← Chapters

ရှင်သန်ခြင်းနှင့်သေဆုံးခြင်း

Vol. 40 Ch. 581

ရှင်သန်ခြင်းနှင့်သေဆုံးခြင်း

Vol. 40 Ch. 581

...

“ငါတို့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့အချိန်ကို မင်း မှတ်မိသေးတယ်မလား” ဟု မျှောင်စင်သခင်သည် အာရန်အား မေးလိုက်သည်။

“အဲဒီတုန်းက မင်း ဘယ်လိုထွက်ပြေးလွတ်မြောက်ခဲ့လဲဆိုတာ ငါ မသိပေမဲ့ အဲဒီအခွင့်အရေးကို မင်း တန်ဖိုးထားခဲ့သင့်တယ်။ မင်းက နဲနဲ လောဘကြီးလွန်း သွားပုံရတယ်”

မျှော်စင်သခင် သည် အာရန်အား ဤနေရာသို့ ခေါ်ဆောင်လာခဲ့မိသည့် အမှားအတွက် အတော်လေး နောင်တရနေခဲ့ပြီးဖြစ်၏။

ဤသည်မှာ သူ၏ အမှားကို ပြန်လည်ပြုပြင်နိုင်ရန်အတွက် ကောင်းကင်မှ ပေးအပ်လိုက်သော အခွင့်အရေးတစ်ခုဟုလည်း ခံစားမိလိုက်သည်။

အာရန်ကိုသာ ချေမှုန်းနိုင်ခဲ့ပါက ကျန်သည့်ကိစ္စရပ်များ အားလုံးသည် အဆင်ပြေ ချောမွေ့သွားပေလိမ့်မည်။

ထို့အပြင် ဤတိုက်ပွဲသည် ရှောင်လွှဲ၍လည်း မရနိုင်တော့သောကြောင့် သူ့အတွက် ပို၍ပင် ဆင်ခြေပေးစရာတစ်ခု ဖြစ်လာခဲ့သည်။

“ခင်ဗျား ဘာသိလို့လဲ”

အာရန်သည် စိတ်မရှည်ဟန်ဖြင့် သူ၏ ဦးခေါင်းကို ပြန်ကုတ်ရင်းပြောလိုက်သည်။ “ခင်ဗျားလည်း စကားနည်းနည်း များလွန်းတဲ့လူတွေအထဲ ပါတယ်”

အာရန်သည် ထိုသို့ပြောပြီးသည်နှင့် တစ်ပြိုင်နက် တစ္ဆေတစ်ကောင်ပမာ ထိုနေရာမှ ပျောက်ကွယ်သွားခဲ့၏။

ထို့နောက် ရုတ်တရက် အာရန်၏ ပုံရိပ်သည် ဇက်ဖာ ၏ နောက်ဘက်တွင် ပြန်ပေါ်လာခဲ့သည်။

အာရန်သည် မျှော်စင်သခင်နှင့် တိုက်ခိုက်လိုခြင်းမရှိသေးပေ။

အထူးသဖြင့် သူ၏ ပစ်မှတ်မှာ သူ၏ အစ်ကိုဖြစ်သူ ဇက်ဖာပင် ဖြစ်နေသည် မဟုတ်ပါလား...။

အာရန်သည် ရန်နစ်ခလိုလိုင်း၏ အစ်ကိုဖြစ်သူ ဇက်ဖာနစ်ခရိုလိုင်းအား သူ၏ ဇာတ်ညွှန်းအကာအကွယ် အသက်ဝင်လာနိုင်ရန်အတွက် မည်သည့်အခွင့်အရေးမျှ ထပ်မံ ပေးလိုခြင်းမရှိတော့ပေ။

ဤဇာတ်လမ်းတွင် ဗီလိန်တစ်ဦးအနေဖြင့် မိမိကိုယ်ကို ကာကွယ်ရန်လိုအပ်လေသည်။

မျှော်စင်သခင်နှင့်မူ ဤကိစ္စပြီးမှ စာရင်းရှင်းလဲ နောက်မကျသေးပေ။

“မင်း... သူရဲဘောကြောင်တဲ့ကောင်”

မျှော်စင်သခင်သည် အာရန်၏ လှုပ်ရှားမှုအား တုံ့ပြန်ရန် အနည်းငယ်မျှ နှေးကွေးသွားခဲ့သည်။

