ထောင်ချောက်တစ်ခုလော...
Vol. 40 Ch. 582
…
“သူ ဘယ်မှာလဲ”
မျှော်စင်သခင်သည် တစ်စုံတစ်ရာကို ခန့်မှန်းလိုက်နိုင်ပြီဖြစ်သော်လည်း သူသည် ထိုအရာကို လက်သင့်ခံနိုင်ရန် ငြင်းဆန်နေမိဆဲပင်။
သူသည် ထိုအရာကို ယုံကြည်လိုက်၍မဖြစ်ပေ။
ဇက်ဖာကဲ့သို့လူတစ်ယောက်သည် ထိုမီးလျှံလောက်နှင့် သေဆုံးနိုင်မည်မဟုတ်ပေ။ ဇက်ဖာသည် အလွန်အားနည်းသောအခြေအနေတစ်ခုတွင် ရှိနေခဲ့ခြင်းဖြစ်သော်လည်း သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်းတော့ ကျန်ရှိနေဆဲပင်။
“သူ သေသွားပြီ”
အာရန်က အဖြေတစ်ခု ပြန်ပေးလိုက်ရာ သူ၏ စကားလုံးများသည် မိုးခြိမ်းသံများပမာ မျှော်စင်သခင်၏ နားအတွင်းသို့ ဝင်ရောက်သွားခဲ့တော့သည်။
“မဟုတ်ဘူး သူသေလို့မရဘူး။ သူ မသေနိုင်ဘူး။ ဒါ... မဖြစ်နိုင်ဘူး”
မျှော်စင်သခင်သည် ထိုအမှန်တရားကို လက်ခံရန် ငြင်းဆန်နေဆဲပင်။
ဇက်ဖာကို ပြန်ခေါ်နိုင်ရန်အတွက် သူသည် အရာများစွာကို စတေးပစ်ခဲ့ရသည်။
သူသည် အဘယ့်ကြောင့် ဤကဲ့သို့လွယ်ကူစွာ သေဆုံးသွားခဲ့ရသနည်း။
ထိုသို့ဆိုပါက သူ လုပ်ဆောင်ခဲ့သမျှ အရာအားလုံးသည် အချည်းနှီး ဖြစ်သွားသည်ဟု ဆိုလိုခြင်းမဟုတ်ပေဘူးလား...။
ဇက်ဖာ၏ အကူအညီဖြင့်ဆိုပါက သူသည် ကောင်းကင်ဘုံအထိ တက်လှမ်းနိုင်ပေလိမ့်မည်။
သို့သော် ဇက်ဖာ သေဆုံးသွားပြီဆိုလျှင် သူ၏ ကံကြမ္မာသည်လည်း မျှော်လင့်ချက်မဲ့သွားပေလိမ့်မည်။
“မင်း ဘာတွေလုပ်ခဲ့တာလဲ”
မျှော်စင်သခင်သည် သူ၏ ဦးခေါင်းကို လက်နှစ်ဖက်ဖြင့် ပြန်လည်ဆုတ်ကိုင်ထားလိုက်ပြီး မယုံနိုင်စွာဖြင့် ရေရွတ်နေမိခဲ့သည်။
မျှော်စင်သခင်သည် ယခုအခါတွင် လုံးဝရူးသွားသည့်နှယ် စကားလုံး တစ်ခုတည်းကိုသာ ထပ်တလဲလဲ ရေရွတ်နေမိခဲ့သည်။
အာရန်သည် မျှော်စင်သခင် ရူးသွပ်နေသည်ကို ဂရုမစိုက်အားပေ။
အထူးသဖြင့် မျှော်စင်သခင်၏ အာရုံပျက်ယွင်းနေမှုသည် သူ့အတွက် အခွင့်အရေးတစ်ခုပင် မဟုတ်ပါလား...။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ ချိတ်ပိတ်ထားမှုကို ဖယ်ရှားနိုင်ရန် မျှော်စင်သခင်၏ လတ်ဆတ်သော သွေးစက်တစ်စက်ကို လိုအပ်နေလေသည်။
ကံမကောင်းစွာဖြင့် အာရန်တစ်ယောက် မည်သည့်အရာမျှ မပြုလုပ်နိုင်မှီမှာပင် မျှော်စင်သခင်သည် အော်ဟစ်လိုက်သည်။
