← Chapters

ကံဆိုးခြင်းများ ယူဆောင်လာသူ

Vol. 40 Ch. 572

ကံဆိုးခြင်းများ ယူဆောင်လာသူ

Vol. 40 Ch. 572

…

မျှော်စင်သခင်သည် သူ၏ အသက်ဓာတ်စွမ်းအင်ကို မနည်းပင် ကာကွယ်လိုက်ရပြီး နောက်သို့ ထပ်မံ၍ ခုန်ဆုတ်လိုက်ရသည်။

သို့သော် ဒဏ်ရာအချို့ရရှိခဲ့ကာ ငရဲမီးလျှံများသည် သူ၏ ခန္ဓာကိုယ်အတွင်းပိုင်း၌ ရှုပ်ထွေးမှုအချို့ကို စတင် ဖြစ်ပေါ်စေခဲ့သည်။

"အဟွတ်"

မျှော်စင်သခင်သည် နာကျင်စွာ တစ်ချက် ချောင်းဆိုးလိုက်မိပြီး ငရဲခွေးခေါင်းဆောင်အား ထိန်းထားနိုင်ရန် သူ၏ ဖုတ်ကောင်များကို အမိန့်ပေးလိုက်သည်။

ချက်ချင်းပင် သူ ရရှိထားသော အားသာချက်များအားလုံး ပျက်စီးသွားခဲ့ရ၏။

သူသည် ငရဲခွေးခေါင်းဆောင်အား ဖုတ်ကောင်အဖြစ်အသွင်ပြောင်းမည့် ဖြစ်စဥ်ကို လက်လျှော့ကာ ဤနေရာမှ ထွက်ပြေးရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။

သူသည် ကိုယ့်ကိုယ်ကို ကာကွယ်ရန်နှင့် သူ၏ ခန္ဓာကိုယ်အတွင်းပိုင်းတွင် ဝင်ရောက်နေသော မီးလျှံများမိဖိနှိပ်မှုကို ဖယ်ရှားရန် ဤတိုက်ပွဲမှ ဆုတ်ခွာရန် လိုအပ်နေပြီဖြစ်သည်။

သူ၏ အစီအစဉ်များကို ပျက်စီးအောင် လုပ်ဆောင်ခဲ့သူမှာ မည်သူဖြစ်မှန်း မသိထားသော်လည်း ယခုအချိန်သည် ၎င်းကို စဉ်းစားရမည့် အချိန်တော့ မဟုတ်ပေ။

သူသည် ငရဲခွေးခေါင်းဆောင်အား ရှောင်ရှားကာ အရှိန်ယူ၍ ကောင်းကင်ထက်သို့ မြင့်မားစွာ ခုန်တက်လိုက်သည်။

ငရဲခွေးခေါင်းဆောင်မှ ဖုတ်ကောင်များအား အနိုင်ယူပြီးချိန်တွင် မျှော်စင်သခင်သည် ငရဲခွေးမြို့၏ အခြားတစ်ဖက်သို့ ရောက်ရှိနှင့်ပြီး ဖြစ်လေ၏။

ထိုမြို့မှ ထွက်ခွာလာစဥ် လမ်းတစ်လျှောက်တွင်လည်း သူ တွေ့ရှိခဲ့သော အစောင့်အားလုံးအား သတ်ဖြတ်ခဲ့သေးသည်။

တစ်ချိန်တည်းမှာပင် မျှော်စင်သခင်သည် သူ့အား အခြားငရဲခွေးများ လိုက်လာမည့် အဖြစ်အား မလိုချင်သောကြောင့် ငရဲခွေးများအား ပိုမို၍ အလုပ်များနေစေရန် ရောဂါကပ်ဘေးအချို့ကို မြို့တစ်လျှောက် ပျံ့နှံ့စေခဲ့သည်။

ဤသို့ဖြင့် မကြာမီမှာပင် မျှော်စင်သခင်သည် မြို့တွင်းမှ ထွက်ခွာနိုင်ခဲ့ကာ အစအနရှာမရအောင် ပျောက်ကွယ်သွားတော့၏။

