← Chapters

အမွှာညီအစ်ကို

Vol. 40 Ch. 575

အမွှာညီအစ်ကို

Vol. 40 Ch. 575

…

ဤသည်မှာ မျှော်စင်သခင်တစ်ယောက် ဤမျှ ကြောက်လန့်နေသည်ကို အာရန်အနေနှင့် ပထမဆုံးအကြိမ် မြင်ဘူးခြင်းဖြစ်လေသည်။

ထိုကိစ္စအတွက် သူ့အား ကြောက်လန့်ရန် အကြောင်းပြချက်တစ်ခု အမှန်တကယ်ပင် ရှိနေသည်တဲ့လား။

အာရန်အနေဖြင့် တစ်စုံတစ်ရာသည် မူမမှန်ဟု ခံစားလိုက်ရသည်။

မျှော်စင်သခင်သည် အာရန် ဖျက်ဆီးခဲ့ပြီးဖြစ်သော ခေါင်းတလားအား ဖွင့်လိုက်သည်။ သူသည် သူ ပိုင်ဆိုင်ထားသည့် ခွန်အားအကုန်အစင် အသုံးပြု၍ ထိုလေးလံသော အဖုံးကို ဘေးသို့ တွန်းဖွင့်လိုက်လေသည်။

သို့သော် မျှော်စင်သခင်တစ်ယောက် ခေါင်းတလားအတွင်းသို့ ကြည့်လိုက်မိသည့် အခိုက်အတန့်တွင်မူ သူ၏ ပါးစပ်သည် အဟောင်းသားဖြစ်သွားခဲ့ရ၏။

သူ၏ ထိတ်လန့်သွားသော မျက်နှာတွင် ရှုပ်ထွေးမှုတစ်ခုအဖြစ် အစားထိုးပြောင်းလဲသွားခဲ့သည်။

အာရန်သည်လည်း ထိုခေါင်းတလားအတွင်းရှိ သူ၏ အစ်ကိုဆိုသူ၏ မျက်နှာကို မြင်နိုင်ရန် အနီးသို့ကပ်သွားကြည့်လိုက်သည်။

အာရန်တစ်ယောက် ထိုခေါင်းတလားအတွင်းသို့ ကြည့်မိသော အခိုက်အတန့်တွင် သူ၏ မျက်နှာအမူအရာသည်လည်း မျှော်စင်သခင်နည်းတူ ပြောင်းလဲသွားခဲ့သည်။

သူသည် စိတ်အတော်လေး ရှုပ်ထွေးသွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ထိုခေါင်းတလားအတွင်း၌ သူ၏ ဓားဖြင့် ဖျက်ဆီးခံခဲ့ရသော အပိုင်းအစငယ်များကိုသာ တွေ့လိုက်ရသောကြောင့် ဖြစ်လေ၏။

ထိုအပိုင်းအစအချို့အပြင် ထိုအထဲတွင် အခြားဘာမျှ ရှိမနေပေ။

သူ၏ အစ်ကိုဆိုသူသည်လည်း အတွင်း၌ ရှိမနေခဲ့ပေ။

ရုတ်တရက် အာရန်သည် ဤအရာနှင့် ပတ်သက်၍ အလွန်ဆိုးရွားသော ခံစားမှုတစ်ခု ရရှိလိုက်သည်။

သူ၏ အစ်ကိုဆိုသူသည်သာ ထိုခေါင်းတလားအတွင်း၌ ရှိမနေခဲ့ပါက သူသည် ဘယ်နေရာသို့ ရောက်နေခဲ့သနည်း။

"သူ ဘယ်မှာလဲ"

အာရန်နှင့် မျှော်စင်သခင်တို့ နှစ်ဦးစလုံးသည် တစ်ချိန်တည်းတွင် တစ်ဦးကို တစ်ဦး ကြည့်ရင်း ပြိုင်တူ မေးလိုက်မိကြသည်။

"ကျုပ် ဘယ်လို သိမှာလဲ"

တစ်ဖန် သူတို့နှစ်ဦး၏ အဖြေများသည်လည်း နောက်တစ်ကြိမ် ထပ်တူကျသွားပြန်သည်။

မျှော်စင်သခင်သည် အာရန်၏ စကားကြောင့် ပြန်လည် တိတ်ဆိတ်သွားခဲ့သည်။ သူသည် ၎င်းကို စဉ်းစားကြည့်လိုက်သောအခါ ထိုအရာက အဓိပ္ပာယ်ရှိနေသည်။

အာရန်သည် ထိုပျောက်ဆုံးမှု၏ နောက်ကွယ်ရှိတရားခံဆိုပါက သူသည် အစောပိုင်းက ခေါင်းတလားကို အဘယ့်ကြောင့် အပင်ပမ်းခံ၍ တိုက်ခိုက်နေဦးမည်နည်း။