သူ လှည့်ကြည့်လိုက်မိသော အချိန်တွင် အာရန်တစ်ယောက် ဇက်ဖာအား လည်ပင်းညှစ်၍ ကောင်းကင်ပေါ်သို့ ပျံတက်သွားသည့် မြင်ကွင်းကိုသာ မြင်လိုက်ရတော့၏။

“မပြေးနဲ့”

အာရန်က သူ့ထံမှ ရုတ်တရက် အကွာအဝေးတစ်ခု ဖန်တီးလိုက်နိုင်သောကြောင့် မျှော်စင်သခင်သည် အတော်လေး ထိတ်လန့်သွားခဲ့သည်။

ထို့အပြင် အာရန်သည် တားမြစ်နယ်မြေဘက်သို့ ထွက်ခွာသွားခြင်းမျိုး မဟုတ်ဘဲ ငရဲဘုံ၏ အဓိက မြို့တော်တည်ရှိရာ ဘက်သို့ ပျံသန်းနေခြင်းဖြစ်နေသည်။

သူ့အနေနှင့် အာရန်အား မြို့တော်အနီးတွင်သာ တိုက်ခိုက်မိခဲ့ပါက မလိုလားအပ်သော အာရုံစူးစိုက်မှုများကို ဖိတ်ခေါ်မိသလို ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် မြို့တော်သို့ မရောက်သွားစေရန်အတွက် အာရန်အား သူ့အနေနှင့် မဖြစ်မနေ တားဆီးရပေလိမ့်မည်။

ဤသို့ဖြင့် မျှော်စင်သခင်သည် အာရန်ထွက်သွားရာနောက်သို့ အလျှင်အမြန်လိုက်ပါသွားတော့၏။

ကံမကောင်းစွာဖြင့် သူတို့ကြားရှိ အကွာအဝေးသည် ဝေးကွာနေဆဲပင်။

အာရန်သည် သူ၏ အရှိန်ကို မြှင့်တင်ရန်အတွက် နဂါးတောင်ပံနှင့် နဂါးလျှာအစွမ်းတို့ကိုပင် ထပ်မံ၍ အသုံးပြုထားသေးသည်။

ဇက်ဖာသည် သူ၏ လက်တွင်းမှ လွတ်မြောက်ရန် ရုန်းကန်လျက်ရှိသော်လည်း သူသည် မကြာမှီကမှ နိုးထလာနိုင်ခဲ့သူတစ်ဦးဖြစ်နေလေသည်။

သူ၏ ယခင်ခွန်အားများပင် ပြန်လည်ရရှိထားခြင်း မရှိသေးပေ။

ထို့ကြောင့် အာရန်၏ လက်တွင်းမှလွတ်မြောက်ရန် သူ့အနေနှင့် မည်သို့မှ မတတ်နိုင်ခဲ့ချေ။

ဤသည်မှာ သူအတွက် အဆိုးဝါးဆုံး အခြေအနေတစ်ခုလည်း ဖြစ်လေသည်။

“မင်းင့ါကိုချက်ချင်း လွှတ်ပေးစမ်း မင်း ငါ့ကို ဒီတစ်ခါ တကယ် သတ်လိုက်မယ်ဆိုရင် မင်းနောင်တရသွားလိမ့်မယ်” ဟု ဇက်ဖာသည် ပြင်းပြင်းထန်ထန် ရုန်းကန်နေရင်းကြားမှ အာရန်အား အော်ဟစ်၍ ခြိမ်းခြောက်လိုက်သည်။ ကံမကောင်းစွာဖြင့် သူ၏ ကျိုးစားမှုများသည် အချည်းနှီးသာဖြစ်သွားခဲ့ရသည်။

“ကျုပ်ရဲ့ ချစ်လှစွာသော အစ်ကိုရေ အစ်ကို ကျွန်တော့်ကို အစောပိုင်းက အားနည်းလွန်းတဲ့ ပုရွဲဆိပ်တွေနဲ့တောင် ခိုင်းနှိုင်းခဲ့သေးတာ မှတ်မိသေးလား။ ဒါဆို ဘာလို့ ကျုပ်လိုအားနည်းတဲ့လူကို လွှတ်ပေးဖို့ တောင်းဆိုနေရတာလဲ။ ကိုယ့်ဘာသာကိုယ် လွတ်မြေက်အောင် ရုန်းသင့်တယ် မဟုတ်ဘူးလား” ဟု အာရန်က ပြန်လည်မေးခွန်းထုတ်လိုက်ရင်း သူ၏ ဆုပ်ကိုင်မှုသည် ပိုမိုတင်းကျပ်လာခဲ့သဖြင့် ဇက်ဖာသည် အသက်ရှူကျပ်လုနီးပါး ဖြစ်သွားခဲ့ရသည်။

