အစီအရင်
Vol. 40 Ch. 574
…
မျှော်စင်သခင်သည် ရှုပ်ထွေးသော ထိုဝင်္ကဘာအတွင်း အနည်းငယ်မျှပင် အနှောင်အယှက်ဖြစ်ဟန်မရဘဲ မည်သည့်လမ်းကြောင်းကို သွားရမည်ကို အတိအကျ သိထားပြီးသကဲ့သို့ပင်။
သူသည် လမ်းဆုံးဟုထင်ရသောနေရာများကိုပင် ဖြတ်ကျော်ဝင်ရောက်သွားခဲ့သည့် အခိုက်အတန့်များ ရှိခဲ့သည်။
သူသည် ပိတ်ဆို့နေသော နံရံခံထားသည့် လမ်းကြောင်းများကို ဖွင့်လှစ်ရန် အစောပိုင်းက အသုံးပြုခဲ့သော သော့တံကိုပင် ထပ်မံ၍ အသုံးပြုခဲ့သည်။
ဤသို့ဖြင့် မိနစ်နှစ်ဆယ်ကျော်ခန့် ထပ်မံ လျှောက်လာပြီးနောက် သူသည် နောက်ဆုံးတွင် အလိုရှိရာ ပန်းတိုင်ဆီသို့ ရောက်ရှိသွားခဲ့၏။
...
ထိုနေရာသည် ခန်းမကဲ့သို့ နေရာလွတ်အခန်းကျယ်ကြီးတစ်ခုဖြစ်ပြီး အလယ်တွင် ခေါင်းတလားတစ်လုံး သည် ထီးထီးမားမား တည်ရှိနေလေ၏။
ထိုလမ်းများ မည်မျှရှုပ်ထွေးနေသည်ကို ကြည့်ခြင်းအားဖြင့် အာရန်သည် သူ အခွင့်အရေးရခဲ့စဉ် မျှော်စင်သခင်အား မသတ်ခဲ့မိခြင်းအတွက် အတော်လေးဝမ်းသာသွားခဲ့မိသည်။
အာရန်သည် ထိုသော့တံကိုရရှိကာ သူ၏ အစ်ကို တည်နေရာကို သိနေခဲ့လျှင်ပင် ထိုမျှရှုပ်ထွေးနေသော ဝင်္ကဘာလမ်းများအရ သူသည် လမ်းအမှန်ကို ရှာဖွေနိုင်ရန်မှာ အတော်လေး ခက်ခဲခဲ့ရပေလိမ့်မည်။
သူ ထိုနေရာများအား လွယ်ကူစွာ ဖြတ်ကျော်နိုင်ခဲ့ခြင်းမှာ မျှော်စင်သခင်၏ လမ်းပြမှုကြောင့်ပင် မဟုတ်ပါလော...။
အာရန်သည် မျှော်စင်သခင် ဝင်သွားသော ခန်းမတစ်ခု၏ အပြင်ဘက်တွင် ရပ်နေမိ၏။
အာရန်အနေဖြင့် သူ၏ အစ်ကိုဆိုသူ မြောက်ဘက်တိုက်၏ ဇာတ်လိုက်မှာ ထို ခေါင်းတလားအတွင်း၌ တည်ရှိနေမည်ဟု ခန့်မှန်းမိလိုက်သဖြင့် အတွင်းသို့ လှမ်းဝင်ရန်ပြင်လိုက်သည်။
မျှော်စင်သခင်၏ ထိုခေါင်းတလားအား တလေးတစား ဂရုစိုက်နေပုံအရ အခြားဖြစ်နိုင်ခြေ မရှိသလောက်ပင်။
