← Chapters

ဒါကိုရှာနေတာလား

Vol. 40 Ch. 578

ဒါကိုရှာနေတာလား

Vol. 40 Ch. 578

...

စနစ်ဆီမှ ရွေးချယ်မှုတစ်ခု ပြုလုပ်ပြီးနောက် ခေါင်းတလားအား ဖျက်ဆီးမိခဲ့သည့်အပြင် ရရှိလိုက်သည့် ဆုလာဘ်သည်ပင် ဤအခြေအနေအတွက် အသုံးဝင်မည့်ပုံ မပေါ်သဖြင့် အာရန်တစ်ယောက် အတော်လေး နောင်တရ နေမိခဲ့သည်။

ဆုလာဘ်အဖြစ် လွတ်မြောက်ခြင်းအဆောင် ပါဝင်သည့် အခြားရွေးချယ်မှုတစ်ခုကို မရွေးချယ်ခဲ့မိခြင်းအား အမှန်တကယ်ပင် စိတ်မကောင်းဖြစ်မိသွား၏။

ပုံမှန်ဆိုလျှင် စနစ်ဆီမှ ရွေးချယ်လိုက်သော ရွေးချယ်မှုများသည် အကျိုးဆက်အဖြစ် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများတွင် မိမိကိုယ်ကို ကာကွယ်ရန်အတွက် အသုံးပြုနိုင်မည့် အရာများကိုသာ ဆုလာဘ်အဖြစ် ရရှိတတ်သော်လည်း ယခုတစ်ကြိမ်တွင်မူ လုံးဝအလိမ်ခံလိုက်ရသကဲ့သို့ပင် ခံစားလိုက်ရသည်။

ဤ လိုအပ်ချက်ပြ သံလိုက်အိမ်မြှောင်ဆိုသည့်အရာက သူ့အား ဤအခြေအနေဆီမှ မည်သို့များ ကယ်တင်နိုင်မည်နည်း။

ထိုအချိန် ဆုလာဘ်အဖြစ် ရရှိထားသော အရာကို ခဏအာရုံစိုက်ကြည့်လိုက်သောအခါ သံလိုက်အိမ်မြှောင်တစ်ခုကဲ့သို့ ပုံစံရှိနေပြီး မြှားတံတစ်ခုတည်းသာ ပါဝင်ကာ ဇက်ဖာ ၏ ညာဘက်အနည်းငယ်ကွာဝေးသောနေရာတစ်ခုသို့ ငြိမ်သက်စွာ ချိန်ရွယ်ထားသည်ကို တွေ့ရှိလိုက်ရ၏။

“ဟင်”

အာရန်သည် ဇက်ဖာ၏ စကားကို ပြန်ဖြေမည် အပြုတွင် ထူးဆန်းသောအရာတစ်ခုကို သတိပြုမိသွားသည်။

အာရန်သည် အစပိုင်းက ထိုသံလိုက်အိမ်မြှောင်၏ မြှားတံမှာ ဇက်ဖာကို တည့်တည့်ချိန်ရွယ်နေပြီး အသုံးမဝင်ဟု ထင်ခဲ့မိသော်လည်း ခဏအကြာတွင်မှ ၎င်း၏ ညွှန်ပြထားသော တည်နေရာသည် ဇက်ဖာနှင့် အနည်းငယ်သွေဖည်နေကြောင်း သဘောပေါက်လိုက်၏။

၎င်းသည် ဇက်ဖာကို တိုက်ရိုက်ညွှန်ပြနေခြင်းမျိုး မဟုတ်ဘဲ သူ၏ ညာဘက်ထောင့် အနည်းငယ်အကွာသို့သာ ချိန်ပြနေခြင်းသာဖြစ်သည်။

အာရန်သည် ကနဦးပိုင်းက သူတို့၏ လိုက်တမ်းပြေးတမ်း ကစားပွဲတွင် ဆက်လက်အချိန်ဖြုန်းခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် လိုဏ်ဂူ၏ အမိုးကို ဖောက်ထွက်ရန် အားကောင်းသော တိုက်ခိုက်မှုတစ်ခုအတွက် ပြင်ဆင်နေခြင်းဖြစ်သည်။

