← Chapters

အစစ်အမှန် မွန်းစတား

Vol. 40 Ch. 576

အစစ်အမှန် မွန်းစတား

Vol. 40 Ch. 576

...

မျှော်စင်သခင်ကဲ့သို့သော သခင်လေးသခင်အဆင့်တစ်ဦးသည် အစေခံတစ်ဦးကဲ့သို့ လူငယ်တစ်ဦး၏ ရှေ့တွင် ဒူးထောက်လျက်သား ရှိနေခဲ့၏။

ဤမြင်ကွင်းကို ကြည့်ခြင်းအားဖြင့် ၎င်းသည် အာရန်တစ်ယောက် ကနဦး ယူဆထားခဲ့သော ပုံစံနှင့် အလွန်ကွာခြားလွန်းနေခဲ့သည်။

အာရန်သည် သူ၏ အကိုဆိုသူမှာ မြောက်ပိုင်းတိုက်ကြီး၏ အဓိက ဇာတ်လိုက်တစ်ဦး ဖြစ်ကြောင်း သိထားခဲ့ပြီးဖြစ်သော်လည်း သူသည် အားနည်းရာမှ သန်မာသော ပုံစံသာ ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။

ကံမကောင်းစွာဖြင့် ယခုမြင်ကွင်းမှာမူ လုံးဝ ကွဲပြားလွန်းနေခဲ့၏။

၎င်းသည် အားနည်းရာမှ သန်မာလာသော ဇာတ်လိုက်မျိုး ဟုတ်ဟန်မရတော့ဘဲ အစကတည်းက အလွန်အကြူး ကြမ်းနေပြီးသားဖြစ်သော ဇာတ်လိုက်မျိုးဖြစ်နေ ဟန်တူ၏။

ဤဖြစ်နိုင်ခြေကြောင့်ပင် အာရန်သည် ၎င်းအား နိုးထနိုင်ခြင်း မရှိခင်မှာပင် သတ်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်လေသည်။

သို့သော် သူသည် ခြေလှမ်းအနည်းငယ် နောက်ကျသွားခဲ့ဟန်တူလေသည်။

သူ့အနေနှင့် ထိုလူငယ်အပေါ် ခံစားနေရသော ရင်းနှီးမှုတစ်ခုရှိနေသည်မှာ ငြင်းဆန်၍ မရနိုင်သော်လည်း ၎င်း၏ နတ်ဆိုးဆန်ဆန် မျက်လုံးအကြည့်များက သူ့အား စိတ်မသက်မသာဖြစ်စေသော ခံစားမှုတစ်ခုကိုလည်း ပေးစွမ်းနေပြန်သည်။

"အစ်ကို... အဲ့ဒါတကယ်ပဲ မင်းလား"

အာရန်သည် နောက်ဆုံးတွင် စကားလုံးအချို့ စတင်၍ ပြောလိုက်သည်။

ကျောက်ဆောင်ပေါ်တွင် ထိုင်နေဆဲဖြစ်သော လူငယ်သည် အာရန်၏ အမေးကိုကြားသောအခါ ဟက်ဟက်ပက်ပက် ရယ်မောမိလိုက်သည်။

"ဟား..ဟား... ဒါဆို မင်း ငါ့ကို မှတ်မိသေးတယ်ပေါ့။ မင်းငါ့ကို မမှတ်မိမှာတောင် ငါ နည်းနည်း စိုးရိမ်နေခဲ့တာ။ ညီလေး ငါတို့မတွေ့ရတာ အတော်ကြာပြီနော်"

သူသည် မသပ်မရပ်သော သွင်ပြင်မျိုး ရှိနေသော်လည်း ကျောက်ဆောင်ပေါ်မှ ခုန်ချလိုက်သော သူ၏ လှုပ်ရှားမှုများသည် လွန်စွာ သိမ်မွေ့လွန်းနေခဲ့၏။

ထို့နောက် သူသည် ခန်းမအတွင်းသို့ တစ်လှမ်းခြင်းလျှောက်လှမ်းလာခဲ့ရာ အလင်းရောင်သည် သူ၏ မျက်နှာကို ထိမိပြီး သူ၏ အသွင်အပြင်မှာပိုမို၍ ထင်ရှားလာခဲ့သည်။