ထိုစဥ်မှာပင် မျှော်စင်သခင်သည် ပြာမှုန့်များကဲ့သို့အမည်မသိအမှုန့်များကို မြေပြင်ပေါ်သို့ သွန်ချရင်း ခေါင်းတလား ပတ်ပတ်လည်ကို စက်ဝိုင်းတစ်ခုကဲ့သို့ ဖန်တီးယူလုပ်လိုက်သည်။
ထိုမြင်ကွင်းကို မြင်ရသောအခါ အာရန်တစ်ယောက် ပို၍ပင် စိတ်ဝင်စားလာမိခဲ့၏။
သူ၏ အစ်ကိုသည် အမှန်တကယ်ပင် ထိုခေါင်းတလားအတွင်း၌ ရှိနေသည်လား။
သူသည် လုံးဝပြန်လည်ရှင်သန်လာခြင်း မရှိသေးဘူးလား။
ထိုသို့လုပ်ဆောင်ခြင်းသည် သူ့အား နိုးထစေသည့် အစီအရင်ပုံစံမျိုးလား။
ထိုသို့သာဆိုပါက သူသည် မျှော်စင်သခင်လုပ်ဆောင်နေသည့် အစီအရင်အား ပြီးမြောက်စေ၍ မဖြစ်ပေ။
ယခုသည် အာရန်အတွက် သူ့ကိုယ်သူ လူလုံးထွက်ပြကာ အရှင်သခင်တစ်ဦးအား ရှင်းလင်းပစ်ရန် အချိန်တန်ပြီလဲဖြစ်လေသည်။
ထိုလုပ်ငန်းစဉ်တွင် သူ့အနေနှင့် တစ်ဆက်တည်း ခန္ဓာကိုယ်အတွင်းရှိ နောက်ထပ်ချိတ်စည်း တစ်ခုကို ဖယ်ရှားရန်အတွက် မျှော်စင်သခင်၏ သွေးအချို့ကိုလည်း ထပ်မံ၍ စုဆောင်းနိုင်သွားပေလိမ့်သည်။
ထိုသို့ဆုံးဖြတ်ချက်ချပြီးသည်နှင့် အာရန်သည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။ သို့သော် သူ၏ ခြေထောက်တစ်ဖက် မြေပြင်ပေါ်သို့ ပြန်မကျနိုင်မှီအချိန်မှာပင် သူ၏ ရှေ့တွင် စနစ်မျက်နှာပြင်တစ်ခု ပေါ်ထွက်လာခဲ့၏။
သူသည် စနစ်မှ အချက်ပေးမှုအား သတိထားမိလိုက်သဖြင့် မသိစိတ်မှနေ၍ အလိုလိုပင် နောက်သို့ ပြန်ဆုပ်လိုက်မိသည်။
ယခင်အချိန်များအတိုင်းပင် စနစ်မျက်နှာပြင်ပေါ်၌ ရွေးချယ်စရာလေးခု ပေါ်လာခဲ့သော်လည်း ၎င်းတို့အားလုံးသည်တော့ ယခု အခြေအနေနှင့် ဆက်စပ်နေခြင်း မရှိလှပေ။
.........
ရွေးချယ်မှု (၁): မျှော်စင်သခင်အား အစီအရင် ပြီးမြောက်စေခြင်းမှ တားဆီးပါ။
ဆုလာဘ်- လွတ်မြောက်ခြင်းအဆောင်။
.........
