အခန်း (၁၈၁-၁၈၃)
Vol. 13 Ch. 181-183
အခန်း ၁၈၁ - အမှောင်မြို့တော်၏တည်နေရာကိုသိရှိခြင်း
ရှောင်ယုသည် ယခင်က အချစ်ရေးသို့မဟုတ် မိန်းမများနှင့်ပတ်သက်သည့် အတွေ့အကြုံမရှိခဲ့ပေ။
သို့သော်လည်း အမျိုးသမီးများသည် သူမတို့ဂရုစိုက်ကြသည့် အမျိုးသားများအပေါ် မနာလိုဝန်တိုစိတ်ရှိတတ်ကြောင်း သူကြားသိခဲ့ရသည်။ထို့ကြောင့် လင်းမူရွယ်သည် အနည်းငယ်သဝန်တိုနေကြောင်း တွေ့မြင်လိုက်ချိန်တွင် ရှောင်ယုဝမ်းသာသွားခဲ့ခြင်းဖြစ်သည်။အထူးသဖြင့် သူမသဝန်တိုနေချိန်၌ သူမ၏ပုံစံသည်အလွန်ချစ်စရာကောင်းပေသည်။
လင်းမူရွယ်သည် ထက်မြက်သောမိန်းကလေးတစ်ဦးဖြစ်သည်။သူမသည် ရှောင်ယုအားအနည်းငယ် နှောင့်ယှက်ပြီးသည်နှင့် လုံလောက်ပြီဖြစ်ကြောင်း နားလည်လိုက်သည်။သူမသည် ဤသို့အသေးအမွှားကိစ္စလေးတစ်ခုအပေါ်၌ အချိန်အတော်ကြာစွပ်စွဲနေစရာမလိုအပ်ပေ။သူမသည် ညဏ်ရည်ထက်မြက်သည့်ဇနီးတစ်ဦးဖြစ်လိုခဲ့သည်။
ရှောင်ယုသည် နတ်သူငယ်မျိုးနွယ်စုမှတဆင့် အခြားသောမျိုးနွယ်စုများဆီသို့ ဆက်လက်သွားရောက်ခဲ့သည်။ထို့နောက် ရှောင်ယုတို့သည် နတ်သူငယ်အခြေစိုက်စခန်း ၅ခုထိရှာဖွေတွေ့ရှိခဲ့ကာ နတ်သူငယ် ၄၀၀၀ကျော်ကိုရှာတွေ့ခဲ့သည်။နတ်သူငယ်အထီးများသည် တိုက်ပွဲများ၌ကျဆုံးခဲ့သည့်အတွက်ကြောင့် နတ်သူငယ်အများစုသည် အမျိုးသမီးများဖြစ်နေခဲ့သည်။ထို့ကြောင့်ရှောင်ယုသည် ဤအလှမယ်အုပ်စုကို ပျော်ရွှင်စွာဦးဆောင်နေခဲ့သည်။
ရှောင်ယုသည် နတ်သူငယ်များအားလုံးကို တိုင်ရန်ဒီနှင့်မိတ်ဆက်ပေးပြီးနောက်တွင် သူတို့သည်တိုင်ရန်ဒီအား အကြွင်းမဲ့ယုံကြည်ခဲ့ကြသည်။သူတို့၏နမိတ်ဖတ်ချက်များတွင် ရှေးခေတ်သူရဲကောင်းများပြန်လည်ရောက်ရှိလာမည်ဟူသော ဒဏ္ဍာရီတစ်ခုရှိခဲ့၍ တိုင်ရန်ဒီအားယုံကြည်ရန် အလွန်လွယ်ကူခဲ့သည်။သို့သော်လည်း နတ်သူငယ်များသည် အောစ့်များလောက်နာခံမှုမရှိကြပေ။သူတို့သည် တိုင်ရန်ဒီ၏အထောက်အထားကို ယုံကြည်မှုအပြည့်ရှိကြသော်လည်း အများစုသည်အန်ကာဂန်တောင်တန်းများအား မစွန့်ခွာလ်ိုခဲ့ကြပေ။
သူတို့သည် ဤတောင်တန်းနယ်မြေတွင် အချိန်အတော်ကြာအောင်နေထိုင်လာခဲ့ပြီးနောက် အခြားနေရာတစ်ခုသို့ မပြောင်းရွေ့လိုကြတော့ပေ။သူတို့၏ဘဝသည် ခက်ခဲကြမ်းတမ်းနေသော်လည်း သူတို့ကိုယ်သူတို့ဂုဏ်ယူဝင့်ကြွားတတ်သည့် လူမျိုးများဖြစ်သည်နှင့်အညီ နတ်သူငယ်များသည် အခြားသူတစ်ယောက်၏တောင်ပံအောက်တွင် နေထိုင်မည့်အစား ဆင်းရဲဒုက္ခကိုသာခံစားလိုကြသည်။
အမှန်တော့ ရှောင်ယုသည်သူတို့အား တိုင်ရန်ဒီနှင့်အတူလိုက်ပါခဲ့ရန် စည်းရုံးခဲ့သည်။ယခုအချိန်တွင် စွန့်စားသူအမြောက်အများသည် အန်ကာဂန်တောင်တန်းအတွင်းသို့ ဝင်ရောက်လာခဲ့ကာ မျိုးနွယ်စုများကိုတစ်ခုချင်းလိုက်လံတိုက်ခိုက်နေသည်ဟု ထပ်ခါတလဲလဲသတိပေးခဲ့သည်။သို့သော်လည်း မာနကြီးသောနတ်သူငယ်များသည် အလွန်ခေါင်းမာကြကာ အခြားတစ်နေရာသို့ပြောင်းရွေ့ခြင်းထက် သေခြင်းတရားကိုသာပိုမိုအလိုရှိတတ်ကြသည်။
ထို့ပြင် နတ်သူငယ်များသည် ရှောင်ယုအားမနှစ်သက်ခဲ့ကြပေ။တိုင်ရန်ဒီနှင့်သရောလ်တို့သည် သူ့အကြောင်းကို ကြီးကြီးမားမားအမွမ်းတင်ပြောဆိုခဲ့သော်လည်း သူတို့သည်သံသယစိတ်ဖြင့်ကြည့်နေကြဆဲဖြစ်သည်။နတ်သူငယ်များသည် မာနကြီးပြီး ဂုဏ်ကျက်သရေမြင့်မားစွာမွေးဖွားလာခဲ့ကြ၍ သူတို့နိမ့်ကျနေချိန်၌ပင် သူတို့၏မာနကိုမဖယ်ရှားကြပေ။ထို့ကြောင့် ရှောင်ယုသည်ရူးသွပ်လုနီးပါးဖြစ်ကာ ဤနတ်သူငယ်များအား နှင်ထုတ်ချင်စိတ်ဖြစ်လာခဲ့သည်။
