← Chapters

အခန်း (၁၆၆-၁၆၈)

Vol. 12 Ch. 166-168

အခန်း (၁၆၆-၁၆၈)

Vol. 12 Ch. 166-168

အခန်း ၁၆၆ - အချိုသပ်ခြင်း

မူလင်းထျန်၏ မျက်နှာအမူအရာ အလွန်ပင်ပျက်ယွင်းသွားခဲ့ပြီး ရှောင်ယုကိုလှည့်ကြည့်လိုက်သည်။သူသည် ရှောင်ယုထံတွင်နှစ်ကြိမ်ဆက်တိုက်အရှက်ခွဲခံခဲ့ရပြီး ရှောင်ယုကသာကရုဏာပြနေ၍မဟုတ်ပါက သူသည်သတ်ဖြတ်ခံရသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း ပြတ်ပြတ်သားသားနားလည်လိုက်သည်။ထို့ကြောင့် မူလင်းထျန်သည် သူ့လက်ထဲရှိဓားကိုနောက်တစ်ကြိမ်ဝှေ့ယမ်း၍ ရှောင်ယုကိုအစွမ်းကုန်တိုက်ခိုက်လိုက်သည်။

ရှောင်ယုသည် မူလင်းထျန်အားထိပ်တိုက်ရင်ဆိုင်ခြင်းမရှိဘဲ လေလမ်းလျှောက်ခြင်းကိုအသုံးပြုကာ ရှောင်ရှားလိုက်သည်။မူလင်းထျန်သည် ရှောင်ယုအားအမှီလိုက်ရန်အတွက် မတူညီသောရွေ့လျားမှုများကိုအသုံးပြုခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။သူ၏အမြင်အာရုံထဲတွင် ရှောင်ယု၏အရိပ်များကို တွေ့မြင်လိုက်ရသော်လည်း ရှောင်ယုအားမည်သို့မှလိုက်မမှီခဲ့ပေ။ထို့ပြင် ရှောင်ယုသည် အေးအေးလူလူလမ်းလျှောက်နေသည့်ပုံစံပေါ်နေသောကြောင့် လင်းထျန်၏မျက်လုံးများသည် ရူးသွပ်နေသကဲ့သို့နီရဲလာခဲ့သည်။

"လင်းထျန်...ငါသင်ပေးခဲ့တာကိုမှတ်မိသေးလား...သည်းခံပါ...စိတ်ရှည်ရှည်ထား"

လင်းထျန်၏ဆရာက အော်ဟစ်သတိပေးလိုက်သည်။မူလင်းထျန်သည် ဆရာ၏သတိပေးချက်ကိုရသောအခါ သူ့ကိုယ်သူထိန်းချုပ်လိုက်ပြီး ရှောင်ယုအားဆက်မလိုက်ဘဲ ရပ်တန့်လိုက်သည်။ထို့နောက် မူလင်းထျန်သည် အသက်ကိုခပ်ပြင်းပြင်းရှုရှိက်ကာ အေးစက်သောလေသံဖြင့်ပြောလိုက်သည်။

"မင်းသာအချိန်ပြည့်ထွက်ပြေးနေရင် ဒါကလက်ရည်စမ်းတဲ့ပွဲမဟုတ်တော့ဘူး...မင်းကမတိုက်ခိုက်ချင်တာနဲ့ ထွက်ပြေးနေတာလား...ငါ့ကိုလာမတိုက်ခိုက်ရင် ဒါကအရှက်မဲ့တဲ့အပြုအမူပဲ"

ရှောင်ယုသည် မူလင်းထျန်၏စကားကိုကြားသောအခါ လျှို့ဝှက်စွာချီးကျူးလိုက်မိသည်။မူလင်းထျန်သည် ရန်သူအားလှုံဆော်ရန်အတွက် မည်သည့်စကားလုံးများအား သုံးစွဲရမည်ကိုသိထားပေသည်။

ရှောင်ယုသည် ရှောင်တိမ်းနေမှုကိုရပ်တန့်လိုက်ကာ ဖြေးညင်းစွာခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ...ငါကမင်းကိုရှုံးနိမ့်အောင်မလုပ်နိုင်ရင် မင်းကငါ့ကိုယုံကြည်မှာမဟုတ်ဘူး...ခုမင်းအဖေက ငါ့ကိုသခင်အဖြစ်ရွေးချယ်ခဲ့ရတဲ့အကြောင်းရင်းကို ငါပြမယ်...သတိထားတော့ငါစပြီးတိုက်ခိုက်ပြီ"

သူသည် မူလင်းထျန်အား လုံးလုံးလျားလျားရိုက်နှက်ကာ သင်ခန်းစာပေးရမည့်အချိန်ကိုရောက်ပြီဟု ရှောင်ယုနားလည်လိုက်သည်။ထိုမှသာ မူလင်းထျန်ဆိုသောကောင်လေးသည် သူ၏ခွန်အားကိုအပြည့်အဝယုံကြည်လာမည်ဖြစ်သည်။ယခုလည်း ရှောင်ယုတိုက်ခိုက်တော့မည်ဟုကြားသောအခါ မူလင်းထျန်သည်အလွန်ဝမ်းသာသွားခဲ့သည်။သူ၏ သာလွန်ကောင်းမွန်သောကိုယ်ခံပညာကြောင့် ရှောင်ယုက်ိုအလွယ်တကူအနိုင်ယူနိုင်မည်ဟု ယုံကြည်မှုရှိပေသည်။

မည်သို့ပင်ဆိုစေကာမူ ရှောင်ယုသည် လေကဲ့သို့တဟုန်ထိုးပြေးဝင်လာပြီး မူလင်းထျန်အား ဓားဖြင့်ခုတ်ပိုင်းလိုက်သည်။

ဤလှုပ်ရှားမှုတွင် ရှောင်ယုသည် တာတိုရွေ့ပြောင်းမှုနှင့်အန္တိမခုတ်ပိုင်းချက်တို့အား အသုံးပြုခဲ့ပေသည်။

ဘန်း...

ဓားချင်းထိတွေ့သံက ပြင်းထန်စွာပဲ့တင်ထပ်လာခဲ့ပြီးနောက် မူလင်းချန်သည်ရိုက်ခတ်မှုကြောင့် နောက်သို့ဆယ်မီတာခန့်လွှင့်ထွက်သွားခဲ့သည်။

ပြာမှုန်သယ်ဆောင်သူသည် အလွန်လေးလံသောမှော်ဓားတစ်လက်ဖြစ်ကာ ၎င်းတွင်လေမှော်သင်္ကေတများကို ရေးထွင်းထား၍ ရှောင်ယုကအန္တိမခုတ်ပိုင်းချက်ကို အသုံးပြုလိုက်ချိန်တွင် အလုံးစုံစွမ်းအားကိုသိသိသာသာတိုးမြင့်ပေးခဲ့သည်။အကယ်၍ မူလင်းထျန်၏ဓားကို ကောင်းမွန်သောပစ္စည်းများဖြင့် ထုလုပ်ထားခြင်းမရှိပါက ဓားသည်ချက်ချင်းကွဲထွက်သွားမည်ဖြစ်သည်။မည်သို့ပင်ဆိုစေ ထိုတိုက်ခိုက်မှုကြောင့် မူလင်းထျန်၏လက်များတုန်ခါလာခဲ့ပြီး သူ၏လက်များထုံကျင်သွားခဲ့ရသည်။

ရှောင်ယုသည် ရပ်တန့်ခြင်းမရှိဘဲ ပြာမှုန်သယ်ဆောင်သူအား တင်းကျပ်စွာဆုပ်ကိုင်၍ သူရဲကောင်းဆန်စွာခုန်ကျော်ခြင်းကို ထပ်မံအသုံးပြီး ဝေဟင်ပေါ်ခုန်တက်ကာ မူလင်းထျန်၏ဦးခေါင်းဆီဦးတည်တိုက်ခိုက်ခဲ့သည်။ရှောင်ယုသည် နောက်ထပ်တိုက်ခိုက်မှုတစ်ခုအား အလွန်လျင်မြန်စွာထုတ်ဖော်ခဲ့သောကြောင့် မူလင်းထျန်သည် စကားပင်မပြောနိုင်ခဲ့ပေ။သူသည် ထိုတိုက်ခိုက်မှုကိုခုခံကာကွယ်ရန်အတွက် သူ၏ဓားကိုခေါင်းပေါ်မြောက်တင်လိုက်သည်။

ဘန်း...