အာရန်၌ ဇက်ဖာအပေါ်တွင် သနားညှာတာပေးစရာ အကြောင်းပြချက် တစ်စက်မျှ ရှိမနေပေ။

ဇက်ဖာသည် သူ၏ မူလ ခန္ဓာကိုယ်ပိုင်ရှင် ရန်နစ်ခရိုလိုင်း၏ သစ္စာဖောက်ခြင်းကို ခံခဲ့ရကာ ငရဲဘုံသို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။

သို့သော် ၎င်းသည် သူ့နှင့် ဘာမျှ မသက်ဆိုင်ပေ။

အာရန်သည် မူလရန်နစ်ခရိုလိုင်း ၏ အပြစ်များအတွက် ခံစားပေးနေစရာ မလိုဟုလည်း ယူဆထားလေသည်။

သူသည် ဇက်ဖာတစ်ယောက် ပိုမိုခွန်အားကြီးလာပြီးနောက် သူ့အား လက်စားချေရန် လာရောက်မည့်အချိန်ကို ထိုင်စောင့်နေသည့်အဖြစ်မျိုး လုံးဝ အဖြစ်မခံလိုပေ။

“မင်း ငါ့ကို သတ်လိုက်ရင် အမေက…”

ဇက်ဖာသည် တစ်ခုခုကို ပြောရန် ကြိုးစားလိုက်သော်လည်း သူ၏ စကားလုံးအချို့ မပြီးဆုံးခင်မှာပင် ရင်ဘတ်ထဲသို့ ဓားတစ်ချောင်း စိုက်ဝင်သွားသည်ကို မြင်တွေ့လိုက်ရသည်။

အာရန်သည် ဇက်ဖာနှင့် စကားပြောဆိုရာတွင် အချိန်ထပ်မံ ဖြုန်းတီးလိုခြင်း မရှိတော့ဘဲ လက်ထဲရှိဓားဖြင့် ဇက်ဖာအား ထိုးစိုက်လိုက်လေသည်။

ကောင်းကင်ဘုံကို ဆန့်ကျင်ရမည်ဆိုလျှင်ပင် သူသည် အခြား ဇာတ်လိုက် တစ်ဦးကို အသက်ရှင်ခွင့်ပေးမည်မဟုတ်ပေ။

အထူးသဖြင့် သူသည် ဤဇာတ်လမ်းအတွက် အဓိက ဗီလိန်တစ်ဦး ဖြစ်နေသောအခါမျိုးတွင်ဖြစ်လေသည်။

“မင်း…”

ဇက်ဖာသည် သူ၏ ရင်ဘတ်ဆီမှ သွေးများ စတင်ယိုစိမ့်ကျလာသည်ကို မယုံကြည်နိုင်စွာ ငေးကြည့်နေမိ၏။

ဇက်ဖာသည် ဒုတိယအကြိမ်အနေဖြင့် ညီဖြစ်သူ၏ ဓားဖြင့်ထိုးခြင်းကို ခံခဲ့ရပြန်သည်။

သမိုင်းသည် တစ်ပတ်ပြန်လည်သွားသကဲ့သိုပင်။

တစ်ခုတည်းသော ကွာခြားချက်မှာ ဤတစ်ကြိမ်တွင် သာမန်ဓားတစ်ချောင်းတည်းဖြင့် သူ့ကို သတ်နိုင်ရန် မလုံလောက်တော့ခြင်းပင်ဖြစ်၏။

သို့သော် ကောင်းချီးစွမ်းအင်များပြည့်နှက်နေသော သန့်စင်ဓားမှာမူ မတူညီပေ။ ထိုဓားမှတစ်ဆင့် ကောင်းချီးစွမ်းအင်များသည် အဆိပ်မြွေများပမာ သူ၏ ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်သွားကြပြီး အတွင်းမှ လှိုက်စားကာ ခန္ဓာကိုယ်တစ်ခုလုံးကို စတင်ဖျက်ဆီးလေတော့၏။

သူ၏ ဖြူဖျော့သော အသားအရေသည် ပိုမို၍ ဆိုးဝါးလာခဲ့ကာ နဂိုကမှ အားနည်းနေပြီးဖြစ်သော ခန္ဓာကိုယ်သည် ပို၍ပင် အားနည်းသွားခဲ့သည်။

