← Chapters

မင်းစကားများလွန်းတယ်

Vol. 40 Ch. 580

မင်းစကားများလွန်းတယ်

Vol. 40 Ch. 580

...

“ကျုပ်က အစ်ကို့ကို ပိုပြီး ခွန်အားကြီးလာဖို့ ခုလိုချိန်မှာ ထွက်ပြေးခွင့်ပေးမယ့် ဗီလိန်တစ်ယောက်မဟုတ်ဘူး။ အစ်ကို့ရဲ့ ခုလို အားအနည်းဆုံးအချိန်မှာ ဝါးမြိုပစ်မယ့်လူမျိုးပဲ”

အာရန်သည် သန့်စင်ဧကရာဇ် ပိုင်ဆိုင်ထားခဲ့သော သန့်စင်ဓား ကို ဆင့်ခေါ်လိုက်သည်။

ဤငရဲဘုံ တွင် ယင်းဓားထက် ပိုမိုကောင်းမွန်သော လက်နက်မရှိနိုင်တော့ပေ။ အထူးသဖြင့် ‌ကောင်းချီးစွမ်းအင်များသည် ဖုတ်ကောင်များအတွက် အသင့်တော်ဆုံး အဆိပ်အတောက်တစ်ခုလည်း ဖြစ်နေသောကြောင့်ပင်။

“မဖြစ်မနေဆိုရင်တောင် အစ်ကို့ဆီရောက်မယ့် လမ်းတစ်ခုကိုတော့ ကျုပ်ရအောင် ထွင်းဖောက်ရမှာပဲ”

အာရန်သည် သူ၏ ဓားထဲသို့ ကောင်းချီးစွမ်းအင်များကို အသက်သွင်းလိုက်ကာ အင်အားအပြည့်ဖြင့် လွှဲခုတ်လိုက်သည်။

သိပ်သည်းသော ကောင်းချီးစွမ်းအင်များသည် ဓားသွားတစ်လျှောက် ထွက်ပေါ်လာခဲ့သည်။

ထိုကောင်းချီးစွမ်းအင်များသည် ရှေ့ရှိလမ်းကြောင်းတစ်လျှောက် အလျင်အမြန်ပျံ့နှ့သွားပြီး ဖုတ်ကောင်များ၏ ခန္ဓာကိုယ်များကို အပိုင်းပိုင်း ဖြတ်တောက်သွားစေခဲ့၏။

အာရန်သည် ဖုတ်ကောင်များ သေဆုံးသွားသည့်အချိန်အထိ ဆက်လက် မစောင့်ဆိုင်းတော့ပေ။

ဖုတ်ကောင်များကို ပိုးမွှားများကဲ့သို့ အပိုင်းပိုင်းပြတ်သွားစေသော ကောင်းချီးစွမ်းအင်များ ပျံ့နှံ့သွားရာနောက်မှ လိုက်ပါလျှက်ရှေ့သို့ တဟုန်ထိုးဖောက်ထွက်ရန် ကျိုးစားလိုက်သည်။

ဖုတ်ကောင်များသည် အရေအတွက်များပြားကာ သန်မာကြသည်မှာ မှန်သော်လည်း ၎င်းတို့သည် သူ့အတွက် အန္တရာယ်ပြုနိုင်လောက်သည့် အခြေအနေတွင်တော့ ရှိမနေခဲ့ကြပေ။

၎င်းတို့သည် သူ့အား နှောင့်နှေးစေရန်အတွက် မျှော်စင်သခင် ၏ နောက်ဆုံးကြိုးပမ်းမှု တစ်ခုသာ ဖြစ်နိုင်ဖွယ်ရှိပြီး သူ့တွင်လည်း ထိုထောင်ချောက်ထဲသို့ သက်ဆင်းသွားရန် အစီအစဉ်ရှိမနေပေ။

မျှော်စင်သခင်သည် လမ်းကြောင်း၏ အဆုံးသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