နောက်ထပ်ပြင်းထန်သော ထိတွေ့မှုတစ်ခုဖြစ်ပေါ်ခဲ့သည်။ရှောင်ယုသည် အန္တိမခုတ်ပိုင်းချက်ကို အသုံးမပြုထားသော်လည်း ထွက်ပေါ်လာသည့်စွမ်းအားက အလွန်ပြင်းထန်ပေသည်။ရှောင်ယုသည် ဤတိုက်ခိုက်မှုတွင် လေပေါ်ခုန်တက်၍အောက်မှပစ်မှတ်ကို တိုက်ခိုက်ခဲ့သည့်အပြင် ထပ်ဆင့်ခုတ်ပိုင်းချက်ကိုအသက်သွင်းထားရာ နှစ်ဆပိုမိုထိရောက်စေခဲ့သည်။

"ဘာတွေလဲကွာ..."

မူလင်းထျန်သည် တိုက်ခိုက်မှုတစ်ခုပြုလုပ်ရန်အတွက် အချိန်အနည်းငယ်ခန့်လိုအပ်ပေသည်။အကယ်၍ ရှောင်ယုကသာ ယခုပုံစံအတိုင်း အခွင့်အရေးမပေးဘဲ ဆက်လက်တိုက်ခိုက်နေမည်ဆိုပါက သူသည်အနှေးနှင့်အမြန်ရှုံးနိမ့်သွားရမည်ဖြစ်သည်။

မူလင်းထျန်သည် ဒေါသတကြီးမာန်သွင်းလိုက်ကာ သူ၏ခန္ဓာကိုယ်မှ တိုက်ပွဲစွမ်းအင်များ လျင်မြန်စွာထွက်ပေါ်လာခဲ့သည်။သူသည် ရှောင်ယုအားတန်ပြန်တိုက်ခိုက်လိုက်ပြီး သူ၏ဓားနောက်တွင် နောက်ဆက်တွဲပုံရိပ်ယောင်များ ဒါဇင်နှင့်ချီ၍ဖြစ်ပေါ်လာခဲ့သည်။

မူလင်းထျန်သည် ထက်မြက်သောအရည်အချင်းကို ပ်ိုင်ဆိုင်ထားကြောင်း ရှောင်ယုနားလည်ထားပေသည်။ရှောင်ယုသည် မူလင်းထျန်၏တိုက်ခိုက်မှုကို ရှောင်ပြေးမယ့်အစား လေပွေကိုအသုံးပြုကာ ထိုတိုက်ခိုက်မှုကိုပိတ်ဆို့ထားခဲ့သည်။လေပွေသည် တိုက်ခိုက်မှုပြုလုပ်ခြင်း၌ပင် ကန့်သတ်မထားဘဲ ခုခံရာ၌လည်းအသုံးပြုနိုင်ပေသည်။ရှောင်ယု၏ခန္ဓာကိုယ်သည် လျင်မြန်စွာလည်ပတ်လာပြီး ဓားရိပ်များကသူ၏ခန္ဓာကိုယ်အား ဝန်းရံထားခဲ့သည်။သို့ဖြစ်ရာ ထိုဓားရိပ်များကိုထိတွေ့လာသည့် တိုက်ခိုက်မှုများသည် အလိုအလျောက်ပြန်ကန်ထွက်လာခဲ့သည်။

ရှောင်ယုသည် မူလင်းထျန်အသုံးပြုလိုက်သော ကျွမ်းကျင်မှုကို ဤနည်းလမ်းဖြင့် ဖယ်ရှားနိုင်ခဲ့သည်။မူလက မူလင်းထျန်သည်ရှောင်ယု၏တိုက်ခိုက်မှု အရှိန်အဟုန်ကိုတားဆီးရန်အတွက် အခွင့်အရေးရရန် ဤကျွမ်းကျင်မှုကိုအားကိုးခဲ့ခြင်းဖြစ်သည်။

ဘန်း....ဘန်း...ဘန်း

မူလင်းထျန်သည် လေပွေ၏တွန်းလှန်မှုကို မချိုးဖောက်နိုင်၍ မည်သို့မှမတတ်နိုင်ခဲ့ပေ။သို့သော်လည်း ထပ်ဆင့်ခုတ်ပိုင်းချက်က ပြာမှုန်သယ်ဆောင်သူ၏အလေးချိန်အပြင် တိုက်ခိုက်မှု၏အကျိုးသက်ရောက်မှုကို နှစ်ဆတိုးစေခဲ့သည်။အတိုချုပ်ပြောရမည်ဆိုပါက မူလင်းထျန်သည်ဤလေပွေကို ဖျက်ဆီးရန် ခွန်အားမလုံလောက်ခဲ့ပေ။

ထို့ကြောင့် မူလင်းထျန်သည် သူ၏အကောင်းဆုံးသောကျွမ်းကျင်မှုကို ထုတ်ဖော်ခဲ့သော်လည်း ရှောင်ယုအားထိခိုက်စေရန် မလုပ်ဆောင်နိုင်ခဲ့ပေ။ရှောင်ယုသည် မူလင်းထျန်အားအခွင့်အရေးမပေးခဲ့ဘဲ ဆက်လက်တိုက်ခိုက်ခဲ့ရာ မူလင်းထျန်သည်အရေးနိမ့်နေခဲ့သည်။ရှောင်ယုသည် လေလမ်းလျှောက်ခြင်းကိုတစ်ချိန်လုံး အသက်သွင်းထားခဲ့ကာ မူလင်းထျန်၏တိုက်ခိုက်မှုများကို အေးအေးလူလူရှောင်လွဲ၍ အဆက်မပြတ်တိုက်ခိုက်နေခဲ့သည်။

တိုက်ပွဲအခြေအနေသည် တစ်ဖက်စောင်းနင်းဖြစ်နေကာ ရှောင်ယုကလုံးဝဖိအားပေးနေခဲ့သည်။

ဘန်း...ဘန်း...ဘန်း

ရှောင်ယုသည် သူ၏ဓားက်ို အကြိမ်ရေဒါဇင်နှင့်ချီလွဲယမ်းခုတ်ပိုင်းလိုက်ပြီးနောက် မူလင်းထျန်အားထောင့်တစ်နေရာဆီသို့ တွန်းပို့လိုက်သည်။မူလင်းထျန်သည် နောက်သို့ဆုတ်ခွာရန် နေရာမရှိတော့ဘဲ အကြီးအကျယ်အားနည်းသည့်အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

ခွပ်...

အဆုံးသတ်တွင် ရှောင်ယုထံမှငွေရောင်အလင်းတစ်ချက် ထွက်ပေါ်လာခဲ့ပြီး မူလင်းထျန်၏ဓားကိုရိုက်ချိုးပစ်လိုက်သည်။ကျိုးပဲ့သွားသည့် ဓားတစ်ဝက်သည် ပန်းခင်းတစ်ခုထဲသို့ကျဆင်းသွားကာ ပြာမှုန်သယ်ဆောင်သူ၏ထိပ်ဖျားသည် မူလင်းထျန်၏ခေါင်းနှင့် ၁စင်တီမီတာအကွာသို့ရောက်ရှိသွားခဲ့သည်။

ထိုမြင်ကွင်းကြောင့် စောင့်ကြည့်နေသူအားလုံး ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ရှောင်ယုသည် တိုက်ပွဲကိုအန်ိုင်ရရှိရန်အတွက် ရိုးရှင်းသောနည်းလမ်းကိုအသုံးပြုခဲ့သည်။သူသည် ရန်သူအားအခွင့်အရေးပေးရန်မရည်ရွယ်ဘဲ အဆက်မပြတ်တိုက်ခိုက်ချေမှုန်းခဲ့သည်။

ရှောင်ယုသည် ဤသို့တိုက်ခိုက်မှုကို အောစ့်များထံမှသင်ယူတတ်မြောက်ခဲ့ခြင်းဖြစ်သည်။သူသည် အောစ့်များ၏တိုက်ခိုက်ပုံကို အတုယူတတ်မြောက်ခဲ့သည်။သူ၏ကိုယ်ခံပညာသည် အဆင့်တူသူရဲကောင်းများထက် နိမ့်ကျသောကြောင့် ရှောင်ယုသည်ရန်သူအားဖိနှိပ်ရန်အတွက် အကြွင်းမဲ့ခွန်အားနှင့်အရှိန်ကိုအသုံးပြုခဲ့သည်။ရန်သူထံတွင် အစွမ်းထက်သောကျွမ်းကျင်မှု ရှိကောင်းရှိနိုင်သော်လည်း သူကရှောင်တိမ်း၍တိုက်ခိုက်နိုင်သည်။

ရန်သူသည် ရှောင်ယု၏ခွန်အားနှင့်အရှိန်ကို မမှီနိုင်ပါက အရှုံပေးရမည်ဖြစ်သည်။

ရှောင်ယုသည် ပြာမှုန်သယ်ဆောင်သူအား သူ၏ပုခုံးပေါ်သို့တင်လိုက်ပြီး အဘိုးကြီးတစ်ဦးက လူငယ်တစ်ဦးကိုဆုံးမနေသည့်လေသံဖြင့် မူလင်းထျန်ကိုပြောလိုက်သည်။

"အင်း...ကောင်လေးစိတ်ဓာတ်ကျစရာမလိုပါဘူး...ငါကစျေးကြီးတဲ့မှော်လက်နက်နဲ့ အစွမ်းထက်မှော်မန္တန်တွေတတ်မြောက်ထားလို့ အနိုင်ရခဲ့တာပဲ...ဒါပေမဲ့ မင်းရဲ့ကိုယ်ခံပညာကအရမ်းထူးချွန်ပြီး မင်းရဲ့အနာဂတ်ကလုံးဝအကန့်အသတ်မရှိဘူး..."