မည်သို့ပင်ဆိုစေ သူသည်ဤနတ်သူငယ်များကို လိုအပ်နေဆဲဖြစ်သည့်အတွက် တိုင်ရန်ဒီအား သူတို့ကိုခြိမ်းခြောက်ရန်ပြောခဲ့သည်။တိုင်ရန်ဒီသည် နတ်သူငယ်များကို သူတို့၏ဘုန်းကျက်သရေအထွတ်အထိပ်သို့ရောက်ရှိခဲ့သည့်ကာလသို့ ပြန်လည်ခေါ်ဆောင်ပေးသွားမည်ဟု ကတိပေးခဲ့သည်။ထို့ကြောင့် သူမနှင့်ပူးပေါင်းခြင်းမရှိသည့် မည်သည့်နတ်သူငယ်မဆို နတ်သူငယ်မျိုးနွယ်အားသစ္စာဖောက်သော သူရဲဘောကြောင်သူအဖြစ်သတ်မှတ်မည်ဖြစ်သည်။
တိုင်ရန်ဒီသည် သူတို့အတွက်နတ်ဘုရားမလို ဖြစ်တည်မှုတစ်ခုဖြစ်သည်။ထို့ကြောင့် တိုင်ရန်ဒီမှခြိမ်းခြောက်လိုက်ချိန်တွင် သူတို့သည်တွန့်ဆုတ်နေကြသော်လည်း သူတို့၏ပစ္စည်းများကိုထုပ်ပိုးကာ ထွက်ခွာရန်ပြင်ဆင်လိုက်ကြသည်။
ရှောင်ယုသည် အောစ့်နှင့်နတ်သူငယ်များစွာကို ရရှိပိုင်ဆိုင်ပြီးနောက်တွင် အမှောင်မြို့တော်အားဆက်လက်ရှာဖွေရန် အစီအစဉ်မရှိတော့ပေ။သို့သော်လည်း နတ်သူငယ်များသည် အမှောင်မြို့တော်၏တည်နေရာကို သိရှိထားကြပြီး ထိုနေရာသည်ကျိန်စာတိုက်ခံထားရကာ မကောင်းသောစွမ်းအင်များနှင့် ပြည့်နှက်နေသည်ဟုဆိုကြသည်။ရှောင်ယုသည် အမှောင်မြို့တော်၏တည်နေရာကို ဤနည်းဖြင့်ရှာတွေ့လိမ့်မည်ဟု မမျှော်လင့်ထားမိ၍ အံ့သြသင့်သွားခဲ့သည်။သူသည် မြို့၏တည်နေရာကိုရှာတွေ့ခဲ့ပြီးဖြစ်ရာ ထိုနေရာသို့မသွားပါက အချည်းနှီးဖြစ်သွားလိမ့်မည်။
"အဲ့ဒီနေရာကိုသွားပြီးစုံစမ်းကြည့်ရအောင်..."
ရှောင်ယုသည် အမှောင်မြို့တော်ဆီသို့သွားရောက်ရန် အခြားသူများကိုအမိန့်ပေးလိုက်သည်။သို့သော်လည်း ရှောင်ယု၏အမိန့်ကိုကြားချိန်တွင် နတ်သူငယ်များသည်အထိတ်တလန့်ဖြစ်သွားကြသည်။
"အဲ့ဒါက သေဆုံးနေတဲ့မြို့တော်ပဲ...အဲ့ဒီကိုရောက်သွားတဲ့သူတိုင်းက ကျိန်စာသင့်ခံရပြီးတော့ အထဲကိုဝင်သွားပြီးရင် ဘယ်သူကမှအသက်ရှင်လျက်ပြန်မထွက်လာနိုင်ကြဘူး..."
"မင်းတို့ကအဲလိုပြောလေလေ ငါလာအိုဇီက ပိုပြီးတော့တောင်သွားချင်လေလေပဲ...နတ်ဆိုးတွေ၊ဖုတ်ကောင်တွေနဲ့မသေမျိုးတွေက ငါ့ထက်ပိုပြီးအေးစက်လိမ့်မယ်လို့ ငါမယုံဘူး"
ရှောင်ယုက အရေးမစိုက်ဟန်ဖြင့် ခွန်းတုံ့ပြန်လိုက်သည်။
ထိုအခိုက်အတန့်တွင် လင်းမူရွယ်သည် ရှောင်ယု၏နောက်ကျောကို လှမ်းဆိတ်လိုက်သည်။ရှောင်ယုနှင့်အချိန်တချို့ဖြုန်းတီးပြီးနောက်တွင် ရှောင်ယုသည် ယခုလိုယုတ်ညံ့သောစကားလုံးများဖြင့် ကျိန်ဆဲတတ်ကြောင်း သူမနားလည်လာခဲ့သည်။ထိုကဲ့သို့သောအချိန်မျိုးတွင် သူမသည်ရှောင်ယုအား လက်သည်းဖြင့်ဆိတ်ကာ အပြစ်ပေးလေ့ရှိသည်။
ရှောင်ယုသည် ချက်ချင်းပင်ပြန်ပြင်ပြောဆိုလိုက်သည်။
"မြင့်မြတ်တဲ့သူရဲကောင်းတစ်ယောက်အနေနဲ့ ညစ်ပတ်တဲ့မသေမျိုးသတ္တဝါတွေကို ငါဘယ်တုံးကမှမကြောက်ခဲ့ဘူး...ငါ့ရဲ့ပြာမှုန်သယ်ဆောင်သူကိုအသုံးပြုပြီး ဒီမကောင်းတဲ့သတ္တဝါအားလုံးက်ို ဖျက်ဆီးပစ်ရမယ်..."
လင်းမူရွယ်သည် ရှောင်ယု၏အဖြေကိုကြားချိန်တွင် ဝမ်းသာသွားခဲ့သည်။
ရှောင်ယု၏အကြံအစည်ကိုကြားသောအခါ အခြားသူများသည် မကန့်ကွက်ခဲ့ကြပေ။မှော်နှင့်သူရဲကောင်းအကယ်ဒမီမှ ကျောင်းသားများသည် ငယ်ရွယ်ပြီးစူးစမ်းလိုစိတ်ရှိ၍ အမှောင်မြို့တော်ကိုစူးစမ်းလေ့လာလိုကြသည်။ထို့ပြင် သူတို့သည်ရှောင်ယု၏အမိန့်ကိုနားထောင်လေ့ရှိ၍ ဆန့်ကျင်ခြင်းမရှိကြပေ။အောစ့်များသည်လည်း ပို၍ပင်ဂရုမစိုက်ကြပေ။သူတို့သည် ဝိညာဉ်များ၊ဖုတ်ကောင်များ သို့မဟုတ် အခြားမသေမျိုးသတ္တဝါများကို ဂရုမစိုက်ကြပေ။ရှောင်ယု၏အကြံအစည်အားဆန့်ကျင်သူများမှာ နတ်သူငယ်များပင်ဖြစ်ကြသည်။
ရှောင်ယုသည် တိုင်ရန်ဒီအား မျက်နှာသာပေးလိုသည့်အတွက်ကြောင့်မဟုတ်ပါက ထိုနတ်သူငယ်များကို တစ်ယောက်ပြီးတစ်ယောက်ပညာပေးမယ်ဟု စိတ်ထဲတေးမှတ်ထားခဲ့သည်။
...
...