ထိုနတ်ဆိုးဆန်ဆန် မျက်လုံးများနှင့် ထူးဆန်းသော တည်ငြိမ်မှုရှိလွန်းသည့် ဟန်ပန်အချို့မှလွှဲလျှင် သူသည် အာရန်နှင့် တစ်ထေရာတည်းနီးပါး တူညီလွန်းနေခဲ့သည်။

"မင်းကို ဒီမှာ အဆင်သင့် တွေ့ရလိမ့်မယ်လို့ ငါ တကယ် မမျှော်လင့်ခဲ့ဘူး" လူငယ်သည် ကောက်ကျစ်သော အပြုံးတစ်ခုဖြင့် ပြန်ပြောလိုက်သည်။

သူသည် မျှော်စင်သခင်၏ ဘေးတွင် ရပ်လိုက်ပြီး သခင်တစ်ဦးက သူ၏ အိမ်မွေးခွေး တစ်ကောင်ကို ပြုမူသကဲ့သို့ သူ၏ လက်တစ်ဖက်ကို မျှော်စင်သခင်၏ ဦးခေါင်းပေါ်တွင် တင်၍ ပုပ်ပေးလိုက်သည်။

"ဒါက မင်း ငါ့အတွက် ပြင်ဆင်ပေးထားတဲ့ လက်ဆောင်တစ်ခုလား"

ဇက်ဖာသည် မျှော်စင်သခင်အား မေးလိုက်သည်။

မျှော်စင်သခင်သည် သူ၏ သခင်လေး နိုးထလာချိန်အတွက် လက်ဆောင်အဖြစ် အာရန်အား ဤနေရာသို့ ခေါ်ဆောင်လာလိုသည်မှာ မှန်လေ၏။

သို့သော် ကံမကောင်းစွာဖြင့် သူသည် ထိုအရာကို ရှံးနိမ့်ခဲ့ကာ အာရန်သည် ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည်။

ထို့နောက်တွင်မူ သူသည် အချိန်မရှိတော့သောကြောင့် အာရန်အား ဤနေရာသို့ ခေါ်လာမည့်အစီအစဥ်ကို လက်လျှော့လိုက်ရသည်။

ယခုကဲ့သို့ အာရန်တစ်ယောက် သူ့သဘောနှင့်သူ ဤနေရာသို့ လိုက်လာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

မျှော်စင်သခင်သည် ဇက်ဖာအတွက် ဤလက်ဆောင်ကို ယူဆောင်လာလိုသည်မှာ မှန်ကန်သော်လည်း သူကိုယ်တိုင် ခေါ်ဆောင်လာခြင်းတော့ မဟုတ်ခဲ့ချေ။

ယင်းအစား အာရန်သည် သူ့သဘောနှင့်သူ ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်၏။

ထို့ကြောင့် မျှော်စင်သခင်သည် ထိုမေးခွန်းကို မည်သို့ ဖြေရမည်ကိုပင် မသိတော့ပေ။

"သခင်လေး ကျေနပ်တဲ့အတွက် ကျွန်တော် ဝမ်းသာပါတယ်"

ခဏတာ တိတ်ဆိတ်သွားပြီးနောက် မျှော်စင်သခင်သည် ဝိုးတဝါး အဖြေတစ်ခုကိုသာ ချော်လဲရောထိုင် ပြန်ဖြေလိုက်သည်။

ဇက်ဖာတစ်ယောက် ပျော်ရွှင်နေသည်မှာတော့ အသေအခြာပင်ဖြစ်လေသည်။

ဇက်ဖာသည် မျှော်စင်သခင်၏ စကားကြောင့် တစ်ချက် ပြုံးလိုက်မိသော်လည်း အခြားဘာမျှ ထပ်မပြောခဲ့ပေ။

သူသည် အာရန်နှင့် ပေအနည်းငယ် အကွာတွင် ရပ်လိုက်ပြီး စိတ်ဝင်စားဖွယ် တစ်စုံတစ်ရာကို လေ့လာနေသကဲ့သို့ အာရန်အား စူးစမ်းစွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။