သို့သော် သံလိုက်အိမ်မြှောင်၏ အစွမ်းသတ္တိကို သဘောပေါက်လိုက်မိခြင်းက သူ၏ အတွေးများကို ပြောင်းလဲစေခဲ့သည်။

သံလိုက်အိမ်မြှောင် ညွှန်ပြနေသည့် ဘက်တွင် တစ်စုံတစ်ခု အမှန်တကယ် ရှိနေသည်လော။

၎င်းအား လိုအပ်ချက်ပြ သံလိုက်အိမ်မြှောင်ဟု အမည်ပေးထားသဖြင့် အစပိုင်းက ၎င်းအား မရှင်းမလင်းဖြစ်နေခဲ့ရသည်။

သို့သော် ထူးခြားအဆင့် ပစ္စည်းအဖြစ် သတ်မှတ်ခံရသောအရာများသည် အလွန်ရှားပါးပြီး အဖိုးတန်လေသည်။

ဖော်ပြချက်တွင်လည်း ဤသံလိုက်အိမ်မြှောင်သည် ပိုင်ရှင်အတွက် လက်ရှိအချိန်တွင် လုံးဝမရှိမဖြစ် လိုအပ်နေသောအရာကိုသာ ညွှန်ပြနိုင်သည်ဟု ရေးသားထားသည်။

သို့သော် ဤအချိန်တွင် လွတ်မြောက်ရေးထက် သူ့အတွက် ပိုမိုလိုအပ်သောအရာ ဤနေရာတွင် အမှန်တကယ် ရှိနေနိုင်ပါ၏လော...။

'ငါအခုလိုအပ်နေတာက ဒီနေရာကနေ ထွက်ခွာနိုင်ဖို့ လမ်းကြောင်းတစ်ခုပဲ။ ဒီသံလိုက်အိမ်မြှောင်က ထွက်ပေါက် လမ်းကြောင်းကို ညွှန်ပြပေးနိုင်မယ်ဆိုရင် အတော်အဆင်ပြေသွားနိုင်တယ်။ ဒါပေမဲ့ ဒီနေရာမှာ အဲဒီလိုအရာမျိုး အမှန်တကယ် ရှိနေနိုင်လို့လား'

မျှော်စင်သခင်ဆီမှ သော့တံမလိုအပ်ပဲ လွတ်မြောက်ရာ လမ်းကြောင်းတစ်ခု အမှန်တကယ် ရှိနေခဲ့မည်ဆိုပါက ထိုသော့များဖန်တီးထားခြင်းသည် မည်သို့ အဓိပ္ပာယ်ရှိနေတော့မည်နည်း။

အာရန်တွင် မေးခွန်းများစွာရှိနေသော်လည်း သူ၏ စနစ်ကို နောက်ဆုံးတစ်ကြိမ် ထပ်မံ ယုံကြည်ပေးလိုက်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။

သူ၏ ကံကြမ္မာသည် အထူးတလည် ကောင်းမွန်နေခြင်းမရှိတော့သော်လည်း ယခုကဲ့သို့နေရာတွင် သူ၏ ခွန်အားပြည့် တိုက်ခိုက်မှုသည်ပင် အပေါက်တစ်ပေါက်ကို ဖန်တီးနိုင် မဖန်တီးနိုင်ပင် မသေချာနေပေ။

ဤကဲ့သို့ အခြေအနေမျိုးတွင် အသစ်ဖန်တီးထားသော လမ်းကြောင်းတစ်ခုထက် တည်ရှိနေပြီးသား လမ်းကြောင်းတစ်ခုရှိနေမည်ဆိုပါက ၎င်းကို ရှာဖွေခြင်းသည် ပို၍ကောင်းပေလိမ့်မည်။

“နှင်းခဲနယ်မြေ”

အာရန်သည် စကားလုံးအချို့ ရေရွတ်လိုက်ပြီးသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်တစ်ခုလုံးသည် နှင်းများဖုံးလွှမ်းနေသော အလွှာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သို့သော် အာရန်သည် ထိုမျှနှင့် မကျေနပ်သေးဘဲ သူ၏ စွမ်းရည်များကို တစ်ခုပြီးတစ်ခု ဆက်တိုက်ထုတ်သုံး၍ ဇက်ဖာအား တရစပ် တန်ပြန် တိုက်ခိုက်တော့သည်။

