အခန်း (၁၈၄-၁၈၆)
Vol. 13 Ch. 184-186
အခန်း ၁၈၄ - အောက်လမ်းမှော်ကဝေ၏အနှစ်သာရ
အရိုးစုမကောင်းဆိုးရွားသည် အရိုးစုများစွာကို မျိုချပြီးနောက် အလွန်အမင်းသန်မာလာသည့် ဧရာမအရိုးစုများဖြစ်ကြသည်။
တစ်နည်းအားဖြင့်ဆိုရသော် ၎င်းတို့သည် အရိုးစုဘီလူးများအဖြစ်ပြောင်းလဲသွားကြသည်။အရိုးစုဘီလူးများနှင့် သာမန်အရိုးစုများ၏ခွန်အားကွာဟချက်သည် အလွန်များပြားလေသည်။အချို့သောအရိုးစုဘီလူးများသည် တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့်သူရဲကောင်းများ၏ကန့်သတ်ချက်သို့ပင် ရောက်ရှိနေခဲ့သည်။ထို့ပြင်သူတို့သည် မသေမျိုးများဖြစ်၍ နာကျင်မှုနှင့် ကြောက်ရွံ့မှုများမရှိခဲ့ကြပေ။
"မှော်ဆရာတွေ...အရိုးစုတွေကိုပဲ ဦးစားပေးပြီးမီးလောင်တိုက်သွင်းကြ...ရိုင်ဖယ်တပ်သားတွေ အရိုးစုဘီလူးတွေကိုပဲချိန်ပြီး ပစ်ခတ်ကြ...ခြေလျင်တပ်သားတွေက မင်းတို့ဆီရောက်လာတဲ့ အရိုးစုတွေကိုရှေ့လုံးဝမတိုးအောင် အာရုံစိုက်ထားကြ"
ရှောင်ယုက ကျယ်လောင်စွာအော်ဟစ်အမိန့်ပေးလိုက်သည်။
ခြေလျင်တပ်သားများသည် ဤတိုက်ပွဲ၌ အရေးကြီးသောအခမ်းကဏ္ဍမှပါဝင်ခဲ့သည်။သူတို့၏အထင်ရှားဆုံး စွမ်းဆောင်ရည်မှာ ကာကွယ်ရေးပင်ဖြစ်သည်။သူတို့သည် အဆင့်၁၀၌သာရှိသော်လည်း ဒုတိယအဆင့်လူသားသူရဲကောင်းများနှင့်အတူတူပင်ဖြစ်သည်။သို့သော် သူတို့၏ခုခံကာကွယ်မှုကြောင့် တတိယအဆင့်သူရဲကောင်းများသည်ပင် သူတို့အားသတ်ဖြတ်လိုပါက အခက်အခဲများစွာဖြင့် ရင်ဆိုင်ရမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကျယ်လောင်သောဟိန်းဟောက်သံတစ်ခုထွက်ပေါ်လာပြီး ခိုင်ရင်းသည် သူ၏ပုဆိန်ကြီးကိုဝှေ့ယမ်းရင်း အရိုးစုဘီလူး၁ကောင်ထံ ပြေးဝင်သွားခဲ့သည်။ဤတိုက်ပွဲတွင် ခိုင်ရင်း၏ခွန်အားသည် အမြင့်မားဆုံးဖြစ်ကာ အဆင့်၁ချပ်ဝတ်တန်တာကိုဝတ်ဆင်ထား၍ အရိုးစုများကိုမကြောက်ရွံ့ပေ။သူသည် တုန်ခါမှုလှိုင်းကိုအသက်သွင်းကာ အရိုးစုများကိုအမှုန့်ဖြစ်အောင်နင်းခြေပစ်ခဲ့သည်။ခိုင်ရင်းသည် အဆင့်နိမ့်နေသေးသည့်အတွက် အနည်းငယ်စိတ်မသက်မသာခံစားနေရကာ တိုက်ပွဲဖြစ်ပွားတိုင်းစစ်မြေပြင်ဆီ ဦးစွာအပြေးအလွှားသွားရောက်လေ့ရှိသည်။
ထိုသို့လုပ်ဆောင်မှုကြောင့် သူသည်အကြိမ်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့သော်လည်း အနာကျက်ဆေးနှင့်သူ၏ကြံ့ခိုင်သော ကိုယ်လုံးကိုယ်ပေါက်ကြောင့် ခိုင်ရင်းသည် သူ၏အထွတ်အထိပ်အခြေအနေကိုပြန်လည်ရရှိရန် ရက်အနည်းငယ်သာအချိန်ယူခဲ့ရသည်။ရှောင်ယုသည် ခိုင်ရင်းတစ်ယောက် ပိုမိုပြင်းထန်စွာတိုက်ခိုက်နိုင်ရန်အတွက် လက်နက်အထူးပြုမှုတွင် ကျွမ်းကျင်မှတ်များ ပေါင်းထည့်ပေးခဲ့သည်။
ဗုံး...
ခိုင်ရင်းသည် သူ၏ပုဆိန်ကြီးကို ဝှေ့ယမ်းလိုက်ရာ ကြီးမားသည့်သက်ရောက်မှုကြောင့် အရိုးစုဘီလူး၏ခန္ဓာကိုယ်သည် ချက်ချင်းနှစ်ပိုင်းကွဲသွားခဲ့သည်။အရိုးစုဘီလူးသည် ခိုင်ရင်း၏ထိုးနှက်မှုအားတားဆီးရန် အင်အားမရှိခဲ့ပေ။
အား...
အရိုးစုဘီလူးသည် ခိုင်ရင်း၏ပုဆိန်ကို နောက်ထပ်တစ်ကြိမ်မဝှေ့ယမ်းမှီတွင် ဝမ်းနည်းဖွယ်ရာညည်းတွားသံကိုထုတ်ဖော်ခဲ့ပြီးနောက် အရိုးစုဘီလူး၏ခန္ဓာက်ိုယ်ရှိ အရိုးများသည် အစိတ်အပိုင်းများစွာအဖြစ် ကွဲထွက်သွားခဲ့သည်။ခိုင်ရင်းသည် အလွန်ရဲရင့်လှပြီး မျက်နှာချင်းဆိုင်တိုက်ပွဲများတွင် ဂရင်းထက်များစွာပိုမိုသန်မာလေသည်။ယခုလ်ိုတိုက်ပွဲမျိုးတွင် နွားလားစစ်ပွဲသူရဲကောင်းသည် အရှိန်အဟုန်ဖြင့်မွေးဖွားလာခဲ့သည်။
သာမန်အရိုးစုပမာဏသည် အလွန်လျော့ကျသွားခဲ့သော်လည်း မြေပြင်မှတိုးထွက်လာသည့် လူအုပ်ထံအပြေးအလွှားပြေးဝင်လာသော အရိုးစု၁၀၀ကျော်ကျန်ရှိနေသေးသည်။
အရိုးစုဘီလူးများ၏ခွန်အားသည် အလွန်မြင့်မားလှကာ ဒုတိယအဆင့်သူရဲကောင်းများနှင့်ညီမျှသည့် အောစ့်စစ်သည်များသည်ပင် ၎င်းတို့၏ပြိုင်ဘက်မဟုတ်ခဲ့ပေ။သို့သော်လည်း ကိုဒိုသားရဲများ၏ဒရမ်များ၊နတ်ဆရာများ၏ သွေးဆာလောင်ခြင်းအစွမ်းနှင့် ခိုင်ရင်း၏တိုက်ပွဲဟိန်းဟောက်သံတို့ကြောင့် သူတို့၏ခွန်အားသည်မြင့်တက်လာခဲ့သည်။ထို့ပြင် မှော်ဆရာများ၊လေးသမားများနှင့်ရိုင်ဖယ်သမားတို့က ပစ်ကူပေးနေသည့်အတွက်ကြောင့် သူတို့သည်အရိုးစုဘီလူးများ၏ တိုက်ခိုက်မှုကိုတောင့်ခံနိုင်ခဲ့ကြသည်။
ဆရာကြီးအယ်လ်မာမှ ပစ်လွှတ်လိုက်သောမီးလုံးများသည် အကြိမ်တိုင်းအကြိမ်တိုင်းတွင် အရိုးစုဘီလူး၁ကောင်ကိုသတ်ဖြတ်ခြင်းဖြင့် ထူးခြားသည့်စွမ်းဆောင်ရည်အားပြသနေခဲ့သည်။
