အခန်း (၁၇၂-၁၇၄)
Vol. 12 Ch. 172-174
အခန်း ၁၇၂ - တတိယအဆင့်သို့တိုးမြင့်ခြင်း
ကြံ့ကြီးသာ အလိုရှိတိုင်းလှုပ်ရှားသွားလာတိုက်ခိုက်နိုင်ပါက များစွာအန္တာရယ်ပေးနိုင်လေသည်။သို့သော်လည်း ရှောင်ယုသည်၎င်း၏လှုပ်ရှားမှုအရှိန်အဟုန်နှင့် အမြင်အာရုံကိုပိတ်ဆို့ထားနိုင်ခဲ့သောကြောင့် ရှောင်ယုအသုံးပြုခဲ့သည့် မှန်ကန်သောနည်းဗျူဟာသည် အသေအပျောက်အနည်းဆုံးဖြင့် အောင်ပွဲကိုယူဆောင်လာခဲ့သည်။
ဗုံးးး...
ဆရာကြီးအယ်လ်မာသည် ကြံ့ကြီး၏ခန္ဓာကိုယ်ပေါ်သ်ို့ နောက်ထပ်မီးလုံးတစ်ခုကို ပစ်လွှတ်လိုက်ပြီးနောက်တွင် ကြံ့ကြီး၏ဧရာမခန္ဓာကိုယ်သည် တဖြည်းဖြည်းပြိုကျလာခဲ့သည်။
"ငါတို့လုပ်နိုင်ခဲ့ပြီ...ငါတို့ကစတုတ္ထအဆင့်သားရဲတစ်ကောင်က်ို တကယ်ကြီးသတ်နိုင်ခဲ့တာပဲ..."
မှော်နှင့်သူရဲကောင်းအကယ်ဒမီမှ ကျောင်းသားများသည် အလွန်စိတ်လှုပ်ရှားနေကြသည်။ဤအကြောင်းကို သူတို့ပြန်ရောက်ချိန်၌ သူတို့၏သူငယ်ချင်းများကို ကျိန်းသေပေါက်ပြောပြမှာဖြစ်သည်။ကျောင်းသားများသည် ငွေကြေးအမြတ်အစွန်းများထက် ဤကဲ့သို့အဆင့်မြင့်သားရဲတစ်ကောင်အား သတ်ဖြတ်နိုင်ခြင်း၏ဂုဏ်ကျက်သရေကို ပိုမိုစိတ်ဝင်စားကြကာ ရရှိရန်စိတ်အားထက်သန်ကြသည်။
ဆရာကြီးအယ်လ်မာ၏ မျက်နှာပေါ်၌လည်း အပြုံးတစ်ခုရှိနေခဲ့သည်။သူသည် ယခင်ကလည်းယခုလိုစွမ်းအားကြီးမားသည့် သားရဲများကိုသတ်ဖြတ်ခဲ့ဖူးသော်လည်း ကြံ့ကဲ့သို့သားရဲတစ်ကောင်အား သတ်ဖြတ်ခဲ့သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
မှော်စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးများ၏ အထောက်အပံ့ကြောင့် သူ၏အစွမ်းကို အမြင့်ဆုံးထုတ်ဖော်ပြသနိုင်ခဲ့သော်လည်း ရှောင်ယု၏အကူအညီနှင့် နည်းဗျူဟာများသာမပါဝင်ပါက ဤကဲ့သို့သောသားရဲတစ်ကောင်ကိုသတ်ဖြတ်နိုင်မည်မဟုတ်ကြောင်း သူသိနေခဲ့သည်။မှော်ဆရာများသည် သူတို့အားကာကွယ်ပေးရန်နှင့် မှော်မန္တန်များထုတ်ဖော်ရန် အချိန်လိုအပ်ချက်ရှိ၍ ဒိုင်းတစ်ခုအားအမြဲလိုအပ်ပေသည်။ထိုသို့မဟုတ်ပါက သားရဲသည်သူတို့အားသတ်ဖြတ်သွားမည်ဖြစ်သည်။ဆရာကြီးအယ်လ်မာထံတွင် သူ့အားကာကွယ်ပေးမည့်သူ အမြောက်အများရှိနေသော်လည်း မည်သူကမှကြံ့ကြီး၏တိုက်ခိုက်မှုကို မတောင့်ခံနိုင်လောက်ပေ။ရှောင်ယုအသုံးပြုခဲ့သော က်ိုဒိုသားရဲများသည်သာ ကြံ့ကြီး၏တိုက်ခိုက်မှုများကို ကန့်သတ်နိုင်စွမ်းရှိသည်။
"ဆရာကြီးအယ်လ်မာ မင်းလိုချင်တဲ့အစိတ်အပိုင်းကိုရွေးပါ..."
ရှောင်ယုသည် ကြံ့ကြီးကိုသတ်ဖြတ်ရာတွင် ဦးဆောင်ခဲ့သော်လည်း ဆရာကြီးအယ်လ်မာကို သူလိုချင်သောအရာအားဦးစွာရွေးချယ်ခွင့်ပေးခဲ့သည်။
ဤအဆင့်မြင့်သားရဲ၏ ခန္ဓာကိုယ်သည် အဖိုးမဖြတ်နိုင်သော်လည်း ရှောင်ယုသည်လည်း အလျင်လိုနေခြင်းမရှိပေ။ရှောင်ယုသည် ကြံ့ကြီး၏အလောင်းထက် ဆရာကြီးအယ်လ်မာနှင့် ပိုမိုကောင်းမွန်သောဆက်ဆံရေးကိုတည်ဆောက်နိုင်ရန် အလိုရှိသည်။
ဆရာကြီးအယ်လ်မာသည် သေချာစဉ်းစားပြီးမှပြောလိုက်သည်။
"ငါ့အမြင်အရဆိုရင် ဒီကြံ့ရဲ့ဦးချိုဟာ မှော်ဝင်ပစ္စည်းတစ်ခုကိုပြုလုပ်ဖို့အကောင်းဆုံးသောပစ္စည်းပဲ...ဦးချိုဟာ ဒီကြံ့ရဲ့ခန္ဓာကိုယ်မှာ အရေးအကြီးဆုံး အစိတ်အပိုင်းဆိုရင်လည်းမမှားဘူး...ဒါပေမဲ့ငါကလည်း အဲ့ဒါကိုအမှန်တကယ်လိုအပ်နေတာဆိုတော့ တန်ရာတန်ကြေးပေးဖို့အဆင်သင့်ပဲ"
ဆရာကြီးအယ်လ်မာသည် ကြံ့ကြီးအားသတ်ဖြတ်ရာတွင် ကြီးကျယ်သောအခန်းကဏ္ဍမှပါဝင်ခဲ့သော်လည်း ရှောင်ယုသည် ဤတိုက်ခိုက်မှုတစ်ခုလုံးအားစီစဉ်သူဖြစ်ကာ ဤသားရဲ၏အစိတ်အပိုင်းများကို မျှဝေပေးမည့်သူဖြစ်ကြောင်း နားလည်ပေသည်။
သို့သော်လည်း ရှောင်ယုကသူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။
"ဆရာကြီးအယ်လ်မာက အဲလောက်ယဉ်ကျေးနေစရာမလိုပါဘူး...မင်းကြောင့်သာမဟုတ်ရင် ငါတို့ကဒီကြံ့က်ိုသတ်ဖြတမ်နိုင်မှာမဟုတ်ဘူး...မင်းကဒီဦးချိုနဲ့ထိုက်တန်ပါတယ်"
ရှောင်ယု၏စကားကြောင့် ဆရာကြီးအယ်လ်မာသည် စိတ်ကျေနပ်စွာခေါင်းညိတ်မိလိုက်သည်။
ရှောင်ယုသည် မှော်နှင့်သူရဲကောင်းအကယ်ဒမီမှ ကျောင်းသားများကိုလှည့်ကြည့်လိုက်သည်။
"မင်းတို့အားလုံးက ဒီကြံ့ကိုသတ်ဖို့ကူညီပေးခဲ့တဲ့အတွက် လူတိုင်းဝေစုရမှာပါ...ဒါပေမဲ့ဒီကောင်ကြီးရဲ့ခန္ဓာကိုယ်ကကြီးမားလွန်းတာကြောင့် သေးငယ်တဲ့အစိတ်အပိုင်းလေးတွေအများကြီးဖြတ်တောက်ပစ်ရလိမ့်မယ်...အဲ့ဒါကြောင့်ငါက အလောင်းကိုသိမ်းထားလိုက်ပြီးတော့ လျော်ကြေးအနေနဲ့တစ်ယောက်ကို ရွှေပြား၁၀၀၀စီပေးမယ်"