သူသည် သော့တံကို အလျင်အမြန် ဆွဲထုတ်လိုက်ပြီး နံရံကို ခေါက်လိုက်သည်။ ထိုသော့အား နံရံက စုပ်ယူသွားပြီးသည်နှင့်တစ်ပြိုက်နက် သူတို့နှစ်ယောက်၏ အပေါ်နေရာတည့်တည့်တွင် ကောင်းကင်ကို ရှင်းလင်းစွာ မြင်နိုင်သော အပေါက်တစ်ခု ပေါ်လာခဲ့၏။

“သူ့ကို နောက်တစ်ကြိမ်တွေ့ရင် ဘယ်လိုသတ်မယ်ဆိုတဲ့ နည်းလမ်းတွေကိုပဲ ငါတစ်ချိန်လုံး စဉ်းစားနေခဲ့မိတာ။ ဒီလိုမျိုး ထွက်ပြေးရလိမ့်မယ်လို့တော့ လုံးဝ မတွေးခဲ့မိဘူး”

ဇက်ဖာ သည် အပေါ်ဘက်ရှိ မြေပြင်နှစ်ခြမ်း ကွဲထွက်သွားသည့်မြင်ကွင်းအား စိုက်ကြည့်နေခဲ့သော်လည်း စိတ်သက်သာရာ ရရမည့်အစား မိမိကိုယ်ကို စိတ်ပျက်နေမိခဲ့သည်။

မျှော်စင်သခင်သည်လည်း သူ၏ အကြည့်ကို လွှဲဖယ်ရန်ကျိုးစားလိုက်မိသည်။

အထူးသဖြင့် သူသည်လည်း ဤကိစ္စတွင် တစ်စိတ်တစ်ပိုင်း တာဝန်ရှိနေသည် မဟုတ်ပါလော။

အာရန်သည် သူ့နောက်သို့ လိုက်လာနိုင်ခဲ့ခြင်းကြောင့်သာ ယခုကဲ့သို့ ဇက်ဖာအား ရှာဖွေတွေ့ရှိနိုင်ခဲ့ခြင်း ဖြစ်လေသည်။

သူသာ ထိုခရီးစဥ်၌ ပိုမို ဂရုတစိုက်ရှိခဲ့ပါက ဤကဲ့သို့သောအရာမျိုး မည်သည့်အခါမျှ ဖြစ်လာလိမ့်မည် မဟုတ်ပေ။

“စိတ်မကောင်းမဖြစ်ပါနဲ့။ သူက သခင်လေးရဲ့ ယာယီအားနည်းချက်ကို အခွင့်ကောင်းယူနေတာပါ။ ရက်အနည်းငယ်လောက်အနားယူလိုက်ရင် သခင်လေးရဲ့ ခွန်အားတွေပြန်ရလာပါလိမ့်မယ်။ အဲဒီအချိန်ကျရင် ထွက်ပြေးရမယ့်သူက သခင်လေးအစား သူကိုယ်တိုင် ဖြစ်သွားပါလိမ့်မယ်” ဟု အချိန်တအောင့်ကြာမှသာ မျှော်စင်သခင်ဆီမှ စကားလုံးအချို့ထွက်ပေါ်လာခဲ့သည်။

“မင်းရဲ့ နှစ်သိမ့်စကားတွေကို ငါ ကြားချင်တယ်လို့ ထင်နေတာလား။ မင်း... ကိုယ့်အဆင့်ကိုယ် မမေ့နဲ့”

ဇက်ဖာသည် မျှော်စင်သခင်အား ဒေါသတကြီးပြောလိုက်ပြီးနောက် ဤနေရာမှ ဆက်လက်၍ ထွက်ခွာလာခဲ့သည်။

“ငါ သူ့ကို သေချာပေါက် သတ်ပစ်မယ် ပြီးရင် ငါ့ရဲ့ နေရာအမှန်ကို ငါ ပြန်ရယူရလိမ့်မယ်”

မျှော်စင်သခင်သည် ဤတစ်ကြိမ်တွင်တော့ မည်သည့်စကားမျှ ပြန်မပြောတော့ချေ။ ဇက်ဖာ ပြောသည့်အရာကို သူကောင်းစွာ နားလည်ထားလေသည်။