ရှောင်ယုသည် ဆရာကြီးအယ်လ်မာနှင့် အခြားသောမှော်ဆရာများကို မှော်စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးများ ထောက်ပံ့ပေးခဲ့သည်။အကယ်၍ တိုက်ပွဲအတွင်း မှော်စွမ်းအင်ကုန်ဆုံးသွားပါက သူတို့သည်သေစေနိုင်လောက်သော အန္တာရယ်နှင့်ရင်ဆိုင်ရနိုင်၍ ရှောင်ယုသည်၎င်းတို့အားသုံးရန် တွန့်ဆုတ်မနေဖို့အမိန့်ပေးခဲ့သည်။
အန်တိုနီဒက်စ်၏တိုက်ခိုက်ပုံသည် ထူးခြားလှသည်။သူသည် ရေဒြပ်စင်၃ခုအား တန်းစီထားခဲ့ကာ စက်သေနတ်များကဲ့သို့ ရေခဲချွန်များကိုပစ်ခတ်နေစေခဲ့သည်။ထိုရေခဲချွန်များသည် အရိုးစုများနှင့်အရိုးစုဘီလူးများကို ကြီးကြီးမားမားထိခိုက်ပျက်စီးစေသည်။အရိုးစုဘီလူးများသည် ရေခဲချွန်ဖြင့်ထိမှန်ခံရပြီးနောက် သူတို့၏တိုက်ခိုက်မှုနှင့်ရွေ့လျားမှုအရှိန်သည် လျော့ကျသွားမည်ဖြစ်သည်။
အန်တိုနီဒက်စ်သည် အရိုးစုဘီလူးများကိုအေးခဲသွားစေရန်အတွက် အာတိတ်နှင်းစွမ်းအားကို အဆက်မပြတ်အသုံးပြုနေခဲ့သည်။သူ၏ရေခဲလှံတံသည် အလွန်အစွမ်းထက်သည့် တစ်ခုတည်းသောကျွမ်းကျင်မှုဖြစ်သော်လည်း အဆင့်နိမ့်နေသေး၍ ကြီးမားသောအခန်းကဏ္ဍ၌ပါဝင်နိုင်ခြင်းမရှိပေ။သို့ရာတွင် ရေခဲလှံတံ၏ကျွမ်းကျင်မှုအဆင့်တိုးမြင့်လာသည်နှင့်အမျှ အရိုးစုဘီလူးများသတ်ဖြတ်နိုင်မည်ဖြစ်သည်။
တိုင်ရန်ဒီ၏ လောင်မြှိက်မြှားတံများသည်လည်း အလွန်ထိရောက်မှုရှိပေသည်။ထိုမြှားတံများသည် အရိုးစုဘီလူးများအား သတ်ဖြတ်နိုင်ခြင်းမရှိသော်လည်း ၎င်းတို့၏ခန္ဓာကိုယ်အား အလွန်အားနည်းသွားစေသည်။လေးသမားများကလည်း သူမပစ်ခတ်ထားသည့် အရိုးစုဘီလူးကိုဦးတည်၍ ဆက်လက်ပစ်ခတ်ကြသည်။အဘယ်ကြောင့်ဆိုသော် အရိုးစုဘီလူးများ၏ခုခံကာကွယ်မှုအား သာမန်လေးသမားများကဖောက်ထွင်း၍မရနိုင်သောကြောင့်ဖြစ်သည်။သို့သော်လည်း ရိုင်ဖယ်သမားများ၏ ထိုးဖောက်နိုင်စွမ်းပြင်းသောကျည်ဆန်များသည် အရိုးစုဘီလူးများ၏ အကာအကွယ်အားထိုးဖောက်ဝင်ရောက်နိုင်ပေသည်။ကျည်ဆန်များ၏ အစွမ်းသည် လေးနှင့်မြှားထက်ပိုမိုသာလွန်သောကြောင့် ရိုင်ဖယ်သမား၁၀ဦးခန့်က ပစ်မှတ်တစ်ခုတည်းကိုချိန်ရွယ်ပစ်ခတ်ပါက အရိုးစုဘီလူးတစ်ကောင်ကိုသုတ်သင်နိုင်သည်။
ခြေလျင်တပ်သားများသည် တစ်ကြိမ်လျှင် အရိုးစုနှစ်ကောင်ကိုတစ်ပြိုင်နက်ခုခံနိုင်သည်။သူတို့၏ဒိုင်းများကို ပုံစံအမျိုးမျိုးဖြင့်ထားရှိ၍ အရိုးစုများသည် ဒိုင်းများကိုအဆက်မပြတ်တိုက်ခိုက်နေသော်လည်း သူတို့အားထိခိုက်နိုင်စွမ်းမရှိခဲ့ပေ။ခြေလျင်တပ်သားများသည် ဒိုင်းနံရံတစ်ခုပြုလုပ်ကာ ခုခံနေကြသောကြောင့် အရိုးစုများသည်မည်သို့မှမလုပ်ဆောင်နိုင်ကြပေ။ထို့ပြင်ရှောင်ယုသည် သူတို့၏ခွန်အားကိုတိုးပွားစေရန်အတွက် အလင်း၏ကောင်းချီးကိုအသုံးပြုထားခဲ့သည်။အထူးသဖြင့် သူတို့၏ချပ်ဝတ်များသည် အခြားသူများ၏ချပ်ဝတ်များထက်များစွာသာလွန်ကောင်းမွန်ပေသည်။သို့သော်လည်း သူတို့၏ထိုးစစ်အင်အားသည် အောစ့်များနှင့်နှိုင်းယှဉ်ပါက အနည်းဆုံးနှစ်ဆခန့်နိမ့်ကျပေသည်။
"ကိုဒိုသားရဲတွေ...အဲ့ကောင်တွေကိုပိတ်ဆို့ပြီးတော့ နင်းခြေလိုက်ကြ"
ရှောင်ယုသည် နောက်ထပ်အရိုးစုဘီလူးများပြေးဝင်လာသည်ကိုမြင်သောအခါ အော်ဟစ်အမိန့်ပေးလိုက်သည်။ဤအခြေအနေ၌ အောစ့်စစ်သည်များနှင့်ခြေလျင်တပ်သားအပြင် ကိုဒိုသားရဲများကိုအသုံးပြုခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း သူနားလည်ပေသည်။ကိုဒိုသားရဲများသည် ပြင်းထန်သောတိုက်ခိုက်နိုင်စွမ်းကိုမပိုင်ဆိုင်သော်လည်း သူတို့၏အရေပြားသည်အလွန်ထူထဲပေသည်။ကြံ့ကြီးကဲ့သို့သားရဲများသည်တောင်မှ အရိုးစုများကိုတစ်ကိုယ်တည်းမတိုက်ခိုက်နိုင်ပေ။
ဘန်း...ဘန်း...ဘန်း
ကိုဒိုသားရဲများသည် ရှောင်ယု၏အမိန့်ကိုကြားသည်နှင့် အရိုးစုများကိုနင်းခြေရန်ပြေးဝင်လာကြသည်။အရိုးစုများသည် ကိုဒိုသားရဲများ၏ကြီးမားသောခန္ဓာကိုယ်အား စုပြုံတိုက်ခိုက်ကြသော်လည်း သူတို့၏ထူထဲသောအရေပြားကြောင့် ကိုဒိုသားရဲများအားထိခိုက်မှုတစ်စုံတစ်ရာ မပြုလုပ်နိုင်ခဲ့ပေ။ရှောင်ယုသည် အခြေစိုက်စခန်းမှဆင့်ခေါ်ထားသည့် စစ်သည်များ၏အကူအညီနှင့် ပံ့ပိုးထားသည့်ဆေးများ၏အကူအညီကြောင့် အရိုးစုများနှင့်အရိုးစုဘီလူးများကို ခုခံနိုင်ခဲ့သည်။အကယ်၍ သူတို့နေရာတွင် အခြားစွန့်စားသူတစ်ယောက်သာဆိုပါက ထိုစွန့်စားသူများသည် အချိန်အတော်ကြာကတည်းကကျဆုံးသွားခဲ့မှာဖြစ်သည်။
"သေစမ်း..."