ရှောင်ယု၏စကားက်ိုကြားချိန်တွင် ကျောင်းသားတိုင်းဝမ်းသာသွားခဲ့ကြသည်။အမှန်တော့ သူတို့သည်ယနေ့တိုက်ပွဲ၌ ကြီးမားသောအခန်းကဏ္ဍ၌မပါဝင်ခဲ့၍ ဆုရရှိရန်ထိုက်တန်မှုမရှိကြောင်း လူတိုင်းယူဆခဲ့ကြသည်။ရှောင်ယုသည် ကြံ့ချိုအားဤအတိုင်းပေးအပ်သည်ကပင် ဆရာနှင့်ကျောင်းသားအားလုံးကို မျက်နှာသာပေးခဲ့ပြီးဖြစ်သည်။သို့ဖြစ်ရာ ကျောင်းသားတစ်ဦးစီကို ရွှေပြား၁၀၀၀စီပေးအပ်ခြင်းက အလွန်ကောင်းမွန်နေပြီဖြစ်သည်။
အကယ်၍ ရှောင်ယုကသာဘာမှမပေးဟု ဆုံးဖြတ်ထားလျင်တောင် သူတို့ကစောဒကတက်မည်မဟုတ်ပေ။ဤတောင်တန်း၌ သွားလာနေစဉ်ကာလတလျှောက် သူတို့သည်ရှောင်ယု၏အကာအကွယ်ကိုသာ အားကိုးခဲ့ရသည်။
အမှန်တော့ ရှောင်ယုသည် သူ၏နယ်မြေကိုလှည့်ပတ်နိုင်ရင် ရွှေပြားများစွာကိုထုတ်ယူပြီး အလားအလာရှိသော မှော်ဆရာများနှင့်သူရဲကောင်းများစွာကို သူ၏နယ်မြေထံခေါ်ယူလိုနေခဲ့သည်။ယခုလိုအရည်အချင်းရှိသူများကို တစုတဝေးတည်းမြင်တွေ့ရသည့်အခြေအနေသည် အနည်းငယ်ရှားပါးပေသည်။
ရှောင်ယုသည် ကြံ့ကြီး၏အလောင်းကို သိုလှောင်လက်စွပ်အတွင်းသို့ ထည့်သွင်းကာ အမှောင်မြို့တော်၏တည်နေရာကို ဆက်လက်ရှာဖွေနေခဲ့သည်။
မှော်နှင့်သူရဲကောင်းကျောင်းတော်မှ ကျောင်းသားများသည် ရှောင်ယု၏နောက်တွင် သက်တောင့်သက်သာအနေအထားဖြင့် ရှိနေခဲ့သည်။သူတို့သည် အန္တာရယ်နှင့်မကြုံတွေ့ရသလို အရသာရှိသောအစားအသောက်များကိုလည်း နေ့စဉ်စားသောက်ရသည်။ဤခရီးစဉ်သည် ပျော်ပွဲစားထွက်နေသလိုပင်ဖြစ်နေခဲ့သည်။ကျောင်းသားအများစုသည် ဘွဲ့ရရှိပြီးပါက ရှောင်ယုနှင့်ပူးပေါင်းရန် စတင်စဉ်းစားနေပြီဖြစ်သည်။အကယ်၍ သူတို့၏သခင်သည် တန်ခိုးအာဏာကြီးမားကာ အလားအလာကောင်းများရှိသူဖြစ်ပါက သူတို့၏အနာဂတ်သည်တောက်ပနေတော့မှာဖြစ်သည်။
...
မြေပုံပေါ်ရှိလမ်းညွန်ချက်များအရဆိုလျှင် သူတို့သည် အမှောင်မြို့တော်သို့ရောက်ရှိသင့်ပြီဖြစ်သော်လည်း ယခုထိတိုင်မြို့တော်ကိုရှာမတွေ့သေးပေ။တစ်ချိန်တည်းမှာပင် မြေပုံသည်အတုဖြစ်သည်ဟု ရှောင်ယုသံသယဖြစ်လာခဲ့သည်။သို့သော်လည်း ဤမြေပုံသည်အတိတ်မှလုပ်ကြံသတ်ဖြတ်သူတစ်ဦးပြုလုပ်ခဲ့သည့် စစ်မှန်သောမြေပုံဖြစ်ကြောင်း ဆရာကြီးအယ်လ်မာက အတည်ပြုခဲ့သည်။လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ကျော်ခန့်က ကောင်းကင်လျှောက်လှမ်းသူဟု အမည်တွင်သည့် လုပ်ကြံသူသည် ဤမြေပုံအားရေးဆွဲခဲ့သူဖြစ်သည်။
ထိုလုပ်ကြံသူသည် အခြားသူများကိုလုပ်ကြံသတ်ဖြတ်ရခြင်းထက် စွန့်စားခန်းများနှင့် အပျက်အစီးများအားရှာဖွေရသည်ကိုသာ သဘောကျနှစ်သက်သူဖြစ်သည်။သူသည် အပျက်အစီးများကိုစူးစမ်းရှာဖွေလေ့လာပြီး အနာဂတ်မျိုးဆက်သစ်များ ဆက်လက်ရှာဖွေနိုင်ရန် မြေပုံများအားကိုရေးဆွဲရင်း သူ့ဘဝ၏အချိန်အများစုကို ကုန်ဆုံးခဲ့သည်။သို့သော်လည်း ထိုမြေပုံအားလုံးက်ိုရှာဖွေရန်အတွက် ရည်မှန်းထားသူကိုစောင့်မျှော်ရန် မြေပုံအားလုံးက်ို နေရာများစွာ၌ကွယ်ဝှက်ထားခဲ့သည်။
အမှန်တော့ လူတိုင်းအသုံးပြုနေသော မြေပုံသည်တစ်ဝက်သာရှိကာ ကျန်တစ်ဝက်သည် ကြွက်များ၏ဖျက်ဆီးခြင်းကိုခံလိုက်ရသည်။အမှောင်မြို့တော်အပြင် အန်ကာဂန်တောင်တန်းများ၌ စွန့်စားသူများကိုအရူးအမူးဖြစ်စေသော အခြားရတနာများစွာရှိကောင်းရှိနေနိုင်သည်။
"မြေပုံရဲ့ အခြားတစ်ဝက်က ဘယ်ရောက်နေတာလဲ"
ရှောင်ယုသည်ထိုအကြောင်းကို သိသိချင်းအံ့သြသွားခဲ့သည်။အန်ကာဂန်တောင်တန်းသည် ရတနာများနှင့်ပြည့်နှက်နေသည်ဟု ဒဏ္ဍာရီများစွာရှိခဲ့သည်။သို့သော်လည်း အလွန်အန္တာရယ်များပြားသောကြောင့် မည်သူတစ်ဦးတစ်ယောက်ကမှ တောင်တန်းအနက်ပိုင်းထိမဝင်ရောက်ဝံ့ကြပေ။ထိုအထဲတွင် အောစ့်များ၊နတ်သူငယ်များပင်နေထိုင်သည်ဟု ကောလဟာလများရှိကြသည်။
ရှောင်ယုသည် လမ်းတလျှောက်တွင် တွေ့ကြုံခဲ့ရသော သားရဲများ၏အလောင်းကို မစွန့်လွှတ်ခဲ့ပေ။သူတို့သည် အမှောင်မြို့တော်ဝင်ပေါက်ကိုရှာမတွေ့ခဲ့သော်လည်း လက်ဗလာဖြင့်ပြန်သွားရမည်ဟု မဆိုလိုခဲ့ပေ။
ရှောင်ယု၏နည်းဗျူဟာများ၊အားကောင်းသော လက်နက်များနှင့်စစ်သည်များကြောင့် ရှောင်ယုတို့သည် သားရဲများစွာကိုသတ်ဖြတ်နိုင်ခဲ့သည်။အားကောင်းသည့်သားရဲများသည် တစ်ကောင်ပြီးတစ်ကောင်သေဆုံးနေသည်ကိုကြည့်ကာ ကျောင်းသားများ၏သွေးများ ပွက်ပွက်ဆူလာခဲ့ရသည်။ထို့ပြင် သူတို့ဘက်မှလုံးဝအသေအပျောက်မရှိသည်မှာ အံ့ဖွယ်ဖြစ်နေပြီဖြစ်သည်။
