ်ထုပ်များအတွင်း ဝင်ပါနေရပြီးဖြစ်၏။
သူမကိုယ်တိုင် ပါဝင်လာပြီဖြစ်သဖြင့် ငရဲခွေးများသည် အာရန်အား ယခင်လို အာရုံစိုက်ခြင်း မရှိတော့ချေ။
အဘယ်ကြောင့်ဆိုသော် သူမသည် ဤကိစ္စ၏ နောက်ကွယ်မှလက်မဲကြီးတစ်ဦးဖြစ်၍ အာရန်ထက်များစွာ ပို၍ ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသောကြောင့်ပင် တည်း။
"မင်းက မင်းကိုယ်မင်း မူလကြယ်တစ်ပါးရဲ့ ညီမတစ်ယောက် ဖြစ်နေတယ်ဆိုတာနဲ့ပဲ ဘာမဆို လုပ်လို့ရနိုင်တယ်လို့ တကယ်ပဲ ထင်နေခဲ့တာလား။ ငါ မင်းကိုဖမ်းဆီးပြီး မိသားစုခေါင်းဆောင်ဆီ ခေါ်ဆောင်သွားမှဖြစ်မယ်။ သူက မင်းကို စိတ်ကြိုက်အပြစ်ပေးလိမ့်မယ်။ အဲဒီအခါမှသာ ငါ့ရဲ့ ဒေါသတွေ ငြိမ်သက်သွားနိုင်လိမ့်မယ်"
ငရဲခွေးမိသားစု၏ ဒုတိယ ခေါင်းဆောင်သည် သူ၏ ပစ်မှတ်ကို ပြောင်းလဲလိုက်သည်။ သူသည် နဂါးမင်းသမီးအပေါ် သူ၏အာရုံစူးစိုက်မှုကို ပြောင်းလဲလိုက်ပြီး သူမသည် ဤအစီအစဉ်တစ်ခုလုံးအား နောက်ကွယ်မှ ချယ်လှယ်နေခဲ့သူဖြစ်သဖြင့် အာရန်အပေါ် သူ၏ အာရုံစိုက်မှုသည် များစွာ လျော့ကျသွားခဲ့သည်။
နဂါးမင်းသမီးသည် သက်ပြင်းတစ်ချက် ချလိုက်ရကာ ဤကိစ္စအတွက် သူ့တွင် ရွေးချယ်စရာ မရှိတော့ပေ။
သူမ၏ အသက် အန္တရာယ်ပင်ရှိလာနိုင်ပြီဖြစ်သဖြင့် သူမ၏ အစောင့်များကိုယ်တိုင်ပင် ပါဝင်လာကြတော့ပေလိမ့်မည်။
အာရန်နှင့် ငရဲခွေးများကြားမှ ပဋိပက္ခသည် နဂါးများနှင့် ငရဲခွေးများကြားမှ ပဋိပက္ခအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။
ဒုတိယ ခေါင်းဆောင်မှ ဤသတင်းအချက်အလက်ကို ထပ်မံ ပျံ့နှံ့သွားစေမည့် အဖြစ်များအား ကာကွယ်ရန် သူမသည် ဤလူများ အားလုံးကို ဤနေရာတွင်သာ သတ်မှဖြစ်ပေတော့မည်။
"သူတို့အားလုံးကို သတ်လိုက်တော့"
သူမသည် သူမ၏ သက်တော်စောင့်များကို အမိန့်ပေးလိုက်သည်နှင့် ထိုသက်တော်စောင့်များသည် ချက်ချင်းပင် စတင်လှုပ်ရှားတော့၏။
အာရန်သည်လည်း ပွဲကြည့် ပရိသတ်တစ်ဦးအဖြစ်သို့ ပြန်လည် ပြောင်းလဲသွားခဲ့ပြီး ငရဲခွေးများကြားတွင် အသန့်ရှင်းဆုံး သွေးမျိုးဆက်ပိုင်ရှင် ငရဲခွေးသခင်လေး၏ နှလုံးကို ကိုက်စားရင်း ထိုစစ်ပွဲအား တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
သူသည် ဤအရှုပ်ထုပ်အတွင်း ထပ်မံ ပါဝင်မိခြင်း မရှိစေရန်အတွက် ထိုနေရာနှင့်ဝေးရာဆီသို့ ထွက်ခွာသွားခဲ့ပြီးဖြစ်၏။