အာရန်သည် ကနဦးမူလက ထိုနစ်ခရိုမန်ဆာ မျှော်စင်သခင်အား ရှာဖွေရန် မင်းသမီးနှင့် နီးကပ်စွာ နေထိုင်ရန် စီစဉ်ထားခဲ့ခြင်းဖြစ်လေသည်။

သို့သော် အာရန်သည် ယခုအခါတွင်မူ မျှော်စင်သခင်အား အကောင်လိုက်ကြီး တွေ့လိုက်ရပြီဖြစ်သဖြင့် သူ့အား အဆုံးရှုံး မခံချင်တော့ပေ။

နဂါးမင်းသမီးကို ပြန်လည် ရှာဖွေရန်အတွက်မူ နောက်ချန်နေခဲ့‌သော ညတောင်ပံကလန်မှ မင်းသမီး ယဲ့ဗ်နီကြောင့် သူသည် အချိန်မရွေးလုပ်ဆောင်နိုင်လေသည်။

ဤသို့ဖြင့် အာရန်သည်လည်း မျှော်စင်သခင်နောက်သို့ လိုက်ရန် မြို့အတွင်းမှ ထွက်ခွာသွားခဲ့သည်။

သူ ဖန်တီးထားသော အရှုပ်ထုပ်များကို ကိုင်တွယ်ဖြေရှင်းရန်အတွက်မူ နဂါးမင်းသမီးကိုသာ အပြည့်အဝ လက်လွှဲပေးလိုက်တော့သည်။

အာရန်သည် ထိုသို့ မထွက်ခွာမှီမှာပင် မင်းသမီးထံသို့ စိတ်ချင်းဆက်သွယ်၍ စကားလုံးအချို့ မှာကြားရန်အတွက်လည်း မမေ့လျော့ခဲ့ပေ။

"ကျုပ်အနေနဲ့ ရုတ်တရက် အရေးပေါ် ကိစ္စလေးတစ်ခုပေါ်လာလို့ သခင်မဆီ ကနေ မဖြစ်မနေထွက်ခွာသွားရပါ‌တော့မယ်။ ကျုပ်ကိစ္စတွေပြီးသွားတဲ့အခါကျရင် မြို့တော်မှာ သခင်မလေးကို ကိုယ်တိုင်လာရှာပါ့မယ်။ အဲဒီအချိန်အထိ သခင်မအနေနဲ့ ကျုပ်နဲ့အတူ အဖော်ပါလာတဲ့ မိန်းကလေးကို အာမခံသဘောမျိုးနဲ့ ထိမ်းသိမ်းထားပေးပါ"

မင်းသမီးသည် ထိုသတင်းအားလက်ခံရရှိသောအခိုက်အတန့်၌ အနည်းငယ် ဆွံ့အသွားမိခဲ့သည်။

သူမသည် အာရန်နောက်သို့ အပြေးလိုက်ရန် စဉ်းစားမိခဲ့သော်လည်း ငရဲခွေးများသည် သူမ၏ အစောင့်များအား အလုပ်များနေစေခဲ့သည်။

အာရန် ထွက်ပြေးရန် ရွေးချယ်လိုက်သော အချိန်သည် သူမအတွက် အဆိုးဆုံးအချိန်ဖြစ်နေ၍ သူမအနေနှင့် အာရန်နောက်သို့ လိုက်ရန်ပင် အခွင့်အရေးမရှိတော့ပေ။

ယင်းအစား သူမသည် ယခုဆက်လက် ရင်ဆိုင်ရမည့် အကျိုးဆက်များအကြောင်းကိုသာ ပို၍ စိုးရိမ်နေခဲ့ရသည်။

ငရဲခွေးသခင်လေးသည် အမှန်တကယ် သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး သူမသည် အာရန်ကြောင့် ဤကိစ္စအတွက် တာဝန်ရှိသူတစ်ဦး ဖြစ်သွားခဲ့ရသည်။