ရှောင်ယု၏လက်ရှိအခြေအနေမှာ ဆရာကတပည့်အား သွန်သင်ဆုံးမနေသလိုဖြစ်နေခဲ့သည်။

မူဟန်သည် မူလင်းထျန်အားကူညီရန် ပြေးထွက်လာခဲ့ကာ သူမ၏အစ်ကိုအား စတင်နှစ်သိမ့်ပေးခဲ့သည်။ရှောင်ယုသည် ကင်မရွန်ကိုပင်အနိုင်ယူခဲ့ကြောင်း သူမကပြောပြခဲ့သည်။

ယခုအခါ မူလင်းထျန်သည်ယခင်ကလို မာနမကြီးတော့ဘဲ ငြိမ်ငြိမ်လေးထိုင်နေခဲ့သည်။

သူရဲကောင်းအကယ်ဒမီမှ ကျောင်းသားများနှင့်ဆရာများသည် ရှောင်ယုကိုလေးလေးစားစား ကြည့်ရှုလာကြသည်။ရှောင်ယုသည် ဖြုန်းတီးတတ်သောလူပေါ်လူကြော့တစ်ယောက်ဖြစ်ကြောင်း မူလင်းထျန်မှပြောခဲ့ချိန်မှစ၍ သူတို့သည်ရှောင်ယုအားမထီမဲ့မြင်စိုက်ကြည့်ခဲ့ကြသည်။သို့သော်ယခုတိုက်ပွဲမှတဆင့် ရှောင်ယုသည်သန်မာသောစစ်သည်တော်တစ်ယောက်ဖြစ်ကြောင်း သက်သေပြခဲ့သည်။

သူရဲကောင်းအကယ်ဒမီမှ ဆရာများသည် စတုတ္ထအဆင့်သူရဲကောင်းများဖြစ်ကြသည်။သို့သော် အဆင့်တူချင်း၌ ရှောင်ယုနှင့်တိုက်ခိုက်ရပါက သူတို့သည်ရှောင်ယုအား အနိုင်ယူနိုင်မည်မဟုတ်ပေ။သူတို့သာထိပ်တိုက်ရင်ဆိုင်ပါက သူတို့၏အကြွင်းမဲ့စွမ်းအားဖြင့် ရှောင်ယုကိုဖိနှိပ်နိုင်သော်လည်း အစစ်အမှန်တိုက်ပွဲတစ်ခုတွင် မည်သူမှထိုသို့ရူးမိုက်စွာတိုက်ခိုက်မည်မဟုတ်ပေ။ရှောင်ယု၏ကျွမ်းကျင်မှုများသည် အလွန်ထူးဆန်းပြီး သူ၏အရှိန်နှုန်းသည် အလွန်မြန်ဆန်သည့်အပြင် တည်နေရာရွေ့ပြောင်းခြင်းကိုလည်း လုပ်ဆောင်နိုင်သည်။

ရှောင်ယုသည် သူ၏ကျွမ်းကျင်မှုအမြောက်အများကို ထုတ်မပြသေးကြောင်း သူတို့မသိကြသေးပေ။

ရှောင်ယုသည် ဤတိုက်ပွဲအပြီးတွင် မူလင်းထျန်အားပိုမိုကောင်းမွန်သည့် မှော်ဓားတစ်လက်လက်ဆောင်ပေးခဲ့သည်။မူလင်းထျန်သည် ရှံးနိမ့်သွားသော်လည်း သူသည်ရိုးသားသောလူတစ်ယောက်ဖြစ်သောကြောင့် ရှောင်ယုသည် လက်ဆောင်များပေးကမ်းနေဆဲဖြစ်သည်။သူသည် မူလင်းထျန်အား တိုက်ပွဲဝင်ချပ်ဝတ်တစ်ထည်လက်ဆောင်ပေးခဲ့သည်။မူလင်းထျန်သည် အစောပိုင်း၌ထိုလက်ဆောင်ကို ငြင်းဆန်ချင်ခဲ့သော်လည်း ရှေးချပ်ဝတ်အစုံကိုမြင်တွေ့လိုက်ရချိန်တွင် သူ၏စကားများကို ပြန်လည်မြိုချလိုက်သည်။

သူသည်မှော်ဓားတစ်ချောင်းကို အလွယ်တကူရှာတွေ့နိုင်သော်လည်း ရှေးချပ်ဝတ်အစုံကို မည်သည့်နေရာတွင်မှ ရှာမတွေ့နိုင်ပေ။သူ့နေရာတွင် မည်သည့်သူရဲကောင်းမဆို ဤလက်ဆောင်ကိုငြင်းပယ်နိုင်မည်မဟုတ်ပေ။ရှေးချပ်ဝတ်အစုံသည် သူ၏ခွန်အားက်ိုတိုးလာစေရုံတင်မက ဂုဏ်ကျက်သရေ၏သင်္ကေတလည်းဖြစ်သည်။

အမှန်တော့ မူလင်းထျန်သည် သူ၏ဘဝတွင် ယခုလိုချပ်ဝတ်တန်ဆာကို ဝတ်ဆင်ခွင့်ရလိမ့်မည်ဟု မည်သည့်အခါကမှမထင်ထားခဲ့ပေ။ရှောင်ယုသည် ဤလက်ဆောင်များအပြင် သူ့အားသိုလှောင်လက်စွပ်တစ်ခုကိုပါပေးအပ်ခဲ့သည်။ထိုအရာသည် မှော်ဆရာများအတွက်ပင် ဇိမ်ခံပစ္စည်းတစ်ခုဖြစ်သည်။ထို့အပြင် သိုလှောင်လက်စွပ်အတွင်း၌ ရွှေပြား၅သိန်းပါရှိနေသောကြောင့် မူလင်းထျန်အံ့သြသွားရသည်။

ရှောင်ယုသည် လူကြီးတစ်ယောက်လိုပင်ပြုမူနေခဲ့သည်။

"ကောင်လေးငါတို့ကတအားမချမ်းသာပေမဲ့ ငါစိတ်ကြိုက်ဖြုန်းတီးနိုင်တယ်...ခြင်္သေ့မြို့ကမင်းရဲ့အိမ်ပဲ..."

သူရဲကောင်းအကယ်ဒမီမှ ကျောင်းသားများနှင့်ဆရာများသည် ထိုမြင်ကွင်းကိုကြည့်၍ မနာလိုဖြစ်သွားခဲ့ကြသည်။သူတို့သည်လည်း ရှေးချပ်ဝတ်အစုံ၊သိုလှောင်လက်စွပ်နှင့် အခြားလက်ဆောင်များကိုလိုချင်တပ်မက်ကြသည်။အမှန်တော့ ဘွဲ့ရပြီးပါက ခြင်္သေ့နယ်မြေသို့ဝင်ရောက်ချင်သူများရှိခဲ့သည်။နယ်မြေသခင်ဖြစ်သူသည် ဗိုလ်ချုပ်ဖြစ်သူ၏သားကိုပင် ယခုလိုအဖိုးထိုက်သောလက်ဆောင်များပေးအပ်နေပေရာ မည်မျှချမ်းသာကြောင်းဖော်ပြနေခဲ့သည်။ထို့ပြင် မူလင်းထျန်သည်ဒုတိယအဆင့် သူရဲကောင်းတစ်ယောက်သာဖြစ်ကြောင်း သူတို့သိနေခဲ့သည်။

မူလင်းထျန်အပြင် ရှောင်ယုသည် မူလင်းထျန်တက်ရောက်နေသည့် သူရဲကောင်းအကယ်ဒမီမှ ကျောင်းသားများနှင့်ဆရာများမှ ကတ်ပြားအတွက်ပေးဆောင်ခဲ့ရသည့် ရွှေပြားများကိုပြန်လည်ပေးအပ်ခဲ့သည်။မူလင်းထျန်သည် အကယ်ဒမီ၏တစိတ်တပိုင်းဖြစ်ရာ သူတို့ပေးအပ်သည့်ရွှေပြားများကို မည်သည့်အခါမှ ရယူမည်မဟုတ်ကြောင်း ရှောင်ယုကပြောကြားခဲ့သည်။