သူ၏ အဝတ်အစားများတွင်လည်း သွေးများ ဒလဟော စီးထွက်လျက်ရှိသည်။

“ဘာပြောလိုက်တာလဲ”

အာရန်သည် ဇက်ဖာအား မေးခွန်းတစ်ခုမေးလိုက်စဥ် သူ၏ ဓားကို စနစ်သိုလှောင်ခန်းအတွင်သို့ ပြန်လည်ပို့ဆောင်ထားလိုက်သည်။

ဇက်ဖာသည် နှုတ်ခမ်းကို ဖွင့်ရန်ပြင်လိုက်သော်လည်း ဤတစ်ကြိမ်တွင်မူ စကားတစ်ခွန်းမျှ ထွက်ပေါ်မလာတော့ချေ။

ထိုအချိန်မှာပင် ဓားဒဏ်ရာမှ ဖြစ်ပေါ်လာ‌သော အပေါက်မှတစ်ဆင့် လက်သည်းတစ်ခုသည် ဇက်ဖာ၏ ဝမ်းဗိုက်ကို ထိုးဖောက်ဝင်ရောက်သွားခဲ့လေသည်။

သူသည် နာကျင်စွာ ညည်းတွားရုံမှတပါး ဘာမှမတတ်နိုင်တော့ချေ။ အအေးဓာတ်တစ်ခုက သူ၏ နှလုံးသားကို စိမ့်ဝင်သွားသကဲ့သို့ ခံစားလိုက်ရကာ နှလုံးသားသည် တစ်စုံတစ်ရာ၏ ထိန်းချုပ်မှုအတွင်း ကျရောက်သွားသည်ဟု ခံစားလိုက်ရသည်။

ဇက်ဖာသည် သေခြင်းတရား၏ အငွေ့အသက်များကို အမှန်တကယ်ပင် ခံစားမိနိုင်သွားသည်။

“ဟင်း… ကျုပ် တောင်းပန်ပါတယ်။ အစ်ကို့ကို အခွင့်အရေးတစ်ခု ထပ်ပေးလို့ရတယ် ဆိုပေမဲ့ အစ်ကို့ရဲ့ ဇာတ်ညွှန်းအကာအကွယ်တွေ မကြာခင်အသက်ဝင်လာမှာကို တကယ်ကိုစိုးရိမ်မိခဲ့တယ်။ ဒါကြောင့် ကျေးဇူးပြုပြီး အစ်ကိုဒီမှာပဲ သေလိုက်တာပိုကောင်းလိမ့်မယ်”

အာရန်သည် ဇက်ဖာ၏ နှလုံးသားကို ခန္ဓာကိုယ်အတွင်းမှ ဆွဲထုတ်ရင်း ပြောလိုက်သည်။

ဇက်ဖာ၏ အရေပြားများသည် စတင်နက်မှောင်လာခဲ့ပြီး သူသည်ဆက်လက် အသက်ရှုနိုင်စွမ်းမရှိတော့ချေ။

သူ၏ ပါးစပ်မှလည်း စကားတစ်ခွန်းမျှ ထွက်မလာတော့ဘဲ သူ၏ အသံများသည် ပျောက်ရှသွားသကဲ့သိုပင်။

ဇက်ဖာသည် မိမိကိုယ်ကို လွတ်မြောက်အောင် ကြိုးစားကြည့်ခဲ့သည်။

သို့သော် သူ့တွင် ရုန်းကန်ရန် အားပင် အနည်းငယ်မျှ မကျန်ရှိတော့ချေ။

ထိုအချိန်မှာပင် ဇက်ဖာသည် သူ၏ လက်ကို အားအင်ချိနဲ့စွာဖြင့် မြှောက်လိုက်သည်။

ထို့နောက် သူ၏ လက်ဖြင့် အာရန်၏ ဦးခေါင်းအား ပွတ်သပ်ပေးလိုက်သည်။

သူ အဘယ်ကြောင့် ရုတ်တရက် ထိုသို့ ပြုမူလာသည်ကို အာရန်တစ်ယောက် နားမလည်နိုင်ခဲ့ပေ။

အကြောင်း တစ်ခုခုကြောင့် ဇက်ဖာအနေဖြင့် သူ၏ ဦးခေါင်းအား ထိုသို့ ပွတ်သပ်ပေးသည့်အချိန်၌ အမျိုးအမည်မသိသော ခံစားချက်တစ်ခုကို ခံစားမိလိုက်သည်။

“ဘာလို့လဲ…”