သူသည် ငရဲခွေးသခင်လေး၏ သက်မဲ့ခန္ဓာကိုယ်ကို နဂါးမင်းသမီး၏ ဘေးတွင် ချန်ထားခဲ့ပြီး ထိုနေရာရှိ တိုက်ပွဲများအားလုံးကို ပိုမို ကောင်းမွန်စွာ မြင်နိုင်သည့် အဝေးတစ်နေရာမှ မြင့်မားသော အဆောက်အအုံတစ်ခုရှိရာသို့ ရွေ့ပြောင်းလိုက်သည်။
ထို့နောက်အာရန်သည် မည်သူမျှ သူအား အနှောင့်အယှက်ထပ်မံ မပေးနိုင်စေရန် သူ့ကိုယ်သူ ကိုယ်ယောင်ဖျောက်ထားလိုက်သည်။
သူ မျှော်လင့်ထားသည့်အတိုင်းပင် ငရဲခွေးမိသားစုခေါင်းဆောင် သည် နစ်ခရိုမန်ဆာ မျှော်စင်သခင်အား အတော်ပင်ကျိုးစား၍ ရင်ဆိုင်နေရလေသည်။
ငရဲခွေးမိသားစုခေါင်းဆောင်သည် သူတစ်ယောက်တည်းအစွမ်းဖြင့် မျှော်စင်သခင်အား ယခင်ကကဲ့သို့ ထိန်းချုပ်ထားနိုင်ခြင်းမရှိတော့ချေ။
မျှော်စင်သခင်သည် သူသာ အလိုရှိပါက ဤနေရာမှ အလွယ်တကူ ထွက်ပြေးနိုင်နေပြီဖြစ်သော်လည်း ငရဲခွေးမိသားစုခေါင်းဆောင်ကဲ့သို့ ခွန်အားကြီးသူတစ်ဦးအား ကျွန်အဖြစ်စုဆောင်းနိုင်မည့် အခွင့်အရေးအား လက်လွတ်မခံလိုသောကြောင့် ရည်ရွယ်ချက်ရှိရှိ နောက်ချန် နေခဲ့ခြင်းဖြစ်လေသည်။
သူ၏ ယခင် စုဆောင်းထားမှုများသည်လည်း သတ္တမ မူလကြယ်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပြီးဖြစ်လေသည်။
ထို့ကြောင့် နောက်ထပ်အင်အားကြီးသည့် ကျွန်တစ်ယောက်အားစုဆောင်းရန် ယခုကဲ့သို့ အခွင့်အရေးမျိုးသည် နောက်ထပ်ရနိုင်ရန်မှာ မသေခြာတော့ပေ။
မျှောင်စင်သခင်သည် မိသားစုခေါင်းဆောင်မှ သူ၏ အသန်မာဆုံး စစ်သည်တော်များကို အဘယ်ကြောင့် အခြားနေရာသို့ ရုတ်တရက် စေလွှတ်ခဲ့သည်ကို စဥ့်စားမရနိုင်ခဲ့ချေ။
အခြား ရန်သူတစ်ဦး ထပ်မံရောက်ရှိလာ၍လော။
သူသည် စိတ်ထဲမှကြိတ်၍ ထိုသို့ဖြစ်စေခဲ့သူအား ကျေးဇူးတင်နေမိခဲ့သည်။
"မဖြစ်ဘူး မျှော်စင်သခင်သာ ဒီအတိုင်းဆက်တိုက်ခိုက်နေရင် ငရဲခွေးခေါင်းဆောင်လည်း မကြာခင် ဖုတ်ကောင်အဖြစ် ပြောင်းလဲနိုင်လိမ့်မယ်" အာရန်သည် ငရဲခွေးသခင်လေး၏ ကျန်ရှိသည့် နှလုံးသားကို နောက်ဆုံး တကိုက်အဖြစ် ကိုက်လိုက်သည်။
"ငါ ဒါကို ဖြစ်ခွင့်ပေးလိုက်လို့မဖြစ်ဘူး။ သူသာ ပို၍ သန်မာလာရင် ငါ့အတွက်လည်း သူ့ကို ပို၍ ကိုင်တွယ်ရကျပ်သွားလိမ့်မယ်"
အာရန်သည် ငရဲခွေးသခင်လေး၏ နှလုံးသားကို လောလောလတ်လတ် ဝါးမြိုထားသဖြင့် သူ၏ ခန္ဓာကိုယ်အတွင်းမှ ပူလောင်သော ခံစားမှုတစ်ခုကို ခံစားလိုက်ရသော်လည်း သူ၏ လက်များအတွင်းမှ သွေးများကို သန့်စင်ရန် နဂါးလျှာအစွမ်းကို ထပ်မံ၍ အသုံးပြုလိုက်သည်။
အာရန်သည် နောက်ထပ် ခွန်အားကြီးမားသော သွေးမျိုးဆက်တစ်ခုကို ထပ်မံ၍ ဝါးမြိုနိုင်ခဲ့ပြီးဖြစ်၏။
