← Chapters

ဝေလငါးတစ်ကောင်နဲ့ ရင်ဆိုင်ရရင် ကြုံတွေ့ရမယ့် ကြောက်မက်ဖွယ်ရာမျိုးကို မြည်းစမ်းခွင့်ပေးမယ်

Vol. 8 Ch. 104

ဝေလငါးတစ်ကောင်နဲ့ ရင်ဆိုင်ရရင် ကြုံတွေ့ရမယ့် ကြောက်မက်ဖွယ်ရာမျိုးကို မြည်းစမ်းခွင့်ပေးမယ်

Vol. 8 Ch. 104

“အန်လင်းရေ ... ရွှေမျက်လုံးမျောက်မင်းက သူတို့ကို တားဆီးထားတုန်းမှာ အခွင့်ကောင်းယူပြီး ထွက်ပြေးကြရအောင် ...”

အန်လင်းသည် ရွေ့လျားခြင်း မရှိသည်ကို မြင်ရသဖြင့် ရွှယ်ကျိုးမင်သည် စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်သည်။

သို့သော်လည်း အန်လင်းသည် ရွှယ်ကျိုးမင်အား လျစ်လျူရှုကာဖြင့် သူ့အရှေ့တွင် ရပ်နေသည့် ပုံရိပ်ကိုသာလျှင် စိုက်ကြည့်လျက် ရှိနေသည်။

သူတို့၏ အဖွဲ့ခေါင်းဆောင်မှာ ထွက်ပြေးခြင်း မပြုသဖြင့် အန်လင်း၏ အဖွဲ့သားများသည် သူတို့၏ ခြေလှမ်းများအား ရပ်တန့်ကာဖြင့် အန်လင်းအား မသေချာမှုများဖြင့် ကြည့်လိုက်ကြသည်။

နှစ်ယောက်တစ်ယောက် တိုက်ခိုက်နေရခြင်း ဖြစ်သဖြင့် ရွှေမျက်လုံးမျောက်မင်းသည် လျင်မြန်စွာဖြင့် နောက်ဆုတ်ရလေသည်။

တိုက်ပွဲအတွင်းတွင် ငွေတောင်ပံဘုရင်သည် မျောက်မင်း၏ ငွေသံတုတ်အား အဝေးသို့ လွင့်သွားစေရန် ပြင်းထန်စွာ ရိုက်လိုက်သည်။ သူ၏ခံစစ်တွင် လစ်ဟာမှုအား အခွင့်ကောင်းယူကာဖြင့် မဟာနွားမင်းသည် မျောင်မင်း၏ ရင်ဘတ်သို့ ထိုးနှက်လိုက်သည်။

ဘုန်း

မျောက်မင်း၏ ရင်ဘတ်သည် သံတုတ်၏ ထိုးသွင်းခံရမှုကြောင့် ချိုင့်ဝင်သွားသည်။ ထို့နောက်တွင် သွေးအန်ကာ မြေပြင်ပေါ်တွင် လဲကျသွားတော့သည်။

ထိုအချိန်မှာပင် မျောက်မင်းသည် မျက်လုံးထောင့်မှနေ သူ့ဘေးတွင် ရပ်လျက်ရှိနေဆဲ ဖြစ်သည့် ခန့်ညားသည့် အမျိုးသားအား မြင်လိုက်ရသည်။ သူ့ရင်ဘတ်သည် တင်းကျပ်လာလေပြီ။ ထပ်မံ၍ ပါးစပ်နှင့်အပြည့် သွေးတစ်လုတ် အန်လိုက်ပြန်သည်။ “မင်းကို ထွက်ပြေးလို့ ငါမပြောဘူးလား ... ဘာလို့ အရူးလို ရပ်နေရသေးတာလဲ ...”

အန်လင်းသည် ခေါင်းခါလိုက်ပြီးနောက် မျောက်မင်း၏ရှေ့တွင် ရပ်လိုက်သည်။ “ကျုပ်အတွက် တခြားသူတွေ စတေးခံတာကို တကယ်ပဲ သဘောမကျဘူး ... မလိုအပ်ဘဲ စတေးခံတာမျိုးက ကျုပ်ကို အထီးကျန်စေတယ် ...”