အာရန်သည် ပထမ ရွေးချယ်မှု ကို ဖတ်လိုက်မိသည့် အခိုက်အတန့်မှာပင် တစ်ကိုယ်လုံးတောင့်တင်းသွားခဲ့သည်။
ပုံမှန်အားဖြင့် လွတ်မြောက်ခြင်းအဆောင်အား ဆုလာဘ်အဖြစ်ရရှိသော ရွေးချယ်မှုများသည် အန္တရာယ်အရှိဆုံး ရွေးချယ်မှုများဖြစ်နိုင်ကြောင်း အချက်ပြမှုတစ်ခုဟု ယူဆ၍ ရလေသည်။
သို့သော် အဘယ်ကြောင့်နည်း။
အကယ်၍ သူသည်သာ အစီအရင်အား ရပ်တန့်နိုင်ခဲ့ပါက သူ့အနေနှင့် ဘာကြောင့် ထွက်ပြေးရန် လိုအပ်ဦးမည်နည်း။
မျှော်စင်သခင်သည် ထိုမျှ အန္တရာယ်များသူတစ်ဦးလား။ သို့သော် ထိုသို့ ဖြစ်ပုံမပေါ်ပေ။
အာရန်၏ ယခင် ကျင့်စဥ်အဆင့်နှင့်ဆိုပါကမူ မျှော်စင်သခင်သည် အလွန်အမင်း အန္တရာယ်များသော တည်ရှိမှုတစ်ခု ဖြစ်နေပေလိမ့်မည်။
ထိုစဥ်က အာရန်အနေနှင့် မျှော်စင်သခင်အား ရင်ဆိုင်မိလိုက်သည်နှင့် ထွက်ပြေးရန်မှအပ အခြား ရွေးချယ်စရာမရှိခဲ့ပေ။
သို့သော် ယခု သူသည် ယခင်ကထက် များစွာ ပို၍ သန်မာလာပြီဖြစ်၏။
ထို့ကြောင့် ၎င်းအန္တရာယ်မှာ မျှော်စင်သခင်ကြောင့်တော့ ဟုတ်ဟန်မရပေ။
"ဒါက ဟို ခေါင်းတလားနဲ့များ ဆက်စပ်နေတာလား။ ခုနေ အစီအရင်ကို ရပ်တန့်အောင် ဟန့်တားလိုက်ရင် ဘာဖြစ်သွားမလဲ။ ဒီအစီအရင်က တကယ်ကော ဘာအတွက်လဲ" အာရန်သည် စဥ့်စားရင်းဖြင့် အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။
ထို့နောက် နောက်ထပ်ရွေးချယ်စရာများကို ထပ်မံ၍ ဖတ်ရှုလိုက်သည်။
.........
ရွေးချယ်မှု (၂): အစီအရင်အား သည်အတိုင်း ပြီးစီးပါစေ။
ဆုလာဘ်- ဂါယာ ၏ အတောင်ပံများ။
.........
ယခင်က ကဲ့သို့ပင် ဒုတိယ ရွေးချယ်စရာသည်လည်း အာရန်အား အတော်လေး ဆွဲဆောင်နိုင်ခဲ့သည်။
အထူးသဖြင့် ထိုဆုလာဘ်၌ အဆင့်သတ်မှတ်ထားခြင်း မရှိသောကြောင့်လည်း ဖြစ်သည်။
ဆုလာဘ်သည် စွမ်းရည်တစ်ခုခုများလား။ သို့မဟုတ် ပစ္စည်းတစ်ခုလား။
သို့သော် ထိုအရာကို ရရှိမည်ဆိုပါက အသုံးပြုရန် မဆိုထားနှင့် ဘာမှန်းပင် သူ့အနေနှင့် ခန့်မှန်းနိုင်ခြင်းမရှိနေပေ။
၎င်း၏ အမည်အရ ၎င်းသည် ပျံသန်းခြင်းနှင့် ဆက်စပ်နေသော အရာတစ်ခုဖြစ်မည်ဟု ခံစားမိလိုက်သော်လည်း သူတွင် ပျံသန်းရန်အတွက် နဂါးအတောင်ပံများ ရှိနှင့်ပြီးသား မဟုတ်ပါလား...။
အာရန်သည် သူ့အနေနှင့် ဤကဲ့သို့ အရာတစ်ခုခုကို အမှန်တကယ် လိုအပ်မည်ဟု မထင်မိခဲ့ချေ။
ထို့နောက် အာရန်သည် သူ၏ အာရုံစူးစိုက်မှုများကို ကျန်ရှိနေသော ရွေးချယ်စရာများဆီသို့ ပြောင်းလဲလိုက်လေသည်။
.........
ရွေးချယ်မှု (၃): မျှော်စင်သခင်အား သင်၏ တည်ရှိမှုကိုဖော်ပြလိုက်ပါ။ သို့သော် သူအား မည်သို့မျှ အနှောက်အယှက်မပေးရ။
ဆုလာဘ်- ကျပန်း အဆင့်နိမ့် သွေးမျိုးဆက်။
.........
.........