ရှောင်ယုသည် သူရဲကောင်းအကယ်ဒမီမှ ကျောင်းသားအများစုဒဏ်ရာရရှိထားသည်ကိုတွေ့မြင်လိုက်ရပြီး အရိုးစုဘီလူးများအမြောက်အများကျန်ရှိနေသေးကြောင်း သတိထားမိလိုက်သည်။ကျောင်းသားများအနက်တွင် ဒဏ်ရာအပြင်းအထန်ရရှိထားသူအချို့ရှိနေပြီး ကုသမှုခံယူရန်လိုအပ်နေခဲ့သည်။ရှောင်ယုသည် စစ်မြေပြင်တွင် စစ်သားများကိုတတ်နိုင်သမျှ ကယ်တင်လိုခဲ့သည်။အကယ်၍ သူ့ဘက်မှကယ်တင်နိုင်မည်ဆိုပါက ရှောင်ယုသည်မည်သူ့ကိုမှအသက်ဆုံးရှုံးခွင့်ပြုမည်မဟုတ်ပေ။
ထိုအချိန်တွင် အရိုးစုဘီလူးများ၏ခြိမ်းခြောက်မှုသည် ပိုမိုပြင်းထန်လာကြောင်း တွေ့မြင်လိုက်ရ၍ ရှောင်ယုသည် သီအိုဒိုးပေးထားခဲ့သည့် မှော်စာလိပ်များကိုထုတ်ယူလိုက်သည်။ထို့နောက် မီးတောက်မုန်တိုင်းဟုအမည်ရသည့် မီးအမျိုးအစားမှော်စာလိပ်ကိုထုတ်ယူလိုက်ကာ အရိုးစုဘီလူးများ၏အလယ်တည့်တည့်သို့ ပစ်ထည့်လိုက်သည်။
ဗုံးးး....
ကျယ်လောင်သောပေါက်ကွဲသံသည် ချက်ချင်းပဲ့တင်ထပ်လာခဲ့ကာ ကြီးမားသောမီးတောက်များဖြစ်ပေါ်လာပြီး လေဆင်နှာမောင်းများအဖြစ်ပြောင်းလဲသွားခဲ့သည်။ထိုသို့ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် အရိုးစုဘီလူးအမြောက်အများသေဆုံးသွားခဲ့ရသည်။ထို့နောက်တွင် မီးတောက်မုန်တိုင်းသည်တဖြည်းဖြည်းရွေ့လျားလာကာ ၎င်းနှင့်ထိတွေ့မိသောအရိုးစုများနှင့်အရိုးစုဘီလူးများအား ဝါးမြိုလိုက်သည်။မီးမုန်တိုင်း၏ဝါးမြိုမှုကိုခံလိုက်ရသော အရိုးစုများနှင့်အရိုးစုဘီလူးများသည် ပြာအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။
လူတိုင်းသည် ဤမျှအစွမ်းထက်သည့်မှော်ပညာကို တစ်ခါမှမတွေ့မြင်ဖူး၍ အံ့သြမှင်သက်စွာရပ်ကြည့်နေခဲ့ကြသည်။ထိုအရာသည် စတုတ္ထအဆင့်မှော်စာလိပ်တစ်ခုသာဖြစ်သော်လည်း သီအိုဒိုးကဲ့သို့မှော်သခင်တစ်ဦးမှပြုလုပ်ထား၍ ၎င်းမှထုတ်လွှတ်လိုက်သည့် စွမ်းအားသည်လုံးဝကွဲပြားပေသည်။
ဤစာလိပ်ကိုစစ်မြေပြင်၌ သုံးစွဲခဲ့ပါက အကျိုးဆက်သည်အလွန်ပြင်းထန်မှာဖြစ်သည်။လူတိုင်းသည် မှော်သခင်သီအိုဒိုးအား ရိုသေလေးစားကြသည်မှာ အံ့သြစရာမဟုတ်တော့ပေ။ယခုသူတို့မြင်တွေ့လိုက်ရသည်မှာ သီအိုဒိုးဖန်တီးထားသည့် မှော်စာလိပ်၏စွမ်းအားသာဖြစ်သည်။အကယ်၍သီအိုဒိုးကိုယ်တ်ိုင် ထိုမှော်မန္တန်အားထုတ်ဖော်ခဲ့ပါက ထွက်ပေါ်လာမည့်စွမ်းအားသည် မတွေးဝံ့စရာပင်ဖြစ်သည်။
ရှောင်ယုသည် မြို့တစ်မြို့ကိုပင် တစ်ခါတည်းဖျက်ဆီးနိုင်သည့် တားမြစ်မှော်မန္တန်များအကြောင်းကြားဖူးခဲ့သည်။သို့သော်လည်း ထိုအရာများသည် အခြေအမြစ်မရှိသောကောလဟာများသာဖြစ်သည်ဟု ထင်မှတ်ခဲ့ကာယုံကြည်မှုမရှိခဲ့ပေ။ယခုမူ မှော်စာလိပ်၏အစွမ်းကိုကြည့်ကာ သူ၏ယုံကြည်မှုများပြိုလဲသွားခဲ့သည်။
မှော်စာလိပ်သည် အရိုးစုဘီလူးအမြောက်အများကို ဖျက်ဆီးခဲ့ပြီးနောက် လူတိုင်းသည်အသက်ရှင်ကျန်ရစ်ရေးအတွက် ကျန်ရှိနေသောအရိုးစုများကိုစတင်သတ်ဖြတ်ခဲ့ကြသည်။ရှောင်ယု၏ပြာမှုန်သယ်ဆောင်သူသည် တိုက်ပွဲတလျှောက်လုံး၌ တောက်ပနေခဲ့သည်။၎င်းသည် တစ္ဆေများကိုသတ်ဖြတ်သကဲ့သို့ အရိုးစုဘီလူးများကိုမသတ်ဖြတ်နိုင်သော်လည်း သူတို့အားထိခိုက်မှုကြီးကြီးမားမားပေးစွမ်းနိုင်ပေသည်။
ရှောင်ယုသည် ဖြတ်တောက်၊ထိုးဖောက်၊ခုတ်ထစ် အစရှိသည့်ရိုးရှင်းသောတိုက်ခိုက်မှုများကို ပြုလုပ်ရုံဖြင့် အရိုးစုဘီလူးများသည် မီးခိုးငွေ့များအဖြစ်ပြောင်းလဲသွားခဲ့သည်။အတိုချုပ်ပြောရပါက အရိုးစုဘီလူးအားသတ်ဖြတ်ရန် ရှောင်ယုသည် ၇ကြိမ်၈ကြိမ်ခန့်သာလှုပ်ရှားရန်လိုအပ်ပေသည်။
"ပေးရတဲ့စျေးနှုန်းနဲ့ တကယ်ထိုက်တန်ပါပေတယ်..."
ရှောင်ယုသည် တိုးတိုးလေးရေရွတ်လိုက်မိသည်။သူသည် လေလမ်းလျှောက်ခြင်း၊တည်နေရာရွေ့ပြောင်းခြင်း၊သူရဲကောင်းဆန်စွာခုန်လွှားခြင်းနှင့် အခြားကျွမ်းကျင်မှုများကိုအသုံးပြုကာ အရိုးစုဘီလူးများကို အပြေးအလွှားဝင်ရောက်သတ်ဖြတ်နေခဲ့သည်။
ယခုအချိန်၌ ရှောင်ယုသည်သူ၏ခွန်အားကို ဖုံးကွယ်မထားတော့ပေ။ဤစွန့်စားခရီးတွင် တစ်ချိန်ချိန်၌ သူ၏ဝှက်ဖဲများကိုအကုန်ထုတ်ဖော်ရမည်ဖြစ်ကြောင်း သူနားလည်ထားသည့်အတွက် သူဘာလုပ်နိုင်သည်ဆိုတာ လူတိုင်းသိသွားခဲ့လျှင်ပင် အရေးမပါတော့ပေ။
တိုက်ပွဲအပြီးတွင် အရိုးစုများနှင့်ရန်သူအားလုံး သေဆုံးသွားခဲ့ရသည်။မသေမျိုးသတ္တဝါများ ထပ်မံထွက်ပေါ်လာခြင်းမရှိတော့၍ ရှောင်ယုသည် ဒဏ်ရာရသူများကိုစတင်ကုသပေးခဲ့သည်။
သူရဲကောင်းအကယ်ဒမီမှ ကျောင်းသားအမြောက်အများသည် သတိလစ်မေ့မြောနေခဲ့သည်။သူတို့မှတ်မိသည့်နောက်ဆုံးအရာမှာ သူတို့သည်အရိုးစုများနှင့်တိုက်ခိုက်ပြီးနောက် ထိခိုက်ဒဏ်ရာရကာသတိလစ်သွားခြင်းဖြစ်သည်။ထို့ပြင် ကျောင်းသားများသည် အရိုးစုများလက်ချက်ကြောင့် အဆိပ်သင့်နေခဲ့သည်။
ကျောင်းသားများ၏ဒဏ်ရာများသည် ပြင်းထန်ကြောင်း ရှောင်ယုချက်ချင်းနားလည်လိုက်သည်။အနာကျက်ဆေးများသည် ဤကဲ့သို့ပြင်ပနှင့်အတွင်းဒဏ်ရာများကိုပြီးပြည့်စုံအောင် မကုသပေးနိုင်ကြောင်း ရှောင်ယုသိရှိထားသည်။ထို့ကြောင့်ရှောင်ယုသည် သန့်ရှင်းသောအလင်းကိုအသုံးပြုကာ ဒဏ်ရာရသူများကိုကုသပေးခဲ့သည်။ဤကဲ့သို့သောကိစ္စမျိုးအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ရှောင်ယုသည်သန့်ရှင်းသောအလင်းကို ကျွမ်းကျင်မှတ်များထည့်ပေါင်းထားခဲ့သည်။သန့်ရှင်းသောအလင်းသည် ယခုဒဏ်ရာရရှိနေသောကျောင်းသားများကိုကုသရန် လုံလုံလောက်လောက်အစွမ်းထက်ပေသည်။ထို့ပြင် အနာကျက်ဆေးများကိုအသုံးပြုပြီးနောက် သူတို့၏အခြေအနေသည် ပိုမိုတည်ငြိမ်လာခဲ့သည်။
ရှောင်ယုသည် သန့်ရှင်းသောအလင်းကိုအသုံးပြုနေသည်ကို မြင်သောအခါ မှော်အကယ်ဒမီမှကျောင်းသားများသည် ပိုမ်ိုအံ့သြသွားခဲ့ကြသည်။
ရှောင်ယုက ဘယ်လိုလူလဲ...