“ကျုပ် ဒီနေရာမှာ ရပ်နေရတဲ့ အကြောင်းအရင်းက ခင်ဗျားကို ကာကွယ်ပေးဖို့ပဲ ...”

အန်လင်းသည် မျောက်မင်းအား လှည့်ကာ ပြုံးပြလိုက်သည်။

မျောက်မင်းသည် အလွန် စိတ်လှုပ်ရှားသွားမိသည်။ “မင်းက ကျပ်မပြည့်ဘူးလား ... တာအိုခန္ဓာ အဆင့် ၁၀ ပဲ ရှိသေးတဲ့ သူတစ်ယောက်က ငါ့ကိုဘယ်လိုလုပ်ပြီး ကာကွယ် ပေးနိုင်မှာလဲ ...”

ထိုစကားအား ကြားလိုက်ရသည့်အခါ အန်လင်း၏ မျက်နှာမှာ ရှုံ့မဲ့လာတော့သည်။ ချက်ချင်းဆိုသလိုပင် မျောက်မင်းအား မျက်နှာတည့်တည့် ထိုးနှက် ပစ်ချင်မိသည်။

ဒီဖေ ... ခင်ဗျားအနေနဲ့ စကားကို ကောင်းကောင်းမွန်မွန် မပြောနိုင်ဘူးလား ... ဘာလို့များ ကျုပ်ကို နစ်နစ်နာနာတွေ ပြောနေရတာတုန်း ...

ကျုပ်ရဲ့ စိတ်ခံစားချက်လေးကို မဖျက်ဆီးစမ်းပါနဲ့ ...

“ဘွားဟားဟားဟား ... ဒီကျပ်မပြည့်တဲ့ ကျင့်ကြံသူလေးက တကယ်ပဲ ထွက်မပြေးဘူးပေါ့ ... သူ့ကို လိုက်ဖမ်းဖို့အတွက် စွမ်းအင်ချွေတာရာ ရောက်တာပေါ့ကွာ ...” မဟာနွားမင်းသည် အော်ဟစ်ကာ ရယ်မောလိုက်သည်။ သူသည် အန်လင်းအား သေသူတစ်ဦး သဖွယ် ကြည့်လိုက်သည်။

အန်လင်း၏နောက်တွင် ရွှယ်ကျိုးမင်သည် ကြောက်ရွံ့မှုကြောင့် ဖျော့တော့လာနေသည်။ “မြန်မြန်လေး မင်းတို့ရဲ့ ခေါင်းဆောင်ကို ဖျောင်းဖျကြစမ်းပါဟ ...” သူသည် လောင်ကျိပင်နှင့် အခြားသူများအား တိုက်တွန်းနေလေသည်။ “ဒီလိုမျိုး ဆက်လုပ်နေမယ် ဆိုရင် သူကတော့ အသတ်ခံရတော့မှာပဲ ...”

သူ၏ အသက်သခင်အား ထိုကဲ့သို့ သေဆုံးသွားမည်ကို သူ့အနေဖြင့် မမြင်တွေ့လိုပါ။

အံ့ဩရသည်မှာ အန်လင်း၏ အဖွဲ့သား လေးဦးတို့သည် သူ၏စကားကို ကြားသော်လည်း တုန်လှုပ်ခြင်း မရှိကြခြင်းပင်။

လောင်ကျိပင် -“အစ်ကိုကြီး အန်က သူ့ရဲ့ အစစ်အမှန် အရည်အချင်းတွေကို ပြတော့မယ်နဲ့တူတယ် ...”

မုန့်ထျန်း -“အရမ်းကို စိတ်လှုပ်ရှားနေပြီ ... နောက်ဆုံးတော့ အကိုကြီးအန်က စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အလယ်အဆင့်ကို ရောက်နေတဲ့ စိတ်ဝိညာဉ်သားရဲ နှစ်ကောင်နဲ့ တိုက်ခိုက်တာကို လူကိုယ်တိုင် မြင်ရပြီလေ ...”

ကျုံးရုံရန် - “ဘာတွေများ စိတ်ဝင်စားစရာ ကောင်းနေလို့တုန်း ... သူ့လက်တစ်ချက် လှုပ်ရုံနဲ့တင် ပွဲပြတ်တယ် ...”