အမှောင်မြို့တော်သို့ရောက်ရှိလာနိုင်သော စွန့်စားသူအမြောက်အများမရှိခဲ့ပေ။ရောက်ရှိလာသည့်စွန့်စားသူများသည်လည်း အလွန်သန်မာအားကောင်းကြသည်။
အမှောင်မြို့တော်သို့ စူးစမ်းလေ့လာရန်ရောက်ရှိလာသော စွန့်စားသူများအကြားတွင် ပဥ္စမအဆင့်သူရဲကောင်းများပင် ပါဝင်နေလိမ့်မည်ဟုရှောင်ယုယုံကြည်ခဲ့သည်။ထိုအဆင့်သူရဲကောင်းများသည် အခြားသောသူရဲကောင်းများနှင့်မှော်ဆရာများ၏ ပြိုင်ဘက်မဟုတ်ခဲ့ပေ။သူတို့သည်ကမ္ဘာပေါ်၌ ထိပ်တန်းဖြစ်တည်မှုများဖြစ်ကြသည်။ရှောင်ယုသည်လည်း ထိုအဆင့်သူရဲကောင်းများကို ကြောက်ရွံ့ပေသည်။သူသည် ဂရင်း၊တိုင်ရန်ဒီနှင့်အန်တိုနီဒက်စ်တို့၏အကူအညီဖြင့် စတုတ္ထအဆင့်သူရဲကောင်းနှင့်မှော်ဆရာတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်သော်လည်း ပဥ္စမအဆင့်ဖြစ်တည်မှုနှင့်ရင်ဆိုင်ရပါက မည်သို့ဖြစ်မည်ကိုခန့်မှန်းရခက်ပေသည်။
မည်သို့ပင်ဆိုစေကာမူ သူ့လက်ထဲတွင်ဝှက်ဖဲများ ကိုင်ဆောင်ထားသေး၍ သူသည်ထိုနေရာသို့ဝင်သွားဝံ့ပေသည်။သူ၏ဝှက်ဖဲများမှာ သီအိုဒိုး၏မှော်စာလိပ်များဖြစ်သည်။ယခင်က ဤမှော်စာလိပ်များသည် အခြားသူများကိုသတ်ဖြတ်ရာ၌ အသုံးပြုလေ့ရှိသောတစ်ခါသုံးမှော်စာလိပ်များဟုသာ ယူဆခဲ့သည်။သို့သော်လည်း မတ်တို့အဖွဲ့အားကိုင်တွယ်ရန် ၎င်းတို့ကိုအသုံးပြုပြီးနောက်တွင် ဤမှော်စာလိပ်များ၏အမှန်တကယ်အစွမ်းသတ္တိကို နားလည်ခဲ့သည်။
ရှောင်ယုသည် ဤမှော်စာလိပ်များအကြောင်းကို ဆရာကြီးအယ်လ်မာအား မေးမြန်းခဲ့သည်။သူသည် သီအိုဒိုးပြုလုပ်ခဲ့သည့် မှော်စာလိပ်များအကြောင်းကိုပင် မေးမြန်းခဲ့သည်။ထိုအခါ ဆရာကြီးအယ်လ်မာက သီအိုဒိုးပြုလုပ်ထားသည့် စတုတ္ထအဆင့်မှော်စာလိပ်များသည် စတုတ္ထအဆင့်မှော်ဆရာမှပြုလုပ်ထားသည့် စတုတ္ထအဆင့်မှော်စာလိပ်ထက် များစွာသာလွန်သည်ဟုပြောခဲ့သည်။ပဥ္စမအဆင့်မှော်စာလိပ်များသည်ပင် သီအိုဒိုးပြုလုပ်ထားသည်ထက် နိမ့်ကျနေပေလိမ့်မည်။
ရှောင်ယုသည် သီအိုဒိုးနှင့်ကောင်းမွန်သည့်ဆက်ဆံရေးရှိကြောင်း ဆရာကြီးအယ်လ်မာက သိရှိခဲ့သည်။ထို့ကြောင့် ရှောင်ယုထံတွင် သီအိုဒိုးမှပြုလုပ်ထားသည့် မှော်စာလိပ်များရှိနိုင်ကြောင်း ခန့်မှန်းမိခဲ့သည်။အကယ်၍ရှောင်ယုကသာ သူ့အားမှော်စာလိပ်တစ်ခုပေးလာပါက သူသည်ထိုမှော်စာလိပ်၏ လုပ်ငန်းစဉ်တစ်ခုလုံးအား လေ့လာသင်ယူနိုင်မည်ဖြစ်သည်။
ဤအရာသည် ပန်းချီဆွဲခြင်း သို့မဟုတ် လက်ရေးလှရေးခြင်းနှင့်တူညီပေသည်။ဆရာကြီးအယ်လ်မာသည် မှော်သခင်သီအိုဒိုး၏ မှော်စာလိပ်များရေးဆွဲပုံကို ခွဲခြမ်းစိတ်ဖြာလေ့လာခြင်းအားဖြင့် သူ၏အဆင့်ကိုမြင့်တင်နိုင်သည်။မူလက ဆရာကြီးအယ်လ်မာသည် ထိုမှော်စာလိပ်အားဝယ်ယူရန် ငွေကြေးများစွာကိုသုံးစွဲရန် ကြံစည်ထားသည်။သို့သော်လည်း သူသည်ရှောင်ယုထံ၍ကျေးဇူးကြွေးများစွာတင်ထားပြီးဖြစ်ရာ နောက်ထပ်တစ်ခါကျေးဇူးကြွေးတင်ရန် စိတ်ထဲမထားတော့ပေ။ရှောင်ယုသည်လည်း ဆရာကြီးအယ်လ်မာလိုချင်သည်ကို သဘောပေါက်ကာ သူရရှိထားသောမှော်စာလိပ်များကိုထုတ်၍ အလိုရှိသည်အားရွေးချယ်ခိုင်းခဲ့သည်။ဆရာကြီးအယ်လ်မာသည် ရှောင်ယုပိုင်ဆိုင်သော မှော်စာလိပ်ပမာဏကိုမြင်တွေ့ချိန်၌ အလွန်မနာလိုဖြစ်သွားခဲ့သည်။ရှောင်ယုသည် အလွန်ချမ်းသာနေပြီး ဤမျှများပြားသောမှော်စာလိပ်များက မြို့တော်တစ်ခုအားဝယ်ယူရန်ပင် လုံလောက်နေပြီဖြစ်သည်။
ဆရာကြီးအယ်လ်မာသည် မှော်စာလိပ်နှစ်ခုအားရွေးချယ်ခဲ့သည်။သူသည် မှော်စာလိပ်များကို လက်ထဲဆုပ်ကိုင်မိချိန်တွင် သူ၏မျက်လုံးများ၌စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားခဲ့သည်။ဤသည်မှာ အပျော်တန်းပန်းချီဆရာတစ်ယောက်က နာမည်ကျော်ပန်းချီကားတစ်ချပ်ကား တွေ့မြင်လိုက်ရသည့် အခြေအနေနှင့်တူနေခဲ့သည်။
အချိန်အတော်ကြာအောင် လမ်းလျှောက်ပြီးနောက်တွင် သူတို့၏ပတ်ဝန်းကျင်အားမှောင်မိုက်သော လေထုကလွှမ်းခြုံသွားသည်ကို သူတို့တွေ့မြင်လိုက်ရသည်။သူတို့သည် အမှောင်မြို့တော်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။
အခန်း ၁၈၂ - တစ္ဆေများ
"မကောင်းတဲ့ နတ်ဆိုးဆန်တဲ့စိတ်ဆန္ဒ တွေက အနက်ရောင်မြူခိုးတွေအဖြစ် ပေါင်းစပ်သွားခဲ့ပြီဘဲ...တကယ်ကြီးအမှောင်မြို့တော်သို့ခေါ်ထိုက်ပါပေတယ်"
ရှောင်ယုသည် သူ၏မြင်ကွင်းကိုဖုံးအုပ်နေသော အနက်ရောင်မြုခိုးများကို တွေ့မြင်လိုက်ရသည့်အချိန်တွင် အံ့အားသင့်သွားခဲ့သည်။ဤနေရာသည် ဂိမ်းထဲတွင်ရှောင်ယုတွေ့မြင်နေကျ ယခင်မြေအောက်မြို့တော်နှင့်ဆင်တူပေသည်။အကယ်၍ ၎င်းသည်အမှန်တကယ်ပင် မြေအောက်မြို့တော်၏ လက်အောက်ခံမြို့တစ်ခုဖြစ်ခဲ့ပါက အန်ကာဂန်တောင်တန်းများသည် သီရီစဖောသစ်တော၏အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပါသလား...ဤနေရာတစ်ခုလုံး၏ ပုံပန်းသဏ္ဍာန်သည် မည်သို့ပြောင်းလဲသွားခဲ့သနည်း..ဖရိုဖရဲအဖြစ်အပျက်များသည် မည်သည့်နေရာမှမြစ်ဖျားခံလာခဲ့သနည်း...