ထို့ကြောင့်လည်း ဇက်ဖာသည် ဤမျှ အားနည်းနေသော်ငြားလည်း သူ့အနေနှင့် လေးစားစွာ ဆက်ဆံနေရခြင်းဖြစ်၏။

ဤညီအစ်ကိုနှစ်ဦး၏ နောက်ခံသည် ထိုမျှ ရိုးရှင်းခြင်းမရှိပေ။

ကံကြမ္မာအရပင် သူတို့နှစ်ဦးထဲမှ တစ်ဦးသည်သာ အသက်ရှင်ရမည်ဟု ကြိုတင်သတ်မှတ်ထားခြင်းဖြစ်ကာ ထိုသူမှာ ဇက်ဖာနစ်ခရိုလိုင်းသာ ဖြစ်ရပေမည်။ ကံမကောင်းစွာဖြင့် ပြင်ဆင်မှုများ မပြည့်စုံမီမှာပင် ဇက်ဖာနစ်ခရိုလိုင်းသည် ရန်နစ်ခရိုလိုင်း၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသည်။

မျှော်စင်သခင်သည် မျှော်လင့်ချက်များ အားလုံးနီးပါးပင် ပျောက်ဆုံးလု ဖြစ်ခဲ့ရသော်လည်း ကံကောင်းစွာဖြင့် ဇက်ဖာ အသက်ရှင်နေဆဲဖြစ်ကြောင်း မတော်တဆ သိခွင့်ရခဲ့လေသည်။

သူ အမှန်တကယ် သေဆုံးသွားခဲ့လျှင် ဖြစ်ပေါ်လာမည့် အကျိုးဆက်ကို သိရှိထားသဖြင့် ဇက်ဖာအား ရှာဖွေရန် ငရဲဘုံသို့ အရာရာပေးဆပ်၍ လာရောက်ခဲ့ခြင်းဖြစ်လေ၏။

သူသည် မည်သည့်အခက်အခဲနှင့် ရင်ဆိုင်ရပါစေ ဇက်ဖာဘက်မှသာ အမြဲတမ်း ရပ်တည်ပေးမည်ဖြစ်သည်။

ထိုအခါမှသာ သူ ဖြတ်သန်းခဲ့ရသမျှအတွက် ထိုက်တန်သော ဆုလာဒ်များကို ရရှိနိုင်မည်ဖြစ်၏။

ဤသို့ဖြင့် သူတို့နှစ်ဦးသည် မြေအောက်ဝင်္ကဘာ လိုဏ်ဂူထဲမှ ထွက်လာနိုင်ခဲ့ပြီး မြေပြင်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

ဇက်ဖာသည် အပေါ်ဘက်ကောင်းကင်ကို ငေးကြည့်မိလိုက်သည်။

သူ့အနေနှင့် နောက်ဆုံး ကောင်းကင်ကို မြင်ခဲ့သည်မှာ မည်မျှကြာခဲ့ပြီကိုပင် ပြန်မမှတ်မိနိုင်တော့ပေ။

ယခုကဲ့သို့ ထွက်ပြေးနေရသည့်အချိန်မှာပင် ဇက်ဖာသည် ကောင်းကင်၏ အလှတရားနှင့် လေပြေများက သူ၏ အရေပြားအား ညင်သာစွာ ထိတွေ့နေသည့် ခံစားချက်များအား မခံစားဘဲ မနေနိုင်ခဲ့ပေ။

“မျှော်စင်ကိုပြန်ဖို့ ဂိတ်တံခါးပေါက်က အဲဒီဘက်မှာပါ” ဟု မျှော်စင်သခင်က ဇက်ဖာအား နေရာတစ်ခုသို့ ညွှန်ပြလိုက်ရင်း သူ၏ ငေးမောနေခြင်းအား ရပ်တန့်စေခဲ့သည်။

မြေပြင်ပေါ်ရှိ အပေါက်သည် ပြန်လည်ပိတ်သွားခဲ့ပြီဖြစ်သဖြင့် အာရန်သည် ထို လိုဏ်ဂူအတွင်း၌ ထာဝရ ချိတ်ပိတ်ခံလိုက်ရပြီဖြစ်သည်ဟု ဆိုနိုင်သော်လည်း မျှော်စင်သခင်သည် ယခုအချိန်ထိ လုံးဝစိတ်ချရပြီဟု မခံစားရသေးပေ။