“မင်း ဘာတွေလုပ်လိုက်တာလဲ။ ဘာလို့ ငါ့လက်ထဲကနေ နောက်တစ်ကြိမ် ဒီအခွင့်အရေးကို ထပ်လုယူသွားရတာလဲ”
မျှော်စင်သခင်သည် အမှန်တကယ် ရူးသွပ်သွားခဲ့ပြီဖြစ်သည်။
မျှော်စင်သခင်သည် သူ၏ အော်ရာကိုပင် ဝှက်ကွယ်ထားခြင်းမရှိတော့ဘဲ လွတ်လပ်စွာ ထုတ်ဖော်လိုက်လေသည်။
၎င်းက မူလကြယ်များ၏ အာရုံကို ဖမ်းစားမိသွားမည်ဆိုလျှင်ပင် သူ ဂရုမစိုက်တော့ပေ။
သူသည် အရာအားလုံးကို ဆုံးရှုံးခဲ့ရပြီဖြစ်လေသည်။
သူသည် အသက်ဆက်ရှင်ရန်အတွက် ဘာရည်ရွယ်ချက်မှမရှိတော့သော လူတစ်ဦးနှင့် ပင် တူညီနေသည်။
သို့မဟုတ် သူသည် ဘာဆက်ဖြစ်မည်ကို ကြောက်လန့်နေခဲ့ခြင်းသာဖြစ်လေသည်။ ဇက်ဖာ သေဆုံးသွားပြီဖြစ်သောကြောင့် သူ့အား မည်သည့်အရာများ စောင့်ကြိုနေမည်ကို သူ သိနေသည်။
သူသည် သေလူတစ်ယောက် ဖြစ်သွားခဲ့ပြီဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူသည် သေဆုံးရမည်ဆိုပါက အာရန်ကိုတော့ သူနှင့်အတူ နောက်ဘဝသို့ အပါခေါ်သွားချင်နေသည်။
သူသည် အာရန်ကို သူကိုယ်တိုင် မသတ်နိုင်ခဲ့လျှင်ပင် မူလကြယ်များသည် သူ၏ အော်ရာကို ခံစားမိပြီးနောက် ဤနေရာသို့ မကြာမှီမှာပင် ရောက်ရှိလာကြလိမ့်မည်ဖြစ်၏။
ထိုအခါ အာရန်သည်လည်း ၎င်းတို့လက်မှ လွတ်မြောက်နိုင်တော့မည်မဟုတ်ပေ။
မျှော်စင်သခင်သည် သူ၏ အစွမ်းများကို ထိန်းချန်ထားခြင်းမရှိတော့ဘဲ သူ၏လက်ကို မြှောက်လိုက်လေသည်။
သူ၏ ပတ်ပတ်လည်တွင် ဂိတ်တံခါးပေါက် အများအပြား ပွင့်လာခဲ့ပြီး ထိုဂိတ်တံခါးပေါက်များဆီမှ သေခြင်းနှောင်ကြိုးများထွက်ပေါ်လာကာ အဆိပ်ရှိသော မြွေများကဲ့သို့ အာရန်ထံသို့ ပြေးဝင်သွားကြသည်။
အာရန်သည် ရုတ်တရက် တိုက်ခိုက်မှုကြောင့် အံ့အားသင့်သွားသော်လည်း သန့်စင်ဓားကို တစ်ဖန် ဆင့်ခေါ်လိုက်လေသည်။
ပြင်ပကမ္ဘာတွင် မျှော်စင်သခင်နှင့် ပထမဆုံးအကြိမ် ရင်ဆိုင်ခဲ့ရချိန်တွင် သူသည် အနည်းငယ်မျှ ခုခံမှုလေးပင် မပြုလုပ်နိုင်ခဲ့ပေ။
ထိုစဥ်က မျှော်စင်သခင်၏ အော်ရာတစ်ခုတည်းကပင် သူ့အား နေရာတွင်း အေးခဲသွားစေရန် လုံလောက်ခဲ့သည်။
သို့သော် ဤတစ်ကြိမ်တွင်မူ အရာအားလုံးသည် ပြောင်းလဲသွားပြီဖြစ်၏။
“ဒီတစ်ကြိမ်မှာ အရာအားလုံးက အရင်တစ်ခေါက်ကနဲ့ မတူတော့ဘူး” ဟု အာရန်က သေခြင်းနှောင်ကြိုးများအား သန့်စင်ဓားဖြင့် ခုတ်ပိုင်းနေရင်း ပြောလိုက်သည်။