ရှောင်ယုသည် မြို့အပြင်ဘက်၌အနားယူရန်ကောင်းမွန်သည့် မြေပြင်တစ်ခုအားရှာဖွေကာ နတ်သူငယ်များနှင့်အောစ့်များနှင့်အတူ သရောလ်အားထိုနေရာ၌ စောင့်ကြပ်နေရန်အမိန့်ပေးခဲ့သည်။သူသည် အမှောင်မြို့တော်အား စူးစမ်းလေ့လာရာတွင်လူများစွာကို သူနှင့်အတူခေါ်မသွားလိုပေ။ဤသို့သောအချိန်မျိုးတွင် လူများစွာကိုခေါ်ဆောင်သွားခြင်းက သူတို့တစ်ယောက်ချင်းစီတိုင်း၏ ဘေးကင်းလုံခြုံမှုကိုစောင့်ရှောက်ရန် အလွန်ခက်ခဲမည်ဖြစ်သည်။ထို့ပြင် ရှောင်ယုသည် သရောလ်နှင့်အတူ သီအိုဒိုးမှပြုလုပ်ထားသည့် မှော်စာလိပ်အချို့အားချန်ထားရစ်ခဲ့သည်။
အကယ်၍ သူတို့အဖွဲ့အား တစ်စုံတစ်ယောက်ကတိုက်ခိုက်လာပါက မှော်စာလိပ်များကိုအသုံးပြုရန် ညွန်ကြွားထားခဲ့သည်။အချို့အားကောင်းသည့် စွန့်စားသူများသည် သူမရှိသည့်အခိုက်အတန့်တွင် နတ်သူငယ်များနှင့်အောစ့်များကိုတိုက်ခိုက်မည်မှာ သေချာပေသည်။ထိုသို့တိုက်ခိုက်လာသောရန်သူများတွင် စတုတ္ထအဆင့်နှင့်ပဥ္စမအဆင့်သူရဲကောင်းများပါဝင်လာပါက သရောလ်တို့သည် အန္တာရယ်ကြီးမားစွာရင်ဆိုင်ရမည်ဖြစ်သည်။ထိုသို့သောအခြေအနေမျိုးတွင် သီအိုဒိုး၏မှော်စာလိပ်များသည် ပဥ္စမအဆင့် မှော်ဆရာများကိုပင် ကောင်းစွာဟန့်တားနိုင်မည်ဖြစ်သည်။ထို့ပြင် ရှောင်ယုသည်အဖွဲ့အားကာကွယ်ရန်အတွက် လမင်းပစ်ခတ်သူ၅ခုနှင့် ကိုဒိုသားရဲ၅ကောင်အားချန်ထားရစ်ခဲ့သည်။
ရှောင်ယုနှင့်အခြားသူများသည် အောစ့်နှင့်နတ်သူငယ်များကို နေရာချထားပြီးနောက် အမှောင်မြို့တော်ဆီ ထွက်ခွာလာခဲ့သည်။
သူတို့သည် နာရီဝက်ခန့်ကြာအောင် ခရီးဆက်လာပြီးနောက် မြူခိုးများအကြားရှိ အမှောင်မြို့တော်ဆီရောက်လာခဲ့သည်။ရှောင်ယုသည် သူနှင့်အလွန်ရင်းနှီးနေသော အမိုးခုံးကိုတွေ့မြင်လိုက်ချိန်တွင် ၎င်းသည်မြေအောက်မြို့တော်ဖြစ်ကြောင်း နားလည်လိုက်သည်။သို့သော်လည်း မြို့၏တစ်ဝက်ခန့်မှာ မြေကြီးထဲ၌နစ်မြုပ်နေပြီး ဝင်ပေါက်ကိုတောင်ပိတ်ဆို့ထားခဲ့သည်။
"ငါတို့အထဲကိုဘယ်လိုဝင်ကြမလဲ...ဒီမှာတံခါးတောင်မရှိဘူး"
သူတို့မြင်တွေ့လိုက်ရသောမြင်ကွင်းကြောင့် လူတိုင်းစိတ်ပူပင်သွားကြသည်။အထူးသဖြင့် အဝင်တံခါးက်ိုရှာဖွေရန် မြေကြီးကိုတူးဖော်ခြင်းသည် အလွန်ခက်ခဲလိမ့်မည်ဟု ကျောင်းသားများကယုံကြည်ကြသည်။
အား...
တစ်ချိန်တည်းမှာပင် တစ္တေတစ်ကောင်သည် စူးရှစွာအော်မြည်ကာ ရှောင်ယုအနားသို့ ရုတ်တရက်ချည်းကပ်လာပြီး တိုက်ခိုက်ခဲ့သည်။ရှောင်ယုသည် သူ၏ဓားက်ိုဆွဲထုတ်လိုက်ကာ တစ္ဆေအားခုတ်ထစ်လိုက်သည်။
ဝှစ်...ဝှစ်...