စွန်းရှန့်လျန် - “လက်တစ်ချက် လှုပ်ရုံဟုတ်လား ... လုံဂဝ မဖြစ်နိုင်ဘူး ... သူက တာအိုခန္ဓာ အဆင့် ၁၀ ပဲ ရှိနေသေးတာကို မမေ့နဲ့ ...”

သူတို့၏ လွန်ကဲသည့် ယုံကြည်ချက်များအား ကြည့်ကာဖြင့် ရွှယ်ကျိုးမင်သည် မျက်ရည်များ ကျလာမိမတတ်ပင် ဖြစ်သည်။ “အိုး ... မင်းတို့ကောင်တွေက သူ တာအိုခန္ဓာ အဆင့် ၁၀ ပဲ ရှိနေသေးတာကို သိသေးတယ်ပေါ့ ... သူက စိတ်ဝိညာဉ်သားရဲ နှစ်ကောင်နဲ့ ရင်ဆိုင်နေတာလေ ... အဲဒါ သေခြင်းတရားကို ရှာဖွေနေတာနဲ့ အတူတူပဲကွ ... မင်းတို့ကောင်တွေက တစ်ခုခု မလုပ်ကြဘူးလား ...”

“တစ်ခုခု လုပ်ရမယ် ဟုတ်လား ...” မုန့်ထျန်းသည် မျက်လုံးများကို ပွတ်လိုက်သည်။ ထို့နောက်တွင် သူသည် တစ်ခုခုအား နားလည် သဘောပေါက်ဟန်ဖြင့် “အစ်ကိုကြီး အန်ရေ ... မင်းကံကောင်းပါစေ ...”

မုန့်ထျန်း၏ အသံအား ကြားသည့်အခါတွင် အန်လင်းသည် တည်ငြိမ်စွာဖြင့် ပြုံးလိုက်သည်။ ထို့နောက်တွင် ယုံကြည်မှု အပြည့်နှင့် လက်မနှစ်ချောင်းအား ထောင်ပြလိုက်သည်။

ရွှယ်ကျိုးမင်သည် ဤအချင်းအရာအား မြင်လိုက်ရသည့် အခါတွင် မူးမေ့ လဲကျမတတ်ပင်။

ပြီးသွားပြီ ... သူတို့အားလုံးက ရူးသွားကြပြီ ...

“ခေါင်းဆောင် ... ကျွန်တော်တို့ ဘာလုပ်ကြမလဲ ...”

အန်လင်းနှင့် သူ၏အဖွဲ့သည် ထွက်ပြေးခြင်း မပြုကြသည်ကို မြင်ရသဖြင့် အမဲလိုက်အဖွဲ့၏ စိုးရိမ်စိတ်များမှာလည်း မြင့်တက်လာနေပြီ ဖြစ်သည်။

သူ့အရှေ့တွင် ရပ်နေသည့် ပုံရိပ်အား ကြည့်ကာဖြင့် ရွှယ်ကျိုးမင်သည် ဆုံးဖြတ်ချက် တစ်ခုအား ချလိုက်တော့သည်။ အံကိုတင်းတင်းကျိတ်လျက် “ဘာတွေ ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့ ...”

မဟာနွားမင်းသည် အနက်ရောင် အငွေ့အသက်များအား နောက်တစ်ကြိမ် ထုတ်လွှတ်လိုက်ပြန်သည်။

အန်လင်းသည် အဆောင်လက်ဖွဲ့ တစ်ခုအား ထုတ်ယူကာ “မြစ်စိမ်းဓားတိုက်ကွက် ...”