မည်သို့ပင်ဆိုစေ ရှောင်ယုသည် ပဥ္စမသို့မဟုတ် ဆဌမအဆင့်သားရဲတစ်ကောင်က်ိုရင်ဆိုင်ရပါက သူတို့အားကျော်ဖြတ်လှည့်ထွက်သွားမည်ဖြစ်သည်။သူသည် ထိုအဆင့်အန္တာရယ်ကို ကောင်းစွာရင်ဆိုင်နိုင်စွမ်းမရှိပေ။အကယ်၍ သူ့ဘေးနားတွင်သီအိုဒိုးအဆင့်ရှိသော မှော်ဆရာတစ်ယောက်ရှိနေမည်ဆိုပါက သူသည်ထိုသားရဲများကိုကျိန်းသေပေါက်သတ်ဖြတ်မည်ဖြစ်သည်။
လမ်းတလျှောက်တွင် သားရဲများစွာကိုသတ်ဖြတ်ခြင်းက သူရဲကောင်းအနည်းငယ်အား အဆင့်တက်စေခဲ့သည်။
အန်တိုနီဒက်စ်သည် အဆင့်၂၀သို့ရောက်ရှိသွားသည့် ပထမဆုံးသူရဲကောင်းဖြစ်သည်။ထို့ပြင် သူရရှိနိုင်သည့်အားကောင်းသောကျွမ်းကျင်မှုအချို့လည်း ထွက်ပေါ်လာခဲ့သည်။
ရေခဲလှံတံ (အဆင့်၅ထိမြင့်တင်နိုင်သည်)
- မှော်ဆရာသည် ရေခဲလှံကိုစုစည်း၍ပစ်လွှတ်နိုင်သည်။လှံတံသည် ပစ်မှတ်များစွာကို ဖြတ်ကျော်နိုင်ကာ အဆင့်တစ်ခုတက်သွားတိုင်းတွင် ရေခဲလှံ၏စွမ်းအားသည် ၂၅ရာခိုင်နှုန်းတိုးမြင့်လာမည်ဖြစ်သည်။
ရေခဲချပ်ဝတ် (အဆင့်၃ထိမြင့်တင်နိုင်သည်)
- မှော်ဆရာသည် သူ၏ခုခံကာကွယ်မှုကိုမြင့်တင်ရန်အတွက် ရေခဲချပ်ဝတ်တန်ဆာအား ထုတ်ဖော်နိုင်သည်။ဤရေခဲချပ်ဝတ်တန်ဆာသည် ရန်သူ၏လှုပ်ရှားမှုအမြန်နှုန်းကို လျော့ချပေးနိုင်သည်။
မန္တန်သခင် (အဆင့်၃ထိမြင့်တင်နိုင်သည်)
- မှော်ဆရာသည် မှော်ပညာကို ထုတ်ဖော်နိုင်သည့်အမြန်နှုန်းနှင့်စွမ်းအားကို တိုးမြင့်ပေးနိုင်သည်။ထို့ပြင် မှော်ပညာအားပိုမ်ိုနက်ရှိင်းစွာ ထိုးထွင်းသိမြင်နားလည်လာနိုင်သည်။စဉ်ဆက်မပြတ်သုတေသနများလုပ်ဆောင်ခြင်းသည် မှော်ဆရာတစ်ယောက်၏စွမ်းအားကိုအားကောင်းလာစေမည့် ရှည်လျားသောလုပ်ငန်းစဉ်တစ်ခုဖြစ်သည်။မှော်ဆရာသည် သူ၏ကိုယ်ပိုင်မှော်မန္တန်များကိုပင် ဖန်တီးနိုင်စွမ်းရှိသည်။
ရှောင်ယုသည် ကျွမ်းကျင်မှုအသစ်များကို မြင်တွေ့ချိန်တွင် စိတ်လှုပ်ရှားသွားခဲ့ကြသည်။ရေခဲလှံတံသည် ကြီးမားသောသားရဲများကို သတ်ဖြတ်ရန် ပြီးပြည့်စုံသောလှုပ်ရှားမှုဖြစ်၍ ၎င်းတွင်ကျွမ်းကျင်မှတ်များအားထည့်ပေါင်းပေးခြင်းသည် ကောင်းမွန်သောရွေးချယ်မှုဖြစ်သည်။ရေခဲချပ်ဝတ်သည် မှော်ဆရာတစ်ယောက်၏ ဘေးကင်းမှုအတွက်နောက်ထပ်အကာအကွယ်အလွှာဖြစ်ကာ အန်တိုနီဒက်စ်၏ခုခံမှုကို နောက်တစ်ဆင့်သ်ို့တိုးမြင့်ပေးနိုင်သည်။ထို့ပြင် ရေခဲချပ်ဝတ်ကိုအဆင့်မြင့်တင်နိုင်ကာ ရန်သူ၏လှုပ်ရှားမှုနှုန်းအား နှေးကွေးစေနိုင်သည်။အကယ်၍သူသာ စစ်မြေပြင်၌လေလမ်းလျှောက်ခြင်းနှင့် ရေခဲချပ်ဝတ်ကိုပူးတွဲအသုံးပြုပါက အလွန်ထိရောက်မှုရှိမှာဖြစ်သည်။
အံ့သြစရာအကောင်းဆုံးမှာ မန္တန်သခင်ဖြစ်သည်။ထိုကျွမ်းကျင်မှုသည် အန်တိုနီဒက်စ်အား အဆင့်သစ်တစ်ခုသို့ရောက်ရှိစေနိုင်သည်။အန်တိုနီဒက်စ်သည် ရှေးခေတ်အချိန်၏ အကြီးမြတ်ဆုံးမှော်သခင်တစ်ဦးဖြစ်ရာ ဤကဲ့သို့သောကျွမ်းကျင်မှုများကို ပိုင်ဆိုင်ထားခြင်းသည် မျှတပေသည်။
အခန်း ၁၇၃ - အောစ့်များကိုရှာတွေ့ခြင်း
တိုင်ရန်ဒီသည် အဆင့်၂၀သို့ရောက်ရှိသွားသည့် ဒုတိယအဆင့်သူရဲကောင်းဖြစ်သည်။သူမသည် ကြံ့ကြီးနှင့်အခြားအဆင့်မြင့်သားရဲများအား သတ်ဖြတ်ရာတွင် ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။သူမသည် မြှားတစ်စင်းတည်းဖြင့် ရန်သူများကိုသတ်ဖြတ်နိုင်သလို အဆင့်နိမ့်သားရဲများကိုလည်း ကြီးမားသောထိခိုက်မှုဖြစ်ပေါ်စေရန် မြှားမိုးရွာသွန်းနိုင်သည်။သို့ဖြစ်ရာ သူမ၏ရမှတ်များသည် အခြားသောသူရဲကောင်းများထက် ပိုမိုများပြားလာခဲ့ပြီး သူမသည်လည်းလျင်မြန်စွာအဆင့်တက်သွားခဲ့သည်။
အဆင့်တက်ပြီးနောက်တွင် တိုင်ရန်ဒီထံ၌ ကျွမ်းကျင်မှုအသစ်၄ခုရရှိလာခဲ့သည်။
သေခြင်း၏ အမှတ်အသားပြုခြင်း (အဆင့် ၃ ထိမြင့်တင်နိုင်သည်)
- လေးသမားသည် ပစ်မှတ်အပေါ်၌ သေခြင်းအမှတ်အသားကိုပြုလုပ်နိုင်ကာ ပစ်မှတ်အား ဒဏ်ရာရနိုင်ခြေ ၁၀ရာခိုင်နှုန်းနှင့် ထိခိုက်ပျက်စီးမှု ၅ရာခိုင်နှုန်းပိုမိုဖြစ်ပေါ်စေသည်။ထို့ပြင် လေးသမားသည် အမှတ်အသားပြုလုပ်ခံထားရသည့် ပစ်မှတ်အားအလွယ်တကူခြေရာခံနိုင်သည်။အဆင့်တစ်ခုတက်တိုင်း ပစ်မှတ်အားထိမှန်နိုင်ခြေ ၁၀ရာခိုင်နှုန်းနှင့် ပစ်ချက်တစ်ချက်စီတွင် ထိခိုက်မှု၅ရာခိုင်နှုန်းတိုးမြင့်လာမည်ဖြစ်သည်။
ရေခဲထောင်ချောက် (အဆင့် ၃ ထိမြင့်တင်နိုင်သည်)