အာရန်သည် မိမိ၏ လက်ဖျံနေရာကို ဓားဖြင့် ထိုးခွဲလိုက်ပြီး သွေးများအား ဖြူစင်သော နှင်းများပေါ်သို့ ကျဆင်းစေကာ နီမြန်းစေခဲ့သည်။

“မင်းရဲ့ လှည့်ကွက်တွေထုတ်သုံးနိုင်ဖို့ အခွင့်အရေးကို ငါက တကယ်ကြီး ပေးမယ်လို့များ မင်း ထင်နေတာလား”

ဇက်ဖာသည်လည်း သူတို့၏ စကားဝိုင်းကို အဆုံးသတ်လိုက်သည်။

ထို့နောက် ဇက်ဖာသည် တစ္ဆေတစ်ကောင်ပမာ အာရန်၏ ရှေ့တွင် ရုတ်တရက် ပြန်ပေါ်လာခဲ့၏။

အာရန်သည် ဇက်ဖာအား ရှောင်တိမ်းခြင်းပင် မပြုခဲ့ဘဲ သူ၏ ခြေထောက်တစ်ဖက်ဖြင့် ရိုးရှင်းစွာ မြှောက်လိုက်သည်။

“မင်းအရမ်း နှေးလွန်းသွားတယ်ကွာ။ ငါ့ကိုနဲနဲတောင် ထိအောင် မတိုက်နိုင်တော့ဘူးလား ချစ်ညီလေးရ”

ဇက်ဖာသည် အာရန်၏ ကန်ချက်အား လွယ်ကူစွာ ရှောင်တိမ်းလိုက်သည်။

“ဘယ်သူက အစ်ကို့ကို ပစ်မှတ်ထားနေတယ်လို့ ပြောလို့လဲ”

အာရန်သည် မြေပြင်ကို ထိုခြေထောက်ဖြင့် ဆောင့်နင်းချလိုက်ရာ ထူထဲသော ရေခဲလွှာသည် ကွဲအက်ကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။

ရေခဲများ အက်ကွဲထွက်သွားရာမှ အာရန်၏ သွေးများသည် ရေခဲဆူးချွန် ရာပေါင်းများစွာနှင့်ပေါင်းစပ်သွားခဲ့ကာ တစ်ခုချင်းစီတိုင်းက ဇက်ဖာအား ဦးတည်လျက်ရှိနေ၏။

အာရန်သည် သူ၏ ဤတိုက်ခိုက်မှုဖြင့် ဇက်ဖာအား အနိုင်ရမည်ဟု အစကတည်းက မမျှော်လင့်ထားပေ။

သူ၏ အစီအစဉ်သည် ထိုသို့မဟုတ်ပေ။

သူသည် ဇက်ဖာအား အာရုံပြောင်းရန်အတွက်သာ လိုအပ်နေခြင်းဖြစ်လေသည်။

ထို့နောက် ပတ်ဝန်းကျင်တစ်ခုလုံးသည် သွေးရောင်လွှမ်းနေသော ရေခဲဆူးချွန်များနှင့်အတူ အာရန်ဖန်တီးလိုက်သောသွေးမြူခိုးများဖြင့် ဖုံးလွှမ်းနေသဖြင့် ထိုအာရုံပြောင်းခြင်းသည် အလုပ်ဖြစ်ခဲ့သည်။

သွေးဆူးချွန်များက ဇက်ဖာ၏ အာရုံကို ခဏတာထွေပြားစေနိုင်ခဲ့ပြီး သွေးမြူခိုးများက မြင်ကွင်းကို ပိုမို ခက်ခဲသွားစေသည်နှင့်တစ်ပြိုင်နက် မြေပြင်ဆီမှ သွေးပွက်ကြီးတစ်ခု ထပ်မံ၍ ထွက်‌ပေါ်လာသည်။

ထိုသွေးများသည် လူသားပုံသဏ္ဌာန်အဖြစ် စတင်ပြောင်းလဲသွားခဲ့ပြီး အာရန်၏ သွေးကိုယ်ပွား တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုသွေးကိုယ်ပွားသည် အာရန်ဝတ်ဆင်ထားသော အဝတ်အစားများအတိုင်းပင် ထင်ဟပ်နေခဲ့ကာ သူ၏ ပုံပန်းသဏ္ဌာန်အား အပြည့်အဝ အတုခိုးထားဟန်ရလေ၏။