ရှောင်ယုသည် ရွှေရောင်အလင်းတန်းကိုထုတ်ဖော်လိုက်ရာ ၎င်းနှင့်ထိတွေ့မိသောဒဏ်ရာများသည် သာမန်မျက်စိဖြင့်တွေ့မြင်နိုင်သည့်အရှိန်ဖြင့် လျင်မြန်စွာပျောက်ကင်းသွားခဲ့သည်။ဤအရာသည် ပါလာဒင်ဟုခေါ်သောသူများထက် များစွာပိုမိုသာလွန်ကြောင်းသူတို့နားလည်ကြသည်။ရှေးခေတ်ပါလာဒင်များသည် ဤကဲ့သို့အစွမ်းထက်သောကုသနိုင်စွမ်းကို အသုံးချနိုင်ခဲ့ကြသော်လည်း နှစ်ပေါင်း၁၀၀၀၀ကျော်ကြာမြင့်ပြီးနောက် ထိုအစွမ်းများပျောက်ဆုံးသွားခဲ့ကြသည်။
ကံကောင်းထောက်မစွာဖြင့် မည်သူမှမသေဆုံးခဲ့ပေ။ရှောင်ယုသည် ဒဏ်ရာရရှိနေသောကျောင်းသားများက အနာကျက်ဆေးကိုအဆက်မပြတ်သုံးစွဲနေလျှင် တစ်လအတွင်းအထွတ်အထိပ်အခြေအနေကို ပြန်ရောက်လိမ့်မည်ဟုယုံကြည်ထားကြသည်။ယခုအခါ အကယ်ဒမီနှစ်ခုမှ ကျောင်းသားများသည် ရှောင်ယုနှင့်ပူးပေါင်းမိခြင်း၏အကျိုးကျေးဇူးကို နားလည်လာခဲ့ကြပြီဖြစ်သည်။အစောပိုင်းတွင် သူတို့၏သူငယ်ချင်းအချို့သည် အန်ကာဂန်တောင်တန်း၌သေဆုံးခဲ့ရသည်။သို့သော်လည်း ရှောင်ယုနှင့်ပူးပေါင်းပြီးနောက် အလွန်အန္တာရယ်များသည်အမှောင်မြို့တော်၌ပင် မည်သူမှမသေဆုံးသေကြောင်း လူတိုင်းနားလည်လိုက်ကြသည်။
ဆရာကြီးအယ်လ်မာသည် သူအနားယူနေသည့်နေရာတဝိုက်ကို လှည့်ပတ်ကြည့်ရှုလိုက်ရာ သူ၏ခြေဖဝါးအောက်တွင် တောက်ပနေသောအမှုန်အမွှားအချို့ရှိနေသည်ကို တွေ့လိုက်ရသည်။
"ဒါက အောက်လမ်းမှော်ကဝေရဲ့အနှစ်သာရပဲ..."
အခန်း ၁၈၅ - အမှောင်မြို့တော်သို့ဝင်ရန်နည်းလမ်း
မှော်အကယ်ဒမီမှကျောင်းသားများသည် ဤတိုက်ပွဲတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်။
သူတို့သည် လက်တွေ့ကမ္ဘာအား စူးစမ်းလေ့လာကာ အတွေ့အကြုံရရှိရန် အကယ်ဒမီမှထွက်လာခဲ့ကြသော်လည်း သူတို့သည် ဒုတိယအဆင့်မှော်ဆရာများဖြစ်ကြသည်။ဒုတိယအဆင့်မှော်ဆရာများသည် ဒုတိယအဆင့်သူရဲကောင်းများထက် များစွာအားကောင်းကြသည်။ဤသည်မှာ ရှောင်ယုကသူတို့အား အမှောင်မြို့တော်ထံခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ယခုလ်ိုအရေးကြီးသောအခိုက်အတန့်မျိုးတွင် မှော်ဆရာများပါဝင်နိုင်သည့်အခန်းကဏ္ဍသည် အောစ့်စစ်သည်များနှင့် နတ်သူငယ်လေးသမားတို့ဖြင့်အစားထိုး၍မရပေ။မှော်ဆရာများမပါရှိလျှင် သူတို့သည်အရိုးစုဘီလူးများမဆိုနှင့် အရိုးစုများကိုပင် သတ်ဖြတ်ရန်ခက်ခဲမှာဖြစ်သည်။
မြေပြင်ပေါ်ရှိ တောက်ပသောအမှုန်အမွှားများသည် အောက်လမ်းမှော်ကဝေအနှစ်သာရဖြစ်ကြောင်း ဆရာကြီးအယ်လ်မာက ရုတ်တရက်ပြောလာခဲ့သည်။ထိုအခိုက်အတန့်တွင် လူတိုင်းအံ့အားသင့်နေချိန်၌ ရှောင်ယုကဦးစွာမေးမြန်းလာခဲ့သည်။
"အောက်လမ်းမှော်ကဝေအနှစ်သာရ....အဲ့ဒါကဘာလဲ"
ဆရာကြီးအယ်လ်မာက သူတို့အားရှင်းပြလိုက်သည်။
"အောက်လမ်းမှော်ကဝေအနှစ်သာရက မသေမျိုးသတ္တဝါတွေအများကြီးရှိတဲ့နေရာတွေမှာ ထွက်ပေါ်လာတတ်တယ်လို့ ပြောကြတယ်...သူတို့သေဆုံးပြီးတဲ့နောက်မှာဆိုရင် အဲ့ဒီအနှစ်သာရတွေကကျကျန်ခဲ့တယ်လို့ပြောကြတယ်...အဲ့ဒီအနှစ်သာရတွေက အဂ္ဂိရိတ်သမားတွေအတွက် အရမ်းအဖိုးတန်ပေမဲ့ ရရှိဖို့အလွန်ခဲယဉ်းတယ်"
"အိုးသေစမ်း...ဆရာကြီးပြောပုံအရဆိုရင်...အဲ့ဒါကအရမ်းကိုအဖိုးတန်တဲ့ပစ္စည်းတစ်ခုဆိုရင် ငါတို့ဒီတစ်ခါအကျိုးအမြတ်အကြီးကြီးရခဲ့တာပဲ"
ရှောင်ယုက ဝမ်းသာအားရလေသံဖြင့်ပြောလိုက်သည်။
လင်းမူရွယ်သည် ချက်ချင်းပင် သူ၏နောက်ကျောကိုလှမ်းဆိတ်လိုက်သည်။
ရှောင်ယု၏မျက်နှာသည် ရှုံ့မဲ့သွားကာ သူပြောသည့်ပုံစံကို ချက်ချင်းပြန်ဖြေလိုက်သည်။
"ခုလိုအဖိုးတန်တဲ့ ပစ္စည်းတွေကိုရလိုက်တာ တကယ်ကံကောင်းတာပဲ...ဆရာကြီးအယ်လ်မာက ကျေးဇူးပြုပြီးတော့ အောက်လမ်းမှော်ကဝေအနှစ်သာရတွေကိုအသုံးပြုနိုင်မယ့် နည်းလမ်းတွေကိုပြောပြပေးနိုင်မလား"
ဆရာကြီးအယ်လ်မာသည် တလက်လက်တောက်ပနေသော အနှစ်သာရများကိုကြည့်ရင်း ပြောလိုက်သည်။
"ဒါတွေကိုအသုံးပြုပြီးတော့ မှော်ဖောက်ခွဲရေးမြှားတွေကိုဖန်တီးနိုင်တယ်..."