ပြာမှုန်သယ်ဆောင်သူသည် တစ္ဆေအားခုတ်ထစ်လိုက်ချိန်တွင် အဖြူရောင်အလင်းတန်းများ ထုတ်ပေါ်လာပြီးနောက် တစ္ဆေသည်ပြာပုံအဖြစ် ပြောင်းလဲသွားခဲ့သည်။
"ပြာမှုန်သယ်ဆောင်သူရဲ့ အစွမ်းထက်တဲ့အလင်းမှော်အစွမ်းက မသေမျိုးတွေအားလုံးအတွက် အိပ်မက်ဆိုးပဲ"
ရှောင်ယုက ရေရွတ်မိလိုက်သည်။
အား...အား
ထို့နောက် မရေမတွက်နိုင်သော အဖြူရောင်တစ္ဆေများသည် လူအုပ်ထံသို့ တဟုန်ထိုးပြေးဝင်လာပေရာ စူးရှသောအော်မြည်သံများပဲ့တင်ထပ်လာခဲ့သည်။မှော်နှင့်သူရဲကောင်းအကယ်ဒမီမှ ကျောင်းသားများသည် ထိုမြင်ကွင်းအားနှလုံးရပ်လုမတတ် ကြောက်လန့်သွားကြသည်။
ဆန့်ကျင်ဘက်အားဖြင့် ရှောင်ယု၏တပ်များသည် တစ္ဆေများကိုငြိမ်သက်စွာစိုက်ကြည့်လိုက်ကြသည်။သူတို့သည် အခြေစိုက်စခန်းများမှ ဆင့်ခေါ်လာသည့်စစ်သည်များဖြစ်ကြပြီး အကြောက်တရားမရှိကြပေ။
အောစ့်စစ်သည်များသည် တစ္ဆေများကိုတိုက်ခိုက်ရန်အတွက် သူတို့ရဲ့ပုဆိန်များကို ဝှေ့ယမ်းလိုက်ကြသည်။အောစ့်စစ်သည်များအတွက် သူတို့၏ရန်သူသည် သေမျိုးလား၊မသေမျိုးလားဟူသည် အရေးမကြီးပေ။သူတို့သည် ရန်သူအားသူတို့၏ပုဆိန်များဖြင့် ခုတ်ပိုင်းမိရန်ကိုသာအာရုံစိုက်ထားကြသည်။သို့သော် ပုဆိန်အားအသုံးပြုသောအခါ အကျိုးသက်ရောက်မှုအနည်းငယ်သာရှိပေသည်။တစ္ဆေများသည် ပုဆိန်ဖြင့်ခုတ်ပိုင်းခံရချိန်တွင် ထိခိုက်မှုအချို့ကိုခံစားခဲ့ရသော်လည်း သေဆုံးခဲ့ခြင်းမရှိပေ။ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများနှင့်တိုက်ခိုက်မှုများသည် တစ္ဆေများအပေါ်၌များစွာထိရောက်မှုမရှိခဲ့ပေ။တစ္ဆေများသည် မည်သည့်နေရာမှဖြစ်တည်လာကြောင်း မည်သူမှအတိအကျမပြောနိုင်သော်လည်း သေချာသောအရာမှာ သူတို့သည်ရုပ်ခန္ဓာမတည်ရှိပေ။
"မီးမှော်...မီးမှော်ကတစ္ဆေတွေကို ကောင်းကောင်းကြီးထိခိုက်စေတယ်"
ရှောင်ယုက ကျယ်လောင်စွာလှမ်းအော်လိုက်သည်။
မှော်အကယ်ဒမီမှ ကျောင်းသားများသည် မီးမှော်ပညာကိုစတင်ထုတ်ဖော်လိုက်ကြပြီး တစ္ဆေများကိုမီးလုံးများဖြင့်ပစ်ခတ်ခြင်း အခြားသောမီးမှော်မန္တန်များဖြင့် တိုက်ခိုက်ခြင်းတို့အားစတင်လုပ်ဆောင်လာကြသည်။တစ္ဆေများသည် မီးလုံးများနှင့်ထိမှန်ခံရသည့်အချိန်တွင် မီးခိုးငွေ့များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ဆရာကြီးအယ်လ်မာသည် တစ်မိနစ်ကျော်ကြာ မှော်မန္တန်အရှည်ကြီးကိုရွတ်ဆိုပြီးချိန်တွင် ကောင်းကင်မှနေ၍မီးမိုးရွာသွန်းလာခဲ့ပြီး တစ္ဆေများအားလုံးသည် အမြစ်ပြတ်ဖယ်ရှားခဲ့သည်။
ဗုံး....ဗုံး
ပေါက်ကွဲမှုများသည် လှိုင်းလုံးများကဲ့သို့ ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပြီး တစ္ဆေများအားလုံးသည် နာကျင်စွာအော်ဟစ်မြည်ကြွေးကာ မီးခိုးငွေ့များအဖြစ်ပျောက်ကွယ်သွားခဲ့ကြသည်။
ကျန်ရှိသော တစ္ဆေများသည် ကျောင်းသားများ၏ မှော်မန္တန်များကြောင့် သုတ်သင်ခံလိုက်ရသည်။ကျောင်းသားများသည် များပြားလှသည့်တစ္ဆေများကို ဖျက်ဆီးဖယ်ရှားလိုက်နိုင်သောကြောင့် စိတ်လှုပ်ရှားနေခဲ့ကြသည်။သူတို့သည် မြို့သို့ပြန်ရောက်ချိန်တွင် ဤအကြောင်းကိုပြန်လည်ပြောဆိုကြမည်ဖြစ်သည်။သို့သော်လည်း သူတို့၏ပျော်ရွှင်မှုသည် တာရှည်မခံခဲ့ပေ။တစ္ဆေများသည် မြေပြင်ပေါ်မှတဖန်တိုးထွက်လာကြပြီး လူအုပ်ထံသို့တဟုန်ထိုးပြေးဝင်လာကြပြန်သည်။
"ငါတို့ မှော်ဆရာတွေကိုပဲ အားကိုးနေလို့မရတော့ဘူး..."
ရှောင်ယုသည် တစ္ဆေများကိုသတ်ဖြတ်ရန်အတွက် အခြားသောနည်းလမ်းများကိုစဉ်းစားနေခဲ့သည်။ထိုသို့စဉ်းစားရင်း အတိတ်ဘဝ၌ သရဲတစ္ဆေများကို ကိုင်တွယ်ဖြေရှင်းရာတွင် သားရဲများ၏သွေးကိုအသုံးပြုတတ်ကြောင်း သတိရသွားခဲ့သည်။ထိုနည်းလမ်းသည် အမှန်ပင်အသုံးဝင်သလား...
"သားရဲ၁...မင်းရဲ့လက်ချောင်းကိုနည်းနည်းဖြတ်ပြီး ပုဆိန်ပေါ်မှာသွေးတွေကိုသုတ်လိမ်းလိုက်..."
ရှောင်ယုက ချက်ချင်းအမိန့်ပေးလိုက်သည်။
သားရဲ၁သည် ချက်ချင်းပင်သူ၏လက်ညိုးကိုဖြတ်ကာ ပုဆိန်ပေါ်၌သွေးများကိုသုတ်လိမ်းလိုက်သည်။သားရဲ၁သည် နာကျင်မှုကိုလုံးဝခံစားရပုံမပေါ်ခဲ့ပေ။
အား....
သားရဲ၁သည် ကျယ်လောင်စွာဟိန်းဟောက်လိုက်ကာ သူ၏ပုဆိန်ကိုဝှေ့ယမ်း၍ တစ္ဆေတစ်ကောင်အားခုတ်ထစ်လိုက်သည်။ထိုအခါ တစ္ဆေ၏ခန္ဓာကိုယ်အား အနီရောင်အလင်းတန်းတစ်ခု ရိုက်ခတ်သွားခဲ့သည်။သားရဲ၁သည် ထိုတစ္ဆေအားထပ်မံတိုက်ခိုက်လိုက်ချိန်တွင် တစ္ဆေသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင်အော်ဟစ်ကာ မီးခိုးငွေ့များအဖြစ် ပျောက်ကွယ်သွားခဲ့သည်။
"အသုံးဝင်တယ်..."