ဤအချိန်တွင် အာရန်သည် သူ၏ မျက်တောင်ခတ်ခြင်းစွမ်းရည်ကို အကြိမ်များစွာ ဆက်တိုက်အသုံးပြုလိုက်သည်။

မျက်တောင်ခတ်ခြင်းအစွမ်းကို သုံး၍ နောက်ပြန်ဆုတ်ကာ ဇက်ဖာအား ကျော်လွန်နိုင်ခဲ့သော်လည်း သူသည် ထိုမျှနှင့် ရပ်မသွားခဲ့ပေ။

သူ၏ ခန္ဓာကိုယ်ကို မျှော်စင်သခင် ကိုပင် ကျော်လွန်သွားသည်အထိ မျက်တောင်ခတ်ခြင်း အစွမ်းကို ဆက်တိုက် ထပ်ခါတလဲလဲ အသုံးပြုခဲ့သည်။

ဇက်ဖာသည် အာရန်အား ထွက်ပြေးရန် ကြိုးပမ်းနေခြင်း ဖြစ်မည်ဟုသာ ထင်မှတ်ထားခဲ့ပြီး ဤကဲ့သို့ နောက်ပြန်လှည့်လာလိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်းမရှိချေ။

“တော်လောက်ပြီ”

ဇက်ဖာသည် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ရာ အမည်မသိ စွမ်းအင်တစ်ခုသည် သူ၏ ခန္ဓာကိုယ်မှ ပျံ့နှံ့၍ ထွက်ပေါ်လာခဲ့သည်။

ထိုစွမ်းအင်သည် သူထံသို့ ဝင်ရောက်လာနေသော သွေးဆူးချွန်များအားလုံးကို ဖျက်ဆီးပစ်လိုက်လေသည်။

သွေးမြူခိုးများပင် ၎င်းစွမ်းအင်၏ ဝါးမျိုခြင်းကို ခံလိုက်ကြရသည်။

အာရန်မှာမူ အထိအခိုက်မရှိဘဲ ထိုနေရာမှ လွတ်မြောက်သွားနိုင်ခဲ့လေသည်။

“မင်း ငါ့ကို ခွင့်လွှတ်ဖို့ တောင်းပန်လာလိမ့်မယ်လို့ ငါထင်ထားခဲ့တာ။ ဒါပေမဲ့ အဲဒီလို တောင်းပန်ရမည့်အစား မင်းက နောက်ဆုံးအချိန်အထိ ခေါင်းမာနေတုန်းပါလား ကောင်းပြီလေ မင်းဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့”

ဇက်ဖာသည် အာရန်၏ ရှေ့တွင် ပေါ်လာခဲ့ပြီး ဤတစ်ကြိမ်တွင် အာရန်၏ လက်နှစ်ဖက်စလုံးကို ချက်ချင်းပင် ဖမ်းဆုပ်ထားလိုက်သည်။

သူသည် အာရန်၏ လက်နှစ်ဖက်ကို ဖမ်းဆုပ်ထားရင်းမှ ရင်ဘတ်အား ဆောင့်ကန်လိုက်ပြီး သူ၏ လက်မောင်းများကို ဆွဲဖြဲလိုက်သလိုဖြစ်သွားကာ ကျန်သော ခန္ဓာကိုယ်တစ်ခုလုံးအား နောက်ဘက်သို့ လွင့်စင်သွားစေခဲ့သည်။

အာရန်တစ်‌ယောက် နံရံနှင့် ဝင်တိုက်မိသွားချိန်တွင်တော့ ဇက်ဖာသည် သူ၏လက်တွင်းရှိ အာရန်၏ လက်နှစ်ဖက်ကို အသုံးပြု၍ လက်ခုပ်ပင် တီးပြ၍ စနောက်လိုက်သည်။

“ဒါက အစပဲရှိသေးတယ် ငါ့ရဲ့ချစ်ညီလေး။ ငါတို့တွေ လုပ်စရာ အများကြီး ကျန်နေသေးတယ်နော်”