"ဒါပေမဲ့ မင်းကတော့... အတော်လေး ကွဲပြားသွားပုံရတယ်။ ပိုပြီး အားနည်းသွားတယ်။ ပို၍... လူသားဆန်လာတယ်"

အာရန်သည် ဇက်ဖာ၏ "လူသားဆန်လာတယ်"ဟူသော စကားလုံးကို နားမလည်ဘဲ မျက်မှောင်ကြုတ်၍သာ ပြန်၍ စိုက်ကြည့်နေခဲ့၏။

သူတို့သည် အစကတည်းက လူသားများအဖြစ်သာ မွေးဖွားလာခဲ့ကြသည် မဟုတ်ပါလား။

သို့သော်ယခုတွင်မူ ဘိုးဘေးနဂါး၏ သွေးမျိုးဆက်သည် သူ၏ သွေးကြောများအတွင်း၌ စီးဆင်းနေပြီဖြစ်သဖြင့် အာရန်သည် သူ့ကိုယ်သူ လူသားတစ်ဦးဟု ခေါ်ဆို၍ ရနိုင်ပါဦးမလားဟုမူ သံသယဝင်မိလိုက်သည်။

ဇက်ဖာ၏ အပြုံးသည် အနည်းငယ် ပိုမိုပီပြင်လာခဲ့ပြီး သူ၏ ချွန်ထက်နေသော သွားအချို့ပင် အနည်းငယ်ပေါ်လာခဲ့၏။

" ချစ်ညီလေး မင်းကို အကိုတစ်ယောက် အနေနဲ့ င့ါမှာ သင်ပေးစရာတွေ အများကြီး ရှိသေးပုံရတယ် " ဟု အာရန်အား ပြန်ပြောလိုက်သည်။

"ဒါပေမဲ့ မစိုးရိမ်ပါနဲ့ ငါ မင်းကို သင်ကြားပေးဖို့ အတွက် င့ါမှာ အချိန်တွေ အများကြီး ရှိပါသေးတယ်"

သူသည် စကားပြောခြင်းကို ခဏတာရပ်တန့်လိုက်ပြီး သူ့အား ပျော်စရာ များစွာ ပေးစွမ်းမည့် အရုပ်တစ်ခုကို စိုက်ကြည့်နေလိုက်သည်။

"ငါတို့ ထာဝရအတူတူ အမြဲတမ်းမခွဲပဲ ရှိနေသွားကြမယ်လေ"

ဇက်ဖာသည် ထပ်မံ၍ ရယ်မောလိုက်ပြန်သည်။

"ပြီးတော့ ငါ မင်းကို ကတိပေးတယ် ညီလေး မင်းလဲပျော်သွားရလိမ့်မယ်လို့"

အာရန်သည် ဇက်ဖာတစ်ယောက် အဘယ်ကြောင့် ထိုသို့ ပြောလိုက်သည်ကို နားမလည်နိုင်သော်လည်း ဤအချိန်သည်သူ၏ အစ်ကိုကို သတ်ရန် ပြီးပြည့်စုံသော အခွင့်အရေးတစ်ခုဖြစ်သည်ကိုမူ သဘောပေါက်လိုက်သည်။

သူသည် အနာဂါတ်အတွက် ခြိမ်းခြောက်မှုတစ်ခုကို ထပ်မံ၍တည်ရှိစေလိုခြင်း မရှိ‌တော့ပေ။

ကံကောင်းထောက်မစွာဖြင့် ယခုသည် ဇက်ဖာအနား၌ မည်သည့် အစောင့်မှ ရှိမနေသည့်အပြင် သူနှင့်လည်း အလွန်နီးကပ်နေခဲ့သည်။

အာရန်၏ လက်ထဲတွင်လည်း အရိပ်ဓားတစ်ချောင်းက အဆင်သင့် ရှိနှင့်ပြီးသား ဖြစ်လေ၏။

အခွင့်အရေးသည် အလွန်ပြီးပြည့်စုံသောကြောင့် ၎င်းသည် မြောက်ပိုင်းတိုက်ကြီး၏ ဇာတ်လိုက်ဖြစ်သူ ဇက်ဖာကို တိုက်ခိုက်ရန်ပြင်ဆင်လိုက်သည်။