ရှောင်ယုသည် ထိုမြင်ကွင်းကိုကြည့်ကာ သူ၏မျက်လုံးများလင်းလက်သွားခဲ့သည်။ထို့နောက် ရှောင်ယုသည် သူတို့၏ပုဆိန်များကိုသွေးများဖြင့်သုတ်လိမ်းရန် အောစ့်များကိုအမိန့်ပေးလိုက်သည်။အောစ့်များသည် ရှောင်ယု၏အမိန့်တိုင်းလိုက်နာကာ တစ္ဆေများကိုစတင်သတ်ဖြတ်ကြသည်။
"သူတို့ကအားနည်းလွန်းတယ်..."
ရှောင်ယုသည် သူတွေးမိသောနည်းလမ်းက အသုံးဝင်နေသောကြောင့် အနည်းငယ်ဂုဏ်ယူမိသွားခဲ့သည်။
သို့သော်လည်းခဏအကြာတွင် ကြောက်ရွံစွာအော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်လာခဲ့ကာ အခြေအနေတစ်ခုလုံး ဖရိုဖရဲစဖြစ်လာခဲ့သည်။
"လက်တွေ...လက်တွေမြေကြီးကနေ တိုးထွက်လာတယ်...ဒီလက်က ငါ့ခြေထောက်ကိုဖမ်းဆွဲထားတယ်"
သူရဲကောင်းအကယ်ဒမီမှ ကျောင်းသားတစ်ယောက်သည် အရိုးစုတစ်ခု၏လက်က သူ့ခြေထောက်အားဖမ်းဆွဲလာ၍ ကြောက်လန့်တကြားပြောဆိုလိုက်သည်။
အခန်း ၁၈၃ - တကယ်တော့ ငါကပါလာဒင်တစ်ယောက်ပဲ
ထိုအချိန်တွင် မရေမတွက်နိုင်သော တစ္ဆေများသည် ရှောင်ယုတို့အဖွဲ့လက်ချက်ကြောင့် သေဆုံးသွားခဲ့ပြီဖြစ်သည်။
"မင်းတို့ဘာကိုကြောက်နေကြတာလဲ...သူတို့ကအရိုးစုတွေပဲ"
ရှောင်ယုသည် ပြာမှုန်သယ်ဆောင်သူကိုအသုံးပြုကာ အရိုးစု၏ဦးခေါင်းခွံအား ဓားဖြင့်ထိုးဖောက်လိုက်သည်။အရိုးစုသည် ကျယ်လောင်စွာအော်ဟစ်ကာ မီးခိုးငွေ့များအဖြစ်ပြောင်းလဲသွားခဲ့သည်။ပြာမှုန်သယ်ဆောင်သူသည် မသေမျိုးသတ္တဝါအမျိုးမျိုးအတွက် အိပ်မက်ဆိုးဖြစ်သည်။အကယ်၍ အူသာသည်ဤနေရာ၌ရှိနေခဲ့ပါက ကြီးမားသည့်အခန်းကဏ္ဍမှပါဝင်လာမည်ဖြစ်သည်။ပါလာဒင်၏အစွမ်းသည် မသေမျိုးများနှင့်ရင်ဆိုင်ရာတွင် အကောင်းဆုံးဖြစ်ပေသည်။သို့သော်လည်း အူသာကိုသာဤနေရာသို့ခေါ်ဆောင်လာပါက ခြင်္သေ့မြို့သည်အားနည်းသွားမည်ဖြစ်သည်။
အခြားသူများသည် သူတို့၏လက်နက်များကို အသုံးပြု၍၎င်း မှော်မန္တန်များကိုအသုံးပြု၍၎င်း အရိုးစုများကိုစတင်သတ်ဖြတ် ဖယ်ရှားခဲ့ကြသည်။တစ္ဆေများနှင့်မတူသည်မှာ အရိုးစုများသည်မသေမျိုးများဖြစ်သော်လည်း သူတို့၏ဦးခေါင်းခွံအားထိုးဖောက်ခြင်း သို့မဟုတ် ရိုက်ခွဲခြင်းဖြင့် သူတို့အားသတ်ဖြတ်နိုင်ပေသည်။
မြေကြီးမှတိုးထွက်လာသော အရိုးစုများသည် ခဏအကြာတွင်သေဆုံးသွားခဲ့သည်။သို့သော်လည်း ရိုးရှင်းသောချပ်ဝတ်တန်ဆာများနှင့်လက်နက်များကို ကိုင်ဆောင်ထားကြသည့် အရိုးစုများသည် သူတို့ထံချီတက်လာသည်ကို မြင်လိုက်ရချိန်တွင် လူတိုင်းအသက်ရှုကြပ်သွားကြသည်။
"သူမ အဆိပ်မိနေပြီ..."
မှော်အကယ်ဒမီမှ မိန်းကလေးတစ်ဦးသည် သူမ၏ခြေကျင်းဝတ်အား ကုတ်ခြစ်နေသည်ကိုမြင်သောအခါ ဆရာကြီးအယ်လ်မာက အော်ဟစ်လိုက်သည်။ထိုမိန်းကလေး၏ အဆိပ်မိနေသော ခြေကျင်းဝတ်မှသည် အစိမ်းရောင်အရည်များစီးကျလာခဲ့သည်။ထို့နောက် သူမ၏ခန္ဓာကိုယ်သည် တဖြည်းဖြည်းပဲ့ကျလာပြီး အဆုံးသတ်တွင်မသေမျိုးအဖြစ်ပြောင်းလဲသွားမည်ဖြစ်သည်။မသေမျိုးဘုရင်သည် ရှေးဟောင်းအေရွန်ဘုရင့်နိုင်ငံနှင့် သီရီစဖောသစ်တောတစ်ခုလုံးအား မသေမျိုးများနှင့်ပြည့်နှက်နေစေရန် ဤရိုးရှင်းသောလှည့်ကွက်ကို အသုံးပြုခဲ့သည်။
ဆရာကြီးအယ်လ်မာ၏ စကားကိုကြားသောအခါ အဆိပ်မိနေသောမိန်းကလေးသည် ကြောက်လန့်တကြားအော်ဟစ်လိုက်သည်။ထိုအရာသည် သေခြင်းထက်ပင်ပိုမိုကြောက်စရာကောင်းသည့် အခြေအနေဖြစ်သည်။
"စိတ်မပူပါနဲ့...ငါ့ဆီမှာအဆိပ်ဖြေဖို့ အခြားနည်းလမ်းတွေရှိတယ်"
ရှောင်ယုသည် သူမ၏ခြေကျင်းဝတ်ပေါ်တွင် အနာကျက်ဆေးအနည်းငယ်ကို သုတ်လိမ်းပေးလိုက်ပြီးနောက်တွင် ကျန်ဆေးရည်အားကောင်မလေးကိုသောက်သုံးခိုင်းလိုက်သည်။
"မကြောက်နဲ့...ဒါကဒဏ္ဍာရီလာအနာကျက်ဆေးပဲ...ဒီဆေးကမသေမျိုးတွေကြောင့်ဖြစ်လာတဲ့ အဆိပ်သင့်ပြဿနာကိုဖြေရှင်းပေးနိုင်တယ်..."
