မင်း ငါ့ညီမကို အနိုင်ကျင့်ခဲ့တယ်မလား
Vol. 40 Ch. 584
......
......
[အမည်: လိုက်ဆန်ဒါ]
[အဆင့်: ၁၀၉]
[အချက်အလက်: ပထမ မူလကြယ်]
[အသက်: ၂၇ (၅၉၇)]
[စရိုက်လက္ခဏာ: အရာရာတွက်ချက်၍ လုပ်ဆောင်တတ်ခြင်း]
အဆင့်သတ်မှတ်ချက်များ-
[ခွန်အား: ၆၅၇,၀၀၀]
[သွက်လက်မှု: ၅၃၆,၇၂၅]
[ခံနိုင်ရည်: ၉၅၃,၇၉၃]
[ဉာဏ်ရည်: ၉၈]
[မာနာ: ၁,၀၈၄,၄၄၈]
[ကျင့်ကြံခြင်းအဆင့်: မရှိ]
[အဓိက ရုပ်ခန္ဓာ: အင်မိုတယ်ခန္ဓာ]
[လက်ဝယ်ပိုင်ဆိုင်သည့် ထူးခြားပစ္စည်း: မရှိ]
[ထူးခြားစွမ်းရည်: အသိ]
......
ထိုလူ၏ အချက်အလက်မျက်နှာပြင်ကို မြင်တွေ့လိုက်ရသည့်အခါ အာရန်တစ်ယောက် ထိုနေရာမှာပင် တောင့်တင်းလုနီးပါး ဖြစ်သွားခဲ့ရသည်။
သူ၏ စနစ်က သူ့ကို လှည့်စားနေတာလော။
ဤအချက်အလက်များက မည်သို့များ အမှန်တကယ် ဖြစ်နိုင်မည်နည်း။
ထိုလူသည် သူ့ထက် အချက်အလက်များ အားလုံးနီးပါးတွင် ဆယ်ဆ သို့မဟုတ် အဆလေးဆယ်ခန့်မျှ ပိုမိုများနေလေသည်။
သူ၏ အဆင့်မှာမူ ပို၍ပင် အံ့အားသင့်ဖွယ်ကောင်းအောင်မြင့်မားလွန်းနေ၏။
သူ၏ ယခင်ကမ္ဘာရှိ အရှင်သခင်များကိုလည်း သူ၏ စနစ်က အဆင့်များဖြင့် ခွဲခြားထားလေသည်။
သူ မြင်ဖူးသမျှ အားအကောင်းဆုံး အရှင်သခင်သည် အဆင့် (၅၆) အထိသာ ရှိခဲ့ခြင်းဖြစ်သည်။
သူပင်လျှင် သူ၏ အစ်ကိုဟုခေါ်ဆိုနိုင်သူ ဇက်ဖာနစ်ခရိုလိုင်းအား သတ်၍ မျှော်စင်သခင်အား သေဆုံးစေပြီးသည့်အချိန်မှသာ အတွေ့အကြုံရမှတ်အချို့ ထပ်မံစုဆောင်နိုင်ပြီး အဆင့်သစ်တစ်ခုသို့ ထပ်မံ ရောက်ရှိနိုင်ခဲ့ခြင်းဖြစ်လေသည်။
သို့သော် ဤပုဂ္ဂိုလ်က သူ့ထက် အဆင့် ငါးဆယ်ကျော်မျှ ပိုမို မြင့်နေသည်တဲ့လား...။
ဤသည်မှာ ငရဲဘုံကို အုပ်ချုပ်သူတစ်ဦးဖြစ်သော ပထမ မူလကြယ်၏ အစစ်အမှန် ခွန်အားလား။
ထိုသို့ဆိုလျှင် ဒုတိယ မူလကြယ်သည်လည်း ပထမ မူလကြယ်နှင့် ယှဉ်ပြိုင်နိုင်သည်ဟု ဆိုထား၍ သူသည်လည်း ဤမျှနီးပါးထပ်တူ အားကောင်းနေမည်လော။
သို့မဟုတ် သူတို့ကြားက ကွာဟချက်သည် သူပင် သတိမထားမိလောက်အောင် ကျဥ့်မြောင်းနေခြင်းလော...။