သူမသည် မူလကြယ်တစ်ပါး၏ ညီမတစ်ဦးဖြစ်နေသော်လည်း ထိုဖြစ်ရပ်မှ လွယ်ကူစွာ လွတ်မြောက်နိုင်ဆဲဟု မဆိုလိုပေ။

သူမသည် ဤငရဲခွေးမြို့အတွင်း၌ ဆက်လက်ရှိနေသမျှကာလပတ်လုံး သူမ၏ လုံခြုံမှုသည် အာမခံနိုင်ခြင်းမရှိတော့ချေ။

သားဖြစ်သူအတွက် ကြိတ်မနိုင်ခဲ့မရဖြစ်နေသော ဖခင်တစ်ဦးသည် သူ၏ မြို့အတွက် ဖြစ်လာမည့် အကျိုးဆက်များကိုပင် မေ့လျော့သွားနိုင်ကာ မည်သို့ ပြုမူလာမည်ကို သူမအနေနှင့် မခန့်မှန်းနိုင်တော့ပေ။

ပို၍ ဆိုးသည်မှာ အာရန်သည် အစောပိုင်းက တိုက်ခိုက်နေသော ပြင်ပကျူးကျော်သူ မျှော်စင်သခင်နှင့် ဆက်စပ်နေနိုင်သည်ဟု ယုံကြည်ခံရခြင်း အချက်ပင် ဖြစ်၏။

နဂါးမင်းသမီးသည် သူမ ဝါးနိုင်သည်ထက်ပို၍ ဝါးခဲ့မိသလိုဖြစ်သွားပြီဖြစ်သည်။

အထူးသဖြင့် အာရန်သည် မျှော်စင်သခင် နှင့်အတူ ထွက်ပြေးသွားခဲ့သောကြောင့် ဖြစ်လေသည်။

အာရန်မှာမူ ငရဲခွေးမြို့မှ ထွက်ခွာသွားခဲ့ပြီဖြစ်သောကြောင့် ထိုနေရာတွင် ဆက်လက်ဖြစ်ပျက်နေသော အရာများကို သိနိုင်ခြင်းမရှိတော့ပေ။

...

ငရဲခွေးမြို့တွင် ငရဲခွေးသခင်လေးအပါအဝင် ငရဲခွေးစစ်သည်တော်အများစု သေဆုံးသွားခဲ့ရ‌လေသည်။

ပို၍ပင် တုန်လှုပ်စရာကောင်းသောအချက်မှာ ငရဲခွေးမြို့၏ အကြီးအကဲအများစုသည် ဒုတိယ မူလကြယ် ညီမ၏ အစောင့်များ လက်ချက်ဖြင့် ထပ်မံ သေဆုံးခဲ့ကြရခြင်းပင်။

ထိုအချိန်တွင် မျှော်စင်သခင်၏ ကပ်ဘေးအစွမ်းသက်ရောက်မှုကိုပါ ကြုံတွေ့ခဲ့ရသဖြင့် ငရဲခွေးများသည် စိတ်ထိမ်းနိုင်ခြင်း မရှိတော့ပဲ လုံးဝ ရူးသွပ်သွားခဲ့ကြကာ နဂါးမင်းသမီးအား သတ်ဖြတ်ရန် ကြိုးစားလာကြလေသည်။

နဂါးမင်းသမီး၏ သက်တော်စောင့်များသည် အားကောင်းသည်မှာမှန်သော်လည်း သူတို့သည် ငရဲခွေးမြို့အတွင်း၌သာ ရှိနေဆဲဖြစ်လေ၏။

ထို့နောက် ငရဲခွေးများမှ ပုံစံကွက် ဝင်္ကဘာများကို အသက်သွင်းလိုက်သောအခါတွင်မူ နဂါးမင်းသမီးနှင့် သူမ၏ သက်တော်စောင့်များသည်ပင် ဆက်လက် ခုခံနိုင်ခြင်း မရှိကြတော့ပေ။