ဆရာများအတွက် ဤမျှလောက်သောရွှေပြားသည် နည်းပါးသော်လည်း ရှောင်ယုသည် သူတို့အပေါ်၌အလွန်ယဉ်ကျေးသိမ်မွေ့ကာ အလေးပေးကြောင်းနားလည်လိုက်သည်။ထို့ပြင် သူတို့သည်မူလင်းထျန်ကြောင့်သာ ရှောင်ယုထံမှယခုလ်ိုအလေးပေးမှုခံနေရကြောင်း ခံစားသိရှိထားကြသည်။

ရှောင်ယုသည် ဤသို့သောနည်းလမ်းကိုအသုံးပြု၍ အချိုသပ်ကာ မူလင်းထျန်အားအနိုင်ယူခဲ့သည်။အဆုံးသတ်တွင် ရှောင်ယုအပေါ်ထားရှိသော မူလင်းထျန်၏သဘောထားသည် လုံးဝပြောင်းလဲသွားခဲ့သည်။သူ၏အမြင်တွင် ယခင်ရှောင်ယုနှင့်ယခုရှောင်ယုတို့သည် လုံးဝမတူညီသောကွာခြားချက်ဖြစ်သည်။မူလီနှင့်မူဟန်တို့သည် ရှောင်ယု၏သိမ်မွေ့သောလုပ်ရပ်ကြောင့် ရှောင်ယုအပေါ် ပိုမ်ိုသဘောကျလာခဲ့သည်။

အခန်း ၁၆၇ - အန်ကာဂန်တောင်တန်းများဆီ ဝင်ရောက်ခြင်း

အချိန်တစ်လကျော်ကြာပြီးနောက်...

စွန့်စားသူများသည် ဒဏ္ဍာရီလာအမှောင်မြို့တော်၏ အပျက်အစီးများကို ရှာဖွေရန်အတွက် အန်ကာဂန်တောင်တန်းများအတွင်းသို့ စတင်ဝင်ရောက်လာကြသည်။ရှောင်ယုသည် ထိုကာလအတွင်း ကတ်ပြားများ၊အစားအသောက်များ၊သောက်စရာများနှင့် နေရာထိုင်ခင်းများကိုရောင်းချခြင်းဖြင့် ရွှေပြားသန်းပေါင်းများစွာကိုရှာဖွေနိုင်ခဲ့သည်။

ရှောင်ယုသည် စွန့်စားသူများက အန်ကာဂန်တောင်တန်းဆီ ခရီးဆက်ကြသည်ကိုမြင်သောအခါ သူ၏ကိုယ်ပိုင်အဖွဲ့က်ိုဖွဲ့စည်းခဲ့သည်။ဂရင်း၊သရောလ်၊ခိုင်ရင်း၊တိုင်ရန်ဒီနှင့် အန်တိုနီဒက်စ်တို့အား အဖွဲ့၏အဓိကထောက်တိုင်များအဖြစ် ရွေးချယ်ခဲ့သည်။ထို့နောက် ခြင်္သေ့မြို့အားကာကွယ်ရာတွင် ကပ္ပတိန်ဟွေ့အားကူညီရန် အူသာကိုထားရစ်ခဲ့သည်။အူသာ၏ကောင်းချီးများသည် လူသားစစ်သည်များအပေါ် သက်ရောက်မှုရှိသောကြောင့် သူမရှိချိန်တွင် စစ်ပွဲတစ်ခုဖြစ်ပွားခဲ့ပါက သူတို့၏တိုက်ခိုက်ရေးစွမ်းအားကို ၂ဆတိတိတိုးမြင့်နိုင်မည်ဖြစ်သည်။

ရှောင်ယုသည် တပ်ဖွဲ့အတွက် အောစ့်စစ်သည်၁၀၀ ၊ ရိုင်ဖယ်တပ်သား၅၀ ၊ နတ်သူငယ်လေးသမား၅၀ ၊ ခြေလျင်တပ်သား ၁၀ ၊ ကိုဒိုသားရဲ ၁၀နှင့် နတ်ဆရာ၁၀ယောက်တို့ကို ယူဆောင်ခဲ့သည်။ဤတပ်ဖွဲ့သည် အလွန်ကြီးမားသောအန္တာရယ်နှင့်မကြုံတွေ့သရွေ့ မည်သည့်ပြသနာကိုမဆို ဖြေရှင်းနိုင်မည်ဟု ရှောင်ယု ယုံကြည်မှုရှိသည်။ရှောင်ယုသည် လင်းမူရွယ်နှင့်မူဟန်တို့အား ဘေးကင်းအောင်ထားနိုင်မည်ဟု ယုံကြည်မှုမရှိသည့်အတွက်ကြောင့် သူမတို့အားအကယ်ဒမီအဖွဲ့နှင့်မခွဲခွာခိုင်းခဲ့ပေ။သူသည် မှော်အကယ်ဒမီ၏ခွန်အားကို ရှင်းရှင်းလင်းလင်းနားလည်ထားပေရာ အကယ်ဒမီက သူမတို့၏လုံခြုံစိတ်ချမှုကိုအာမခံနိုင်မည်ဟု ယုံကြည်ထားသည်။သို့သော်လည်း သူမတို့နှစ်ယောက်က ခေါင်းမာကြပေရာ ရှောင်ယုကသာအလျော့ပေးခဲ့ရသည်။

ဆုရှာသည်လည်း သူတို့နှင့်အတူလိုက်ချင်ခဲ့သော်လည်း ဤအရာသည်ကလေးကစားစရာမဟုတ်ကြောင်း ရှောင်ယုရှင်းပြခဲ့ရသည်။အန်ကာဂန်တောင်တန်းများသည် အလွန်အန္တာရယ်များသောနယ်မြေတစ်ခုဖြစ်ကာ အန္တာရယ်တစ်စုံတစ်ခုနှင့်ကြုံတွေ့ခဲ့ပါက ဤနေရာရှိလူအများစုသည် သူမအားမကာကွယ်နိုင်ပေ။

...

...

ရှောင်ယုသည် လမ်းတလျှောက်လုံးတွင် သားရဲများနှင့်အခြားသတ္တဝါများကို မတွေ့ခဲ့ရပေ။သူတို့ထက်အရင်ဝင်ရောက်သွားသည့် စွန့်စားသူများက ၎င်းတို့အားလုံးက်ိုသတ်ဖြတ်ခဲ့ပုံရသည်။ယခုအခါ အန်ကာဂန်တောင်တန်းအတွင်း၌ စွန့်စားသူ၁၀၀၀၀ကျော်က ရှောင်ယုကိုယ်စားနယ်မြေရှင်းလင်းပေးနေပေသည်။စွန့်စားသူများသည် နတ်ဆိုးသားရဲများနှင့်ရင်ဆိုင်ရချိန်တွင် အဝတ်ဗလာအမျိုးသမီးတစ်ယောက်ကို တွေ့မြင်လိုက်ရသည့် အမျိုးသားများနှင့်တူပြီး နတ်ဆိုးသားရဲတိုင်းကို ချက်ချင်းသုတ်သင်ပစ်ခဲ့သည်။

ရှောင်ယုသည် သူကြုံတွေ့နေရသောပြသနာများကို စွန့်စားသူများက ဖြေရှင်းပေးခဲ့၍ တိတ်တဆိတ်ပျော်ရွှင်နေခဲ့သည်။ခြင်္သေ့နယ်မြေအား ဖွံ့ဖြိုးတိုးတက်စေရာတွင် အကြီးမားဆုံးပြဿနာမှာ နတ်ဆိုးသားရဲများ၏ကျူးကျော်ခြင်းဖြစ်သည်။ယခင်က ရှောင်ယုသည်နယ်မြေရှင်းလင်းရေးနှင့် လေ့ကျင့်ရေးအတွက် အောစ့်များကိုအသုံးပြုခဲ့သည်။သို့သော်လည်း အန်ကာဂန်တောင်တန်းသည် ကျယ်ပြန့်လွန်းရာ ထိရောက်မှုနည်းပါးခဲ့သည်။မည်သို့ပင်ဆိုစေ ယခုဖြစ်ရပ်ပြီးနောက်တွင် အချိန်အတော်ကြာသည်ထိ နတ်ဆိုးသားရဲများသည် ခြင်္သေ့နယ်မြေကိုခြိမ်းခြောက်နိုင်တော့မည်မဟုတ်ကြောင်း ရှောင်ယုယုံကြည်ခဲ့သည်။