သူ၏ ရင်ထဲတွင် ယခုအချိန်ထိ မသက်မသာ ခံစားနေရဆဲပင်။

သူသည် မည်သည့် မတော်တဆမှုမှ ထပ်မံ၍ မဖြစ်စေလိုတော့ပေ။

ဇက်ဖာသည်လည်း မျှော်စင်သခင်အတွက် ထက်မံ၍ ခက်ခဲစေလိုခြင်း မရှိတော့ပေ။

သူသည် ခေါင်းညိတ်ပြလိုက်ပြီး မျှော်စင်သခင် ညွှန်ပြသော လမ်းကြောင်းအတိုင်း ထွက်ခွာရန်ပြင်ဆင်လိုက်သည်။

မျှော်စင်သခင်သည်လည်း သူ့နောက်မှ လိုက်ပါလာခဲ့သည်။

သူတို့သည် ဤ ငရဲဘုံ ကမ္ဘာမှ ထွက်ခွာပြီး နစ်ခရိုမန်ဆာမျှော်စင်သို့ ပြန်ရောက်ရန်မှာ အချိန်တစ်ခုသာ လိုတော့လေသည်။

သူတို့သာ နစ်ခရိုမန်ဆာမျှော်စင်သို့ ပြန်ရောက်သွားပါက ဇက်ဖာသည်လည်း စွမ်းအားများ ပြန်လည်ရရှိလာလိမ့်မည်ဟု မျှော်စင်သခင်တစ်ယောက် လုံးဝ ယုံကြည်ထား၏။

အာရန်၏ မမျှော်လင့်ဘဲ ရောက်ရှိလာခြင်းကြောင့် အစပိုင်းတွင် ပြဿနာအချို့ ကြုံခဲ့ရသော်လည်း အရာအားလုံးသည် နောက်ဆုံးတွင် လမ်းကြောင်းမှန်သို့ ပြန်လည် ရောက်ရှိနေပြီဖြစ်သည်။

အရာအားလုံးသည် အစီအစဉ်အတိုင်း ပြန်ဖြစ်သွားပြီဖြစ်သည်။

သူ၏ နောက်မှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုကို မကြားရမီအချိန်ထိ မျှော်စင်သခင်သည် ထိုသို့ တွေးထင်နေခဲ့သည်။

သို့သော်.....

မြေပြင်တစ်ခုလုံး ကွဲထွက်သွားပြီး မီးလျှံတိုင်ကြီးတစ်ခုသည် မြေပြင်ပေါ်သို့ လျှံတက်လာခဲ့ကာ ၎င်း၏ လမ်းကြောင်းရှိ အရာအားလုံးကို ဖျက်ဆီးပစ်တော့သည်။

“ငရဲခွေးမီးလျှံတွေလား...”

မျှော်စင်သခင်သည် ငရဲခွေးမြို့တော် တိုက်ပွဲတွင် သူ့အား ထိခိုက်စေခဲ့သော ထိုမီးလျှံများကို ယခုအချိန်ထိ မမေ့နိုင်‌သေးပေ။

သူ၏ ခန္ဓာကိုယ်ကို ပျက်စီးစေခဲ့သော ထိုပူပြင်းသည့် ခံစားချက်ကို ယခုတိုင် အမှတ်ရနေရဆဲပင်။

“ဘာလို့ ငရဲခွေးမီးလျှံတွေက ဒီကို ရောက်နေရတာလဲ” ဟု တွေးရင်း အံ့ဩနေမိသည်။

ထို့နောက်မကြာမှီမှာပင် မီးလျှံတိုင်များကြားတွင် လူပုံသဏ္ဌာန် ပုံရိပ်တစ်ခု မြေပြင်ပေါ်သို့ ပျံသန်း၍ ထွက်ပေါ်လာနေသည်ကို မျှော်စင်သခင်တစ်ယောက် မြင်လိုက်ရသည်။