ဇက်ဖာသည် နောက်ဆုံးတွင်တော့ အာရန်ဆီမှ ထိတ်လန့်သွားသော အမူအရာတစ်ခုကို မြင်တွေ့ရတော့မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယင်းအစား သူ့ထံမှ ပြုံးစိစိ အပြုံးတစ်ခုကိုသာ တစ်ဖန် ပြန်လည် မြင်တွေ့ခဲ့ရသည်။

“ဟင်”

သူ၏ လက်ပေါ်တွင် စိုစွတ်သောအရာတစ်ခုကို ခံစားလိုက်ရသဖြင့် ဇက်ဖာသည် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိသည်။

အကြည့်ကို အောက်သို့ ပို့လွှတ်လိုက်သောအခါ အာရန်၏ လက်မောင်းများသည် သွေးမြူများအဖြစ်သို့ပြောင်းလဲကာ စတင်၍ အရည်ပျော်နေသည်ကို တွေ့လိုက်ရ၏။

သူ၏ လက်စွပ်များသည် သွေးများဖြင့် နီမြန်းနေချိန်တွင် အာရန်၏ လက်မောင်းများသည် လုံးဝအစအနမကျန်အောင် ပျောက်ကွယ်သွားတော့သည်။

အာရန်၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ နောက်ဆုံး ပျောက်ကွယ်သွားသောအချိန်ထိပင် ဇက်ဖာအား လှောင်ပြောင်သည့် အကြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။

“ဒါက... သွေးကိုယ်ပွားတစ်ခုလား”

ဇက်ဖာသည် မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်မိသည်။

အကယ်၍ ထိုအရာက သွေးကိုယ်ပွားတစ်ခု ဖြစ်နေခဲ့လျှင် အစစ်အမှန်အာရန်က ဘယ်ရောက်သွားသနည်း။

ရုတ်တရက် ဖြစ်နိုင်ခြေတစ်ခုကို သူ တွေးလိုက်မိသည်။

ပြန်ထွက်စရာ လမ်းမမြင်တော့သဖြင့် အာရန်သည် သူတို့လာခဲ့ရာ လမ်းကြောင်းအတိုင်း ပြန်သွားခဲ့ခြင်းလော...။

သို့သော် ဘာမျှမရှိသည့် နေရာတစ်ခုသို့ အဘယ်ကြောင့် ပြန်သွားရန် ဆုံးဖြတ်ခဲ့သနည်း။

အချိန်ဆွဲရန်သက်သက်လား...။

“သူ အစကတည်းက ဒါကို သိနေတာတော့ မဟုတ်ပါဘူးနော်”

ဇက်ဖာသည် တစ်စုံတစ်ရာကို တွေးမိလိုက်ကာ မယုံကြည်နိုင်ဖြစ်နေသေးသော်လည်း အစွမ်းကုန်ထုတ်သုံး၍ ယခင်လမ်းကြောင်းအတိုင်း ပြန်လည်ပြေးသွားတော့သည်။

ဤသို့ဖြင့် ခန်းမဆောင်ရှိရာသို့ ပြန်ရောက်သည့်အခါ အာရန်အား ခေါင်းတလားအပျက်အစီးပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။

အာရန်သည် ထွက်ပြေးရန် ကြိုးစားနေဟန် မရပေ။

ထိုအစားအာရန်သည် ရိုးရှင်းစွာဖြင့် သူ့အား စောင့်ဆိုင်းနေသည့်ပုံပင်။

ဇက်ဖာသည် မသိစိတ်၏ လှုံ့ဆော်မှုကြောင့် ဘယ်ဘက်သို့ လှည့်ကြည့်လိုက်ရာ နံရံတွင် တစ်စုံတစ်ယောက်က လက်သည်းဖြင့် ကုတ်ခြစ်ထားသည့်အလား အပေါက်တစ်ခုကို တွေ့လိုက်ရသည်။

“အစ်ကို ရှာနေတာ ဒါလား”

အာရန်သည် ဇက်ဖာအား မေးခွန်းတစ်ခုမေးလိုက်ပြီး သူ၏ လက်ထဲရှိအရာတစ်ခုကို ထုတ်ပြလိုက်သည်။

All Chapters