သူရရှိထားသောမြေပုံသည် အမှောင်မြို့တော်၏ တည်နေရာကိုထုတ်ဖော်ခဲ့သည်။သို့သော် အန်ကာဂန်တောင်တန်း၏အနက်ပိုင်းသို့ရောက်လေလေ နေရောင်ကိုပင်ဖုံးကွယ်ထားနိုင်သည့် ဆယ်မီတာအမြင့်ရှိသော သစ်ပင်များထူထပ်စွာပေါက်ရောက်လာလေလေဖြစ်သည်။သူတို့သည် ဦးတည်ရာမဲ့ဝင်္ကပါတစ်ခုထဲ လျှောက်သွားနေရသကဲ့သို့ စွန့်စားသူများသည် နယ်မြေအခြေအနေကိုစူးစမ်းလေ့လာရန် သူတို့၏လူများကိုဖြန့်ကျက်လိုက်ရသည်။

ရှောင်ယုထံတွင် နတ်သူငယ်များရှိနေလေရာ လမ်းပျောက်မည်ကိုစိုးရိမ်ခြင်းမရှိပေ။နတ်သူငယ်တစ်ယောက်သည် တောထဲ၌လမ်းပျောက်သွားပါက အလွန်ထူးဆန်းသောကိစ္စသာဖြစ်လိမ့်မည်။

သို့ဖြစ်ရာ ရှောင်ယုသည်အေးအေးလူလူပင် ခရီးဆက်နေခဲ့ပြီး နှစ်ရက်အတွင်း အမှောင်မြို့တော်သို့ရောက်ရှိသွားလိမ့်မည်ဟု ယုံကြည်ခဲ့သည်။

...

...

ယေဘုယျအားဖြင့် မှော်ဆရာများ၏ခန္ဓာကိုယ်သည် အားနည်းသည့်အတွက်ကြောင့် သူတို့သည်အချိန်အတော်ကြာခရီးထွက်ရန် ခက်ခဲပေသည်။ရှောင်ယုသည် ဝါးလုံးဖြင့်ပြုလုပ်ထားသော ကုလားထိုင်နှစ်ခုကိုဖန်တီးခဲ့ကာ အောစ့်၄ယောက်အားသယ်ဆောင်စေခဲ့သည်။လင်းမူရွယ်နှင့်မူဟန်တို့သည် ထိုကုလားထိုင်များပေါ်၌ထိုင်၍ ခရီးဆက်ခဲ့ကြသည်။အောစ့်စစ်သည်များသည် သန်မာအားကောင်းပြီး သူမတို့၏အလေးချိန်သည်ပေါ့ပါးသည့်အတွက်ကြောင့် သူမတို့အားသယ်ဆောင်ရသည်မှာလွယ်ကူပေသည်။

အန်တိုနီဒက်စ်သည် ချက်ချင်းကန့်ကွက်ခဲ့ပြီး သူ့အတွက်လည်းအလားတူပြုလုပ်ပေးမှုကို တောင်းဆိုခဲ့သော်လည်း ရှောင်ယုကလျစ်လျူရှုခဲ့သည်။အန်တိုနီဒက်စ်သည် မှော်ဆရာတစ်ဦးဖြစ်သော်လည်း အားနည်းသူတစ်ယောက်မဟုတ်ပေ။ထို့ပြင် သူသည်ဤကမ္ဘာမှမဟုတ်သောကြောင့် သူ၏ခန္ဓာကိုယ်တည်ဆောက်ပုံသည် အနည်းငယ်ကွဲပြားကာ ခရီးရှည်များကိုလွယ်ကူစွာသွားလာနိုင်သည်။သို့သော်လည်း အန်တိုနီဒက်စ်၏ပျင်းရိသောစရိုက်ကြောင့် ထိုင်ခုံပေါ်ထိုင်ခွင့်ရသည်နှင့် ထိုနေရာမှခွာတော့မည်မဟုတ်ပေ။

သို့သော် လင်းမူရွယ်နှင့်မူဟန်တို့သည် အလွန်ကြင်နာတတ်ကြပြီး အန်တိုနီဒက်စ်ကလမ်းလျှောက်နေသည်ကို မြင်သောအခါ သူ၏ကြီးမြင့်သောအသက်အရွယ်ကြောင့် ထိုင်ခုံပေါ်ထိုင်ခွင့်ပေးကြသည်။ထိုအခိုက်အတန့်တွင် အန်တိုနီဒက်စ်သည် အသက်အရွယ်ကြီးမြင့်သော အဘိုးအိုတစ်ယောက်အဖြစ်ဟန်ဆောင်ခဲ့ကာ လင်းမူရွယ်နှင့်မူဟန်တို့အား လူကြီးများကိုရိုသေကိုင်းရှိုင်းတတ်၍ ချီးမြောက်ခဲ့သည်။ရှောင်ယုသည် အန်တိုနီဒက်စ်၏မျက်နှာပေါ်ရှိ မြေခွေးအိုတစ်ယောက်၏အပြုံးကိုမြင်ချိန်တွင် သူ့အားထိုင်ခုံပေါ်မှ ကန်ချချင်စိတ်ဖြစ်လာခဲ့သည်။

...

...

တောင်တန်း၏အနက်ပိုင်းသို့ ရောက်လာသည်နှင့်အမျှ သားရဲများ၏အဆင့်ကလည်းတိုးမြင့်လာကာ စွန့်စားသူများသည်အသေအပျောက်များပြားလာကြသည်။ရှောင်ယုသည် လမ်းတွင်တွေ့ခဲ့ရသောစွန့်စားသူတိုင်း ဒဏ်ရာအနာတရ သို့မဟုတ် ရရှိလာသည့်ဒဏ်ရာများကို ပတ်တီးဖြင့်စည်းထားကြောင်း တွေ့ရှိခဲ့သည်။လက်ရှိမြင်ကွင်းသည် စွန့်စားသူများ၏ ဘဝအခြေအနေပင်ဖြစ်သည်။သူတို့၏အလုပ်သည် အများအမြင်တွင်ဂုဏ်သိက္ခာမြင့်မားသော်လည်း လက်တွေ့ဘဝ၌သေခြင်းတရားကိုနေ့စဉ်ရင်ဆိုင်နေရသည်။ထို့ပြင် သူတို့သေဆုံးသွားပါက ဝမ်းနည်းကရုဏာသက်နေမည့်သူမရှိပေ။သူတို့သည် ကောင်းကင်နှင့်မြေကြီးကြား၌ လွှင့်မျောနေသောပြာများကဲ့သို့ပင်ဖြစ်သည်။

ရှောင်ယုသည် လမ်းတလျှောက၌တွေ့ခဲ့ရသော သေဆုံးနေသည့်စွန့်စားသူများ၏ အလောင်းများကိုမြုပ်နှံပေးရန် အောစ့်စစ်သည်များကိုအမိန့်ပေးခဲ့သည်။ထိုမြင်ကွင်းကိုတွေ့မြင်လိုက်ကြသော စွန့်စားသူများသည် အခြားစွန့်စားသူများကို ပြန်လည်အသိပေးခဲ့ကြပြီး ရှောင်ယုသည်စွန့်စားသူများ၏နှလုံးသားက်ို အနိုင်ယူနိုင်ခဲ့သည်။

စွန့်စားသူအများစုတွင် ဆွေမျိုးများသို့မဟုတ် မိသားစုဝင်များမရှိကြပေ။ထို့ကြောင့် တစ်စုံတစ်ယောက်သည် သူတို့၏အလောင်းများအား မြုပ်နှံပေးသည်ကို တွေ့မြင်လိုက်ရချိန်တွင် သူတို့၏နှလုံးသားသည်လှုပ်ရှားသွားခဲ့ကြသည်။ရှောင်ယုသည် သူတို့၏လေးစားမှုကိုရရှိရန် တမင်တကာရည်ရွယ်၍ ဤသို့ပြုလုပ်ခဲ့ခြင်းမဟုတ်ပေ။

လမ်းတလျှောက်တွင် ရှောင်ယုသည် နတ်ဆိုးသားရဲများနှင့်အခြားသားရဲများကို ရင်ဆိုင်ခဲ့ရသော်လည်း သူ၏တပ်ဖွဲ့သည်၎င်းတို့ကိုဖြေရှင်းရန် လုံလောက်သည့်အတွက်ကြောင့် သူကိုယ်တိုင်လှုပ်ရှားစရာမလိုခဲ့ပေ။

....