ဘုန်း

တောက်ပသည့် မိုးပြာရောင်ဓားသည် မဟာနွားမင်း ထံသို့ ခုတ်ချလိုက်လေသည်။

ကြီးမားသည့် ဓားစိတ်ဆန္ဒအား အာရုံခံမိသဖြင့် မဟာနွားမင်းသည် တုန်ယင်စွာဖြင့် တုံ့ဆိုင်းခြင်းမရှိ သူ၏ သံတုတ်ဖြင့် ပုတ်ထုတ်လိုက်သည်။

မြစ်စိမ်းဓား ခုတ်ချက်သည် အလွန်အမင်း စွမ်းအားကြီးပေသည်။ မဟာနွားမင်းသည် ထိုတိုက်ကွက်အား ပုတ်ထုတ်လိုက်နိုင်သော်လည်း အနောက်သို့ ဆုတ်လိုက်ရပြီး ခန္ဓာကိုယ်မှ သွေးတစက်စက် ကျလျက်ရှိပေသည်။

ထိုအချိန်မှာပင် ငွေတောင်ပံဘုရင်သည် ကောင်းကင်တွင် ဝဲပျံလျက် ရှိသည်။ “မင်းမှာ အဆောင်လက်ဖွဲ့ ဘယ်လောက်ရှိသလဲ ကြည့်ကြတာပေါ့ ... ငါတို့ရဲ့ တိုက်ခိုက်မှုကို အဆောင်လက်ဖွဲ့တွေနဲ့ ခုခံမယ်ပေါ့ ... ရယ်စရာ ကောင်းလိုက်တာကွာ ...”

အန်လင်းသည် တည်ငြိမ်စွာဖြင့် ပြုံးလိုက်သည်။ “အဲတော့ ဘာဖြစ်လဲ ... ပြီးတာနဲ့  ခင်ဗျားကို ဝေလငါးတစ်ကောင်နဲ့ ရင်ဆိုင်ရရင် ကြုံတွေ့ရမယ့် ကြောက်မက်ဖွယ်ရာမျိုးကို မြည်းစမ်း ခွင့်ပေးမယ်”

“ဘာဖြစ်တယ် ...” ငွေတောင်ပံဘုရင်သည် အန်လင်း ပြောလိုက်သည့်စကားအား နားမလည်ဟန် ရှိသည်။

ကောင်းပါသည်။ မကြာမီမှာပင် ထိုစကားသည် သူ၏ နှလုံးသားထဲနှင့် အရိုးထဲသို့ ကြောက်ရွံ့မှုများ ဖုံးလွှမ်းလာစေလိမ့်မည် ဖြစ်သည်။

“ထွက်လာခဲ့ ... တားမြစ်မန္တန် _ ကန့်သတ်မဲ့ အင်မော်တယ်မန္တန် တဘူး အဆောင်လက်ဖွဲ့ ”

သူ၏ သိုလှောင်လက်စွပ်သည် လင်းလက်လာသည်။

ချက်ချင်းဆိုသလိုပင် များပြားလှစွာသော အဆောင်လက်ဖွဲ့များသည် လေထဲတွင် ပေါ်လာတော့သည်။ သူတို့သည် နံရံတစ်ခုသဖွယ် မျောလွင့်နေပြီး ကြောက်မက်ဖွယ် အငွေ့အသက်များ ထုတ်လွှတ်နေလေသည်။

သရဲတစ်ကောင်အား မြင်တွေ့လိုက်ရ သကဲ့သို့ သိမ်းငှက်နှင့် နွားတို့၏ မျက်လုံးများမှာ ပြူးကျယ်လာကြသည်။

ထိုအချိန်မှာပင် ဒဏ်ရာရနေသည့် ကြာပန်း နတ်ဆိုးဖားကြီးသည် သူ၏ခွန်အား ပြန်လည် ကောင်းမွန်လာသဖြင့် မဟာနွားမင်းထံသို့ ခုန်သွားလိုက်သည်။ “လူသား ... ဒီတစ်ကြိမ်မှာတော့ ငါက သေချာပေါက်ကို ... အုံ အွမ် ...”

အန်လင်း အနောက်တွင် တန့်လျက်ရှိသည့် အဆောင်လက်ဖွဲ့ နံရံကြီးအား ကြည့်ကာဖြင့် သူ၏အသံမှာ တိမ်ဝင်သွားတော့သည်။

ဒီဖေ ... အဆောင်လက်ဖွဲ့ ဒါဇင်ချီတဲ့လား ...