သူသည် သန့်စင်ဧကရာဇ်၏နှလုံးသားအား ဝါးမြိုပြီးနောက်တွင် တော်ဝင်မိသားစု၏ ကောင်းချီးစွမ်းအင်များကို ရရှိနိုင်ခဲ့ပြီးဖြစ်သည်။
ထို့ပြင် သန့်စင်ဘုရားကျောင်းကို ချေမှုန်းပြီးနောက်တွင် သူ၏ ကောင်းချီးစွမ်းအင်များသည် ပို၍ပင် အားကောင်းလာခဲ့သည်။
သူသည် သန့်စင်အင်ပါယာ၏ ပြည်သူများအတွက် နတ်ဘုရားတစ်ပါးအလား ဖြစ်နေပြီဖြစ်ကာ သူတို့၏ ယုံကြည်မှုက သူ့အား မည်သည့်အခါမျှ မကုန်ဆုံးနိုင်အောင် များပြားသော ကောင်းချီးစွမ်းအင် ပမာဏကို ပိုင်ဆိုင်စေခဲ့သည်။
သူ၏ မာနာ သိုလှောင်မှုသည်လည်း ယခင်ကနှင့် နှိုင်းယှဉ်၍မရနိုင်အောင် များပြားလာခဲ့ပြီဖြစ်၏။
ဤသို့ဖြင့် သန့်စင်ဓားကို ဆွဲထုပ်လိုက်သောအခါ မျက်စိကျိန်းလောက်သည့် ရွှေရောင်စွမ်းအင်လှိုင်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး သေခြင်းနှောင်ကြိုးများကို ရိုးရိုးချည်မျှင်များအလား ဖြတ်တောက်ပစ်လိုက်သည်။
မျှော်စင်သခင်၏ မျက်လုံးများသည် ထိုမြင်ကွင်းအား မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်သွားခဲ့သည်။
သန့်စင်ပရောဟိတ်မ ကိုယ်တိုင်သည်ပင်လျှင် သန့်စင်အင်ပါယာတွင်း၌ မဟုတ်ပါက ထို သေခြင်းနှောင်ကြိုး များကို ဤမျှလောက် အလွယ်တကူ ဖြတ်တောက်နိုင်မည် မဟုတ်ပေ။
ဤသို့ဆိုလျှင် အာရန်၌ ဤမျှ သိပ်သည်းသော ကောင်းချီးစွမ်းအင်များ မည်သို့ ရှိနိုင်နေရသနည်း။
သူသည် ထိုအရာကိုစဥ့်စားမိသွားသောအခါ လွန်စွာ အံ့အားသင့်သွားခဲ့ရသည်။
ထိုအချိန်တွင် အာရန်မှာမူ ရှေ့သို့ တိုးဝင်လာခဲ့ကာ သူ၏ သန့်စင်ဓားဆီမှ ရွှေရောင်အလင်းတန်းများသည် နောက်ဘက်တွင် ကျန်နေရစ်ခဲ့သည်။
အာရန်၏ တန်ပြန်တိုက်ခိုက်မှုကြောင့် အငိုက်မိသွားသော မျှော်စင်သခင်သည် သူ့ကိုယ်သူ ကာကွယ်ရန် ဂိတ်တံခါးပေါက်များကို တစ်ဖန်ထပ်မံဖွင့်လှစ်၍ သေခြင်းနှောင်ကြိုးများကို ဆင့်ခေါ်လိုက်ကာ အမှောင်စွမ်းအင်များဖြင့် ဆက်တိုက်ပစ်လွှတ်လိုက်သည်။
သို့သော် အာရန်အား ထိုအရာလောက်နှင့် မတားဆီးနိုင်တော့ပေ။
အာသည် တိုက်ခိုက်မှုများအတွင်းသို့ ပြေးဝင်သွားလိုက်ပြီး သူ၏ ဓားဖြင့် ထိုတိုက်ခိုက်မှုတိုင်းအား ကာကွယ်ထားလိုက်သည်။
သူသည် ယခင်ကအာရန် မဟုတ်တော့ပေ။
ဤတစ်ကြိမ်တွင် သူသည် စာရေးသူဆိုသူ၏ အကူအညီဖြင့် မျှော်စင်သခင်ထံမှ ထွက်ပြေးစရာ မလိုတော့ပေ။