သူသည် ခေါင်းတလားအတွင်း၌ ရှိသည်ဟု ယုံကြည်ရသော သူ၏ အစ်ကိုကို သတ်ရန် ကြိုးစားခဲ့သည်မှာ ရှင်းနေလေ၏။

ပုံမှန်အားဖြင့် ယခုအချိန်ဆိုလျှင် မျှော်စင်သခင်သည် အာရန်အား သတ်ဖြတ်ရန် ကြိုးစားမိပေလိမ့်မည်။

သို့သော် သူသည် ယင်းအစား ဇက်ဖာ၏ ပျောက်ဆုံးသွားခြင်း အကြောင်းကို ပို၍ စိုးရိမ်နေခဲ့သည်။

ဇက်ဖာသည် ခေါင်းတလား အတွင်းမှ မည်သို့ ပျောက်ကွယ်သွားနိုင်ရသနည်း။

ထိုခေါင်းတလားသည် တစ်စုံတစ်ယောက်မှ ဖွင့်ထားသည်ဆိုသော လက္ခဏာများလည်း ရှိမနေခဲ့‌ပေ။

ဤနေရာသည် အလွန်အမင်း လျှို့ဝှက်စွာ တည်ရှိနေခဲ့ခြင်းဖြစ်သည်။

၎င်းသည် ငရဲဘုံ၏ မြို့တော်နှင့် နီးကပ်သောနေရာတစ်ခုတွင် တည်ရှိနေခြင်း ဖြစ်သော်လည်း ဖွင့်မည့် သော့သာ ရှိမနေပါက မည်သူမျှ ဤနေရာသို့ ရောက်နိုင်စရာအကြောင်းမရှိပေ။

ဤနေရာသို ဝင်ရောက်ရန်မှာ သူ၏ လက်ထဲတွင် ကိုင်ထားသော သော့ရှိမှသာ ဖြစ်နိုင်ပေလိမ့်မည်။

ဒါဆို ဘယ်လိုလုပ်ပြီး....။

ဇက်ဖာသည် အဘယ့်ကြောင့် ဤနေရာမှ ရိုးရှင်းစွာ ပျောက်ကွယ်သွားရသနည်း။

မျှော်စင်သခင်သည် သူ၏ လက်ထဲရှိ သော့ကို ကြည့်လိုက်မိပြီး ပို၍ပင် မျက်မှောင်ကြုတ်လိုက်မိသည်။

သူသည် တစ်ချိန်တည်းမှာပင် စိတ်သက်သာရာရခြင်းနှင့်အတူ စိတ်ပျက်မှုတစ်ခုကိုပါ ခံစားလိုက်ရသည်။

တိုက်ခိုက်ခံရသောအခါ ခေါင်းတလားအတွင်း၌ ဇက်ဖာတစ်ယောက် ရှိမနေခဲ့ခြင်းကြောင့် သူသည် စိတ်သက်သာရာရသွားခဲ့ခြင်းဖြစ်သည်။

သူသာ ထိုနေရာတွင် ရှိနေခဲ့ပါက အာရန်၏ လက်ချက်ဖြင့် သေချာပေါက် အသတ်ခံရပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် ဇက်ဖာနစ်ခရိုလိုင်း၏ လက်ရှိ တည်နေရာကို သူ မသိသောကြောင့် စိတ်ပျက်သွားခဲ့မိသည်။

သူသည် လုံခြုံစွာ အသက်ရှင်နေပါဦးမလား။

သို့မဟုတ် သူသည် အန္တရာယ်တစ်စုံတစ်ရာ အတွင်း၌ ကျရောက်သွားခဲ့ပြီလား...။

အာရန်သည်လည်း တိတ်ဆိတ်စွာဖြင့် မျှော်စင်သခင်၏ အမူအရာကို အကဲခပ်နေခဲ့သည်။

မျှော်စင်သခင်သည် သူအား ထိုရန်နစ်ခရိုလိုင်၏ အစ်ကိုဖြစ်သူထံသို့ ပို့ဆောင်ပေးနိုင်သော တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်လေ၏။

ယခုကဲ့သို့ သူ၏ အစ်ကိုဆိုသူသည် ဤနေရာတွင် အဘယ်ကြောင့်ရှိမနေရသည်ကို သူ့အနေနှင့် မခန့်မှန်းတတ်တော့ချေ။

သူသည် သူ၏ အစ်ကိုဆိုသူကို ရှာဖွေရန် မျှော်စင်သခင်အား ဆက်လက် အသုံးချရန်လိုအပ်နေသေးသည့်ပုံပင်။