ကြာပန်း နတ်ဆိုးဖားကြီးသည် ကြောင်အလျက် ရှိနေသည်။ ပါးစပ်အဟောင်းသား ဖြစ်ကာ သူ့ခန္ဓာကိုယ်မှာ တုန်ယင်နေလေသည်။

ဘုရားရေ ... ကြည့်စမ်းပါဦး ... ဒီအဆောင်လက်ဖွဲ့တွေ အားလုံးက စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် တွေလေ ...

ပုံမှန်အားဖြင့် စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူများသည် အဆောင်လက်ဖွဲ့ တစ်ခုကိုသာလျှင် ပြုလုပ် ဖန်တီးနိုင်ကြသည်။

ဤလူသားကျင့်ကြံသူမှာမူ အဆောင်လက်ဖွဲ့ပေါင်း ဒါဇင်နှင့်ချီ ရှိသည်။ အဆောင်လက်ဖွဲ့ ဆရာသခင်သည် ပင်လျှင် တစ်ကြိမ်တည်းတွင် ထိုမျှလောက် များပြားသည့် အဆောင်လက်ဖွဲ့များအား သုံးစွဲနိုင်လိမ့်မည် မဟုတ်ချေ။

“ဝေလငါးတစ်ကောင်နဲ့ ရင်ဆိုင် တွေ့ကြုံရတဲ့ ကြောက်မက်ဖွယ် ဆိုတာကို ခံစားမိပြီလား ... အခုတော့ ငါ့ရဲ့ ဆုံးဖြတ်ချက်ကို လက်ခံလိုက်တော့ ...”

အန်လင်းသည် လက်ဖျောက်တစ်ချက် တီးလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်ရှိ ချီစွမ်းအင်များသည် သူ့နောက်ဘက်တွင် ရှိနေသည့် အဆောင်လက်ဖွဲ့ ငါးဆယ်အား အသက်သွင်းလိုက်တော့သည်။

ဘုန်း

ပတ်ဝန်းကျင်တွင် ချီစွမ်းအင်များ စုပြုံလာပြီးနောက် ကောင်းကင်၏ အရောင်သည် ပြောင်းလဲသွားသည်။

“မဟူရာ ရေခဲချည်နှောင် ... ရွှေလိပ်ဖိနှိပ်ခြင်း ... ငရဲတံခါးဝ ... ဆင်လေးကောင် ချုပ်နှောင်မှု ထွက်လာခဲ့ ...”

ချုပ်နှောင်မန္တန် တစ်ဒါဇင် ပေါ်လာပြီးနောက် စိတ်ဝိညာဉ်သားရဲ သုံးကောင်အား စုချည်လိုက်သည်။

“ဓားထိပ်ဖူး ... မီးလျှံမြားမိုး ... ရေခဲခုတ်ချက် ... နတ်ဆိုးအမြောက် ... ဝိညာဉ်ဝါးမျို ... စိတ်ဝိညာဉ် နဂါးလက်သီး ... စိတ်ဝိညာဉ် လှံကိုးချောင်း ရန်သူကို သတ်မယ် ...”

အဆုံးမရှိသည့် စွမ်းအားများနှင့် ကြောက်မက်ဖွယ် ဖျက်ဆီးအားများ ပါဝင်သည့် အင်မော်တယ်မန္တန် သုံးဆယ်ကျော်သည် စိတ်ဝိညာဉ်သားရဲ သုံးကောင်ပေါ်သို့ မိုးပေါက်များသဖွယ် ကျရောက်လာတော့သည်။

ကြာပန်း နတ်ဆိုးဖားကြီး၏ မျက်နှာတွင် မျက်ရည်များ စီးကျလာည်။

ငွေတောင်ပံဘုရင်၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ယင်လာပြီးနောက် တီးတိုး ရေရွတ်နေလေသည်။ “ဒါက ဝေလငါး ဆိုတာပေါ့ ...”