"ပေါက်ကွဲစေတဲ့မြှားတွေလား..."
ရှောင်ယုသည် ထခုန်လုမတတ်စိတ်လှုပ်ရှားသွားခဲ့သည်။
သူသည် မှော်ဖောက်ခွဲရေးမြှားများ၏ လုပ်ဆောင်နိုင်စွမ်းကို အလွန်ရှင်းလင်းစွာနားလည်ထားခဲ့သည်။၎င်းတို့သည် စွမ်းအားအရသာဆိုလျှင် သေးငယ်သောဒုံးကျည်များနှင့် အတူတူပင်ဖြစ်သည်။အကယ်၍ လှံပစ်စက်တစ်ခုတွင် အကြီးစားမှော်ဖောက်ခွဲရေးမြှားတစ်စင်းကို တင်ဆောင်ပစ်ခတ်ပါက သာမန်လှံပစ်စက်တစ်ခုသည် မီတာ၂၀၀၀အကွာမှမြို့တံခါးကိုဖျက်ဆီးနိုင်သည်။၎င်းတို့ကိုသာ အမြောက်အများထုတ်လုပ်နိုင်ပါက မှော်ဖောက်ခွဲရေးမြှားမျာသည် ဗျူဟာမြောက်လက်နက်တစ်ခုဖြစ်လာမည်ဖြစ်သည်။မည်သို့ပင်ဆိုစေ ရှောင်ယုသည် အကြီးစားမှော်ဖောက်ခွဲရေးမြှားများကို မထုတ်လုပ်နိုင်ပါက သေးငယ်သောမှော်ဖောက်ခွဲရေးမြှားများကိုဖန်တီးရန် မခက်ခဲပေ။ထိုမြှားများကိုတိုင်ရန်ဒီအား တပ်ဆင်ပေးလိုက်ပါက အကျိုးသက်ရောက်မှုသည် အံ့မခန်းဖြစ်နေမှာဖြစ်သည်။
"ဘာတွေကြောင်ကြည့်နေတာလဲ...အဲ့ဒါတွေကိုမြန်မြန်စုဆောင်းကြ"
ရှောင်ယုသည် ကျွမ်းကျင်သောအမှိုက်သိမ်းသမားများဖြစ်သည့် အောစ့်စစ်သည်များကိုအော်ငေါက်လိုက်သည်။ထို့နောက် သူတို့သည် အနှစ်သာရများကိုစတင်ကောက်ယူခဲ့ပြီး ပုလင်းအလွတ်များ၌ထည့်ကာ သိုလှောင်လက်စွပ်များအတွင်း၌ သိမ်းဆည်းထားခဲ့ကြသည်။
"ဆရာကြီးအယ်လ်မာ...ခြင်္သေ့နယ်မြေရဲ့ခွန်အားဟာ အတော်လေးနိမ့်ပါးနေပြီး တတ်နိုင်သမျှမြန်မြန်လေးခွန်အားကိုတိုးမြင့်ဖို့အတွက် အစွမ်းထက်လက်နက်တွေလိုအပ်နေမယ်ဆိုတာ ဆရာကြီးသိလောက်မှာပါ..ဒါကြောင့်ဒီအနှစ်သာရတွေအတွက် ထူးခြားတဲ့ရတနာတွေမပေးနိုင်သေးပေမဲ့ ဆရာကြီးကျေနပ်လောက်မဲ့ လျော်ကြေးကိုပေးနိုင်ပါတယ်"
ရှောင်ယုသည် ဆရာကြီးအယ်လ်မာနှင့် ညိနှိုင်းရန်ကြိုးပမ်းလိုက်သည်။
သူသည်ဤရတနာများကို တစ်ပါးသူလက်ထဲသို့ ထည့်ပေးရန်ဆန္ဒမရှိပေ။
သို့သော်လည်း ဆရာကြီးအယ်လ်မာသည် အပြုံးမပျက်ခဲ့ပေ။
"အိုး...မင်းမှာအနှစ်သာရတွေရှိမယ်ဆိုရင်တောင်မှ မင်းအတွက်အဲ့ဒါတွေကိုသန့်စင်ပေးမယ့် အစွမ်းထက်တဲ့အဂ္ဂိရိတ်ပညာရှင်မရှိဘူး..."
ရှောင်ယုသည် မြှားများကိုသန့်စင်ပေးမယ့် အဂ္ဂိရိတ်ပညာရှင် မသိရှိသည့်အတွက်ကြောင့် အလွန်ပင်အံ့အားသင့်သွားခဲ့သည်။သူသည် ခေတ်သစ်ကမ္ဘာမှဖြစ်၍ သူ့ထံတွင်ဟိုက်ဒရိုဂျင်နှင့်အက်တမ်ဗုံးများပြုလုပ်ရန် ပစ္စည်းအလုံအလောက်ရှိနေလျှင်ပင် သိပ္ပံပညာရှင်များမရှိပါက ၎င်းကိုပြုလုပ်ရန်မဖြစ်နိုင်ကြောင်းနားလည်ထားသည်။ဤကမ္ဘာ၌ အဂ္ဂိရိတ်ပညာရှင်သည် ထိုနည်းတူစွာပင်ဖြစ်သည်။
"စိတ်မပူပါနဲ့ ငါကအဂ္ဂိရိတ်ပညာကိုမကျွမ်းကျင်ပေမဲ့ ငါ့ရဲ့သူငယ်ချင်းတစ်ယောက်နဲ့မိတ်ဆက်ပေးနိုင်ပါတယ်...ဒါကမင်းငါ့အတွက်လုပ်ပေးခဲ့တာတွေအတွက် လျော်ကြေးလို့သတ်မှတ်နိုင်တယ်...ဒါပေမဲ့ အဲလိုလုပ်ဖြစ်ဖို့နည်းနည်းခက်လိမ့်မယ်...သူကကျွမ်းကျင်အဂ္ဂိရိတ်ပညာရှင်တစ်ယောက်ဆိုပေမဲ့ တော်တော်ခေါင်းမာတာကြောင့် မင်းကသူရဲ့ဝန်ဆောင်မှုကိုရလိမ့်မယ်လို့ ငါကျိန်းသေပေါက်အာမမခံနိုင်ဘူး...ဒါတွေအကုန်လုံးကမင်းအပေါ်မှာဘဲ မူတည်လိမ့်မယ်"
ဆရာကြီးအယ်လ်မာက ပြုံးပြီးပြောလိုက်သည်။
ရှောင်ယုသည် ထိုကမ်းလှမ်းချက်ကိုကြားသောအခါ အလွန်စိတ်လှုပ်ရှားနေခဲ့သည်။သူသည် ခြင်္သေ့နယ်မြေ၏စွမ်းအားတိုးလာစေရန်အတွက် အတတ်နိုင်ဆုံးနည်းမျိုးစုံကိုသုံး၍ စီစဉ်နေခဲ့သည်။တစ်ချိန်တည်းမှာပင် အောစ့်စစ်သည်များသည် ဧရိယာတစ်ခုလုံးကိုသန့်စင်ခဲ့ကြကာ အောက်လမ်းမှော်ကဝေ၏အနှစ်သာရများကို တစ်စက်မကျန်စုဆောင်းခဲ့ကြသည်။
"ဒီအနှစ်သာရတွေကို ငါတို့သတ်ခဲ့တဲ့မသေမျိုးသတ္တဝါတွေဆီကနေ ရခဲ့တာပဲ...ဆိုလိုတာကငါတို့ဟာ အန္တာရယ်တွေအများကြီးကြုံရနိုင်ပေမဲ့ တစ်ချိန်တည်းမှာပဲအနှစ်သာရတွေအများကြီးရနိုင်မယ်လို့ ဆိုလိုတာပဲ...ငါတို့သာဆက်သွားရင် မသေမျိုးတွေနဲ့ထပ်တွေ့ရနိုင်တယ်...ဘာပဲဖြစ်ဖြစ်ဒီထိရောက်လာမှတော့ နောက်ဆုတ်လို့မရတော့ဘူး ရှေ့ဆက်လိုက်ရအောင်"
ရှောင်ယုသည် အားပေးစကားပြောလိုက်သည်။မှော်နှင့်သူရဲကောင်းအကယ်ဒမီမှ ကျောင်းသားအားလုံးသည်လည်း အတွင်းပိုင်းသို့ဆက်လက်စူးစမ်းလေ့လာရန် ဆန္ဒရှိကြသည်။
ပထမဦးစွာ ရှောင်ယုသည် သူတို့အားကာကွယ်နိုင်ရန် လုံလောက်သောအစွမ်းအစကိုပိုင်ဆိုင်ထားသည်။ထို့ပြင် ရှောင်ယုသည် သူကယ်တင်နိုင်သည့်မည်သူ့ကိုမဆို စွန့်ပစ်ခဲ့မည်မဟုတ်ကြောင်း သူတို့သိထားပေသည်။သူတို့သည် ယခုအချိန်ထိမရေမတွက်နိုင်သောတိုက်ပွဲများနှင့်ရင်ဆိုင်ခဲ့ရသော်လည်း မည်သူမှမသေဆုံးသေးပေ။
ဤလောကရှိလူများသည် အသက်ထက် ဂုဏ်ကျက်သရေကိုပိုမ်ိုမက်မောတန်ဖိုးထားကြသည်။ယခုအချိန်ထိ သူတို့သည်စတုတ္ထအဆင့်သားရဲတစ်ကောင်အား သတ်ဖြတ်ခဲ့ကြသလ်ို မရေမတွက်နိုင်သောမသေမျိုးသတ္တဝါများက်ိုလည်း တိုက်ခိုက်ခဲ့ကြသည်။ဤအကြောင်းသည် သူတို့နေထိုင်ရာ မြို့ရွာများသို့ရောက်ရှိပါက ဂုဏ်ယူဝင့်ကြွားစွာပြန်လည်ပြောဆိုနိုင်မည့် အကြောင်းများဖြစ်ကြသည်။
"အဝင်တံခါးတွေကို မြေအောက်ထဲမှာနစ်မြုပ်ထားမယ်ဆိုရင် ဘယ်လိုဝင်ကြမှာလဲ..."