- လေးသမားသည် အချို့သောနေရာများ၌ ထောင်ချောက်တစ်ခုကို နေရာချထားနိုင်သည်။ထိုထောင်ချောက်အားထိမှန်သောရန်သူသည် ရေခဲများဖုံးလွှမ်းသွားကာ ရွေ့လျားမှုအရှိန်နှုန်းသိသိသာသာလျော့ကျသွားမည်ဖြစ်ပြီး ရန်သူအားအချိန်ခဏကြာအေးခဲသွားစေမှာဖြစ်သည်။
သားရဲခြေရာကောက်သူ (အဆင့်၁)
- လေးသမားသည် အချင်းဝက်၁၀မိုင်အတွင်းရှိ သားရဲများအားခြေရာခံနိုင်စွမ်းရှိသည်။
မြွေဟောက်အဆိပ်ဆူး (အဆင့် ၃ ထိမြင့်တင်နိုင်သည်)
- ပစ်လွှတ်လိုက်သော မြှားတံများတွင် ရန်သူအားတစ်စက္ကန့်လျှင် ထိခိုက်မှု ၂၅၈ကိုဖြစ်ပေါ်စေသည့် ထပ်ဆောင်းထိခိုက်မှုပါဝင်မည်ဖြစ်သည်။
ထိုကျွမ်းကျင်မှု ၄ခုလုံးသည် အလွန်လက်တွေ့ကျသည့် ကျွမ်းကျင်မှုများဖြစ်သည်။အထူးသဖြင့် သားရဲခြေရာကောက်သူနှင့် သေခြင်းအမှတ်အသားတို့သည် အလွန်အသုံးဝင်ပေသည်။သားရဲခြေရာကောက်သူသည် အန်ကာဂန်တောင်တန်းနယ်မြေ၌ အစွမ်းထက်သည့်ကျွမ်းကျင်မှုဖြစ်သည်။ထိုကျွမ်းကျင်မှုဖြင့် သူတို့အဖွဲ့သည် တောင်တန်းများအတွင်းရှိ သားရဲများအားရှာဖွေတွေ့ရှိနိုင်သလို အဆင့်မြင့်သားရဲများကိုလည်း ရှောင်ရှားနိုင်သည်။
ယခင်က ရှောင်ယုသည် သူ့အားလာရောက်လုပ်ကြံမယ့် လုပ်ကြံသူများကိုအချိန်ပြည့်စိုးရိမ်နေခဲ့ရသည်။တိုင်ရန်ဒီသည် လုပ်ကြံသူများကိုအမှတ်အသားပြုရန်အတွက် သေခြင်းအမှတ်အသားကိုအသုံးပြုနိုင်သည်။သို့ဖြစ်ရာ သူ့အားလာရောက်လုပ်ကြံသူများသည် ပြန်ထွက်ပြေးနိုင်စရာ အကြောင်းမရှိပေ။ခဏကြာစဉ်းစားပြီးနောက်တွင် ရှောင်ယုသည် သေမင်းအမှတ်အသားနှင့်သားရဲခြေရာကောက်သူတို့၌ ကျွမ်းကျင်မှတ်များပေါင်းထည့်ပေးခဲ့သည်။
ဓားသခင်သည် အဆင့်၂၀သို့ရောက်ရှိပြီးနောက်တွင် ကျွမ်းကျင်မှု၃ခုအား ရရှိလာခဲ့သည်။
အဆင့်မြင့် အန္တိမခုတ်ပိုင်းချက် (အဆင့် ၃ ထိမြင့်တင်နိုင်သည်)
- ဓားသခင်သည် ပစ်မှတ်နောက်သို့ လျင်မြန်စွာရွေ့လျားနိုင်မည်ဖြစ်ကာ အန္တိမခုတ်ပိုင်းချက်နှစ်ခုကို အလွန်လျင်မြန်စွာပြုလုပ်လိုက်မည်ဖြစ်သည်။အဆင့်၁ခုတက်သွားတိုင်း ဖော်ထုတ်နိုင်သောအန္တိမခုတ်ပိုင်းချက် အရေအတွက်သည် ၂ခုတိုးမြင့်လာမည်ဖြစ်သည်။
သွေးစိတ်ရိုင်းဝင်ခြင်း (အဆင့် ၃ ထိမြင့်တင်နိုင်သည်)
- ဓားသခင်သည် သူ၏တိုက်ခိုက်မှုအမြန်နှုန်းကို ၁၀ရာခိုင်နှုန်းတိုးမြင့်လိုက်မည်ဖြစ်ကာ စိတ်ရိုင်းဝင်နေသောအခြေအနေသို့ ရောက်ရှိသွားမည်ဖြစ်သည်။ထို့ပြင် သူ၏တိုက်ခိုက်မှုကြောင့် ရရှိလာသည့်ဒဏ်ရာများမှ သွေးများအဆက်အပြတ်ယိုစီးလာမည်ဖြစ်သည်။အဆင့်၁ခုတက်တိုင်း တိုက်ခိုက်မှုအမြန်နှုန်း ၁၀ရာခိုင်နှုန်းတိုးမြင့်လာမည်ဖြစ်သည်။
ဓားနှင့်လူတသားတည်းဖြစ်ခြင်း (အဆင့် ၅ ထိမြင့်တင်နိုင်သည်)
- ဓားသခင်သည် ဓားကိုအသုံးပြုခြင်းအား ပိုမိုနက်ရှိင်းစွာနားလည်လာမည်ဖြစ်သည်။ဓားသခင်၏ဓားစွမ်းရည်နှင့် သူ၏တိုက်ခိုက်နိုင်စွမ်းသည် အဆင့်တစ်ခုတက်တိုင်း တိုးမြင့်လာမည်ဖြစ်သည်။
ထိုကျွမ်းကျင်မှု၃ခုအား တွေ့မြင်လိုက်ချိန်တွင် ရှောင်ယု၏မျက်လုံးသည် အရောင်တောက်သွားခဲ့သည်။အဆင့်မြင့်အန္တိမခုတ်ပိုင်းချက်သည် အလွန်စွမ်းအားကြီးကာ ဂရင်းသည်ရန်သူနောက်ကွယ်၌ ရုတ်တရက်ထွက်ပေါ်လာပြီး အန္တိမခုတ်ပိုင်းချက်နှစ်ခုကိုထုတ်ဖော်မှာဖြစ်သည်။ထိုကျွမ်းကျင်မှုသည် အဆင့်၃ထိရောက်လာချိန်တွင် အန္တိမခုတ်ပိုင်းချက် ၆ခုကိုထုတ်ဖော်နိုင်မှာဖြစ်သည်။အန္တိမခုတ်ပိုင်းချက် ၆ခုကိုခုခံနိုင်မည့်သူသည် အဆင့်တူထဲ၌မရှိသလောက်ရှားပါးပေသည်။
ထို့ပြင် တိုက်ခိုက်မှုအမြန်နှုန်းကို တိုးမြင့်ပေးနိုင်သည့် သွေးစိတ်ရိုင်းဝင်ခြင်းကျွမ်းကျင်မှုသည်လည်း ကောင်းမွန်ပေသည်။ဓားသခင်၏နောက်ဆုံးကျွမ်းကျင်မှုသည် အန်တိုနီဒက်စ်၏ မှော်သခင်အစွမ်းနှင့်တူညီပေသည်။၎င်းသည် ဂရင်း၏အလုံးစုံစွမ်းအားကိုမြင့်တင်ပေးရန် အလွန်သင့်တော်ကာ ဂရင်း၏တိုက်ခိုက်မှုများအားလုံးက်ို အဆင့်၁ခုရောက်သည်ထိမြင့်တင်ပေးမည်ဖြစ်သည်။ရှောင်ယုသည် အဆင့်မြင့်အန္တိမခုတ်ပိုင်းချက်၌ ကျွမ်းကျင်မှတ်၂ခုကိုချက်ချင်းပေါင်းထည့်လိုက်သည်။