မဟာနွားမင်း၏ မျက်လုံးများသည် တွေဝေကာ အသက်မဲ့လာသည်။

ဘုန်း ဘုန်း ဘုန်း ဘုန်း

ထိုအချိန်တွင် မြေပြင်သည် တုန်ခါလာပြီး တောင်တန်းများ လှုပ်ယမ်းလာကြသည်။

အင်မော်တယ် မန္တန်များ၏ ပေါက်ကွဲမှုသည် ကောင်းကင်သို့တိုင်အောင် ညံလျက်ရှိသည်။ စိတ်ဝိညာဉ်တောင်ထိပ်တွင် ကြီးမားလှသည့် မှိုပွင့်တိမ်တိုက်ကြီးသည် အပေါ်သို့ လွင့်တက်သွားလေသည်။

ရွှယ်ကျိုးမင်နှင့် အခြားသူများသည် နေရာတွင်ပင် ကြက်သေလျက်ရှိပြီး အံ့ဩမှုကြောင့် စကား မပြောနိုင်ကြချေ။

အန်လင်း၏ အဖွဲ့သား လေးဦးသည်ပင်လျှင် လွန်စွာ အံ့ဩတုန်လှုပ်လျက် ရှိကြသည်။

မီးခိုးမျုးနှင့် ဖုန်မှုန့်များ ရှင်းလင်းသွားသည့် အခါတွင် လူတိုင်းသည် ပေါက်ကွဲရာနေရာအား ကြည့်လိုက်ကြသည်။

အင်မော်တယ်မန္တန်များ၏ ကြီးမားသည့် ပေါက်ကွဲအားသည် စိတ်ဝိညာဉ်တောင်အား ကြီးမားသည့် အက်ကြောင်ရာတစ်ခု ဖြစ်ပေါ်စေသည်။ ထိုအက်ကြောင်းရာသည် ပေရာနှင့်ချီ၍ ရှိလေသည်။

ကြာပန်း နတ်ဆိုးဖားကြီး၊ မဟာနွားမင်းနှင့် ငွေတောင်ပံဘုရင်တို့ မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း။

လူတချို့သည် အက်ကြောင်းရာ၏ အစွန်းသို့ လျှောက်သွားပြီးနောက် ငုံ့ကြည့်လိုက်ကြသည်။

ဟမ် ... ပျောက်သွားပြီဟ ...

မှန်ပေသည်။ စိတ်ဝိညာဉ်သားရဲ သုံးကောင်သည် အစအနပင် မကျန်အောင် ပျောက်ကွယ်သွားလေပြီ။

“အဆောင်လက်ဖွဲ့တွေကို ပျော်ပျော်ကြီး သုံးသွားတဲ့လူမျိုး တစ်ခါမှတောင် မမြင်ဖူးဘူး ...” မုန့်ထျန်းသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ပြီးနောက် အန်လင်းအား ရိုသေလေးစားစွာ ကြည့်လိုက်သည်။

“တစ်လုံးတည်းပဲ ... အက်ပစ် (epic) ...”

ဤတစ်ကြိမ်တွင် လောင်ကျိပင်သည် အမှန်တကယ် အံ့ဩနေမိခြင်း ဖြစ်သည်။ အဆောင်လက်ဖွဲ့ မြောက်မြားစွာအား တစ်ပြိုင်နက် အသက်သွင်းလိုက်ခြင်းသည် သူ့အား အမြင်ကျယ်လာစေသည်။

ကျုံးရုံရန်နှင့် စွန်းရှန့်လျန်တို့သည် ကရုဏာသက်စွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည် လောင်ကျိပင်၏ စကားအား ထောက်ခံခြင်းဖြစ်သည်။

အန်သည် လက်နှစ်ဖက်အား နောက်ပစ်လိုက်သည်။ အက်ကွဲကြောင်းအား ကြည့်ကာ ခေါင်းခါလိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။ “အား ... အဆောင်လက်ဖွဲ့တွေကို သုံးလိုက်တဲ့ အချိန်တုန်းက အရမ်းကို အံ့ဩဖို့ ကောင်းလွန်းတယ် ... ဒါပေမဲ့ ငါက လိုတာထက်ပိုပြီး သုံးမိသွားတာလား မသိဘူး ... နည်းနည်းတော့ နောင်တရမိတယ် ...”

(ဝေလငါးဟူသည် အက်ပလီကေးရှင်းများ ထဲတွင် ပိုက်ဆံအများအပြား အသုံးပြုသူများအား ရည်ညွှန်းခြင်း ဖြစ်သည်။)

***

All Chapters