ယနေ့တွင် ရှောင်ယုတို့အဖွဲ့ခရီးဆက်နေစဉ် ရှောင်ယုတို့အဖွဲ့သည် ရှေ့နားမှဆူညံသံများကို ကြားလိုက်ရသည်။ထို့နောက် မရေမတွက်နိုင်သောစွန့်စားသူများသည် သူတို့အဖွဲ့ဘေးမှဖြတ်ပြေးသွားကြသည်။

ရှောင်ယုသည် ဘေးနားမှဖြတ်ပြေးသွားသည့် စွန့်စားသူတစ်ယောက်ကိုဆွဲခေါ်ကာ မေးမြန်းလိုက်သည်။

"ဘာဖြစ်တာလဲ..."

"ဝံ...ဝံပုလွေတွေ...လေဝံပုလွေတွေ အများကြီးပဲ..ပြေး..အသက်ရှင်ချင်ရင်ပြေး"

စွန့်စားသူသည် လျင်မြန်စွာဖြေကြား၍ ထွက်ပြေးသွားခဲ့သည်။

"ဝံပုလွေတွေ..."

ရှောင်ယုသည် မျက်မှောင်ကြုတ်လိုက်မိသည်။ဝံပုလွေမျိုးများသည် အလွန်ရက်စက်ကြမ်းကြုတ်ကာ သွေးဆာလောင်တတ်ကြသည်။ထို့ပြင် ၎င်းတို့သည်အုပ်စုဖွဲ့နေထိုင်ကြသော သားရဲများဖြစ်ရာ ၎င်းတို့အားရင်ဆိုင်ရန်အလွန်ဒုက္ခရောက်ကြရသည်။ဝံပုလွေများသည် ဝိုင်းအုံလာချိန်တွင် သူတို့သည်အပိုင်းပိုင်းကိုက်ဖြတ်ခံရမည်ဖြစ်၍ အဆင့်မြင့်သားရဲများသည်ပင် ၎င်းတို့ကိုရှောင်ရှားခဲ့သည်။

"တိုက်ပွဲဝင်ဖို့အသင့်ပြင်ထား..."

ရှောင်ယုက အမိန့်ပေးလိုက်သည်။သူ၏အဖွဲ့သည်ကြီးမားပေရာ ဤဘေးမှမလွတ်မြောက်နိုင်ကြောင်း ရှောင်ယုနားလည်လိုက်ပြီး တစ်ခုတည်းသောရွေးချယ်စရာမှာ တိုက်ပွဲဖြစ်သည်။ရှောင်ယု၏အမိန့်ကိုကြားချိန်တွင် တပ်ဖွဲ့ဝင်တိုင်းနိုးကြားလာကာ တိုက်ပွဲဝင်ရန်ပြင်ဆင်လိုက်ကြသည်။

သူတို့သည်ကြီးမားသောစစ်ပွဲများကို ဖြတ်ကျော်ခဲ့ပြီးနောက် တိုက်ပွဲဝင်ရန်ရူးသွပ်လာကြသည်။ယခုအခါ တိုက်ခိုက်ရန်အခွင့်အရေးရရှိလာပြီဖြစ်ကာ သရောလ်သည် ကောင်းချီးပေးရန် တိုတမ်များကို ထုတ်ဖော်ခဲ့သည်။ကိုဒိုသားရဲများသည် အော်ဟစ်မာန်ဖီလိုက်ကြပြီး တိုက်ပွဲဝင်စိတ်ဓာတ်ကိုမြင့်တင်ရန် သူတို့၏ဗုံများကိုစတင်တီးခတ်လာကြသည်။နတ်ဆရာများသည် သူတို့၏အစွမ်းများကိုအသုံးပြုကာ အောစ့်စစ်သည်များကို ခွန်အားတိုးလာစေခဲ့သည်။

ခိုင်ရင်းသည်လည်း တပ်ဖွဲ့၏ခွန်အားကိုမြင့်တင်ရန် တိုက်ပွဲဟိန်းသံက်ို အသက်သွင်းစေခဲ့သည်။

ယခုအခါ သာမန်အဆင့်၁၀အောစ့်စစ်သည် တစ်ယောက်သည် ဒုတိယအဆင့်လူသားသူရဲကောင်းတစ်ယောက်နှင့်တူညီပြီး ယခုအခါသူနှင့်အတူ အယောက်၁၀၀ရှိနေခဲ့သည်။

ဂရင်းနှင့်ခိုင်ရင်းတို့၏ခွန်အားသည် ပိုမိုကြောက်စရာကောင်းခဲ့ကာ လက်ရှိအခြေအနေတွင် သူတို့သည်တတိယအဆင့်လူသားသူရဲကောင်းကိုပင် သတ်ဖြတ်နိုင်ပေသည်။

အခန်း ၁၆၈ - ပြင်းထန်သောတိုက်ခိုက်ရေးစွမ်းအား

အခြေစိုက်စခန်းများမှ ဆင့်ခေါ်နိုင်သည့် စစ်သည်အရေအတွက်ကိုကန့်သတ်ထားသော်လည်း သူတို့၏ခွန်အားသည် သာမန်စစ်သားများထက်များစွာသာလွန်ပေသည်။လက်ရွေးစင် စစ်သည်တစ်ယောက်သည် သာမန်တပ်သားရာချီနှင့်ညီမျှပေသည်။

တိုင်ရန်ဒီနှင့်အခြားသောနတ်သူငယ်လေးသမားများသည် သစ်ပင်ထိပ်၌နေရာယူလိုက်ကြပြီး မြင့်မားသောမြေနေရာကိုအသာစီးရယူလိုက်ကြကာ အချိန်မရွေးတိုက်ခိုက်ရန်အသင့်ပြင်လိုက်ကြသည်။သူတို့သည် တောတောင်များ၏ဘုရင်များဖြစ်ကြကာ အရိပ်များအောက်တွင် သူတို့ကိုယ်သူတို့ဖုံးကွယ်န်ိုင်ပြီး ဝေးကွာသောအကွာအဝေးများသို့ ဖောက်ထွင်းတွေ့မြင်နိုင်သည်။

ခဏအကြာတွင် တိုင်ရန်ဒီသည် လက်ဟန်ပြလိုက်ပြီး လေဝံပုလွေများသည် သူတို့၏လက်ရှိတည်နေရာနှင့် မီတာ၂၀၀ခန့်အကွာသို့ရောက်ရှိလာပြီး အရေအတွက်၂၅၀ခန့်ရှိကြောင်း သတင်းပေးလိုက်သည်။ရှောင်ယုသည် ထိုသတင်းကိုရရှိချိန်တွင် ဘေးထွက်နေရန်ဆုံးဖြတ်လိုက်သည်။သူသည်ဤတိုက်ပွဲ၌ ဝင်ပါနေစရာပင်မလိုတော့ပေ။လေဝံပုလွေ၂၀၀ကျော်သည် သူတို့၏သေဆုံးခြင်းဆီ အပြေးအလွှားချည်းကပ်လာကြသည်။

မကြာမှီ ဝံပုလွေများ၏အူသံများသည် ပဲ့တင်ထပ်လာခဲ့သည်။စက္ကန့်အနည်းငယ်ကြာပြီးနောက် ငွေရောင်ပုံရိပ်များသည် သူတို့ထံတဟုန်ထိုးပြေးဝင်လာကြသည်။သူတို့နေရာတွင် သာမန်လူသားများဆိုလျှင် ဝံပုလွေများစွာကိုတွေ့မြင်လိုက်သည်နှင့် ကြောက်လန့်တုန်လှုပ်ကာ သတိမေ့သွားကြမည်ဖြစ်သည်။လင်းမူရွယ်နှင့်မူဟန်တို့အား ခြေလျင်တပ်သား၁၀ယောက်က ကာကွယ်ပေးထားသော်လည်း သူမတို့မြင်တွေ့လိုက်ရသည့်မြင်ကွင်းကြောင့် မျက်နှာများဖြူဖျော့သွားခဲ့ကြသည်။သူမတို့သည် ဖန်လုံအိမ်ထဲ၌စိုက်ထားသော ပန်းပွင့်များဖြစ်ကာ လက်ရှိအခြေအနေတွင် အခြေခံအကျဆုံးသော မှော်မန္တန်ကိုပင်အသုံးမပြုနိင်ကြပေ။

ဝွီး...