ရက်ပေါင်းများစွာသတ်ဖြတ်အပြီးတွင် ခိုင်ရင်းသည်အဆင့်၁၈သို့ရောက်ရှိခဲ့သည်။ရှောင်ယုသည် ခိုင်ရင်း၏အနီးကပ်တိုက်ခိုက်ရေးအစွမ်းကို မြင့်တင်ပေးလိုသည့်အတွက်ကြောင့် လက်နက်အထူးပြုခြင်း၌ ကျွမ်းကျင်မှတ် ၂ခုထည့်ပေါင်းပေးခဲ့သည်။သရောလ်သည် အဆင့်၁၈သို့ရောက်ရှိသွားပြီးနောက်တွင် အဝေးမြင်ကွင်း၌ ကျွမ်းကျင်မှတ် ၂မှတ်နှင့် ကမ္ဘာမြေဒိုင်း၌ ၁မှတ်ပေါင်းထည့်ပေးခဲ့သည်။အဝေးမြင်ကွင်းသည် အလွန်ထူးဆန်းသောအရံကျွမ်းကျင်မှုတစ်ခုဖြစ်သော်လည်း အဆင့်၅ထိမြင့်တင်နိုင်သည့် ကျွမ်းကျင်မှုတစ်ခုသည် ပေါ့ပေါ့သေးသေးမဖြစ်နိုင်ပေ။စနစ်သည် အကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ ဤသို့ကျွမ်းကျင်မှတ်များစွာကို တောင်းဆိုမည်မဟုတ်ကြောင်း ရှောင်ယုယုံကြည်မှုရှိပေသည်။ဤနေရာတွင် ကြီးမားသည့်လျှို့ဝှက်ချက်ရှိရမည်။
ရှောင်ယုကိုယ်တိုင်သည်လည်း မရေမတွက်နိုင်သောအဆင့်မြင့်သားရဲများကိုသတ်ဖြတ်ရာတွင် သူ၏တပ်သားများကိုအမိန့်ပေးခဲ့၍ အဆင့်၁၈သို့ရောက်ရှိခဲ့သည်။တတိယနှင့်စတုတ္ထအဆင့်ကဲ့သို့ အဆင့်မြင့်သားရဲများကိုသတ်ဖြတ်ခြင်းမှ ရရှိလာသည့်ရမှတ်များသည် စစ်မြေပြင်၌တိုက်ခိုက်သည်ထက် များစွာသာလွန်နေခဲ့သည်။ဤနေရာတွင် ခေါင်းဆောင်များနှင့်ယှဉ်နိုင်သည့် အဆင့်မြင့်သားရဲများကို သတ်ဖြတ်၍ရလာသော ရမှတ်များသည် ပိုမိုများပြားကြောင်း ရှောင်ယုမသိခဲ့ပေ။
ရှောင်ယုသည် အဆင့်၁၈သို့ရောက်သောအခါ အသုံးပြုရန် ကျွမ်းကျင်မှတ်၄ခုရရှိလာခဲ့သည်။ထို့ကြောင့်သူသည် အဆင့်မြင့်အန္တိမခုတ်ပိုင်းချက်၌ ကျွမ်းကျင်မှတ်၃ခုနှင့် ရေခဲချပ်ဝတ်၌ကျွမ်းကျင်မှတ်၁မှတ် အသီးသီးပေါင်းထည့်သင်ယူခဲ့သည်။
"ဟားဟားဟား...ခုငါ့ဆီမှာ ဘုရားကျောင်းအကာအကွယ်၊ရေခဲအတားအဆီးနဲ့ရေခဲချပ်ဝတ်ရှိတယ်...ဒီသခင်လေးကိုဘယ်သူကလာထိနိုင်မလဲ စောင့်ကြည့်ရအောင်"
ရှောင်ယုသည် သူ၏ခုခံကာကွယ်မှုအပေါ် ဂုဏ်ယူဝင့်ကြွားနေခဲ့သည်။
...
...
သူတို့အဖွဲ့သည် ယခုအချိန်ထိ အမှောင်မြို့တော်ကိုရှာတွေ့ခြင်းမရှိသေးသော်လည်း ရှောင်ယုသည်စိတ်မပူခဲ့ပေ။ယင်းအစား သူတို့သည် အန်ကာဂန်တောင်တန်းများအတွင်း လှည့်လည်သွားလာ၍ ဘယ်ညာနှစ်ဖက်လုံးရှိ သားရဲများကိုသတ်ဖြတ်နေခဲ့သည်။သူတို့သည် တောင်တန်းအနက်ပိုင်းသို့ဝင်ရောက်လာသည်နှင့်အမျှ စွန့်စားသူများပိုမိုနည်းပါးလာခဲ့သည်။စွမ်းအားကြီးမားသည့် စွန့်စားသူအဖွဲ့အချို့သည်သာ ဤနေရာများ၌ ကျင်လည်စွာကျက်စားနိုင်ခဲ့သည်။အခြားသူများသာဆိုလျှင် နတ်ဆိုးသားရဲများ၏အစားအစာဖြစ်သွားခြင်း သို့မဟုတ် စွန့်စားသူအချင်းချင်းသတ်ဖြတ်ခံရခြင်းတို့ ဖြစ်လာနိုင်၍ အပြင်ဘက်၌သာရှာဖွေသွားလာခဲ့ကြသည်။
ဆရာကြီးအယ်လ်မာသည် ရှိုင်းယားမြို့မှော်နှင့်သူရဲကောင်းအကယ်ဒမီမှ ဆရာများနှင့်ကျောင်းသားများကို စုစည်းရန်အတွက် ထူးဆန်းသောမှော်ပစ္စည်းတစ်ခုအား အသုံးပြုနေခဲ့သည်။ကိစ္စများစွာကြုံတွေ့အပြီးတွင် အန်ကာဂန်တောင်တန်းများ၌ ခိုအောင်းနေသောအန္တာရယ်များသည် သူတို့မျှော်လင့်ထားသည်ထက် များစွာကျော်လွန်နေကြောင်း နားလည်သွားခဲ့ကြသည်။
ရှောင်ယုသည် ဤကျောင်းသားများကို ကူညီပေးရန် အစွမ်းကုန်ကြိုးစားခဲ့သည်။ဤသည်မှာ ခြင်္သေ့နယ်မြေအပေါ်၌ သူတို့၏ထင်မြင်ချက်များကို ကောင်းမွန်လာစေမယ့် အလွန်ကြီးမားသောအခွင့်အရေးဖြစ်သည်။ရှောင်ယု၏ အသေအပျောက်မရှိဘဲ သားရဲများအားသတ်ဖြတ်သည့်နည်းဗျူဟာကို မြင်တွေ့ရချိန်တွင် အံ့သြသွားခဲ့ကြသည်။အောစ့်စစ်သည်များသည် ရက်စက်ကြမ်းကြုတ်လှပါသည်ဆိုသော နတ်ဆိုးသားရဲများအား အလွယ်တကူသတ်ဖြတ်နေသည့်မြင်ကွင်းကိုကြည့်ပြီး သူတို့၏နှလုံးသားများတုန်ခါသွားခဲ့ရသည်။
အောစ့်စစ်သည်များ အသုံးပြုသည့်လမင်းပစ်ခတ်သူများသည် အလွန်အဖျက်စွမ်းအားပြင်းထန်လှကာ လမင်းပစ်ခတ်သူများ၏ပစ်ခတ်မှုအောက်တွင် အသက်ရှင်နေထိုင်နိုင်မည့် မှော်ဆရာနှင့်သူရဲကောင်းများအကြောင်း သူတို့မတွေးမိခဲ့ကြပေ။လက်ရွေးစင်နတ်သူငယ်လေးသမားများနှင့် အောစ့်စစ်သည်များနှင့်နှိုင်းယှဉ်ကြည့်ပါက သူတို့သည်အသက်၁၀နှစ်အရွယ် ကောင်လေးများနှင့်တူသည်ဟုပင် ခံစားခဲ့ရသည်။
ကျောင်းသားများသည် ရှောင်ယုတို့အဖွဲ့နှင့်အတူ သားရဲများကိုတိုက်ခိုက်ရင်း တဖြည်းဖြည်းရင့်ကျက်လာကြသည်။ရှောင်ယုအသုံးပြုသော နည်းဗျူဟာများသည် အကယ်ဒမီ၌သူတို့သင်ကြားခဲ့ရသည့် နည်းဗျူဟာများနှင့်များစွာကွာခြားကြောင်း သိမြင်လာကြသည်။ထိုအခါ ရှောင်ယုအပေါ်ထားရှိသော သူတို့၏အမြင်သည်နောက်ထပ်တစ်ကြိမ်ပြောင်းလဲသွားခဲ့သည်။ရှောင်ယုသည် စွမ်းအားကြီးရုံသာမက ညဏ်ရည်လည်းထက်မြက်ပေရာ ရှောင်ကျန်းထျန်၏သားဖြစ်ရန်ထိုက်တန်ပေသည်။
သို့သော်လည်း ရှောင်ယု၏တွေးခေါ်ပုံသည် လုံးဝကွဲပြားကာ ရှောင်ကျန်းထျန်နှင့်ဆက်စပ်မှုမရှိကြောင်း သူတို့မသိခဲ့ကြပေ။
...