လင်းမူရွယ်ကမေးမြန်းလိုက်သည်။
ထိုအချိန်တွင် ရှောင်ယု၏မျက်နှာတွင် ဆန်းကြယ်သောအပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။
"တံခါးတွေပိတ်ဆို့ထားရင်တောင် ငါတို့အကုန်လုံးအထဲဝင်သွားနိုင်မယ့် လမ်းကြောင်းတစ်ခုကိုငါသိထားတယ်"
အခြားသူများသည် ရှောင်ယု၏စကားကိုနားထောင်မိချိန်တွင် ဤကိစ္စနှင့်ပတ်သက်၍ ရှောင်ယုတစ်ယောက် အဘယ်ကြောင့်ဤမျှယုံကြည်မှုရှိနေရသည်ကို နားမလည်န်ိုင်ဖြစ်နေကြသည်။
"ငါ့ဆီမှာ အမှောင်မြို့တော်ထဲ အဝင်လမ်းကြောင်းကိုဖော်ပြထားတဲ့ တစ်ချိန်ကမြေပုံတစ်ခုရှိတယ်...အဲ့ဒီမှာ အမှောင်မြို့တော်ကိုအပြင်ဘက်ကနေ ဆက်သွယ်ထားတဲ့ပျံသန်းရေးလမ်းကြောင်းတစ်ခုရှိနေတာ ငါမှတ်မိသေးတယ်"
"ပျံသန်းရေးလမ်းကြောင်းကဘာကြီးလဲ..."
အခြားလူများသည် ထိုစကားလုံးကိုနားမလည်၍ အံ့သြသွားကြသည်။
ရှောင်ယုက ဆက်လက်ရှင်းပြလိုက်သည်။
"ရှေးခေတ်ကစွန့်စားသူတွေဟာ ခရီးဝေးတွေကိုခုလိုအချိန်အကြာကြီး ကုန်းကြောင်းကသွားစရာမလိုဘဲ ခရီးထွက်ဖို့အတွက် ဂရစ်ဖင်တွေ၊ဦးချိုပါလင်းယုန်တွေ၊လင်းနို့တွေနဲ့ အခြားပျံသန်းနိုင်တဲ့သားရဲတွေကိုအသုံးပြုခဲ့ကြတယ်...အမှောင်မြို့တော်မှာ အဲ့သားရဲတွေဝင်ရောက်ဖို့နဲ့ မြို့ထဲကထွက်ခွာဖို့ပျံသန်းရေးလမ်းကြောင်းတစ်ခု ဖောက်လုပ်ထားတယ်"
ရှောင်ယု၏ရှင်းပြချက်ကိုနားထောင်ပြီးနောက် လူတိုင်းအံ့သြသွားခဲ့ကြသည်။လူတိုင်းသည် ရှေးခေတ်တွင် ခရီးသွားလာရန်အတွက် ပျံသန်းနိုင်သောဒဏ္ဍာရီလာသားရဲများကို အသုံးပြုခဲ့ပုံအား စိတ်ကူးယဉ်မိလာကြသည်။ယခုအခါတွင် ပျံသန်းနိုင်သောသားရဲများကို ယဉ်ပါးစေကာအသုံးပြုကြသောနေရာအချို့ရှိသော်လည်း လက်တစ်ဖက်တည်းဖြင့်ရေတွက်နိုင်ပေသည်။
ရှောင်ယုသည် စစ်ကမ္ဘာဂိမ်းကြောင့် ထိုလမ်းကြောင်းကိုရင်းနှီးနေခဲ့ခြင်းဖြစ်သည်။သူသည် ထိုအခါက အဖွဲ့တစ်ခုနှင့်အတူ ရှေးဟောင်းအေရွန်ဘုရင့်နိုင်ငံ၏ နယ်မြေအတွင်းရှိ မြေအောက်မြို့တော်သို့ဝင်ရောက်ရန်လင်းနို့တစ်ကောင်ကို အသုံးပြုခဲ့ရသည်။
သူတို့သည် ဆက်လက်ခရီးဆက်လာကြရာ မသေမျိူးသတ္တဝါများကို ဆက်လက်ရင်ဆိုင်လာရသည်။သူတို့သည် သရဲတစ္ဆေများ၊အရိုးစုများနှင့်အရိုးစုဘီလူးများကို သတ်ဖြတ်ခဲ့သော်လည်း အရေအတွက်မများလှပေ။အောစ့်စစ်သည်များသည် ၎င်းတို့ကိုသတ်ဖြတ်ပြီးနောက် ကျဆင်းလာသည့် အနှစ်သာရများကိုစုဆောင်းခဲ့သည်။
အဆုံးသတ်တွင် သူတို့သည်အဝင်လမ်းကြောင်းကို ရှာတွေ့ခဲ့သည်။ထိုနေရာသည် အလွန်ပြောင်းလဲသွားခဲ့သော်လည်း ရှောင်ယုကထိုပြိုကျနေသောအပေါက်သည် ဝင်ပေါက်ဖြစ်ကြောင်းခံစားမိလိုက်သည်။
အခန်း ၁၈၆ - မြေအောက်မြို့တော်သို့ ဝင်ရောက်ခြင်း
"ဒါကဝင်ပေါက်ဘဲ..."
ရှောင်ယုသည် အဝင်လမ်းကြောင်းကိုကြည့်ရင်း စိတ်လှုပ်ရှားနေခဲ့သည်။အမှောင်မြို့တော်အား ကိုယ်တိုင်ကိုယ်ကျဝင်ရောက်လေ့လာရခြင်းသည် မတူညီသောခံစားချက်တစ်ခုဖြစ်သည်။
"ဆီးဗက်နက်စ်(လေလိုက်ဖမ်းသူ)က ခုချိန်ထိဒီနေရာမှာရှိနေနိုင်သေးလား...တကယ်လို့သူမနဲ့သာစကားပြောဖို့ အခွင့်အရေးရရင် အရမ်းကောင်းမှာပဲ...ဒါပေမဲ့နှစ်ပေါင်း၁၀၀၀၀ကျော်ကြာမြင့်ခဲ့ပြီဆိုတော့ အဲ့ဒါကမဖြစ်နိုင်တော့ဘူး...ကမ္ဘာကြီးပြောင်းလဲလာမှုနဲ့အတူ သူမကလည်းအချိန်ရေစီးကြောင်းထဲမျှောပါပျောက်ကွယ်သွားလောက်ပြီ..."