မျှော်စင်သခင်သည် သူ့အား အခွင့်အရေးတစ်ကြိမ် ပေးလိုက်မိခြင်းဖြင့် အမှားကြီးတစ်ခုကို ပြုလုပ်မိခဲ့ပြီးဖြစ်၏။
သူတို့နှစ်ယောက် အစောပိုင်း စတင်တွေ့ရှိချိန်ကသာ မျှော်စင်သခင်အနေနှင့် စတင်၍ တိုက်ခိုက်ခဲ့ပါက အာရန်အတွက် ပိုမိုခက်ခဲသော တိုက်ပွဲတစ်ခု ဖြစ်လာနိုင်လေသည်။
ထို့ကြောင့်ပင် အာရန်သည် ဇက်ဖာဆီသို့ အရင်လက်ဦးအောင် တိုက်ရိုက်သွားခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်တွင် ဇက်ဖာသည် အားနည်းနေသော်လည်း အာရန်အား အတွေ့အကြုံရမှတ်များစွာ ပေးအပ်နိုင်သော တန်ဖိုးရှိ ဇာတ်လိုက်တစ်ဦးဖြစ်နေဆဲပင်။
အာရန်အတွက်မူ ၎င်းသည် စနစ်ဆီမှ အတွေ့အကြုံရမှတ်များကို အလွယ်တကူ စုဆောင်းခြင်းနှင့် တူညီလေသည်။
ဇက်ဖာသာ သူ၏ခွန်အားများ ပြန်လည်ရရှိသွားပါက ထိုရမှတ်များကို ရယူရန်မှာ အလွန်ပင် ခက်ခဲသွားပေလိမ့်မည်။
ကံကောင်းစွာဖြင့် ထိုသို့ မဖြစ်ခဲ့ပေ။
အာရန်သည် ဇက်ဖာအား သတ်လိုက်မိချိန်မှာပင် သူ၏ ကျင့်စဥ်အဆင့်သည် ခုန်ပေါက်၍ တက်သွားခဲ့ပြီဖြစ်၏။
သူ၏ စွမ်းရည်အချက်အလက်များသည်လည်း များစွာ တိုးတက်လာခဲ့သည်။
ဇက်ဖာသည် ရဲ့လန်ပြီးနောက် အာရန်အနေဖြင့် ဒုတိယမြောက် သတ်ဖြတ်နိုင်ခဲ့သော ဇာတ်လိုက်တစ်ဦးဖြစ်သော်လည်း ၎င်း ၏ နှလုံးသားကိုမူ သူ့အနေနှင့် ဝါးမြိုရန် အချိန်မရသေးပေ။
မျှော်စင်သခင်သည် ဤသို့ တစ်ဖက်သတ်တိုက်ပွဲတစ်ခုချက်ချင်း ဖော်ဆောင်လိမ့်မည်ဟု သူ့အနေနှင့် မမျှော်လင့်ထားခဲ့ပေ။
မျှော်စင်သခင်သည် အစွမ်းကုန် ကြိုးစား၍ တိုက်ခိုက်ခဲ့သော်လည်း အာရန်အား အနည်းငယ်မျှပင် ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။
ယင်းအစား ဆန့်ကျင်ဘက်ပင် အာရန်ထံမှတိုက်ခိုက်လာမှုများကို ပြန်လည်ကာကွယ်ရန်ပင် အသဲအသန် ရုန်းကန်နေခဲ့ရသည်။
ဤကောင်လေးသည် ဤမျှတိုတောင်းသော အချိန်အတွင်း အဘယ်ကြောင့် ဤမျှလောက်အထိ ခွန်အားကြီးလာရသနည်း။
သူ့တွင် အာရန်ကို သတ်နိုင်မည့် နည်းလမ်း လုံးဝမရှိတော့ပြီလား။
မျှော်စင်သခင်သည် အံကို တင်းတင်းကြိတ်လိုက်ပြီးနောက် အာရန်နှင့်ပတ်သက်၍ တစ်ခုခု ပြောင်းလဲသွားသည်ကို သတိထားမိလိုက်သည်။
ထိုအခါမှ အာရန်ကို သတ်နိုင်မည့် အခွင့်အရေးအား သူ လက်လွတ်သွားခဲ့ပြီဖြစ်ကြောင်း ကောင်းကောင်း နားလည်လိုက်သည်။