...
ရှောင်ယုတို့အဖွဲ့သည် အန်ကာဂန်တောင်တန်းများဆီ ဝင်ရောက်လာသည်မှာ တစ်ပတ်ကျော်ကြာမြင့်နေပြီဖြစ်သော်လည်း အမှောင်မြို့တော်၏အဝင်ဝကို ယခုထိတိုင်မတွေ့ရသေးပေ။အန်ကာဂန်တောင်တန်းအတွင်း၌ အမှောင်မြို့တော်အားရှာဖွေခြင်းသည် ကောက်ရိုးပုံအတွင်း၌အပ်ရှာသလိုဖြစ်နေခဲ့သည်။
ဤခရီးစဉ်သည် ကျောင်းသားများကိုလက်တွေ့အတွေ့အကြုံရရှိလာစေရန် ရည်ရွယ်သောကြောင့် ရက်အနည်းငယ်အကြာတွင် ခရီးစဉ်အားအဆုံးသတ်ရန် စီစဉ်ခဲ့ကြသည်။
ထိုနေ့တွင် ရှောင်ယုသည်စွန့်စားသူအုပ်စုတစ်ခုနှင့် တွေ့ဆုံခဲ့သည်။ထိုအဖွဲ့တွင် လူပေါင်း၃၀ကျော်ရှိကာ သူတို့၏ပျမ်းမျှခွန်အားသည် တတိယအဆင့်သို့မဟုတ် ထိုထက်ပိုလေသည်။ဤအဖွဲ့သည် အလွန်တောင့်တင်းခိုင်မာသော စွမ်းအားရှိသည့်အဖွဲ့ဖြစ်သည်။ထိုသို့မဟုတ်ပါက အန်ကာဂန်တောင်တန်းအနက်ပိုင်း၌ ကျင်လည်ကျက်စားနိုင်မည်မဟုတ်ပေ။
ရှောင်ယုကိုမြင်သောအခါ ထိုစွန့်စားသူများသည် မေးစေ့များကိုပင့်မြောက်လိုက်ကြပြီး တစ်စုံတစ်ခုကိုထုတ်ဖော်ပြသလိုက်ကြသည်။
"မြို့စားရှောင်...မင်းတစ်ယောက်တည်းမှာပဲ အောစ့်ကျွန်တွေရှိနေတာမဟုတ်ဘူး...ငါတို့လည်းသဲလွန်စတွေကို လိုက်ရှာခဲ့ပြီးတော့ အနီးအနားမှာရှိတဲ့အောစ့်မျိုးနွယ်စုတစ်ခုကို ရှာတွေ့ခဲ့တယ်...ခုသူတို့ကိုဖမ်းလာခဲ့ပြီ...ဟားဟား"
ရှောင်ယုသည် ထိုစွန့်စားသူများအားလုံးကို ခြင်္သေ့မြို့၌တွေ့ဖူးခဲ့သည်။ထိုအချိန်တွင် ရှောင်ယု၏နောက်ကွယ်တွင် အောစ့်စစ်သည်များစွာရှိကာ လှံပစ်စက်များစွာကို ထောက်ပံ့ပေးထား၍ ထိုစွန့်စားသူများသည်ရှောင်ယုအား မဆန့်ကျင်ဝံ့ကြပေ။ယခုအခါ သူတို့သည်အောစ့်ကျွန်များကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ထုတ်ဖော်ပြသလာကြသည်။
ရှောင်ယုသည် ကြိုးတုပ်ခံထားရသောအောစ့်များကိုကြည့်ကာ သူ၏အကြည့်များသည် ချက်ချင်းအေးစက်သွားခဲ့ပြီး ထိုစွန့်စားသူအား အမိန့်ပေးလိုက်သည်။
"သူတို့ကိုခုချက်ချင်းလွတ်လိုက်..."