ခိုင်ရင်းသည် အားလုံးထဲတွင် အစွမ်းအထက်ဆုံးသောခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် ရှောင်ယုသည်သူ့အားရှေ့ဆုံးမှ ဦးဆောင်ခိုင်းခဲ့သည်။ထို့ပြင် ခိုင်ရင်းသည် အဆင့်၁၉၏အထွတ်အထိပ်သို့ရောက်ရှိနေပြီဖြစ်ကာ အချိန်တစ်ခုကြာပြီးနောက်တွင် အဆင့်၂၀သို့ရောက်ရှိတော့မည်ဖြစ်သည်။ထိုအခါ သူ၏ခွန်အားသည်တဖန်ပြန်လည်မြင့်တက်လာမည်ဖြစ်သည်။ဤအဝင်လမ်းကြောင်းသည် ကိုဒိုသားရဲများဖြတ်သန်းသွားလာရန်ပင် လုံလုံလောက်လောက်ကျယ်ဝန်းပေသည်။
ခိုင်ရင်းသည် ရှေ့ဆုံးမှနေ၍အဖွဲ့အားဦးဆောင်ခဲ့ကာ ရှောင်ယုနှင့်အခြားသူများသည် ခိုင်ရင်း၏နောက်မှလိုက်ပါလာကြသည်။လမ်းတလျှောက်လုံးတွင် သူတို့သည်အဆင့်နိမ့်မသေမျိုးများနှင့် ကြုံတွေ့ခဲ့ရသော်လည်း ခိုင်ရင်းက၎င်းတို့အားသတ်ဖြတ်ရန်ပုဆိန်တစ်လက်ကိုသာအသုံးပြုခဲ့သည်။အချို့နေရာများတွင် ပြိုကျနေသောကျောက်တုံးများနှင့်ကျောက်ခဲများက လမ်းကြောင်းကိုပိတ်ဆို့ထားသော်လည်း ခိုင်ရင်း၏ရှေ့မှောက်တွင် ထိုအတားအဆီးများအားလုံးသည် စက္ကူစသဖွယ်ဖြစ်နေခဲ့သည်။သို့သော်လည်း လမ်းကြောင်း၏အဆုံးသို့ရောက်ချိန်တွင် ဂရင်းနှင့်ရှောင်ယုတို့သည် အခြေအနေအရပ်ရပ်ကိုထောက်လှမ်းရန်အတွက် ရှေ့ဆုံးသို့ချီတက်သွားခဲ့ကြသည်။သူတို့နှစ်ယောက်လုံးသည် ကိုယ်ယောင်ဖျောက်နိုင်သည့်အတွက်ကြောင့် ဤနေရာတွင်စုံစမ်းထောက်လှမ်းမှုကိုပြုလုပ်ရန်အတွက် သူတို့နှစ်ယောက်သည်အကောင်းဆုံးရွေးချယ်မှုများဖြစ်ကြသည်။
ဂရင်းနှင့်ရှောင်ယုတို့သည် ရှေ့သို့ရောက်ရောက်ချင်း အမှောင်မြို့တော်တစ်ခုလုံးသည် မသေမျိုးများနှင့်ပြည့်နှက်နေကြောင်း တွေ့မြင်လိုက်ရသည်။၎င်းတို့အနက်အများစုသည် သာမန်လူများသာဖြစ်သော်လည်း ဖုတ်ကောင်များ၊အရိုးစုဘီလူးများနှင့် ရွံရှာဖွယ်အကျိအချွဲကောင်များကိုလည်း ရံဖန်ရံခါတွေ့မြင်နေရသည်။ရှင်းရှင်းလင်းလင်းပြောရပါက သူတို့သည်မရဏကမ္ဘာ၌ရောက်ရှိနေခြင်းဖြစ်သည်။
"ငါတို့က တကယ်ကြီးမြေအောက်မြို့တော်ကိုရောက်နေတာပဲ...ဒါပေမဲ့သူတို့အားလုံးက ဦးတည်ရာမရှိလျှောက်သွားနေကြတယ်...သူတို့ကစွန့်ပစ်ခံထားရတဲ့သူတွေချည်းပဲ..."
ရှောင်ယုသည် အခြေအနေအရပ်ရပ်အား စစ်ဆေးပြီးနောက်တွင် ကျန်လူများအား အောက်သို့ဆင်းလာရန်စတင်ခေါ်ဆိုခဲ့သည်။သို့သော်လည်း လမ်းကြောင်းအဆုံးနှင့်မြေပြင်အကြား အကွာအဝေးသည် မြင့်မားနေသောကြောင့် မှော်ဆရာများသည် ခုန်မဆင်းရဲကြပေ။သို့သော်လည်း ထိုကဲ့သို့အခြေအနေမျိုးအတွက် ကြိုးများကိုကြိုတင်ပြင်ဆင်ထားခဲ့သည်။ပထမဦးစွာ သန်မာသောခြေလျင်တပ်သားများက ခုန်ဆင်းလာခဲ့ကြသည်။
ဂူးးးဂါးးး
လူသေတို့သည် ကြိုးပေါ်မှခုန်ဆင်းလာကြသော ခြေလျင်တပ်သားများကိုမြင်သောအခါ ကျယ်လောင်စွာဟိန်းဟောက်၍ ပြေးဝင်လာကြသည်။ခိုင်ရင်းသည် ထိုလူသေများကိုအလွယ်တကူဟန့်တားခဲ့သည်။ထို့နောက် အောစ့်စစ်သည်၅၀နှင့်ခြေလျင်တပ်သား၁၀ယောက်တို့ဆင်းလာရန် အချိန်များစွာမကြာလိုက်ပေ။ထို့နောက်နတ်ဆရာများကိုဒိုသားရဲများက အစဉ်လိုက်ဆင်းလာခဲ့ကြပြီး နတ်သူငယ်လေးသမားများနှင့် မှော်ဆရာများက လမ်းကြောင်းအဆုံး၌အခြေအနေကိုစောင့်ကြည့်နေကြသည်။
မသေမျိုးသတ္တဝါများအနက် ရွံရှာဖွယ်အကျိအချွဲကောင်များသည် ကိုင်တွယ်ရန်အခက်ခဲဆုံးဖြစ်သည်။ရှောင်ယုသည် သူတို့်အားကိုင်တွယ်ရန် ခိုင်ရင်းအားအမိန့်ပေးခဲ့သည်။အချို့သော ရွံရှာဖွယ်အကျိအချွဲကောင်များသည် တတိယအဆင့်သူရဲကောင်းကဲ့သို့အစွမ်းထက်ကာ စတုတ္ထအဆင့်သူရဲကောင်းများထက် အနည်းငယ်သာအားနည်းပေသည်။ကံကောင်းထောက်မစွာဖြင့် အကျိအချွဲကောင်များသည် အနည်းငယ်သာရှိခဲ့သည်။ထိုသို့မဟုတ်ပါက သူတို့သည်ပြဿနာကြီးကြီးမားမားရင်ဆိုင်ရမည်ဖြစ်သည်။
ရှောင်ယုသည် တိုက်ပွဲပြီးဆုံးပြီးနောက်တွင် ကျန်ရှိနေသေးသော အနှစ်သာရအားလုံးကို စုဆောင်းရန်အောစ့်စစ်သည်များကို အမိန့်ပေးလိုက်သည်။တစ်ချိန်တည်းမှာပင် မှော်ဆရာများနှင့်နတ်သူငယ်လေးသမားများကလည်း ဆင်းသက်လာခဲ့ကြသည်။အမှောင်မြို့တော်ကိုမြင်မြင်ချင်း
အမှောင်မြို့တော်သည် ဂိမ်းထဲနှင့်နှိုင်းယှဉ်ပါက လက်တွေ့ဘဝ၌ပိုမိုခမ်းနားကြောင်း ရှောင်ယုလက်ခံလိုက်သည်။မြို့တော်၏အဆောက်အဦးများသည် ဂိမ်းထဲမှာထက်အဆအနည်းငယ်ပိုကြီးသော်လည်း ဆောက်လုပ်မှုပုံစံသည်အတူတူပင်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ မြို့တော်၏အနေအထားသည် အလွန်ရှုပ်ထွေးလှပြီး ပထမဆုံးအကြိမ်ဝင်ရောက်လာသူတိုင်း လမ်းပျောက်မှာအသေအချာပင်ဖြစ်သည်။ရှောင်ယုသည် မြို့၏တည်ဆောက်ပုံနှင့်လမ်းများအကြောင်းကိုသိရှိထား၍ ယုံကြည်မှုအပြည့်ရှိပေသည်။သူတိုသည် ယခုအချိန်၌စစ်တပ်နယ်မြေအတွင်းရှိနေကြပြီး ဤနေရာတွင်လက်နက်ဆိုင်များရှိနေကြောင်း ရှောင်ယုသိလိုက်သည်။
"အဲ့ဒီလက်နက်တွေက ခုထိဒီမှာရှိနေသေးရင် ဘယ်လောက်ကောင်းလိုက်မလဲ"
ရှောင်ယုသည် ထိုအကြောင်းကိုတွေးရင်း အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။သူသည် လေလံအိမ်၊ဘဏ်တိုက်နှင့်အခြားရှေးခေတ် အဆောက်အဦးများ၏တည်နေရာကိုလည်း သိရှိထားပေသည်။
"သွားကြရအောင်..."