ထိုသူသည် အနည်းငယ်မျှ ထိတွေ့ရုံဖြင့် အရာအားလုံးကို ဖျက်ဆီးနိုင်သော မီးလျှံများအတွင်းတွင် ရှိနေသော်လည်း မီးလျှံများက သူ့အား အနည်းငယ်မျှပင် မထိခိုက်နိုင်ခဲ့ပေ။

“ရန်နစ်ခရိုလိုင်း …”

မျှော်စင်သခင်သည် သူတို့ရှေ့တွင် ဆင်းသက်လာသော ထိုပုံရိပ်ကို မှတ်မိကာ ရေရွတ်လိုက်သည်။

သူ့အနေနှင့် အာရန်အား ထိုမြေအောက်ဂူအတွင်း ပိတ်မိစေရန် ကြိုးစားခဲ့သော်လည်း သူသည် အပြင်သို့ ပြန်ထွက်လာနိုင်ခဲ့ပြီဖြစ်၏။

အာရန်သည် အလွန်ထူးဆန်းနေခဲ့ပြီး အစောပိုင်းတိုက်ခိုက်မှုများကြောင့် အနည်းငယ်မျှပင် အားနည်းသွားဟန်မရပေ။

မျှော်စင်သခင်သည် ဤခရီးစဥ် အတွင်း၌ သူ၏ အားထားရာ ဖုတ်ကောင်အများစုကို လက်လွှတ်ခဲ့ရသည်။

မျှော်စင်သခင်သည် ဇက်ဖာ၏ ဘေးကင်းရေးကို စိုးရိမ်နေသောကြောင့် တစ်ဦးတည်း နောက်ချန်နေခဲ့ကာ အာရန်နှင့် ဆက်လက်တိုက်ခိုက်လိုနေခဲ့သည်။

ထို့‌နောက် မျှော်စင်သခင်သည် ဤတိုက်ပွဲအတွက် စိတ်အားထက်သန်နေသော်လည်း တိုက်ခိုက်နိုင်မည့်ပုံမပေါ်သော ဇက်ဖာအား တစ်ချက်ကြည့်လိုက်သည်။

ထိုသို့ဆိုလျှင် အာရန်နှင့် ဆက်လက် တိုက်ခိုက်နိုင်သူမှာ ဤနေရာတွင် သူတစ်ဦးတည်းသာ ကျန်တော့သည်။

“သခင်လေး ခဏလောက် နောက်ဆုတ်ပေးလို့ရမလား။ သူ့ကို တိုက်ခိုက်နေချိန်မှာ သခင်လေးကို ကာကွယ်ဖို့ ကျုပ်အနေနဲ့ အာရုံစိုက်နိုင်မှာ မဟုတ်ဘူး”

“မင်းအတွက်ကတော့…”

သူ၏ အာရုံကို အာရန်ထံသို့ ပြန်ပြောင်းလိုက်သည်။

“ငါ မင်းနဲ့ မတိုက်ခိုက်ပဲ ရှောင်နေခဲ့တာကို မင်းက ငါမင်းကို ကြောက်နေတယ်လို့ တကယ်ပဲ ထင်သွားတာလား။ အဲ့ဒါကြောင့် ငါ မင်းကို မသတ်နိုင်ဘူးလို့ ထင်သွားခဲ့တာမလား”

ငရဲခွေးများနှင့် တိုက်ခိုက်ပြီးနောက် မျှော်စင်သခင်သည် သူ၏ အကောင်းဆုံး အခြေအနေတွင် မရှိတော့သော်လည်း အာရန်တစ်ယောက်ကိုမူ ကောင်းစွာ သတ်နိုင်သေးသည်ဟု သူ့ကိုယ်သူ ယုံကြည်မိနေဆဲပင်။

ထိုချာတိတ်သည် ပိုမိုအားကောင်းလာခဲ့သည် ဆိုသော်ငြားလည်း သူ၏ ကံကြမ္မာကို ပြောင်းလဲနိုင်မည်တော့ မဟုတ်ပေ။

All Chapters