“မင်း ဘယ်ကလဲ” ဟု ပထမ မူလကြယ်က အာရန်အား စတင်၍ မေးလိုက်ရာ အာရန်သည် ထို နတ်ဆိုးဆန်ဆန် ထိုသူ၏ စွမ်းရည်များကို တစ်ချက်ကြည့်မိလိုက်သည့် အတွက်ပင် အနည်းငယ် နောင်တရမိသွားခဲ့သည်။
သူသည် ထာဝရ ပဲ့တင်သံအစွမ်းကို အသုံးပြုပြီး သူ၏ ခွန်အားအကြီးဆုံးအခြေအနေ ကို ဆင့်ခေါ်နိုင်ခဲ့လျှင်ပင် ထိုပထမမူလကြယ်ဆိုသူမှ သူ့အား သတ်လိုလျှင် သူ့အနေနှင့် ထွက်ပြေးလွတ်မြောက်နိုင်မည်မဟုတ်ဟုပင် တွေးမိလိုက်သည်။
သူသည် ထိုသူအား ရန်လိုမှုမပြမိစေရန် တတ်နိုင်သမျှ ရှောင်ရှားရမည် ဖြစ်သော်လည်း ပြင်ပလူတစ်ဦးအနေဖြင့် ထိုမူလကြယ်ထံ၌ ကျွန်ပြုခံလိုခြင်းတော့ ရှိမနေချေ။
သူ့အတွက် ကျန်ရှိနေသေးသော တစ်ခုတည်းသော ရွေးချယ်မှုမှာ အဘယ်နည်း။ ထိုသူက သူ့ကို ကျွန်ပြုရန် မကြိုးစားစေရန် သူ တစ်ခုခု လုပ်ဆောင်ရပေလိမ့်မည်။
ထိုအချိန်တွင် အာရန်သည် ပထမ မူလကြယ်အကြောင်း သူ ကြားဖူးသော ပုံပြင်များကို ပြန်သတိရလိုက်သည်။
ပထမ မူလကြယ်သည်လည်း သူ၏ မူလ ကမ္ဘာမြေမှ ရောက်ရှိလာသူတစ်ဦးဖြစ်ပြီး မတော်တဆ ဤငရဲဘုံသို့ ရောက်ရှိလာခဲ့ခြင်းများလားဟုပင် ကောလာဟလ သတင်းများ ထွက်ပေါ်နေလေသည်။
ထိုကောလာဟလများ မည်မျှ မှန်ကန်သည်ကို သူ မသိနိုင်သော်လည်း ဤအခြေအနေတွင် ထိုအရာသည် သူ့အတွက် အကောင်းဆုံး ရွေးချယ်စရာတစ်ခု ဖြစ်နေပုံရ၏။
“ကျုပ်က ကမ္ဘာမြေကရောက်လာတာပါ” ဟု အာရန်က ထိုမူလကြယ်အား သူ၏ မူလဇာစ်မြစ်အမှန်ကမ္ဘာအကြောင်း ပြောပြလိုက်သည်။
“ဟင်”
လိုက်ဆန်ဒါသည် ရင်းနှီးသောအမည်တစ်ခုကို ကြားလိုက်ရသဖြင့် သူ၏ မျက်ခုံးများကို ပင့်လိုက်မိသည်။
“ငါ့ကို ချဉ်းကပ်ဖို့အတွက်နဲ့ ဒီလို လိမ်ဆင်တွေကို လူ ဘယ်နှစ်ယောက်လောများ သုံးခဲ့ဖူးတယ်လို့ မင်း ထင်သလဲ။ သူတို့ရဲ့ ကံကြမ္မာတွေ ဘယ်လိုဖြစ်သွားလဲဆိုတာ မင်း ခန့်မှန်းကြည့်ဘူးလား”
အာရန်ကဲ့သို့ပင် လူအများအပြားသည် သူတို့ကိုယ်သူတို့ ကမ္ဘာမြေမှ ဖြစ်သည်ဟု ပြောဆိုခဲ့ကြဘူးလေသည်။
သူ့ကြောင့် ၎င်းတို့အားလုံးသည် ကမ္ဘာမြေဆိုသော ကမ္ဘာတစ်ခုကို စိတ်ဝင်စားလာခဲ့ကြလေ၏။
ထို့နောက် သူ့ကြောင့်ပင် သူ၏ မိခင်ကမ္ဘာမြေအား အန္တရာယ်တစ်စုံတစ်ရာ မသင့်စေရန်အတွက် ကမ္ဘာမြေနှင့် ဤငရဲဘုံကို ချိတ်ဆက်ပေးထားသော ဂိတ်တံခါးပေါက်တစ်ခုကို သူကိုယ်တိုင်ပင် ချိတ်ပိတ်ပစ်ခဲ့ရသည်မဟုတ်ပါလား...။