အာရန်သည် တစ်စုံတစ်ရာကို မေးမြန်းရန် ကြိုးစားလိုက်သော်လည်း အရာရာသည် နောက်ကျသွားပြီဖြစ်၏။

ဇက်ဖာသည် သူ၏ ခွန်အားများ အားလုံးကို ဆုံးရှုံးသွားခဲ့ပြီးနောက် သူ၏ လက်သည် အောက်သို့ ပြုတ်ကျသွားခဲ့သည်။

နောက်ဆုံးတွင် မြောက်ဘက်တိုက်၏ ဇာတ်လိုက်တစ်ဦးသည် သေဆုံးသွားခဲ့ပြီဖြစ်၏။

အာရန်သည် ဇက်ဖာ၏ နောက်ဆုံးအနေဖြင့် ပြုမူခဲ့သောအရာ၏ ရည်ရွယ်ချက်ကို သိချင်နေသေးသော်လည်း သူ့အနေနှင့် ဤနေရာတွင် ဆက်လက် စဉ်းစားရန် အချိန်မရှိတော့ပေ။

အာရန်သည် ဇက်ဖာကို သတ်လိုက်နိုင်ပြီဖြစ်သော်လည်း ဇာတ်လိုက်များသည် ပိုးဟပ်များ ကဲ့သို့ မည်သည့်အချိန်တွင်မဆို ပြန်လည်ရှင်သန်နိုင်ကြောင်း သူ သိထားသည်။

သူသည် ဇက်ဖာ၏ အလောင်းကို သေခြာစွာကိုင်တွယ်ရန်လိုအပ်လေသည်။

ထို့နောက်အာရန်သည် ငရဲခွေးမီးလျှံများ ကို ထုတ်လွှတ်လိုက်ရာ ၎င်းတို့သည် သူနှင့် ထိကပ်နေသော ဇက်ဖာအပေါ်သို့ သက်ရောက်စေခဲ့သည်။

မျှော်စင်သခင်သည် အာရန်နောက်မှ ထပ်ကျပ်မခွာ လိုက်ပါလာခဲ့သော်လည်း သူတို့ကြားရှိ အကွာအဝေးသည် အနည်းငယ် တိုးလာရုံမျှသာရှိလေသည်။

ရုတ်တရက် သူသည် အာရန်၏ ခန္ဓာကိုယ်မှ ငရဲခွေးမီးလျှံများထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။

ထိုမီးလျှံများသည် အလွန်ပြင်းထန်လွန်းသဖြင့် သူပင်လျှင် မိမိကိုယ်ကို ကာကွယ်ရန် နောက်သို့ ပြန်ဆုတ်လိုက်ရသည်။

အကြောင်းတစ်ခုခုကြောင့် ထိုမီးလျှံများသည် ငရဲခွေးမျိုးနွယ်ခေါင်းဆောင်ဆီမှ ထွက်ပေါ်ခဲ့ဘူးသည့် မီးလျှံများထက်ပင် ပို၍ပင် အားကောင်းနေသည်ဟု မျှော်စင်သခင်တစ်‌ယောက် ခံစားမိလိုက်သည်။

ပြင်းထန်သော မီးလျှံများသည် နေမင်းကြီးအလား တောက်ပစွာ လောင်ကျွမ်းခဲ့ပြီးနောက် နောက်ဆုံးတွင် ပြန်လည်ငြိမ်သက်သွားခဲ့သည်။

အာရန်၏ ပုံရိပ်သည် မျှော်စင်သခင်၏ မြင်ကွင်းထဲတွင် တစ်ဖန်ပြန်လည် ပေါ်လာသော်လည်း သူသည် နေရာတစ်ခုတွင် ရပ်တန့်လိုက်ပြီဖြစ်၏။

ထို့နောက် မျှော်စင်သခင်သည် အာရန်ဆီသို့ ပြေးဝင်သွားခဲ့သည်။

သူသည် အာရန်၏ တိုက်ခိုက်မှုကို ဦးစွာ ရင်ဆိုင်ရမည်ဆိုလျှင်ပင် ဇက်ဖာကို ရအောင်ကယ်တင်မည်ဟု ဆုံးဖြတ်ထားပြီးဖြစ်၏။

အာရန်အနီးသို့ ရောက်ရှိသွားမှသာ ဇက်ဖာသည် မည်သည့်နေရာတွင်မှ ရှိမနေတော့ကြောင်း သတိထားမိလိုက်သည်။

All Chapters