အခန်း ၁၇၄ - ကြီးမြတ်သောတိုတမ်
ရှောင်ယု၏အမိန့်ကိုကြားသောအခါ စွန့်စားသူသည် မျက်မှောင်ကြုတ်မိလိုက်သည်။
"မြို့စားရှောင်...မင်းကဘာကိုဆိုလိုချင်တာလဲ"
ရှောင်ယုသည် သူ၏လက်ချောင်းများကိုဝှေ့ယမ်းလိုက်ရာ အောစ့်များက လှံပစ်စက်များကို စွန့်စားသူများထံချိန်ရွယ်လိုက်၍ သူတို့၏မျက်နှာ်အမူအရာသည် လုံးဝပြောင်းလဲသွားခဲ့သည်။
ရှောင်ယုက အေးစက်သောလေသံဖြင့်ဆက်ပြောလိုက်သည်။
"အောစ့်တွေကို လွတ်လိုက်လို့ငါပြောနေတယ်"
စွန့်စားသူများ၏ခေါင်းဆောင်ဖြစ်ဟန်ရသူသည် ရှောင်ယုကိုကြည့်လိုက်ကာ ဂုဏ်မောက်နေသောလေသံဖြင့်ပြောလိုက်သည်။
"မြို့စားရှောင်ယု...အန်ကာဂန်တောင်တန်းနယ်မြေကိုဝင်ခွင့်ရဖို့ ကတ်တွေကိုလိုတယ်လို့ မင်းကိုယ်တိုင်ပြောခဲ့တယ်မလား...ခုငါတို့ကအောစ့်တွေကိုဖမ်းမိခဲ့တာမလို့ ဒါကငါတို့ရဲ့အပိုင်ပဲလေ...မင်းကဘာဖြစ်ချင်နေတာလဲ"
ရှောင်ယုသည် အောစ့်များကိုတစ်ချက်ကြည့်ကာ ပြန်ဖြေလိုက်သည်။
"ဘာဖြစ်ချင်နေတာလဲဟုတ်လား...ဒီနေရာကငါ့ပိုင်နက်ဖြစ်ပြီး ငါကအောစ့်နဲ့နတ်သူငယ်တွေရဲ့ခေါင်းဆောင်ဖြစ်တယ်...ခုငါဘာကိုဆိုလိုတာလဲ နားလည်ကြပြီလား"
စွန့်စားသူခေါင်းဆောင်က ချက်ချင်းစောဒကတက်လိုက်သည်။
"မြို့စားရှောင်...မင်းနဲ့အတူရှိနေတဲ့အောစ့်တွေကိုမင်းပိုင်တယ်...ဒါပေမဲ့ဒီအောစ့်တွေကိုတော့ ငါတို့ကိုယ်တိုင်ဖမ်းမိခဲ့တာပဲ...အန်ကာဂန်တောင်တန်းရဲ့အောစ့်တွေအားလုံးက မင်းအပိုင်မဟုတ်ဘူး"
ရှောင်ယုသည် သူ၏မေးစေ့ကိုပင့်မြောက်ထားလိုက်သည်။
"မင်းပြောတာအမှန်ပဲ...အန်ကာဂန်တောင်တန်းမှာရှိနေတဲ့ အောစ့်နဲ့နတ်သူငယ်တွေအကုန်လုံးက ငါ့ရဲ့လက်အောက်ခံတွေပဲ..သူတို့နှစ်ယောက်ကိုကြည့် သူတို့ကအောစ့်မျိုးနွယ်စုရဲ့အကြီးအကဲတွေပဲ...သူတို့ကိုအောစ့်တွေနဲ့စကားပြောခိုင်းလိုက်...သူတို့ဟာအောစ့်တွေရဲ့အကြီးအကဲဖြစ်ပြီး ငါ့ရဲ့လက်အောက်ခံတွေမလို့ အောစ့်တွေအားလုံးရဲ့သခင်ဟာငါပဲ...သူတို့အားလုံးဟာငါ့ရဲ့ကာကွယ်ပေးမှုအောက်မှာရှိနေပြီး အဲ့ဒီအောစ့်တွေ ၊ နတ်သူငယ်တွေကိုထိလိုသူတိုင်းက ငါ့ရဲ့ရန်သူတွေပဲ"
ရှောင်ယုသည် အန်ကာဂန်တောင်တန်း၏အနက်ပိုင်းတွင် အောစ့်များကိုရှာတွေ့ရန် မမျှော်လင့်ထားခဲ့ပေ။အကယ်၍ သူသာသိခဲ့ပါက စွန့်စားသူများကိုကြိုတင်သတိပေးမည်ဖြစ်သည်။မည်သို့ပင်ဆိုစေကာမူ ရှောင်ယုသည် ရန်သူများကိုပိုမိုဖြစ်ပေါ်စေလျှင်တောင်မှ အောစ့်များကိုအရယူရမည်ဖြစ်သည်။ဤအရာမှာ သူ၏ကတိကဝတ်ဖြစ်ပြီး ထိုကတိကိုသရောလ်နှင့်ဂရင်းတို့ရှေ့မှောက်၌ သူပေးအပ်ခဲ့၍ဖြစ်သည်။
စွန့်စားသူများသည် သူတို့၏လက်နက်များကို ဆွဲထုတ်လိုက်ကြသော်လည်း ဂရင်းသည် ဧရာမဓားကြီးကိုဆွဲထုတ်လိုက်ကာ သူ၏အော်ရာများကိုထုတ်ဖော်လိုက်ပြီး စွန့်စားသူများကိုပြင်းထန်စွာစိုက်ကြည့်လိုက်သည်။ဂရင်းသည် အဆင့်၂၀သို့ရောက်ရှိခဲ့ပြီဖြစ်ကာ ဤကမ္ဘာ၏တတိယအဆင့်သူရဲကောင်းနှင့် တူညီသောအဆင့်သို့ရောက်ရှိနေခဲ့သည်။သူ၏ထူးကဲသောအရည်အချင်းနှင့် ကျွမ်းကျင်မှုများကြောင့် ဂရင်းသည် တတိယအဆင့်လူသား၁၀ဦး သို့မဟုတ်ထိုထက်ပိုသောပမာဏကို အလွယ်တကူရင်ဆိုင်နိုင်သည်။ဂရင်းသည် မျိုးနွယ်တူအချင်းချင်းအနိုင်ကျင့်ခံနေရသည်ကို မြင်ချိန်တွင် အလွန်ဒေါသထွက်နေခဲ့ပြီး ရှောင်ယုသာမဟန့်တားခဲ့ပါက ဤစွန့်စားသူအားလုံးက်ိုသတ်ဖြတ်ပစ်မည်ဖြစ်သည်။
"ဒါ...ဒါကတရားလွန်လွန်းတယ်..."
ရှောင်ယုသည် အင်အားသုံးစွက်ဖက်တော့မည်ဖြစ်ကြောင်း စွန့်စားသူခေါင်းဆောင်ကရိပ်မိလိုက်သည်။သူသည် အောစ့်စစ်သည်များက သူတို့အားလူသေများကဲ့သို့စိုက်ကြည့်နေသည်ကို သတိထားမိလိုက်ကာ သူတို့သာခုခံဝံ့ပါက ကျိန်းသေပေါက်သေဆုံးသွားမည်ကို နားလည်လိုက်သည်။
ထို့ပြင် သူတို့အဖွဲ့သည် ဤသို့လာရာလမ်းတလျှောက်တွင် စွန့်စားသူအဖွဲ့ငယ်များကို သတ်ဖြတ်ခဲ့ကာသူတို့၏ဘဏ္ဍာများကို လုယက်ခဲ့သည်။အန်ကာဂန်တောင်တန်းများတွင် တောတွင်းဥပဒေသည်သာ လွှမ်းမိုးနေခဲ့သည်။ဤနေရာတွင် တစ်စုံတစ်ယောက်ကိုချုပ်နှောင်ထားသည့် ဥပဒေနှင့်ကန့်သတ်ချက်ဟူသည် မရှိခဲ့ပေ။သင့်ထံတွင်ခွန်အားရှိပါက မည်သူ့ကိုမဆိုသတ်ဖြတ်နိုင်သည်။
ထို့ကြောင့်စွန့်စားသူများသည် သူတို့၏ဒေါသကိုမြိုချရုံမှလွဲ၍ အခြားမတတ်နိုင်ခဲ့ပေ။သူတို့သည် အန်ကာဂန်တောင်တန်းများမှထွက်ခွာကာ စွန့်စားသူများအစည်းအရုံးထံသို့သွားရောက်၍ ရှောင်ယုအားပိတ်ဆို့အရေးယူရန်သာ စောင့်ဆိုင်းရပေတော့မည်။
ရှောင်ယုသည် သရောလ်ကိုမျက်စောင်းတစ်ချက်ထိုးပြလိုက်ရာ သရောလ်သည် ရှေ့သို့တိုးလာခဲ့ပြီး အောစ့်များကိုချည်နှောင်ထားသည့် ကြိုးများကိုဖြတ်တောက်လိုက်သည်။
"ငါ့ရဲ့ကလေးတွေ...မင်းတို့တော်တော်ဒုက္ခရောက်ခဲ့ရပြီ...ငါကသရောလ်ပဲ...ငါခုမင်းတို့ဆီပြန်လာခဲ့ပြီ....မင်းတို့ကိုမြင့်မြတ်တဲ့အနေအထားဆီရောက်အောင် ပြန်လည်ပို့ဆောင်ပေးမယ်"
"သရောလ်...မင်းကတကယ်သရောလ်လား..."