သို့သော် သူ၏ အစ်ကိုဆိုသူ ထိုဇာတ်လိုက်သည် သူ့ဘာသာသူ မြောက်ပိုင်းတိုက်ကြီးသို့ ပြန်ရောက်သွားပြီး သူ၏ အဓိက ဇာတ်လမ်းကို စတင်နေပြီဆိုလျှင် မည်သို့လုပ်မည်နည်း။

ထိုသို့သာဖြစ်သွားခဲ့ပါက ၎င်းသည် သူ့အတွက် သေချာပေါက် အဆိုးဆုံးအခြေအနေတစ်ခု ဖြစ်သွားပေလိမ့်မည်။

မျှော်စင်သခင်နှင့် အာရန်နှစ်ဦးစလုံးသည် တစ်စုံတစ်ခုအတွက် ကိုယ်စီ စိုးရိမ်နေခဲ့ကြသည်။

သို့သော် အကြောင်းပြချက်မှာမူ ကွဲပြားနေကြသည်။

ထိုအချိန်မှာပင် သူတို့သည် အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ကြရသည်။

"မင်းတို့ ငါ့ကို ရှာနေကြတာလား"

မျှော်စင်သခင်နှင့် အာရန်နှစ်ဦးစလုံးသည် တစ်ချိန်တည်းပင် နောက်သို့ လှည့်ကြည့်လိုက်ရာ ခန်းမ၏ ဝင်ပေါက်အနီးတွင် ရပ်နေသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။

သူတို့နှစ်ဦးစလုံးသည် ထိုနေရာမှတစ်ဆင့် ခန်းမအတွင်းသို့ ဝင်ရောက်ခဲ့ကြခြင်းဖြစ်လေသည်။

သို့သော် ထိုလူအား ထိုနေရာတွင် ယခင်က မမြင်ခဲ့ကြပေ။

သူ၏ ဆံပင်သည် ခါးအထိ ရှည်ထွက်နေကာ အချိန်အတော်ကြာကြာ ကတည်းက သည်အတိုင်း ရှိနေခဲ့သည့်ပမာ စုပ်တိစုပ်ဖွားဖြင့် အတော်လေး ကြည့်ရဆိုးလေ၏။

ထိုအမျိုးသားသည် ဝင်ပေါက်ဝရှိ ကျောက်တုံးကြီးတစ်ခုပေါ်တွင် ထိုင်နေခဲ့ခြင်းဖြစ်ပြီး အောက်ဘက်သို့ ငုံ့ကြည့်နေဟန်ရသည်။

သူသည် သူ၏ ခေါင်းကို ငုံ့ထားသောကြောင့် မည်သူမျှ သူ၏ မျက်နှာကို ကောင်းစွာ မမြင်နိုင်ခဲ့ကြပေ။

သို့သော် အာရန်သည် ထိုအမျိုးသားထံမှ အလွန်အမင်း ရင်းနှီးသော ခံစားမှုတစ်ခုကို ခံစားမိနေခဲ့သည်။

အာရန်သည် ထိုလူ၏ မည်သူဖြစ်သည်ကို မခန့်မှန်းနိုင်လောက်အောင် တုံးအသူတစ်ဦးတော့ မဟုတ်ခဲ့ပေ။

ဤနေရာတွင် ပျောက်ဆုံးနေသော လူ တစ်ဦးတည်းသာ ရှိလေသည်။

၎င်းသည် သူ၏ အစ်ကိုဟု ခေါ်သော ဇက်ဖာပင် ဖြစ်၏။

"မင်းသိလား... ပုရွက်ဆိတ်တွေဟာ နေရာ အနှံ့အပြားမှာ ရှိနေကြတယ်ဆိုတာ။ မျှော်စင်မှာတောင် ငါ အများကြီး မြင်ခဲ့ဖူးတယ်။ သူတို့ ဒီမှာလည်း ရှိနေကြပုံရတယ်။ ဒါဟာ ပျော်စရာပဲ ဟုတ်တယ်မလား"

သူသည် သူ၏ ခေါင်းကို ဖြည်းဖြည်းချင်း အပေါ်သို မော့လိုက်ရင်း အာရန်အား ပြောလိုက်ခြင်းဖြစ်သည်။

"ငါပြောတာဟုတ်တယ်မလား ညီငယ်လေး"

ထိုသူသည် သူ၏ ခေါင်းကို ပုံမှန်အတိုင် ပြန်မော့လိုက်သော အခါတွင်တော့ သူ၏ မျက်နှာ အား လုံးဝမြင်လိုက်ကြရသည်။