ရွေးချယ်မှု (၄): ခေါင်းတလားကို တိုက်ရိုက် တိုက်ခိုက်ပြီး ဖျက်ဆီးပစ်ပါ။
ဆုလာဘ်- လိုအပ်ချက်ပြ သံလိုက်အိမ်မြှောင်။
.........
"ငါက အဆင့်နိမ့် ကျပန်း သွေးမျိုးဆက်နဲ့ ဘာသွားလုပ်ရမှာလဲ ဘာမှလဲအများကြီးလုပ်နိုင်မယ်မထင်ဘူး။ ဒါ့အပြင် ငါ့တည်ရှိမှုကို ဒီတိုင်း ဖော်ထုတ်လိုက်ပြီး မျှော်စင်သခင်ကိုကျ ဘာမှမလုပ်ရဘူးဆိုတော့... ဒါကဘာကြီးတုံး"
ထိုအချိန်တွင်သာ သူသည် မျှော်စင်သခင်၏ အစီအရင်ကို မတားမြစ်ရဘူးဆိုပါက သူသည် မိမိဒုက္ခရောက်တော့မည့် အချိန်ကို ပြုံးပြုံးကြီး လက်ပိုက်ကြည့်နေသော ငတုံးတစ်ယောက်နှင့် ဘာကွာခြားဦးမည်နည်း။
ထို့နောက်အာရန်သည် အချိန်မဆိုင်းတော့ဘဲ သူ၏ ညာဘက်လက်ကို လှမ်းမြှောက်လိုက်ကာ အရိပ်ဓားတစ်ချောင်းကို ဆင့်ခေါ်လိုက်သည်။
သူ၏ ဘယ်ဘက်လက်ဖြင့် ရွေးချယ်စရာတစ်ခုကို အလျှင်အမြန်ပင် ရွေးချယ်လိုက်၏။
ထို့နောက် ချက်ချင်းပင် ခန်းမအတွင်းသို့ လျှင်မြန်စွာ ပြေးဝင်သွားခဲ့တော့သည်။
မျှော်စင်သခင်သည် အာရန်၏ ရုတ်တရက် ပေါ်ထွက်လာခြင်းကြောင့် ခဏတာ ကြောင်အသွားခဲ့ရသည်။
ထိုအချိန်တွင် သူသည် အချိန်မီ တုံ့ပြန်နိုင်ခြင်း မရှိသည့်အပြင် အစီအရင်ကို ဤနေရာတွင်မှ ရပ်တန့်၍လည်း မဖြစ်နိုင်တော့ပေ။
အာရန်သည် မျှော်စင်သခင်အား ဖြတ်၍ ပျံသန်းသွားပြီးနောက် ခေါင်းတလား အပေါ်သို့ပြေးဝင်သွားခဲ့သည်။
ထိုအခါမှသာ မျှော်စင်သခင်သည် ဤနေရာသို့ ရုတ်တရက်ပြေးဝင်လာသူ၏ မျက်နှာကို မြင်တွေ့လိုက်ရသည်။
"အော် မင်းပဲကို.... မင်း ဒီကို ဘယ်လို ရောက်လာတာလဲ"
မျှော်စင်သခင်သည် မယုံကြည်နိုင်ခြင်းများစွာဖြင့် အာမေဋိတ်သံတစ်ခု ပြုလိုက်မိသည်။
"ကျုပ်လား ကျုပ်ရဲ့ ချစ်လှစွာသော အစ်ကိုကို လာတွေ့တာလေ။ ပြီးတော့ ကျုပ် သူ့အတွက် လက်ဆောင်တစ်ခုတောင် ယူလာခဲ့သေးတယ်"
ထိုသို့ပြောပြီးနောက် အာရန်သည် စက္ကန့်အနည်းငယ်ပင် ထပ်မဖြုန်းတော့ဘဲ သူ၏ ဓားဖြင့် ခေါင်းတလားအား ချိန်ရွယ်လိုက်လေသည်။
ထို့နောက် သူ၏ ခွန်အားကို ထပ်မံ မြှင့်တင်ရန် နဂါးလျှာအစွမ်းကိုပင် ထပ်မံ၍ အသုံးပြုလိုက်သည်။
ထို့နောက် နဂါးအတောင်ပံများ သူ၏ နောက်မှ ထွက်ပေါ်လာခဲ့ကာ အကြေးခွံများ သည် သူ၏ အရေပြားတစ်လျှောက်ဖုံးလွှမ်းသွားခဲ့သည်။
"နဂါးသွေးမျိုးဆက်လား"
မျှော်စင်သခင်သည် သူ၏ ထိတ်လန့်နေသော မျက်နှာအမူအရာများကို မဖုံးကွယ်နိုင်တော့ဘဲ အလန့်တကြားဖြင့် ပြောလိုက်မိသည်။
သူသည် အစီအရင်ကို ခဏခေါက်ထားလိုက်ပြီး အာရန်အား တားဆီးရန် အလျင်အမြန် ပြေးထွက်လာခဲ့သည်။
အာရန်က မျှော်စင်သခင်အား ခနဲ့တဲ့တဲ့ အပြုံးတစ်ခုဖြင့် ပြန်ကြည့်ရင်း....