ထိုသို့ပြုလုပ်ခဲ့သော်ငြားလည်း သူတို့ကိုယ်သူတို့ ကမ္ဘာမြေသားများဟု ခေါ်ဆို၍ သူ့ထံသို့ ချဉ်းကပ်ရန် ကြိုးစားခဲ့ကြသူ များစွာ ရှိခဲ့ဖူးလေသည်။
သို့သော် ၎င်းတို့အား လိမ်ညာနေကြောင်းကို အတည်ပြုရန်အတွက် သူသည် အချိန်အများကြီး မယူခဲ့ရပေ။
ဤကမ္ဘာတွင် တည်ရှိနေသော ကမ္ဘာမြေနှင့် ပတ်သက်သည့် စာအုပ်များတွင် မဖော်ပြထားသော အကြောင်းအရာများကို ထုတ်မေးလိုက်ရန်သာ သူ့အတွက် လိုအပ်ခဲ့၏။
အာရန်နှင့်ပတ်သက်၍ သူ စိတ်ဝင်စားမိခဲ့သည့် တစ်ခုတည်းသော အချက်မှာ ဤမျှ အားကောင်းသော ပြင်ပလူစိမ်းတစ်ဦးကို သူ့အနေနှင့် ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းကြောင့်ပင်။
သူသည် သတ္တမ မူလကြယ်ဆိုလျှင်ပင် ပြင်းထန်စွာ ထိခိုက်စေနိုင်မည့် ပေါက်ကွဲမှုကြီးမှ အသက်ရှင်လျက်လွတ်မြောက်နိုင်ခဲ့လေသည်။
သို့သော် ထိုလူငယ်သည် သူ့ထံ ချဉ်းကပ်ရန်အတွက် ဤကဲ့သို့ လိမ်ဆင်တစ်ခုကို ပြောဆိုလာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
အာရန်အနေနှင့် သူ့အား မည်သို့ သိရှိသွားသည်နှင့် ပတ်သက်၍မူ သူသည် အများကြီး စဉ်းစားရန်မလိုခဲ့ပေ။
ပထမ မူလကြယ်အနေဖြင့် သူ၏ ပုံတူပန်းချီကားများစွာသည် ဤငရဲဘုံအနှံ့တွင် ပျံ့နှံ့ပြီးနေသည်မှာ သေချာနေခဲ့သည်။
“ကျုပ်မှာ ခင်ဗျားကို လိမ်ညာရမယ့် အကြောင်းပြချက် မရှိဘူးလို့ထင်တယ်။ ကျုပ်ရဲ့ မူလကမ္ဘာအကြောင်းပြောတာက ဒီငရဲဘုံမှာ ဘာမှ အကူအညီရနိုင်မှာ မဟုတ်ဘူးလေ” ဟု အာရန်က အပြစ်ကင်းစင်ဟန်ဖြင့် ပြန်ပြောလိုက်၏။
သူသည် ပထမ မူလကြယ်၏ အချက်အလက်များကို အမှန်တကယ် မသိကြောင်း သို့မဟုတ် အခြား ရည်ရွယ်ချက်များ မရှိကြောင်းဟန်ဆောင်ရန် ကျိုးစားလိုက်သည်။
ထို့ပြင် သူသည် ရိုးရှင်းသော မေးခွန်းတစ်ခုကို သည်အတိုင်း ပြန်ဖြေလိုက်ခြင်းသာ ဖြစ်သည်မဟုတ်ပါလား...။
“ကောင်းပြီလေ မင်းက ကမ္ဘာမြေကလာတာ ဆိုရင် ငါ့ကို တစ်ခုပြောပြ…” လိုက်ဆန်ဒါသည် အာရန်အား မေးခွန်းတစ်ခု မေးရန် ပြင်လိုက်စဥ်မှာပင် သူ၏ နောက်ဘက်တစ်နေရာသို့ လှည့်ကြည့်မိလိုက်သည်။