ရှောင်ယုက ယုံကြည်မှုအပြည့်ဖြင့်ပြောလိုက်သည်။အမှန်တော့ အနာကျက်ဆေးသည် ထိုသို့ပြုလုပ်နိုင်ကြောင်း ရှောင်ယုကိုယ်တိုင်ပင်မသိပေ။သို့သော်သူ၏စကားများက ထိုကောင်မလေး၏စိတ်ကိုတည်ငြိမ်စေနိုင်သည်။ယခုအခါ သူတို့သာထိတ်လန့်တုန်လှုပ်နေပါက လူတိုင်းပျက်စီးခြင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။စစ်တပ်တစ်ခုတွင် အရေးကြီးဆုံးသောအရာမှာ စိတ်ဓာတ်ဖြစ်သည်။စစ်သူကြီးသည် သူ့တပ်ဖွဲ့၏စိတ်ဓာတ်ကိုမြင့်တင်စေရန်အတွက် မုသားပြောဆိုခြင်းအပါအဝင် နည်းလမ်းများစွာကိုအသုံးပြုရမည်ဖြစ်သည်။
အရိုးစုများသည် သူတို့ထံသို့ချီတက်လာနေဆဲဖြစ်သည့်အတွက် ရှောင်ယုသည် ယခုအခိုက်အတန့်လေးတွေင် ကျောင်းသားများကိုထိတ်လန့်မသွားအောင် အားပေးလှုံဆော်ခဲ့သည်။အဆုံးသတ်တွင် မှော်ဆရာများသည် တိုက်ပွဲ၌အရေးကြီးသော အခန်းကဏ္ဍမှပါဝင်နေဆဲဖြစ်သည်။ထိုသို့မဟုတ်ပါက သူတို့သည်ဤအရိုးစုများကို ဖြေရှင်းရန်နေ့တစ်ဝက်ခန့် အချိန်ယူနေရမည်ဖြစ်သည်။
ကျောင်းသားများသည် ရှောင်ယု၏စကားကိုကြားပြီးနောက်တွင် စိုးရိမ်ပူပန်ခြင်းမရှိကြတော့ပေ။ရှောင်ယု၏အနာကျက်ဆေးများသည် မည်မျှအစွမ်းထက်ကြောင်း ဤကျောင်းသားများတွေ့မြင်ဖူးကြပြီးဖြစ်သည်။ယခင်ကဒဏ်ရာပြင်းထန်စွာ ရရှိနေသောကျောင်းသားများကိုကုသရန် ရှောင်ယုကဤအနာကျက်ဆေးများကို အသုံးပြုပြီးကယ်တင်ခဲ့သည်။ထို့အပြင် ဒဏ်ရာပြင်းထန်စွာရရှိနေသောကျောင်းသားများသည် အနာကျက်ဆေး၏အစွမ်းကြောင့် ရက်အနည်းငယ်အကြာတွင် မည်သည့်ဒဏ်ရာမှမရရှိဖူးသကဲ့သို့ အလွယ်တကူသွားလာလှုပ်ရှားနိုင်ကြသည်။
"အဆင်သင့်ပြင်ထားကြ..."
ရှောင်ယုက အမိန့်ပေးလိုက်သည်နှင့် ခြေလျင်တပ်သားများသည် ဒိုင်းလွှားများကိုပင့်မြောက်၍ နတ်သူငယ်လေးသမားများရှေ့သို့ ထွက်ရပ်လိုက်ကြသည်။နတ်ဆရာများသည် နောက်တန်း၌ရှိနေချိန်တွင် အောစ့်စစ်သည်များက ရှေ့၌ရပ်နေကြသည်။အောစ့်စစ်သည်များသည် သူတို့၏ပုဆိန်များကိုတင်းကြပ်စွာဆုပ်ကိုင်ထားကာ လမင်းပစ်ခတ်သူများအား အချိန်မရွေးပစ်ခတ်နိုင်စေရန် ပြင်ဆင်ထားကြသည်။လမင်းပစ်ခတ်သူများသည် အရေအတွက်များပြားသည့် ရန်သူအုပ်လိုက်အား ကိုင်တွယ်ဖြေရှင်းရာတွင် အကောင်းဆုံးသောလက်နက်ဖြစ်သည်။
ရွှီးးး..ရွှီးးး...ရွှီးးး
အောစ့်စစ်သည်များသည် လမင်းပစ်ခတ်သူများကို စတင်ပစ်ခတ်လိုက်ကြရာ ဓားစက်ဝိုင်း၅ခုသည် လမင်းပစ်ခတ်သူများထံမှ ပြေးထွက်သွားခဲ့သည်။၎င်းတို့သည် စက်ဝိုင်းပုံစံလှည်ပတ်၍ အရိုးစုများက်ိုဖြတ်တောက်ပစ်ခဲ့သည်။အောစ့်စစ်သည်များသည် လမင်းပစ်ခတ်သူများကို အချိန်အတော်ကြာကိုင်တွယ်ခဲ့၍ ၎င်းတို့၏ပစ်ခတ်ရာလမ်းကြောင်းကို ချိန်ညှိနိုင်ကာ ဓားစက်ဝိုင်းများကိုကွေ့ပတ်သွားအောင် ပစ်ခတ်နိုင်ကြောင်းနားလည်လာခဲ့သည်။ဤနည်းလမ်းသည် ဓားစက်ဝိုင်းများကို တိုက်ရိုက်ပစ်ခတ်ခြင်းထက် များစွာထိရောက်မှုရှိပေသည်။
အရိုးစုများသည် ညဏ်ရည်မြင့်မားခြင်းမရှိကြပေ။သူတို့သည် တိုက်ခိုက်ရန်တစ်ခုတည်းသာသိကြသော စက်ရုပ်များနှင့်တူပေသည်။အရိုးစု များသည် ဓားစက်ဝိုင်းများကိုပစ်ခတ်ချိန်၌ပင် တုံ့ပြန်မှုမရှိကြပေ။အမှန်တော့ ဓားစက်ဝိုင်းများ၏အရှိန်သည် အလွန်မြန်ဆန်သောကြောင့် သူတို့ရှောင်တိမ်းလိုလျှင်ပင် လုပ်ဆောင်နိုင်စွမ်းမရှိကြပေ။
ရွှီး...ရွှီး...ရွှီး...ရွှီး...