ငရဲခွေးခေါင်းဆောင်သည် နဂါးမင်းသမီးအား သတ်ရန်ပင် ဆုံးဖြတ်ထားခဲ့ပြီးဖြစ်သည်။

ထိုအချိန်တွင် ဒုတိယ မူလကြယ်သည်လည်း သူ၏ ညီမထံမှ အကူအညီ တောင်းခံသော ဆက်သွယ်ချက်တစ်ခုကို ရရှိလိုက်သောအခါ သူသည်လည်း မနေသာတော့ပေ။

ဤရာစုနှစ်များအတွင်း ပထမဆုံးအကြိမ်အဖြစ် ဒုတိယ မူလကြယ်သည် မြို့တော်ဆီမှ ထွက်ခွာခဲ့ရလေသည်။

ဒုတိယ မူလကြယ်တစ်ယောက် ငရဲခွေးမြို့တွင်းသို့ ရောက်ရှိပြီးနောက်တွင်တော့ ထိုမြို့တွင်း၌ ဘာမျှ မကျန်ခဲ့တော့ပေ။

အချိန်အတော်ကြာပြီးနောက်တွင်မှ ငရဲဘုံတွင် ပထမဦးဆုံးအကြိမ်အဖြစ် မူလကြယ် နဂါးတစ်ပါး၏ အမျက်ဒေါသကို ပြန်လည်မြင်တွေ့ခွင့်ရခဲ့ကြသည်။

သူ၏ မီးလျှံများသည် မြို့တော်ပေါ်သို့ မိုးသီးမိုးပေါက်များပမာ ကျဆင်းလာခဲ့ပြီး ဤအရာနှင့်မပတ်သတ်သည့် အပြစ်မဲ့သူများအပါအဝင် မြို့တွင်းရှိ လူတိုင်း၏ အသက်အိုးအိမ် စည်းစိမ်များကိုပါ နုတ်ယူသွားခဲ့လေသည်။

ငရဲခွေးခေါင်းဆောင်သည်ပင် မူလကြယ်တစ်ပါး၏ ဒေါသကို မည်သို့မျှ မလွန်ဆန်နိုင်ခဲ့ချေ။

အထူးသဖြင့် အသန်မာဆုံး မူလကြယ်များထဲမှ တစ်ဦးကို မည်သူက ဆန့်ကျင်နိုင်ဦးမည်နည်း။

မင်းသမီးနှင့် သူမ၏ သက်တော်စောင့်များမှလွဲ၍ ငရဲခွေးမြို့‌တော် တစ်ခုလုံးတွင် ရှင်သန်သူတစ်ဦးတစ်ယောက်မျှပင် မကျန်ရှိ‌တော့ဘဲ သေခြင်းအဆီအနှစ်များ သိပ်သည်းလွန်းနေသော ဖုန်းဆိုးမြေတစ်ခုအသွင် ပြောင်းလဲသွားခဲ့လေသည်။

ထိုငရဲခွေးမျိုးနွယ်စုနှင့် ကပ်လျပ်ရှိနေသော အိမ်နီးချင်း နယ်မြေဖြစ်သည့် ညတောင်ပံကလန်သည်ပင် ထိုသတင်းကြောင့် လွန်စွာ တုန်လှုပ်သွားခဲ့ရသည်။

ထိုအချိန်မှာပင် မူလကြယ်သည်လည်း မျှော်စင်သခင်ကို ခြေရာခံရင်းဖြင့် ငရဲခွေးများ၏ နယ်မြေအနီးသို့ ရောက်ရှိသွားခဲ့သည်။

သို့သော် သူသည် ဒုတိယ မူလကြယ်၏ တည်ရှိမှုကို အာရုံခံမိလိုက်သောအခါတွင်မူ သူ၏အကြံအစည်အား လက်လျှော့ကာ လျှင်မြန်စွာပင် နောက်ပြန်ဆုပ်လိုက်မိသည်။