မြို့တော်ဘက်မှ ဧရာမနဂါးကြီး တစ်ကောင် သူတို့ရှိရာဘက်သို့ ပျံသန်းလာနေသည်ကို သူ မြင်လိုက်ရသည်။
ထိုနဂါးသည် တစ်ယောက်တည်း မဟုတ်ပေ။
အခြားသော အားကောင်းသည့် ပုဂ္ဂိုလ်များလည်း ဤနေရာသို့ ချဉ်းကပ်လာနေကြလေသည်။
ဖီးနစ်သည် လျင်မြန်သည်မှာ မှန်သော်လည်း မူလကြယ်များထက်မူ ပိုမို၍ မြန်ဆန်နိုင်ခြင်းမရှိခဲ့ပေ။
စက္ကန့်ပိုင်းအတွင်း၌ ထိုနဂါးသည် ဖီးနစ်ငှက်မလေးအား ကျော်လွန်လာခဲ့သည်။
၎င်းသည် လူပုံသဏ္ဌာန်သို့ ပြန်လည်ပြောင်းလဲသွားခဲ့ပြီး ဖီးနစ်ငှက်၏ ရှေ့တွင် ရပ်တန့်လိုက်သည်။
သူ၏ နီရဲနေသော မျက်လုံးအကြည့်များသည် ပထမ မူလကြယ်ထံမှ တစ်စက္ကန့်မျှပင် မခွာခဲ့ပေ။
အာရန်သည် ခွဲခြားသတ်မှတ်ခြင်းအစွမ်းကိုပင် ထပ်မံ အသုံးပြုရန် မလိုအပ်ဘဲ ထိုသူ၏ အချက်အလက်များကို ခန့်မှန်းမိပြီးဖြစ်လေသည်။
ဤငရဲတွင် နဂါးနှစ်ကောင်သာ ရှိလေ၏။
ဤသူသည် ငရဲခွေးမြို့တွင် သူ ယခင် မြင်တွေ့ခဲ့ရသော မိန်းကလေး မဟုတ်သောကြောင့် ဒုတိယ မူလကြယ်သာ ဖြစ်နိုင်ပေလိမ့်မည်။
ထို့နောက် တတိယ၊ စတုတ္ထနှင့် ပဉ္စမ မူလကြယ်များသည်လည်း ဤနေရာသို့ အသီးသီး ရောက်ရှိလာခဲ့ကြသည်။
အားအနည်းဆုံး မူလကြယ်နှစ်ပါးသာ မတွေ့ရခြင်းဖြစ်လေသည်။
ငရဲဘုံ၏ အားအကောင်းဆုံး ဖြစ်တည်မှုများ အားလုံးလိုလိုသည် အာရန်၏ ပတ်ပတ်လည်၌ စုဝေးရောက်ရှိနေသည့်နှယ်ပင်။
အာရန်သည် သူတို့ တစ်ဦးချင်းစီအပေါ် သူ၏ ခွဲခြားသတ်မှတ်ခြင်းအစွမ်းကို အသုံးပြု၍ သူတို့၏ အချက်အလက်များကို အတည်ပြုနိုင်ခဲ့သည်။
ဒုတိယ မူလကြယ်သည် အဆင့် (၉၉) သာ ရှိနေခဲ့ပြီး ပထမ မူလကြယ်ထက် သေချာပေါက် အားနည်းသည်ဟု ယူဆ၍ ရသော်လည်း အရမ်းကြီးတော့ မဟုတ်ပေ။
အခြား မူလကြယ်လေးပါး၏ အဆင့်များသည်လည်း အဆင့် ကိုးဆယ်ကျော်ကျော်တွင် ရှိနေခဲ့ကြသည်။
သူတို့၏ စွမ်းရည်များသည် ပထမ သို့မဟုတ် ဒုတိယ မူလကြယ်များထက် နိမ့်ကြနေကြသော်လည်း သူတို့၏ ထူးခြားစွမ်းရည်များကို မမြင်ရသေးသောကြောင့် မည်သူက ပိုမို ခွန်အားကြီးသည်ကို သူ့အနေနှင့် ယတိပြတ် ဆုံးဖြတ်၍ မရနိုင်ပေ။