သို့သော် သူ၏ နှလုံးသားအတွင်း၌မူ ထူးဆန်းသော ခံစားချက်တစ်ခု ထွက်ပေါ်နေခဲ့သည်။

အာရန်သည် သူ ဤငရဲဘုံသို့ ဝင်ရောက်ခဲ့သည့်အချိန်မှစ၍ ဆက်တိုက်ပင် ကံဆိုးမှုများနှင့် ကြုံတွေ့ခဲ့ရလေသည်။

တစ်ချိန်တည်းမှာပင် သူ၏ အကိုဟုသတ်မှတ်နိုင်သူသည် ဤဇာတ်လမ်း၏ ဇာတ်လိုက်တစ်ယောက် ဖြစ်နေခဲ့သည်။

အာရန်သည် ဇာတ်လိုက်များတွင် ဤကဲ့သို့သော အချိန်မျိုး၌ သူတို့အတွက် ဇာတ်ညွှန်းအကာအကွယ်များ ရှိနေတတ်ကြသည်ကို ပုံပြင်များ အလုံအလောက် ဖတ်ရှုခဲ့ပြီးဖြစ်လေသည်။

တစ်ချိန်တည်းမှာပင် သူမှာမူ ဇာတ်လိုက်တစ်ယောက် ဟုတ်မနေခဲ့ချေ။

သူသည် ပထမ ဇာတ်လိုက်ရဲ့လန်ထံမှ ကံကြမ္မာခန္ဓာ ကို ရယူနိုင်ခဲ့သော်လည် ယခုအချိန်တွင်မူ ၎င်းသည် လုံလောက်မှုရှိဟန်မရပေ။

ထိုသို့ဖြစ်သော်လည်း အာရန်သည် အဆုံးစွန်ထိ စွန့်စားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

အာရန်သည် ဓားဧကရာဇ်၏ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်ပြီး ရှေ့သို့ ရုတ်တရက် ခုတ်လွှဲချလိုက်သည်။

သူ့အနေနှင့် ရှံးနိမ့်ရမည်ဆိုလျှင်ပင် သူသည် ကြိုးစားရင်းသာ ရှံးနိမ့်လိုနေခဲ့သည်။

သူသည် နောက်ဆုံးတွင်မူ ဤအခိုက်အတန့် တစ်ခုတည်းအတွက်နှင့် ဤမျှ ဝေးလံသော ခရီးရှည်ကြီးကို လျှောက်လာခဲ့မိပြီး မဟုတ်ပါလော....။

"ငါ ပြောခဲ့သလိုပဲ မင်းအများကြီး အားနည်းသွားတယ်တယ် ချစ်ညီလေး" ဇက်ဖာ သည် ပြန်ပြုံးပြလိုက်ပြီး ဘေးသို့ ခြေတစ်လှမ်းလှမ်းလိုက်ကာ ထိုဓားချက်ကို အလွယ်တကူပင် ရှောင်တိမ်းလိုက်သည်။

အာရန်သည် သူ၏ အမြန်နှုန်းကို တိုးမြှင့်ထားခဲ့သော်လည်း ဇက်ဖာသည် သူ့ထက် ပို၍ လျင်မြန်နေခဲ့ပြီး ၎င်းသည် အာရန်အား ပို၍ပင် မယုံနိုင်စရာ ဖြစ်စေခဲ့သည်။

ဇက်ဖာသည် ထပ်မံ၍ ရပ်တန့်မနေတော့ပေ။

အာရန်၏ ဓားချက်ကို ရှောင်တိမ်းလိုက်ပြီးသည်နှင့်တစ်ပြိုက်နက် သူသည် အာရန်အနားသို့ ထပ်မံ၍ ချဥ်းကပ်လိုက်သည်။

အာရန်တစ်ယောက် မည်သည့် တုံ့ပြန်မှုမျှ မပြုလုပ်နိုင်မှီ ဇက်ဖာသည် သူ၏ ရင်ဘတ်အား ဆောင့်ကန်ထည့်လိုက်၏။

အာရန်သည် အမြောက်ဆံတစ်ခု ကဲ့သို့ နောက်သို့ လွင့်ထွက်သွားခဲ့လေသည်။ ၎င်းသည် ပေါ့ပါးသော ကန်ချက်တစ်ခုဟု ထင်ရသော်လည်း သူ၏ နဂါးခန္ဓာကိုယ်ကြောင့်သာ မဟုတ်ပါက အတွင်းဒဏ်ရာပင် ရရှိသွားနိုင်လေသည်။