သူ၏ လအရိပ်ရေခဲခန္ဓာသည် သူ့အား အအေးဓာတ်တစ်ခုနှင့် ဆက်နွယ်မှု ပေးနိုင်ခဲ့သည်။
၎င်းနှင့် အလားတူပင် ငရဲခွေးသွေးမျိုးဆက်သည် သူ့အား ငရဲမီးလျှံများနှင့် ဆက်နွယ်မှုတစ်ခုကို ရရှိစေခဲ့သည်။
ယခုဆိုလျှင် အာရန်သည် သူ၏ အော်ရာအား ငရဲခွေးတစ်ကောင်၏ အော်ရာအဖြစ်သို့ ပြောင်းလဲနိုင်နေပြီဖြစ်ကာ ထိုအော်ရာအား သူကိုယ်တိုင်ပင် ခွဲမရနိုင်လောက်အောင်အထိပင် ဖြစ်သွားခဲ့ရလေသည်။
"ငါ မိသားစုခေါင်းဆောင်ကို ကူညီပေးသင့်သလား"
အာရန်သည် သူ၏ ညာဘက်လက်ကို မြှောက်ကြည့်ရင်း တွေးတောနေခဲ့သည်။
သူ၏ လက်ပေါ်တွင် အနက်ရောင် မီးလျှံတစ်ခု တောက်ပလာခဲ့သည်။
"ဟင်း...။ မိသားစုခေါင်းဆောင်က သူ့ရဲ့ ငရဲခွေးအားလုံးရဲ့ အော်ရာကို မှတ်မိပြီးသား ဖြစ်နေနိုင်တယ်။ ငါက သူ့လူ မဟုတ်ဘူးဆိုတာ သူချက်ချင်းရိပ်မိသွားနိုင်တယ်။ ငါ သူ့ကို ကူညီနေတဲ့အချိန်မှာ နောက်ကျောကနေ ဓားနဲ့ ထိုးခံရမဲ့အဖြစ်မျိုးတော့ မလိုချင်သေးဘူး"
အာရန်သည် ဤတိုက်ပွဲတွင် ကိုယ်တိုင် ပါဝင်ကူညီပေးမည်ဟူသော အတွေးကို လျင်မြန်စွာပင် လက်လျှော့လိုက်ရသည်။
သို့သော် သူ့အနေနှင့် သွယ်ဝိုက်၍ ပါဝင်နိုင်ခြင်း မရှိဟုတော့ မဆိုလိုပေ။
ထို့နောက် အာရန်သည် သူ၏ စနစ်သိုလှောင်ခန်းကို ဖွင့်လိုက်ကာ စနစ်ဆီမှ ဆုလာဘ်အဖြစ်လက်ခံ ရရှိခဲ့သော မာနာသေနတ်အား ထုတ်ယူလိုက်သည်။
၎င်းသည် လွန်စွာအားကောင်းသော ဖြစ်တည်မှုများကို သတ်နိုင်လောက်သည်အထိ အားကောင်းခြင်း မရှိသော်လည်း ၎င်းသည် သူတို့အား ဒုက္ခပေးရန်အထိတော့ အသုံးဝင်နေဆဲပင် ဖြစ်၏။
ပို၍ အရေးကြီးသည့်အချက်မှာ ၎င်းသည် သူ၏ မာနာနှင့်သာ အလုပ်လုပ်ခြင်းဖြစ်လေ၏။
အာရန်သည် သူ၏ မာနာအချို့အား မျှော်စင်သခင်၏ ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းထားနိုင်ရန် လိုအပ်လေသည်။
သို့မှသာ မျှောင်စင်သခင်တစ်ယောက် တစ်နေရာရာသို့ ကိုယ်ရောင်ဖျောက်သွားပါက သူ့အား ခြေရာခံနိုင်လိမ့်မည်ဖြစ်၏။
အာရန်သည် သေနတ်ကို မြှောက်လိုက်ပြီးနောက် သူ၏ ပိုမို သိပ်သည်းလာသော မာနာများကို သေနပ်ကျည်ဆံအဖြစ် စတင်စုဆောင်းလိုက်တော့သည်။
ထို့နောက် သူသည် မျှော်စင်သခင်၏ နှလုံးသားရှိရာဆီသို့ ပစ်မှတ်ထားလိုက်သည်။
၎င်းမာနာသေနပ်ဖြင့် မျှော်စင်သခင်အား မသတ်နိုင်ကြောင်း အာရန်တစ်ယောက် သိနေခဲ့သော်လည်း ၎င်းသည် သူ့အား အတော်လေး အခက်တွေ့သွားစေမည်မှာတော့ သေခြာနေလေသည်။
"မင်း ငါ့ကို ဟိုတစ်ကြိမ်တုံးက ဒုက္ခလှလှပေးခဲ့တဲ့အတွက် ဒါကို အကြွေးပြန်တောင်းတယ်လို့ပဲ သတ်မှတ်လိုက်ရအောင်"