အမွှေးတပ်မြှားတစ်စင်းသည် ဥက္ကာပျံကဲ့သ်ို့ သစ်ပင်များအကြားမှ ပြေးထွက်လာခဲ့ကာ ဝံပုလွေ၏လည်ချောင်းကို ထိုးဖောက်သွားခဲ့သည်။ထိုဝံပုလွေသည် နောက်ဆုံးအကြိမ်အူလိုက်ပြီးနောက် သူ၏အသက်မဲ့ခန္ဓာကိုယ်အား အခြားဝံပုလွေများကဖြတ်ကျော်သွားခဲ့သည်။မြှားပိုင်ရှင်မှာ တိုင်ရန်ဒီပင်ဖြစ်ပြီး သူမပစ်လွှတ်လိုက်သောမြှားများသည် ဝံပုလွေများ၏ထူထဲသော အရေပြားက်ိုထိုးဖောက်ရန်လုံလောက်သောအစွမ်းရှိပေသည်။မြှားတစ်စင်းစီတွင် အဆက်မပြတ်ပစ်ခတ်ခြင်း၊လင်းယုန်ပစ်ချက်နှင့်စစ်မှန်သောပစ်ခတ်မှုအော်ရာတို့ ပေါင်းစပ်ပါဝင်နေပေရာ ၎င်းတို့၏အစွမ်းသည် ရိုင်ဖယ်တပ်သားများထက် အားမနည်းခဲ့ပေ။ထို့ပြင် သူမ၏တိုက်ခိုက်မှုသည် ကျန်လေးသမားများကိုတိုက်ခိုက်ရန် အချက်ပြလိုက်ခြင်းဖြစ်သည်။ထို့နောက် မြှားတံများသည်ဝံပုလွေများကို ပစ်မှတ်ထားကာ မိုးရွာသကဲ့သို့ ရွာသွန်းပစ်ခတ်လာကြသည်။

နတ်ဆိုးသားရဲများနှင့် သားရဲများ၏အရေပြားသည် အလွန်မာကျောသည့်အတွက်ကြောင့် သာမန်လေးသမားများသည် သူတို့၏အရေပြားက်ိုထိုးဖောက်နိုင်စွမ်းမရှိကြပေ။သို့သော် နတ်သူငယ်လေးသမားများသည် အဆင့်၁၀သို့ရောက်ရှိနေခဲ့ကာ သူတို့ပစ်ခတ်လိုက်သည့်မြှားများ၏စွမ်းအားသည် အလွန်ပြင်းထန်လှပေသည်။

ဝွီး...ဝွီး....ဝွီး

အာဝူး…အာဝူး…အူးးး

ဝံပုလွေအူသံများသည် တေးဂီတသံကဲ့သ်ို့ တောအုပ်ထဲ၌ပဲ့တင်ထပ်နေခဲ့သည်။ရိုင်ဖယ်တပ်သားများသည်လည်း သူတို့၏ကျည်ဆန်များကို ပစ်သွင်းနေကြသည်။ရိုင်ဖယ်တပ်သားများ၏ ရိုင်ဖယ်မှပစ်လွှတ်လိုက်သည့် ကျည်ဆန်များ၏စွမ်းအားသည် နတ်သူငယ်လေးသမားများ၏မြှားများထက် များစွာပိုမ်ိုအားကောင်းပေသည်။ထို့ကြောင့် ရှောင်ယုသည် အဆင်မြင့်သားရဲများနှင့်ရင်ဆိုင်ရပါက ရိုင်ဖယ်တပ်သားများကိုအသုံးပြုနိုင်ရန် သူတို့အားခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။သူတို့၏ရိုင်ဖယ်များသည် အဆင့်၂တွင်သာရှိနေ၍ ၎င်းတို့၏အဖျက်စွမ်းအားသည် မကြီးမားသေးပေ။ထို့ကြောင့် ရှောင်ယုသည် လူသားအခြေစိုက်စခန်းအား အဆင့်မြင့်တင်နိုင်မည့်နေ့ကိုစောင့်မျှော်နေခဲ့သည်။ထိုအဆင့်သို့ရောက်ချိန်တွင် ကျည်ဆန်များ၏အဖျက်စွမ်းအားသည် ပိုမိုတိုးမြင့်လာမည်ဖြစ်သည်။

အာဝူး...အာဝူး....

ဝံပုလွေများ၏အရှိန်နှုန်းသည် လေနှင့်ဆက်စပ်နေသည့်အတွက်ကြောင့် အလွန်လျင်မြန်ပေသည်။သို့ဖြစ်ရာ လူသားအနည်းငယ်သာ သူတို့၏လက်မှလွတ်မြောက်နိုင်သည်။အောစ့်များသည် သူတို့၏ပုဆိန်များကိုပင့်မြောက်လိုက်ကြကာ ကျယ်လောင်စွာမာန်သွင်း၍ လေဝံပုလွေများထံအပြေးသွားရောက်လိုက်ကြသည်။နတ်ဆရာများသည် သွေးဆာလောင်ခြင်းအစွမ်းကိုအသုံးပြုကာ အောစ့်များ၏ခွန်အားကိုတိုးမြင့်ပေးခဲ့သည်။ထိုအစွမ်းကိုအသုံးပြုပြီးနောက် အောစ့်များ၏သွေးကြောများသည် ထင်ရှားစွာထွက်ပေါ်လာခဲ့ကာ ဒေါသတကြီးဟိန်းဟောက်လိုက်ကြပြီး လေဝံပုလွေများကိုတိုက်ခိုက်လိုက်ကြသည်။

ဘန်း...

သားရဲ၁သည် သူ၏ပုဆိန်ကြီးကိုအသုံးပြုကာ လေဝံပုလွေအား ရိုက်ချလိုက်ရာ ဒုတိယအဆင့်လေဝံပုလွေတစ်ကောင်သည် ထိုနေရာ၌ချက်ချင်းသေဆုံးသွားခဲ့သည်။နတ်ဆရာများအသုံးပြုလိုက်သော သွေးဆာလောင်ခြင်း၏အစွမ်းကြောင့် အောစ့်စစ်သည်များ၏အရှိန်သည် ပိုမြန်လာခဲ့သည်။ထို့ပြင် သူတို့၏ခန္ဓာကိုယ်အားဖုံးလွှမ်းထားသည့် အမာခံချပ်ဝတ်တန်ဆာများကြောင့် ရံဖန်ရံခါတွင် ဝံပုလွေများက သူတို့၏ခန္ဓာကိုယ်အား လာရောက်ကိုက်ခဲလျင်တောင်မှ ဒဏ်ရာပြင်းထန်စွာမရရှိကြပေ။လေဝံပုလွေများသည် နာကျင်စွာအော်ဟစ်နေရုံမှလွဲ၍ အခြားမတတ်နိုင်ခဲ့ပေ။

ဘန်း...ဘန်း...ဘန်း

လေဝံပုလွေများ၏အရှိန်သည် အလွန်မြန်ဆန်လှသောကြောင့် ပုဆိန်များ၏အရှိန်သည် လေဝံပုလွေများကိုထိမှန်ရလောက်အောင် မစွမ်းဆောင်နိုင်ပေ။ထို့ကြောင့် တစ်ခါတစ်ရံတွင် အောစ့်စစ်သည်များက ဝံပုလွေများကိုဖမ်းဆွဲကာ မြေပြင်သို့လှဲချခြင်း သို့မဟုတ် သစ်ပင်များနှင့်ရိုက်ခတ်စေခြင်း စသည်ဖြင့်နည်းမျိုးစုံကိုအသုံးပြုရှင်းလင်းနေကြသည်။

လင်းမူရွယ်နှင့်မူဟန်တို့သည် ထိုမြင်ကွင်းကိုကြည့်ကာ ထိတ်လန့်သွားကြသည်။ဤအောစ့်စစ်သည်များသည် သူတို့ကြားဖူးသည့် နတ်ဆိုးသားရဲများနှင့်လုံးဝကွဲပြားပေသည်။သူမတို့၏အမြင်အရ အောစ့်များသည် ဝံပုလွေများကိုတိုက်ရိုက်ရင်ဆိုင်ခြင်း ထိုးနှက်ခြင်းတို့ကိုသာလုပ်ဆောင်နိုင်မည်ဖြစ်သည်။ယခုအောစ့်စစ်သည်များသည် မည်မျှထိအစွမ်းထက်သည်နည်း။

ဤကဲ့သို့သောအောစ့်များ သောင်းချီပိုင်ဆိုင်သူသည် တိုက်ကြီးတစ်ခုလုံးက်ို စိုးမ်ိုးခြယ်လှယ်နိုင်မည်ဖြစ်သည်။တိုက်ပွဲသည် အနီးကပ်တိုက်ပွဲအဖြစ်သို့ ပြောင်းလဲသွားချိန်တွင် ရိုင်ဖယ်တပ်သားများသည်အထောက်အကူမပြုနိုင်တော့ပေ။သူတို့သည် တိကျမှုနည်းပါးသောရိုင်ဖယ်များဖြင့် ပစ်ခတ်ပါက သူတို့၏တပ်သားများကိုပြန်လည်ထိမှန်နိုင်၍ ပစ်ခတ်ခြင်းမပြုကြပေ။