ထိုကန်ချက်ကြောင့် အာရန်သည် နောက်ရှိ နံရံကို ဝင်တိုက်မိသွားကာ ထိုနေရာတစ်ခုလုံးအား တုန်ခါသွားစေခဲ့သည်။

"မင်းနဲ့ဒီလိုပြန်ဆုံခွင့်ရဖို့ ငါ ဘယ်လောက်တောင် မျှော်လင့်နေခဲ့တယ်ဆိုတာ မင်း သိနိုင်မှာမဟုတ်ဘူး။ စက္ကန့်တိုင်း စက္ကန့်တိုင်းမှာ ငါ့ရှေ့မှာ မင်းပေါ်လာတဲ့အခါ မင်းကို ဘယ်လို လုပ်ပစ်မယ်ဆိုတာ ငါ တစ်ချိန်လုံးစိတ်ကူးယဥ်နေခဲ့ရတာ။ ဒါပေမဲ့ မင်းကို ခုလိုတွေ့လိုက်ရတော့ ငါ တကယ်ကို စိတ်ပျက်သွားမိတယ်။ မင်းက အရမ်းကို အားနည်းလွန်းနေတယ်... မင်းက ငါ့ကိုတောင် ပြန်သတ်နိုင်ခဲ့တဲ့ အတိတ်က င့ါညီကိုယ်တော်မှ ဟုတ်သေးရဲ့လား"

"ခုတော့ မင်းကို ဒီမှာ သတ်လိုက်နိုင်ရင်တောင် င့ါအတွက် အချိန်ဖြုန်းမှုတစ်ခုလို့ ခံစားလာရတယ်"

အာရန် ပြန်လည်ထရပ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှာ မယုံကြည်နိုင်စရာ အမြန်နှုန်းဖြင့် ပြန်လည်သက်သာနေခဲ့သော်လည်း သူသည် လွန်စွာ ပင်ပန်းနေဟန်ဖြင့် သက်ပြင်းရှည်တစ်ချက် ချလိုက်မိ၏။

အာရန်သည် ထိုတိုက်ခိုက်မှုကြောင့် အတော်လေး တုန်လှုပ်သွားခဲ့ရသည်။

သူ၏ အစ်ကိုဆိုသူသည် အားကောင်းလိမ့်မည်ဟု သူကြိုတင် ခန့်မှန်းထားခဲ့သော်လည်း ဤမျှလောက်ထိ အားကောင်းနေလိမ့်မည်ဟုတော့ သူ တကယ်ကို မမျှော်လင့်မိခဲ့ချေ။

ဤနှုန်းအတိုင်းဆိုပါက သူသည်ပင် ထိုဇာတ်လိုက်အား သတ်ရန်မှာ ဖြစ်နိုင်ပါဦးမလား။

ဇက်ဖာသည် သူ့ထက်ပင် မျာစွာပိုမို၍ လျှင်မြန်နေခဲ့၏။

ဇက်ဖာ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည်ပင် သူ၏ နဂါးသွေးမျိုးဆက် ခွန်အားထက်ပင် ပို၍ သန်မာနေဟန်ရလေသည်။

ထို့ပြင် ဇက်ဖာသည် သူ၏ မှော်အတတ်များ သို့မဟုတ် သေခြင်းစွမ်းရည်များကိုပင် အသုံးမပြုရသေးပေ။

အရှင်သခင်များနှင့် ပုခုံးချင်းယှဥ်နိုင်သည့် အဆင့်သို့ရောက်ရှိပြီးနောက် အာရန်သည် သူ့ကိုယ်သူ အတော်ပင် သန်မာလာခဲ့ပြီးဖြစ်သည်ဟု ထင်မှတ်ထားခဲ့သည်။

သို့သော် သူ့ရှေ့တွင် ရပ်နေသော လူငယ်သည် စစ်မှန်သော မွန်းစတားတစ်ကောင်ပင်ဖြစ်ကြောင်း ခံစားမိလိုက်သည်။

All Chapters