အာရန်သည် မျှော်စင်သခင်အား သေခြာစွာချိန်ရွယ်လိုက်ပြီးနောက် သူ၏ လက်များသည် အလွန်အမင်း တည်ငြိမ်သွားခဲ့သည်။
မျှော်စင်သခင်သည် ဖုတ်ကောင်များဖြင့် မိသားစုခေါင်းဆောင်အား အာရုံလွဲစေရန် ကျိုးစားနေခဲ့ပြီး အလစ်အငိုက်ကို ချောင်းမြောင်းနေခဲ့၏။
ထိုစဥ်မှာပင် တစ်စုံတစ်ခုကို စတင်၍ လှုပ်ရှားရန်ပြင်ဆင်လိုက်သည်။
တစ်ချိန်တည်းမှာပင် အာရန်သည်လည်း သူ၏ သေနတ်မောင်းအား စတင်၍ ဖြုတ်ထည့်လိုက်လေသည်။
မျှော်စင်သခင်သည် ငရဲခွေးခေါင်းဆောင်ထံသို့ မရောက်နိုင်မှီမှာပင် သိပ်သည်းသော မာနာကျည်ဆန်သည် အနက်ရောင် မီးတောက်များကြားမှ ပျံသန်းကာ မျှော်စင်သခင်ဆီသို့ တည့်တည့်မတ်မတ်ပင် ရောက်ရှိသွားတော့သည်။
အာရန် မျှော်လင့်ထားသည့်အတိုင်းပင် မျှော်စင်သခင်သည် ထိုကျည်ဆန်ကို အချိန်မီ ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ဘဲ ကျည်ဆန်သည် သူ၏ ရင်ဘတ်ကို ထိုးဖောက်သွားနိုင်ခဲ့ကာ သူ၏ နှလုံးသားအား ဖောက်ထွက်သွားခဲ့သည်။
သူသည် မိသားစုခေါင်းဆောင်အား အလစ်တိုက်ခိုက်မည့်အကြံအား လက်လျှော့လိုက်ရကာ နောက်သို့ ခုန်ဆုတ်လိုက်ရသည်။
မျှောင်စင်သခင်သည် ရုတ်တရက်ဖြစ်ပေါ်လာသော သူ၏ ရင်ဘတ်ရှိ အပေါက်ကြီးကို ငေးကြည့်ရင်း အတော်လေး တုန်လှုပ်သွားခဲ့ရသည်။
ထို အပေါက်လောက်သည် အချိန်တခုကြာလျှင် သူ့အလိုလိုပြန်လည် သက်သာသွားမည်မှာ မှန်သော်လည်း ထိုဖြစ်ရပ်အား သူ့အနေနှင့် အတော်လေး တုန်လှုပ်နေဆဲပင်။
ဒါက ဘယ်လို တိုက်ခိုက်မှုမျိုးလဲ။ သူကိုယ်တိုင်ပင် နားမလည်နိုင်ခဲ့ပေ။
၎င်းဒဏ်ရာသည် မည်သူ၏ လက်ချက်ဖြစ်သည်ကိုပင် သူ မမြင်နိုင်ခဲ့ချေ။
၎င်းသည် ငရဲခွေးများ အသုံးပြုသောလက်နက်များနှင့် လုံးဝကို ကွဲပြားနေလေ၏။
မာနာကျည်ဆန်ကို ပစ်ပြီးနောက် အာရန်သည် နံရံတစ်ခု၏ နောက်ကွယ်တွင် ဝင်ရောက်ပုန်းအောင်းနေလိုက်ပြီး ဖုံးကွယ်ခြင်းအစွမ်းကို ထပ်မံ၍ အသက်သွင်းလိုက်သည်။
သူသည် နဂါးလျှာအစွမ်းဖြင့် ကိုယ်ယောင်ဖျောက်နေနိုင်သော်လည်း ၎င်းတစ်ခုတည်း ကို အသုံးပြုခြင်းအား စိတ်မချနိုင်သေးပေ။
မျှော်စင်သခင်အတွက်လည်း အာရုံပျံ့လွင့်နေရန် အချိန် မရခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် ငရဲခွေးခေါင်းဆောင်သည် သူ၏ ရှေ့တွင် တဖန်ပြန်လည် ပေါ်လာခဲ့ကာ သူ၏ ရင်ဘတ်အား လက်သည်းဖြင့် ထပ်မံထိုးသွင်း၍ နက်ရှိုင်းသော ဒဏ်ရာအချို့ ပြုလုပ်ရန်ကျိုးစားလိုက်သောကြောင့်ပင်။