ဓားစက်ဝိုင်းများသည် သူတို့၏ပစ်ခတ်ရာလမ်းကြောင်း၌ရှိနေသော အရိုးစုများကို ထက်ပိုင်းဖြတ်တောက်သွားခဲ့သည်။အရိုးစုများသည် တိုက်ခိုက်ရန်အတွက် ရှေ့သို့သာချီတက်လာနေ၍ ၎င်းတို့သည်အလွယ်တကူသတ်ဖြတ်နိုင်သော သားကောင်များဖြစ်နေခဲ့သည်။
လမင်းပစ်ခတ်သူများ၏ ပထမဆုံးတိုက်ခိုက်မှုအား တွေ့မြင်ပြီးနောက်တွင် ကြောက်ရွံ့နေသော ကျောင်းသားများသည်ငြိမ်သက်သွားခဲ့ကြသည်။ရှောင်ယုသည် သူတို့အားအမှန်အတိုင်းပြောခဲ့ခြင်းဖြစ်သည်။ဤအရိုးစုများနှင့်ပတ်သက်၍ သူတို့သည်ကြောက်ရွံ့ထိတ်လန့်နေစရာမလိုခဲ့ပေ။
မှော်အကယ်ဒမီမှကျောင်းသားများသည် မှော်မန္တန်များအား စတင်ရွတ်ဆိုခဲ့ကြသည်။ထို့နောက်တွင် အရိုးစုများသည် မှော်ပညာနှင့်ဓားစက်ဝိုင်းများ၏ သတ်ဖြတ်ခြင်းသို့မဟုတ် ဖြတ်တောက်ခြင်းကိုခံခဲ့ကသည်။
သူရဲကောင်းအကယ်ဒီမှကျောင်းသားများသည်လည်း အရိုးစုများကိုသတ်ဖြတ်ရန်အတွက် သူတို့၏လက်နက်များကို စတင်အသုံးပြုလာခဲ့ကြသည်။သူတို့တစ်ယောက်ချင်းစီတိုင်းသည် အရိုးစုများစွာကိုသတ်ဖြတ်ပြီးနောက်တွင် သူတို့၏စိတ်ဓာတ်များမြင့်တက်လာခဲ့သည်။ဤအရိုးစုများ၏ကြံ့ခိုင်မှုသည် အားနည်းသော်လည်း သူတို့၏အရေအတွက်သည် အလွန်များပြားကြောင်းတွေ့ရှိလာရသည်။
ရှောင်ယုသည် သူ၏လက်ကိုမြှောက်လိုက်ရာ သူ့ထံမှရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ကျောင်းသားများနှင့်ဆရာများကိုဖုံးလွှမ်းစေလိုက်သည်။တစ်ခဏအတွင်းမှာပင် ကျောင်းသားများနှင့်ဆရာများသည် သူတို့၏ခွန်အား၂ဆတိုးလာကြောင်း တွေ့လိုက်ရသည်။
သူတို့ထဲမှတချို့သည် သူတို့အားပြုံးပြနေသောရှောင်ယုအား လှည့်ကြည့်လိုက်ကြသည်။
"တကယ်တော့ငါက ပါလာဒင်တစ်ယောက်ပဲ...ဒါကအလင်းရဲ့ကောင်းချီးပဲ...ခုငါရဲ့သူရဲကောင်းတွေ အလင်းရဲ့ကောင်းချီးနဲ့အတူတိုက်ပွဲဝင်ကြ...အလင်းကမင်းတို့နဲ့အတူရှိနေမှာပါ..."
ယခုအချိန်၌ ရှောင်ယုသည် စစ်သူကြီးတစ်ဦးထက် တရားဟောဆရာသို့မဟုတ် နတ်ဘုရားတစ်ပါးနှင့်ပိုတူနေခဲ့သည်။
ကျောင်းသားများသည် ရှောင်ယုအားကြည့်ရင်း အလွန်အံ့သြသွားခဲ့သည်။
ရှောင်ယုသည် ပါလာဒင်၏အစွမ်းကြောင့် ကျောင်းသားများနှင့်ဆရာများကိုကောင်းချီးပေးနိုင်သည်ဆိုလျှင်ပင် အလင်း၏ကောင်းချီးသည် ဤကမ္ဘာကြီး၌ပျောက်ကွယ်နေသည်မှာ ကြာမြင့်နေပြီမဟုတ်ပါလား...
ယခုခေတ်တွင် ပါလာဒင်များသည် သေးငယ်သောကောင်းချီးပမာဏကိုသာ ပြုလုပ်နိုင်ခဲ့ကြသည်။သူတို့သည် သန့်ရှင်းသောအလင်းကိုအသုံးပြုခြင်း သို့မဟုတ် ရိုးရှင်းသောဒဏ်ရာများကိုကုသရန် ကောင်းချီးပေးခြင်းတို့ကိုသာ ပြုလုပ်နိုင်စွမ်းရှိသည်။ပါလာဒင်များအနက် အလွန်နည်းပါးသည့်ပမာဏကသာ ဤသို့ကြီးမားသောကောင်းချီးကို အသုံးပြုနိုင်ပေသည်။
ရှောင်ယုသည် မည်သူနည်း...နှစ်ထပ်လေ့ကျင့်သူ သို့မဟုတ် ပါလာဒင်ဖြစ်နေသည်လား...
မည်သို့ပင်ဆိုစေ သူတို့ထံသို့ချည်းကပ်လာနေသည့် အရိုးစုကြောင့် ထိုအကြောင်းအားစဉ်းစားရန်အချိန်မရခဲ့ပေ။သူတို့၏အလင်း၏ကောင်းချီးကိုရရှိထား၍ သူတို့၏ခွန်အားများတိုးမြင့်လာခဲ့သည်။သူတို့သည် တိုးမြင့်လာသောခွန်အားနှင့်အတူ အရိုးစုများကိုတိုက်ခိုက်ရန်အတွက် သူတို့လေ့ကျင့်ခဲ့သော ကိုယ်ခံပညာနှင့်ကျွမ်းကျင်မှုများကို အသုံးပြုခဲ့ကြသည်။
သူရဲကောင်းအကယ်ဒမီမှ ဆရာအနည်းငယ်သည် စတုတ္ထအဆင့်၌သာရှိကြသည်။ယခုအခါ အလင်း၏ကောင်းချီးနှင့်အတူ သူတို့၏ခွန်အားသည်တိုးမြင့်လာခဲ့ကာ အရိုးစုများကိုအပြင်းအထန် တိုက်ခိုက်ခဲ့ကြသည်။
အလင်း၏ကောင်းချီးနှင့်အတူ သူတို့သည်အရေအတွက်များပြားလှသည့် အရိုးစုများစွာကိုခုခံနိုင်ခဲ့သည်။
ဤတိုက်ပွဲတွင် အောစ့်စစ်သည်များသည် ကောင်းစွာအစွမ်းပြနိုင်ခဲ့သည်။အရိုးစုများ၏ကြံ့ခိုင်မှုသည် နဂိုကတည်းကအားနည်းသောကြောင့် ကြမ်းတမ်းသောတိုက်ခိုက်မှုများကို ခုခံနိုင်စွမ်းမရှိကြပေ။ထို့ပြင် ယခုလိုအနီးကပ်တိုက်ပွဲများ၌ အောစ့်များကိုင်ဆောင်သည့် ဧရာမပုဆိန်ကြီးသည် အလွန်ထူးခြားလှပြီး အဖွဲ့လိုက်တိုက်ခိုက်မှုများအတွက် အလွန်သင့်တော်ပေသည်။
သို့သော်လည်း တစ်ချိန်တည်းမှာပင် ထူးဆန်းသည့်ညည်းတွားသံများ ပဲ့တင်ထပ်လာခဲ့ပြီး အရိုးစုများ၏အလယ်တွင် အလွန်မြင့်မားသည့်အရိုးစုများ ထွက်ပေါ်လာခဲ့သည်။
ရှောင်ယုသည် ထိုအရိုးစုများကိုမြင်လိုက်ချိန်တွင် ချက်ချင်းမျက်နှာပျက်သွားခဲ့သည်။
"မကောင်းတော့ဘူး...အဲ့ဒါကအရိုးစုမကောင်းဆိုးရွားတွေပဲ"