သူသည် အမျိုးသမီးတစ်ဦးကြောင့်နှင့် သူ၏ အသက်ကို အန္တရာယ်တောထဲ သက်ဆင်းစေသည်အထိတော့ မတုံးအသေးပေ။

ထို့ပြင် ဒုတိယ မူလကြယ်သည် သူ့ အစ်မ၏ ချစ်သူ ပထမမူလကြယ်နှင့်လည်း ဆက်ဆံရေးကောင်းများ ရှိထားသူတစ်ဦးမဟုတ်ချေ။

ထို့ကြောင့်သူသည် မျှော်စင်သခင်နောက်သို့ အမဲလိုက်ခြင်းကို ရပ်တန့်လိုက်ကာ မြို့တော်သို့သာ ပြန်သွားရန် ဆုံးဖြတ်လိုက်လေသည်။

...

ဒုတိယ မူလကြယ်သည် ငရဲခွေးများ၏ မြို့တစ်မြို့လုံးကို ဖျက်ဆီးပစ်ခဲ့သည်။

ငရဲဘုံရှိ လူအတော်များများသည် မုန်တိုင်းတစ်ခု မကြာမှီ စတင်တော့မည်မှန်း အာရုံခံစားမိလိုက်ကြသည်။

အခြား မူလကြယ်များသည်လည်း မကြာမှီ ပေါ်ထွက်လာနိုင်ချေရှိနေလေသည်။ အထူးသဖြင့် သတ္တမမူလကြယ် အမ၏ ချစ်သူဖြစ်သော ပထမ မူလကြယ်ကိုယ်တိုင်ပင် လှုပ်ရှားလာနိုင်ချေရှိနေလေသည်။

ထိုသို့သာ ဖြစ်လာပါက ငရဲဘုံရှိ အချိန်အတော်ကြာ ငြိမ်းချမ်းနေခဲ့မှုများသည် အချိန်တိုအတွင်း ပျက်စီးသွားရပေတော့မည်။

၎င်းသည် နဂါးမင်းသမီးလေး၏ ပြင်ပကျူကျော်သူတစ်ဦးအား ကျွန်ပြုလိုသော စိတ်ဆန္ဒတစ်ခုမှ အစပြုခဲ့ခြင်းသာ ဖြစ်လေ၏။

ထိုပြင်ပကျူကျော်သူသည် သူ၏ အရှုပ်ထုပ်များကို သူမဆီ ပြန်လည်ပုံချပြီးနောက် ဤရှုပ်ထွေးမှုအား သူမကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းရန်အတွက် ထားပေးခဲ့လေသည်။

မိန်းကလေးသည် အ‌စောကတည်းက အာရန်၏ လုပ်ရပ်ကို မတားဆီးခဲ့မိခြင်းအတွက် အတော်လေးကို နောင်တရနေခဲ့သည်။

ထိုစဥ်က သူမသာ ငရဲခွေးသခင်လေးအား အာရန်လက်မှ ကယ်တင်ပေးခဲ့ပါက ဤကိစ္စများသည် ယခုကဲ့သို့ ဆိုးရွားသွားခဲ့မည် မဟုတ်ပေ။

ကံမကောင်းစွာဖြင့် နောင်မှရသော နောင်တသည် အချည်းနှီးသာတည်း။

သူမ၏ အစ်ကိုသည် သူမနှင့် သူမ၏ သက်တော်စောင့်များကို မြို့တော်ဆီသို့ ပြန်ခေါ်သွားခဲ့ပြီး လမ်းတစ်လျှောက်လုံးတွင် သူမကို စကားတစ်ခွန်းမျှပင် မပြောတော့ချေ။

....

တစ်ချိန်တည်းမှာပင် ဤကိစ္စများကို မီးမွှေး‌ပေးခဲ့သူ အာရန်မှာမူ သူ့ကြောင့် ဖြစ်ပျက်သွားသော ကိစ္စများစွာကို သတိမထားမိဘဲ မျှော်စင်သခင်နောက်သို့သာ သဲကြီးမဲကြီးလိုက်နေခဲ့၏။

All Chapters