အဆင့်များအတိုင်းသာ အရာအားလုံးကို အဆုံးအဖြတ်ပေးကြေးဆိုခဲ့ပါလျှင် အာရန်သည် သူ၏ ယခင် ကမ္ဘာကူးပြောင်းလာသောကမ္ဘာ၌ အခြား အားကောင်းသော ဖြစ်တည်မှုများစွာစွာကို ယခုကဲ့သို့ အနိုင်ယူနိုင်ခဲ့လိမ့််မည်မဟုတ်ပေ။
ဤမျှ မြင့်မားသော နယ်ပယ်ထိရောက်ရှိသွားသူများတွင် သူတို့၏ အဆင့်များသည် စွမ်းရည်များထက် လွန်စွာအရေးပါနေခြင်းမျိုးရှိနိုင်မည်မဟုတ်ချေ။
အဆင့် နိမ့်သူတစ်ဦးပင်လျှင် ပိုမို ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်တစ်ခုကို ပိုင်ဆိုင်နိုင်ပါက သူ့ထက် အဆင့် ပိုမိုမြင့်သော သူများကို အလွယ်တကူ သတ်နိုင်စွမ်းရှိပေလိမ့်မည်။
သူတို့တွင် ပထမ မူလကြယ်၏ အချိန်ထိမ်းချုပ်နယ်မြေ ကဲ့သို့ အန္တရာယ်များသော စွမ်းရည်များ ရှိနိုင် မရှိနိုင်ကို သူ့အနေနှင့် မသေချာနေပေ။
‘ဒုတိယ မူလကြယ်က ပထမ မူလကြယ်ကို ကြောက်နေပုံတော့မရဘူး။ ဒါဆို သူ့မှာ အချိန်ထိမ်းချုပ်နယ်မြေကို တန်ပြန်နိုင်တဲ့ စွမ်းရည်တစ်ချို့ တကယ်ပဲ ရှိနေတာလား။ ဒါမှမဟုတ် သူက သူ့အခြေအနေကို တကယ်ပဲ မသိတာလား’
ဤကမ္ဘာ၏ ရာထူးအဆင့်အတန်းများ နှင့် ပတ်သက်၍ သူ့တွင် မေးခွန်းများစွာ ရှိနေသေးကြောင်း အာရန်တစ်ယောက် စဉ်းစားမိလိုက်သည်။
“ဒီ ဆူပူမှုကို ဖြစ်စေခဲ့တဲ့ ပြင်ပလူက သူလား”
ဒုတိယ မူလကြယ်သည် အာရန်ဘက်သို့ လှည့်ကြည့်၍ ပထမမူလကြယ်အား မေးလိုက်ချိန်တွင် အာရန်သည် သူ၏ နဂါးပုံစံဖြင့်သာ ရှိနေဆဲဖြစ်၏။
ဒုတိယ မူလကြယ်သည် သူ၏ ပိုမိုမြင့်မားသော နဂါးမျိုးဆက်သွေးနှင့် ရင်ဆိုင်ရသောအခါ အာရန်သည် ထိုမျိုးဆက်သွေး၏ ဖိနှိပ်မှုကို ခံစားရပြီး ချက်ချင်း ဒူးထောက်ကျသွားလိမ့်မည်ဟု ယူဆထားခဲ့သည်။
သို့သော် ထိုလူငယ်သည် သူ၏ သွေးမျိုးဆက်ဆီမှ အနည်းငယ်မျှသော ဖိနှိပ်မှုကိုပင် မခံစားရသည့်နှယ် မားမားမတ်မတ်ရပ်တည်နေဆဲပင်။
ဆိုလိုသည်မှာ ထိုလူငယ်၏ နဂါးသွေးမျိုးဆက်မှာ လုံးဝ အားမနည်းခြင်းဖြစ်ပြီး ၎င်းက ဒုတိယ မူလကြယ်ကို ပို၍ပင် အံ့အားသင့်စေခဲ့သည်။
“မင်းက ငရဲခွေးမြို့မှာ ငါ့ညီမကို အနိုင်ကျင့်ခဲ့တဲ့သူပဲ ဟုတ်လား” ဟု ဒုတိယမူလကြယ်မှ အာရန်အား မေးလိုက်ရာ သူ၏ အသံတွင် နွေးထွေးမှု တစ်စက်ကလေးမျှပင် ရှိမနေခဲ့ပေ။