သူ၏ မျက်နှာသည် ရှည်လျားသော ဆံနွယ်စများ၏ နောက်ကွယ်တွင် ပုန်းကွယ်နေသကဲ့သို့ဖြစ်နေသော်လည်း သူ၏ အသွင်အပြင်မှာ မူထင်ရှားစွာမြင်နိုင်နေဆဲပင်။

ထိုအမျိုးသားသည် ရန်နစ်ခလိုလိုင်း၏ သွင်ပြင်နှင့် လုံးဝပင် ချွတ်စွတ်တူနေခဲ့သည်။ သူတို့၏ ဆံပင်နှင့် အဝတ်အစား ကွာခြားချက်သာနှင့်အတူ နောက်ထပ် တစ်ခုတည်းသော ကွဲပြားမှုမှာ ၎င်းတို့၏ မျက်လုံးအရောင်များပင်ဖြစ်၏။

ထိုအမျိုးသား၏ မျက်လုံးများတွင် သွေးနီရောင် သူငယ်အိမ်များ ရှိနေခဲ့ပြီး အဖြူရောင် ဖြစ်နေသင့်သော အစိတ်အပိုင်းများမှာလည်း လုံးဝ အနက်ရောင်အတိဖြစ်နေခဲ့သည်။

ထိုမျက်လုံးများသည် နတ်ဆိုးတစ်ပါး၏ မျက်လုံးများကဲ့သို့ပင် တူညီနေခဲ့၏။

"သခင်လေး နိုးထလာပြီလား"

မျှော်စင်သခင်သည်လည်း ထိုလူကို မှတ်မိလိုက်သည်နှင့် ချက်ချင်း ဒူးထောက်ကာ အရိုအသေပေးလိုက်သည်။

သူ၏မျက်နှာအမူအရာအရ သူသည် ဤနေရာရှိ လူသုံးဦးအနက် အပျော်ရွှင်ဆုံး ဖြစ်နေဟန်ရ၏။

သူ တပင်တပမ်း ရှာဖွေရန် ကြိုးစားခဲ့ရသော လူငယ်သည် သူ၏မျက်စိရှေ့တွင် လုံးဝ လုံခြုံစွာ တည်ရှိနေသေးသည်မဟုတ်ပါလော...။

မျှော်စင်သခင်သည် သူ၏ နဖူးကို မြေပြင်နှင့်ထိတွေ့မိသည်အထိ ခေါင်းငုံ၍ အရိုအသေးပေးလိုက်ကာ သခင်အား ကြိုဆိုနေသော အစေခံတစ်ဦးပမာ လူငယ်အား နှုတ်ဆက်လိုက်လေသည်။

အာရန်ပင် ထိုမြင်ကွင်းမှာ ထူးဆန်းနေသည်ဟု သတိထားမိလိုက်သည်။

မျှော်စင်သခင်သည် အဘယ့်ကြောင့် ထိုအမျိုးသား၏ ရှေ့တွင် ဦးညွှတ်နေရသနည်း။

သူသည် မျှော်စင်သခင်၏ ဂျူနီယာအဆင့် လူငယ်မျိုးဆက်များ ဖြစ်နေသင့်သည် မဟုတ်ပါလား။

စီနီယာတစ်ဦးသည် သူ၏ ဂျူနီယာ ရှေ့တွင် အဘယ့်ကြောင့် ဦးညွှတ်နေရသနည်း။

၎င်းသည် ခွန်အားကြောင့်များလား။

မျှော်စင်သခင်သည် ထိုလူငယ်ကို ကြောက်နေခဲ့၍လား...။

ထိုနေရာတွင် ထို့ထက်ပိုသော ဆက်ဆံရေးတစ်ခုခု ရှိနေပုံရလေသည်။

မျှော်စင်သခင်၏ ပုံစံအရ ထိုကဲ့သို့ ပြုမူရခြင်းအတွက် အနည်းငယ်မျှပင် ရှက်ရွံ့ခြင်း ရှိဟန်မရပေ။

မျှော်စင်သခင်မှ သူ့အား စကားအချို့ပြောလိုက် သောအခါ သူသည် တူညီသောအရာတစ်ခုကို သတိပြုမိခဲ့သည်။

အာရန်သည် ယခင်က မျှော်စင်သခင်မှာ သူ၏ အစ်ကိုဖြစ်သူ ဇက်ဖာကို သူ သတ်ခဲ့မိသောကြောင့် သူ့အား မုန်းတီးနေသည်ဟု ရိုးရှင်းစွာ ထင်မှတ်ခဲ့မိသည်။

သို့သော် ယခုမူ အရာရာသည် ထိုမျှရိုးရှင်းသည်ဟု မထင်ရတော့ပေ။

All Chapters