ခိုင်ရင်းနှင့်ဂရင်းတို့သည် ဤတိုက်ပွဲ၌အလုံးစုံတောက်ပနေခဲ့သည်။ခိုင်ရင်းသည် ဝံပုလွေများအလယ်တွင် စိတ်ရှိလက်ရှိသောင်းကျန်းနေခဲ့သည်။သူသည် ဝံပုလွေအနည်းငယ် သို့မဟုတ် ဝံပုလွေများစွာ၏ဝိုင်းရံခြင်းကိုခံရလျှင်ပင် ဂရုမစိုက်ခဲ့ပေ။ခိုင်ရင်းသည် တင့်ကားတစ်စီးကဲ့သို့ ဝံပုလွေများကိုနင်းခြေကာ ၎င်းတို့ကိုသတ်ဖြတ်ရန်ပုဆိန်နှစ်ခုကို အသုံးပြုခဲ့သည်။ဂရင်းသည် လေလမ်းလျှောက်ခြင်းနှင့် လေပွေတို့အားအသုံးပြုကာ ဝံပုလွေများကိုသတ်ဖြတ်နေခဲ့သည်။

လေဝံပုလွေများသည် အဆင့်နိမ့်သားရဲများဖြစ်သောကြောင့် သူတို့၏ညဏ်ရည်သည် များစွာမြင့်မားခြင်းမရှိပေ၊သူတို့၏အပေါင်းအဖော်များသည် သေဆုံးနေကြသော်လည်း သူတို့သည်ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။ဝံပုလွေများ၏ တဇွတ်ထိုးဆန်သောအပြုအမူသည် ၎င်းတို့၏ပျက်စီးမှုအားဖြစ်ပေါ်စေခဲ့သည်။တစ်မိနစ်ခန့်အကြာတွင် ဝံပုလွေအားလုံးသေဆုံးသွားခဲ့ရသည်။

လင်းမူရွယ်နှင့်မူဟန်တို့သည် အောစ့်စစ်သည်များအားကူညီရန်အတွက် မှော်ပညာက်ိုအသုံးပြုရန်ကြံစည်နေချိန်တွင် တိုက်ပွဲပြီးဆုံးသွားခဲ့သည်။

"သူတို့ကိုအနာဂတ်မှာ ငါလိုအပ်လာလိမ့်မယ်"

ရှောင်ယုထံတွင် သိုလှောင်လက်စွပ်အမြောက်အများရှိနေသည့်အတွက်ကြောင့် လေဝံပုလွေများစွာ၏အလောင်းကို အောင်အောင်မြင်မြင်သိမ်းဆည်းနိုင်ခဲ့သည်။အောစ့်စစ်သည်များကို စစ်မြေပြင်အားရှင်းလင်းရေးလုပ်ရာတွင် အကောင်းဆုံးအလုပ်သမားများဖြစ်ကာ ဝံပုလွေများပင်မက ရန်သူများ၏အတွင်းခံဘောင်းဘီကီုပင် ချွတ်ယူကြမှာဖြစ်သည်။

စစ်မြေပြင်အားရှင်းလင်းရန် နောက်ထပ်တစ်မိနစ်ကြာအချိန်ယူခဲ့ရသည်။တိုက်ပွဲဖြစ်ပွားရာနေရာ၌ ကျန်ရစ်ခဲ့သောအထောက်အထားများကြောင့် ဤနေရာတွင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း လူအများစုကနားလည်သွားကြမှာဖြစ်သည်။

တစ်မိနစ်အတွင်း ဝံပုလွေအကောင်၂၀၀ကျော်သေဆုံးသွားခဲ့သည်။ထိုအကြောင်းကို စွန့်စားသူများသိပါကယုံကြည်မည်မဟုတ်ပေ။လေဝံပုလွေများသည် သူတို့၏အရှိန်အဟုန်နှင့်ကြမ်းတမ်းမှုကြောင့် နာမည်ကြီးပေသည်။

လင်းမူရွယ်သည် ဤကဲ့သို့သန်မာသောစစ်တပ်တစ်ခုကို ပိုင်ဆိုင်ထားသူနှင့်စေ့စပ်ထားရခြင်းသည် အမှန်တကယ်ကံကောင်းသည်ဟု ခံစားမိပေသည်။

လူအုပ်ကြီးသည် ရှေ့သို့တိုးလာခဲ့ပြီး လေဝံပုလွေများကြောင့် သေဆုံးသွားခဲ့သည့် လူသေအလောင်းများကိုမြုပ်နှံပေးခဲ့သည်။ရှောင်ယုသည် လေဝံပုလွေများလက်မှ လွတ်မြောက်လာသည့် ဒဏ်ရာရစွန့်စားသူများကိုကုသပေးခဲ့သည်။သို့သော်လည်း သူသည်ဒဏ်ရာကျက်ဆေးများကို အသုံးမပြုခဲ့ပေ။သူ့ထံတွင် ထိုကဲ့သို့ပမာဏအမြောက်အများရှိနေသော်လည်း ပေါ့ပေါ့ပါးပါးအသုံးမချနိုင်ပေ။

လေဝံပုလွေများ အကိုက်ခံထားရသည့်ဒဏ်ရာများပေါ်သို့ ကုသဆေးများကိုဖြန်းပေးလိုက်ပါက ဒဏ်ရာများသည်မျက်စိတစ်မှိတ်အတွင်း မြင်နိုင်သည့်အရှိန်နှုန်းဖြင့် ပျောက်ကွယ်သွားမည်ဖြစ်သည်။

ရှောင်ယု၏အဖွဲ့သည် အချိန်တိုအတွင်း လေဝံပုလွေ၂၀၀ကျော်က်ို သုတ်သင်ခဲ့ကြောင်း ကြားသိလိုက်ရချိန်တွင် အနီးအနားရှိစွန့်စားသူတိုင်း အံ့အားသင့်သွားခဲ့ကြပြီး ခြင်္သေ့နယ်မြေသခင်သည် အမှန်တကယ်အစွမ်းထက်ကြောင်း နားလည်လိုက်ကြသည်။

ရှောင်ယုတို့သည် တောင်တန်းအနက်ပိုင်းဆီ ဆက်လက်ခရီးဆက်လာကြရာ မှော်နှင့်သူရဲကောင်းအကယ်ဒမီမှ ကျောင်းသားများနှင့်တွေ့ဆုံခဲ့သည်။ထိုအဖွဲ့တွင် အများအပြားဒဏ်ရာရရှိထားကြကာ ကျောင်းသားအနည်းငယ်ပင်သေဆုံးခဲ့ရသည်။ရှိုင်းယားမြို့မှော်အကယ်ဒမီမှ မိန်းကလေးများသည် ရှောင်ယုကိုတွေ့မြင်ချိန်တွင် မျက်ရည်များပင်ဝေ့တက်လာကာ လာရောက်ပွေ့ဖက်ခဲ့သည်။လက်တွေ့ကမ္ဘာကြီးသည် ဤမျှလောက်ထိရက်စက်မည်ဟု သူတို့မထင်ထားကြပေ။သူတို့သည် ယခင်ကစွန့်စားခန်းထွက်ရန် စိတ်အားထက်သန်နေခဲ့သော်လည်း ကျောင်းနေဖက်များ၏သေဆုံးမှုကိုမြင်တွေ့လိုက်ရချိန်တွင် ထိုစိတ်ကူးများပျောက်ကွယ်သွားခဲ့သည်။

ရှောင်ယုသည် ထိုကဲ့သို့သောအခြေအနေကိုရင်ဆိုင်ရချိန်တွင် အနည်းငယ်ရှက်ရွံ့သွားခဲ့သည်၊သူသည် ထိုမိန်းကလေးများ၏ ပုခုံးက်ိုပုတ်ပေးကာ နှစ်သိမ့်ရန်ကြိုးပန်းနေစဉ် လူကြီးလူကောင်းအသွင်ကိုထိန်းသိမ်းထားရသည်။ရှောင်ယုတို့အဖွဲ့သို့ ပူးပေါင်းပါဝင်လာကြသည့် မှော်အကယ်ဒမီမှကျောင်းသားများသည် ရှောင်ယုတို့အဖွဲ့မှသားရဲများအား အလွယ်တကူသတ်ဖြတ်နိုင်သည်က်ို တွေ့မြင်လိုက်ကြသည်။သူတို့သည် အစွမ်းထက်လှသော အောစ့်စစ်သည်များ၏တိုက်ခိုက်မှုကို မြင်တွေ့လိုက်ချိန်တွင် ရှောင်ယုတို့နှင့်ခြေတစ်လှမ်းမှမခွာရန် ကတိပြုလိုက်ကြသည်။

All Chapters