ယခုအခါ ထိုလူငယ်သည် အရင်ကထက်ပင် သတ်ရန် ပိုမိုခက်ခဲလာသောမွန်းစတား တစ်ကောင် ဖြစ်လာခဲ့ပြီဖြစ်သည်။
“ငါ ဒီမှာ သေရမယ်ဆိုရင်တောင် မင်း လုပ်ခဲ့တာအတွက် ပြန်ပေးဆပ်စေရမယ်” အာရန်တစ်ယောက် ရှေ့သို့ တက်လာသည်ကို ကြည့်ရင်း မျှော်စင်သခင်မှ အော်ပြောလိုက်ခြင်းဖြစ်သည်။
အာရန်ကို ယှဥ်ပြိုင် တိုက်ခိုက်ခြင်း နည်းနည်းလမ်းဖြင့် သတ်နိုင်တော့မည် မဟုတ်သဖြင့် သူသည် မတူညီသော နည်းလမ်းတစ်ခုကို အသုံးပြုရန် ရွေးချယ်လိုက်သည်။
သူသည် အာရန်၏ တိုက်ခိုက်လာမှုများကို ပြန်လည်ရှောင်ရှားနေစဉ် သူ၏ ခန္ဓာကိုယ်အတွင်းမှ သေခြင်းအဆီအနှစ်များကို အန္တရာယ်ရှိသော အတိုင်းအတာတစ်ခုအထိ စုစည်းသွားခဲ့သည်။
မျှော်စင်သခင်သည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ထိုစွမ်းအင်များ အကန့်အသတ်တစ်ခုအထိ ရောက်သွားသောအခါ အာရန်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနေခြင်းအား ရပ်တန့်လိုက်သည်။
ယင်းအစား အာရန်၏ တိုက်ခိုက်မှုအား လက်နှစ်ဖက် ဖြန့်ကားပေးကာပင် ကြိုဆိုနေလိုက်သည်။
မျှော်စင်သခင်၏ ထူးဆန်းသောအပြုအမူကြောင့် အာရန်သည်ပင် အနည်းငယ် ဇဝေဇဝါဖြစ်သွားခဲ့ရ၏။
ဤသည်မှာ ထောင်ချောက်တစ်ခုများလား။
သို့မဟုတ် မျှော်စင်သခင်သည် သူ၏ ရှုံးနိမ့်ခြင်းကို နောက်ဆုံးတွင် လက်ခံလိုက်ခြင်းလား။
ထိုအရာသည် ထောင်ချောက်တစ်ခုဖြစ်နေပါစေ သူသည် ထိုအခွင့်အရေးကို အမိအရယူရမည်သာဖြစ်လေသည်။
ဤသည်မှာ မျှော်စင်သခင်ကို သတ်ရန် အကောင်းဆုံး အခွင့်အရေးတစ်ခုလည်းဖြစ်သည် မဟုတ်ပါလား..။
အာရန်သည် မျှော်စင်သခင် ရှေ့သို့ ရောက်ရှိသွားပြီး သူ၏ သန့်စင်ဓားကို ရှေ့သို့ အရှိန်ဖြင့် ထိုးစိုက်ချလိုက်သည်။
သူ၏ ဓားက မျှော်စင်သခင်၏ ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်သွားသော်လည်း ထူးဆန်းစွာပင် မျှော်စင်သခင်သည် ပြန်လည်၍ပင် ပြုံးပြလိုက်သေးသည်။
“မင်း သေပြီ”
မျှော်စင်သခင်သည် စကားလုံးအချို့ထုတ်ပြောလိုက်ပြီးသည်နှင့် သူ၏ ခန္ဓာကိုယ်ကို ပြန်လည် ဖောက်ခွဲပစ်လိုက်ရာ ထိုပေါက်ကွဲမှုသည် အလွန်အင်အားကြီးမားလွန်းလှသဖြင့် ထိုနေရာမှ မိုင်တစ်ထောင်ခန့်နေရာများ အထိပင် ဖုံးလွှမ်းသွားခဲ့ကာ ပတ်ဝန်းကျင်ရှိ အရာအားလုံးအား ဖျက်ဆီးပစ်လိုက်လေသည်။