"ခင်ဗျား နောက်ကျသွားပြီ။ ဘာလို့လဲဆိုတော့ ခုကျုပ်က မြောက်ပိုင်းတိုက်ရဲ့ ဇာတ်လမ်းကို မစတင်ခင်မှာပဲ အဆုံးသတ်ပစ်လိုက်တော့မှာမလို့ပဲ" အာရန်သည် ထိုသို့ပြောရင်းဖြင့် သူ၏ ဓားကို ခေါင်းတလားရှိရာဆီသို့ ထိုးစိုက်ချလိုက်၏။
အရိပ်ဓားသည် ကျောက်သားဖြင့် ပြုလုပ်ထားသော ခေါင်းတလားကို ထိုးဖောက်သွားခဲ့သည်။
"မလုပ်နဲ့"
မျှော်စင်သခင်သည် အော်ဟစ်၍ တားလိုက်ကာ အာရန်အား တွန်းထုတ်လိုက်လေသည်။
မျှော်စင်သခင်သည် စိုးရိမ်စိတ်လွန်ကဲနေသည့် သူ၏ မျက်နှာကို မဖုံးကွယ်နိုင်ခဲ့ပေ။
အာရန်သည် ခေါင်းတလား၏ အလယ် တည့်တည့်အား ထိုးချလိုက်ခြင်းဖြစ်လေသည်။
ထိုထိုးချက်အရ အတွင်းရှိ ခန္ဓာကိုယ်သည် ကြိမ်းသေထိခိုက်သွားလိမ့်မည်ဖြစ်၏။
"အရူးကောင် မင်း ဘာလုပ်လိုက်တယ်ဆိုတာကော မင်း သိလို့လား" မျှော်စင်သခင်သည် ဘေးသို့လွင့်ထွက်သွားသော အာရန်အား စူးစူးရဲရဲစိုက်ကြည့်ရင်း အော်ဟစ်လိုက်သည်။
"မင်း...မင်း...ငါအနှစ်နှစ်အလလ စီစဥ်ထားတဲ့ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်ပြီ မင်း ငါတို့ ကမ္ဘာရဲ့ ကံကြမ္မာကိုပါ ဖျက်ဆီးပစ်လိုက်မိပြီကွ"
...
(ဘာသာပြန်သူမှတ်ချက်။ ။ အရင်အပိုင်းတွေတုန်းက အင်္ဂလိပ်လိုမှာ ဇက်ဖာကို brother လို့ပဲ သုံးနှုန်းထားခဲ့တဲ့အတွက် သူ့ကို ရန်နစ်ခလိုလိုင်းရဲ့ ညီလို့ ခန့်မှန်းပြီး ပြန်ခဲ့မိပါတယ် ခုအပိုင်းတွေကျမှ Little brother လို့ ရန်နစ်ခလိုလိုင်းကို အတိအကျ ပြန်သုံးလာတဲ့အတွက် ဇက်ဖာကို အကိုနေရာကနေ ပြန်ပြောင်းပြီး သုံးနှုန်းပေးသွားပါ့မယ်။)