အောစ့်များသည် အလွန်အမင်းအံ့သြတုန်လှုပ်သွားခဲ့ကြသည်။သူတို့သည် သေဆုံးရမည်ကိုမကြောက်ရွံ့သော်လည်း စွန့်စားသူများက သူတို့၏မျိုးနွယ်တစ်ခုလုံးအား တိုက်ခိုက်မည်ကိုစိုးရွံ့နေခဲ့သည်။သို့သော်လည်း သူတို့စိတ်ပျက်အားငယ်နေချိန်တွင် ဘယ်ကမှန်းမသိသောအောစ့်အုပ်စုတစ်ခုထွက်ပေါ်လာခဲ့သည်။ထိုအောစ့်များသည် အန်ကာဂန်တောင်တန်းများနှင့် လုံးဝသက်ဆိုင်မှုမရှိကြောင်း သူတို့နားလည်သော်လည်း ထိုအောစ့်များသည်အလွန်အားကောင်းကြောင်း သူတို့တွေ့မြင်နိုင်ခဲ့သည်။အထူးသဖြင့် ထိုအောစ့်များကိုဦးဆောင်လာသူနှစ်ဦးသည် သူတို့ခေါင်းဆောင်များ၏အသွင်အပြင်ရှိပေသည်။အထူးသဖြင့် သရောလ်သည်သူတို့နေ့စဉ်ဆုတောင်းနေသော ရုပ်တုနှင့်အလွန်ဆင်တူကြောင်း တွေ့မြင်နိုင်သည်။
သရောလ်သည် အောစ့်တိုတမ်ကို ချက်ချင်းဆင့်ခေါ်လိုက်သည်။ထိုအခါ အောစ့်၏ခန္ဓာကိုယ်ပေါ်သို့ အလင်းတန်းတစ်ခုကျရောက်လာခဲ့ပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ အမာရွတ်များနှင့်ဒဏ်ရာများသည် တဖြည်းဖြည်းသက်သာပျောက်ကင်းလာခဲ့သည်။
"တိုတမ်...မင်းက တကယ့်သရောလ်ပဲ...မင်းရောက်လာမှာကိုငါတို့စောင့်မျှော်နေခဲ့တာ အတော်ကြာမြင့်နေပြီ...အခြားခေါင်းဆောင်တွေကလည်း မင်းပြန်လာမည်ဆိုပြီး ရှေးပရောဖက်တွေကငါတို့ကို ပြောခဲ့တဲ့အတွက် ငါတို့စောင့်နေခဲ့တယ်...ငါတို့မင်းကိုအချိန်အကြာကြီးစောင့်နေခဲ့တယ်"
အောစ့်သည် တိုတမ်အားတွေ့မြင်ပြီးနောက် သံသယလုံးဝမရှိတော့ဘဲ ဒူးထောက်ကာငိုရှိုက်ခဲ့သည်။
အောစ့်များသည် ဤနှစ်များအတွင်း မကျေနပ်ချက်များကို တောင့်ခံခဲ့ကြသည်။သူတို့သည် သူတို့၏ခေါင်းဆောင်များမှ ဂုဏ်ကျက်သရေများပြန်လည်သယ်ဆောင်လာမည့်အချိန်ကို စောင့်မျှော်နေခဲ့ကြသည်။
ယခုလည်း သရောလ်ပြန်လာသည်ကိုမြင်လိုက်သောအောစ့်သည် စိတ်လှုပ်ရှားကာ ပျော်ရွှင်ဝမ်းမြောက်နေခဲ့သည်။သရောလ်သည် ဤကဲ့သို့သောတိုတမ်အား ဆင့်ခေါ်နိုင်သည်ကိုမြင်သောအခါ ရှောင်ယုသည်လည်းအံ့သြသွားခဲ့ရသည်။
သရောလ်တွင် ထိုကဲ့သို့သောတိုတမ်မျိုးရှိပါသလား...သရောလ်သည် ထိုတိုတမ်များကို ကိုယ်တိုင်နားလည်သဘောပေါက်နိုင်သလား...
အမှန်တော့ သရောလ်သည် ဤတိုတမ်ကိုကိုယ်တိုင်ဖန်တီးခဲ့ခြင်းဖြစ်သည်။၎င်းသည် အောစ့်စစ်သည်များအား ကုသပေးရာတွင် ကူညီပေးနိုင်သည့် ကုသရေးတိုတမ်ဖြစ်သည်။
သရောလ်သည် ရှောင်ယု၏လက်အောက်တွင်ရှိ၍ အောစ့်များသည် သရောလ်၏လက်အောက်ခံများဖြစ်ကြသည်။ထို့ကြောင့် ရှောင်ယုသည်ယခုအချိန်၌ ရှေ့သို့ထွက်လာခြင်းမှာ တရားမျှတမှုရှိပေသည်။ထိုစွန့်စားသူများသည် ဤကိစ္စကိုအငြိုးထားကာ နောင်တစ်ချိန်၌လက်စားချေလာမည်ကို ရှောင်ယုမစိုးရိမ်ပေ။
"ငါ့ရဲ့အမိန့်ကို အခြားစွန့်စားသူတွေဆီပို့လိုက်...အန်ကာဂန်တောင်တန်းမှာရှိနေတဲ့ အောစ့်ဖြစ်စေနတ်သူငယ်ဖြစ်စေ တစ်ယောက်ယောက်ကိုထိမိခဲ့ရင် အဲ့လူကိုသတ်ဖို့ ကမ္ဘာအဆုံးထိငါလိုက်လာခဲ့မယ်"
ရှောင်ယုက အေးစက်သောလေသံဖြင့်ပြောလိုက်သည်။
စွန့်စားသူများသည် မကျေနပ်ကြသော်လည်း တစ်ယောက်ပြီးတစ်ယောက်ထွက်ခွာသွားကြသည်။သူတို့သည် ရှောင်ယု၏လက်ထဲမှ အောစ့်များကိုလုယူရန် နည်းလမ်းမရှိကြပေ။
သူတို့သည် ရတနာကိုအရင်ဆုံးရှာတွေ့ခဲ့သော်လည်း ရှောင်ယုသည်ပိုမိုအားကောင်းသောစွမ်းအားကို ပိုင်ဆိုင်ထား၍ ထိုရတနာအားသူတို့၏လက်ထဲမှ လုယူသွားခဲ့သည်။ရှေးယခင်ကလည်း စွန့်စားသူများသည် ထိုသို့သောအဖြစ်မျိုးအားကြုံတွေ့ဖူးကြသည်။
ရှောင်ယုသည် စွန့်စားသူများထွက်ခွာသွားပြီးနောက် သရောလ်ကိုတစ်ချက်ကြည့်လိုက်သည်။
"သရောလ် ငါတို့ကိုသူ့ရဲ့မျိုးနွယ်ဆီ ခေါ်သွားခိုင်းပါ...ငါ့အထင်အရဆိုရင် အဲ့ဒီမှာစွန့်စားသူတွေအများကြီးရှိနေလိမ့်မယ်...ငါတို့သာနောက်ကျရင် အောစ့်မျိုးနွယ်စုအတိုက်ခံရလိမ့်မယ်"
သရောလ်သည် ချက်ချင်းခေါင်းညိတ်ပြလိုက်သည်။
"ကျေးဇူးတင်ပါတယ် သခင်"
ထို့နောက် စွန့်စားသူများသည် သူတို့၏မျိုးနွယ်စုကို တိုက်ခိုက်နိုင်သောကြောင့် ထိုအောစ့်ကိုမျိုးနွယ်စုတည်နေရာသို့ ခေါ်သွားခိုင်းရန် သရောလ်က ပြောခဲ့သည်။
သို့သော်လည်း အောစ့်၏မျက်လုံးထဲတွင် ရှောင်ယုနှင့်အခြားလူသားများကို မုန်းတီးနေသည့်အရိပ်အယောင်များရှိနေကြောင်း တွေ့လိုက်ရသည်။ထိုအခါ သရောလ်က ရှောင်ယုသည်အလွန်ကြင်နာကာ ဘုန်းတန်ခိုးကြီးသူဖြစ်ပြီး အောစ့်များ၏ဘုန်းကျက်သရေကိုထင်ရှားလာအောင် ဦးဆောင်ပေးမည့်သူဖြစ်ကြောင်း နားချခဲ့သည်။သရောလ်၏ရှင်းပြမှုအပြီးတွင် ထိုအောစ့်သည်ရှောင်ယုကိုသံသယမဝင်တော့ပေ။သရောလ်သည် သူတို့၏နတ်ဘုရားဖြစ်ကာ သူ့အားလုံးဝဥသုဉ်ယုံကြည်ကြသည်။
ဤသို့ဖြင့် သူတို့သည်နာရီဝက်အတွင်း မျိုးနွယ်စုထံရောက်လာကြသော်လည်း သူတို့ထိုနေရာသို့ရောက်ချိန်တွင် မျိုးနွယ်စုအား စွန့်စားသူအဖွဲ့တစ်ခုက ဝိုင်းရံထားသည်ကိုတွေ့လိုက်ရသည်။