ရှောင်ယုနှင့်လူအုပ်ကြီးသည် လက်နက်အရောင်းဆိုင်ဆီဦးတည်ရွေ့လျားလိုက်ကြသည်။စိမ်းလန်းသောမြစ်တစ်စင်းသည် မြို့ကိုဝိုင်းရံထားသည့်အတွက်ကြောင့် ထိုနေရာသို့ရောက်ရှိရန် တံတားကိုဦးစွာဖြတ်သန်းရသည်။
မြို့ထဲရောက်ရောက်ချင်း လူတိုင်းလိုလိုပင်လမ်းပျောက်ရသည်ထိ မြို့ဖွဲ့စည်းပုံကရှုပ်ထွေးပေသည်။သို့သော်လမ်းသိသူများအဖို့ မှောင်မိုက်နေသောမြို့ထဲတွင် လွယ်ကူစွာသွားလာနိုင်သည်။
အောစ့်စစ်သည်များနှင့်မှော်ဆရာများသည် သူတို့ထံသို့အလျင်စလိုပြေးဝင်လာသည့် မသေမျိုးများကိုသတ်ဖြတ်ရာတွင် အရေးကြီးသည့်အခန်းကဏ္ဍမှပါဝင်ခဲ့သည်။ရှောင်ယုသည် မသေမျိုးများကိုအပြီးသတ်ချေမှုန်းနိုင်ရန်အတွက် ရိုင်ဖယ်တပ်သားများနှင့်နတ်သူငယ်လေးသမားတို့အား မှီခိုအားထားပါက အချိန်အတော်ကြာမည်ဖြစ်သည်။ထိုအကြောင်းကိုတွေးမိချိန်တွင် မှော်ဆရာများကိုခေါ်ဆောင်လာသည့် သူ၏ဆုံးဖြတ်ချက်အား ရှောင်ယုစိတ်ကျေနပ်လာခဲ့သည်။မှော်ဆရာတစ်ယောက်သည် စစ်မြေပြင်၌ လေးသမား၁၀၀နှင့်ညီမျှပေသည်။
အချိန်တစ်ခုကြာအောင် တိုက်ပွဲဖြစ်ပွားပြီးနောက်တွင် သူတို့သည်တံတားကိုဖြတ်ကျော်ကာ တစ်ဖက်ကမ်းသို့ရောက်ရှိသွားခဲ့သည်။ဤနေရာတွင် ပျံ့နှံ့နေသောမသေမျိုးများစွာရှိနေသေးသော်လည်း ရှောင်ယုနှင့်လူအုပ်ကြီးသည် ၎င်းတို့အားကြောက်ရွံ့ခြင်းမရှိဘဲ ရက်စက်ကြမ်းကြုတ်စွာသတ်ဖြတ်ကာ ရှေ့ဆက်တိုးခဲ့ကြသည်။ရှောင်ယုသည် နေရာတဝိုက်အားရှင်းလင်းပြီးနောက် လက်နက်အရောင်းဆိုင်များကို တစ်ခုပြီးတစ်ခုစစ်ဆေးခဲ့သော်လည်း လက်နက်အများစုသည်သံချေးတက်ကာ အသုံးမဝင်တော့ပေ။မည်သို့ပင်ဆိုစေကာမူ ရှောင်ယုသည် သံချပ်ကာနှင့်လက်နက်အားလုံးကိုစစ်ဆေးရန် အောစ့်စစ်သည်များကိုအမိန့်ပေးခဲ့သည်။အဆုံးသတ်တွင် သူတို့သည်ရှောင်ယု၏မျှော်လင့်ချက်ဖြစ်သော မှော်လက်နက်ကိုမတွေ့ခဲ့ကြပေ။
မြို့တွင်းရှိလူသေကောင်များသည် အသိစိတ်မရှိကြပေ။သူတို့သည် တွေးခေါ်ဆုံးဖြတ်တတ်ကြသည့် အထက်တန်းကျသူများမဟုတ်ကြပေ။မသေမျိုးအင်ပါယာ၏ခေတ်သည် ပြီးဆုံးခဲ့သည်မှာကြာမြင့်ခဲ့ပြီဖြစ်၍ သူတို့သည်လက်နက်၊ချပ်ဝတ်များကို ဂရုမစိုက်ကြတော့ပေ။
"သူတို့ကို အကုန်စုဆောင်းခဲ့..."
ရှောင်ယုသည် လက်နက်များနှင့်သံချပ်ကာများအားလုံးကို စုဆောင်းရန်အော်ဟစ်အမိန့်ပေးလိုက်သည်။၎င်းတို့သည်သံချေးတက်နေသော်လည်း လက်နက်ချပ်ဝတ်အားလုံးကို အထူးကောင်းမွန်သည့်သံမဏိနှင့်ထုလုပ်ထားသည်။သူသည် ထိုလက်နက်များကိုအရည်ကျိုကာ သံမဏိများကိုပြန်လည်အသုံးပြု၍ လက်နက်နှင့်သံချပ်ကာအသစ်များကို ထုတ်လုပ်နိုင်ပေသည်။ထို့ပြင် သူ၏သိုလှောင်လက်စွပ်များအတွင်း၌ နေရာလပ်များစွာရှိနေ၍ ၎င်းတို့အားသိုလှောင်ရန်ပြသနာမရှိပေ။
ရှောင်ယုသည် ထိုဆိုင်များထံမှ ချပ်ဝတ်တန်ဆာများနှင့်လက်နက်မျိုးစုံသောင်းနှင့်ချီကိုရရှိခဲ့သည်။သာမန်အားဖြင့်ဆိုလျှင် သူသည်ထိုလက်နက်ချပ်ဝတ်များကို ဆရာကြီးအယ်လ်မာနှင့်အခြားသူများကိုခွဲဝေပေးရမည်ဖြစ်သော်လည်း သူတို့အား ငွေသို့မဟုတ်အခြားလျော်ကြေးအမျိုးအစားကိုပေးအပ်မည်ဟု ကတိပြုခဲ့ပေသည်။ထို့ပြင် ရှောင်ယုသည် သူတို့အားမှော်စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးများ ပေးအပ်မည်ဟုကတိပြုခဲ့၍ မှော်ဆရာများသည် စိတ်လှုပ်ရှားနေခဲ့သည်။
ကျောင်းသားများကလည်း ရှောင်ယုကိုယုံကြည်မှုအပြည့်ရှိခဲ့ကြပြီး ရှောင်ယုပြောသမျှကို ယုံကြည်ခဲ့ကြသည်။ရှောင်ယုသည် သူ၏ကတိကိုလေးစားပြီး အကြိမ်တိုင်းလိုလိုကတိတည်ခဲ့၍ ရှောင်ယုလိမ်လည်မည်မဟုတ်ကြောင်း သူတို့ယုံကြည်ကြသည်။ထို့ပြင် လက်ရှိအခြေအနေများကြောင့် ကျောင်းသားများသည်အနာဂတ်၌လည်း ရှောင်ယုနောက်သို့လိုက်ပါလာကြမည်ဖြစ်သည်။ရှောင်ယုသည် လက်နက်အရောင်းဆိုင်များမှ ထွက်လာပြီးနောက်တွင် လေလံအိမ်သို့သွားရောက်ရန်ပြင်ဆင်ထားသော်လည်း ကြောက်စရာကောင်းသောအော်ဟစ်သံများ ပဲ့တင်ထပ်လာသည်ကိုကြားလိုက်ရသည်။ထိုအရပ်တွင် တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားနေပုံရသည်။
"အထဲကို အခြားတစ်ယောက်ယောက်ဝင်လာသေးတာလား..."
ရှောင်ယုက တိတ်တဆိတ်ညည်းညူမိလိုက်သည်။